အာဏာသိမ်းဖို့ငြင်းတဲ့ မဟာသီရိသုဓမ္မ ဗိုလ်လက်ျာ

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံသမိုင်းမှာ စစ်အုပ်စိုးမှုနဲ့ တစိတ်တပိုင်း အုပ်ချုပ်မှုက အနှစ် ၆ဝ ကျော် ရှိခဲ့ပြီး စစ်ခေါင်းဆောင် လေးယောက် ပြောင်းလဲအုပ်ချုပ်ခဲ့တာကို တွေ့ရပါတယ်။ ဗြိတိသျှအုပ်ချုပ်ရေးက မိတ်ဆက်ပေးခဲ့တဲ့ ဒီမိုကရေစီစနစ် မြန်မာပြည်မှာ မအောင်မြင်ဘဲ စစ်တပ်ကြီးစိုးခဲ့တာဟာ ဘုရင်သတ်ရင် ဘုရင်ဖြစ်တယ် ဆိုတဲ့ သက်ဦးဆံပိုင်စနစ် အမြစ်မပြတ်သေးလို့လို့ ဆိုကြသလို ပြည်တွင်းစစ်ကြောင့် တပ်သြဇာပိုကြီးလာတယ်၊ အရပ်သားခေါင်းဆောင်တွေ နိုင်ငံကို မကိုင်တွယ်နိုင်လို့ တပ်က ဝင်သိမ်းသွားတယ်၊ တပ်က နိုင်ငံရေး ဆန်နေလို့ အာဏာသိမ်းပွဲတွေ ဖြစ်ခဲ့တယ် စတဲ့ တွေးဆချက်တွေ ရှိခဲ့ပါတယ်။
ဒီထဲမှာ တပ်ကို ပရော်ဖက်ရှင်နယ် ဆန်အောင် လုပ်ရမယ်၊ တပ်ထဲက နိုင်ငံရေးသန်သူတွေ တပ်ကထွက်ပြီး နိုင်ငံရေးလုပ်ပါ စသဖြင့် ပြောခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်၊ တပ်ခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ မြန်မာတပ်ခေါင်းဆောင်တွေထဲမှာ တပ်က ထွက်ပြီး နိုင်ငံရေးထဲ ဝင်သူတွေထဲ အထင်ရှားဆုံးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံခဲ့ရသလို သူ့နောက်မှာ တပ်ကထွက်ပြီး သူပုန်ဘဝနဲ့ လုပ်ကြံခံခဲ့ရတဲ့ တပ်ခေါင်းဆောင်ကတော့ ဗိုလ်လက်ျာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသားခေါင်းဆောင်ဘဝ ကတည်းက အတွဲ ညီခဲ့တဲ့ ရဲဘော်တွေ ဖြစ်ကြပြီး တပ်မတော် ထူထောင်ရာမှာလည်း ဦးထမ်းပဲ့ထမ်း ကြိုးပမ်းခဲ့ကြတဲ့ ဗိသုကာခေါင်းဆောင် နှစ်ယောက် ဖြစ်ပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းက သူ့လက်ထဲမှာ တပ်ကို ထားခဲ့ပေမယ့် ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက် ပြောင်းခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့်ပဲ ဗိုလ်လက်ျာ တပ်နဲ့ နိုင်ငံရေးနယ်က ထွက်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
မဟာသီရိသုဓမ္မ ဗိုလ်လက်ျာ
ဗိုလ်လက်ျာ ရှိသေးရင် ဒီနှစ် အသက် ၁၁၀ ပြည့်မှာပါ။ ဗိုလ်လက်ျာဟာ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ခေါင်းဆောင် တယောက် ဖြစ်ခဲ့ပေမယ့် လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် ချောင်ထိုးခံ ထားခဲ့ရတဲ့ သမိုင်းဇာတ်ကောင်တယောက်လည်း ဖြစ်ပါတယ်။
၁၉၄၈ မှာ သူ အစိုးရတာဝန်တွေက အနားပေးခံရပြီးနောက်ပိုင်း စီးပွားရေးဘက် ရောက်သွားပေမယ့် နောက်ကွယ်က နိုင်ငံရေးမှာ သူ ဆက်လက် ပတ်သက်နေခဲ့ပါတယ်။ ဒီအတွက် ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း အထိန်းသိမ်း ခံခဲ့ရသလို ဦးနုနဲ့ တောခိုပြီးနောက်မှာ လည်း သားဖြစ်သူနဲ့အတူ ထိုင်းနယ်စပ်တနေရာမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဗိုလ်လက်ျာဘဝမှာ ထောင်အကြိမ်ကြိမ်ကျခဲ့သလို လုပ်ကြံမှု တွေလည်း ကြုံခဲ့ရပြီး နိုင်ငံရေး သစ္စာဖောက်မှုနဲ့ ဖယ်ကြဉ်မှုတွေဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ ဒီလို လောကဓံတွေ အကြိမ်ကြိမ် ကြုံခဲ့ပေမယ့် နောက်မတွန့်တဲ့ ဗိုလ်လက်ျာဟာ သူယုံတဲ့ နိုင်ငံရေးလမ်းမှာ ခိုင်ခိုင်မာမာလျှောက်လှမ်းရင်း ဘဝဆုံးခဲ့တာ ဖြစ်ပါတယ်။
နောက် ဗိုလ်လက်ျာကို စစ်သား၊ နိုင်ငံရေးသမားအနေနဲ့ လူသိများပေမယ့် သူဟာ ထင်ရှားတဲ့ စီးပွားရေးသမားနဲ့ အနုပညာသမား စာသမား တယောက်လည်း ဖြစ်ပါတယ်။ ညစ်ပတ်ကောက်ကျစ်မှုတွေ များတယ်ဆိုတဲ့ နိုင်ငံရေးနယ်မှာ ဖြောင့်မတ်မှုကို တန်ဖိုးထားသူတယောက် အဖြစ် ဗိုလ်လက်ျာ အနှစ် လေးဆယ်ကျော် ကျင်လည်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနောက်မှာ လူချစ် လူခင်များတဲ့ စစ်ခေါင်းဆောင်အဖြစ် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော စတဲ့ ရဲဘော်သုံးကျိပ်ခေါင်းဆောင်တွေ တွင်ကျန်ရစ်ခဲ့ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
ဖျာပုံသူဌေးသား
ဗိုလ်လက်ျာကို ဖျာပုံမြို့က တရုတ်ကပြား လူချမ်းသာမိဘများက ၁၉၁၁ မှာ ဖွားမြင်ပါတယ်။ သူ့မွေးချင်းတွေထဲက ၁၉၃၈ သပိတ်က ကျောင်းသား ခေါင်းဆောင် အာဏာရှင် ဒေါက်တာလှရွှေနဲ့ ပေဖူးလွှာ ဦးမြလှိုင် ဆိုတဲ့ ညီနှစ်ယောက်က နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသလို ဦးမြလှိုင်ရဲ့ ဇနီးတွေထဲက ရုပ်ရှင်မင်းသမီး မေရီမြင့်နဲ့ ဓာတ်ပုံဆရာမ ပတ္တမြားခင် ခေါ် ဒေါ်ခင်မကြီးတို့ကလည်း ကျော်ကြား ပါတယ်။ ဗိုလ်လက်ျာရဲ့ မရီး ဒေါက်တာ ဒေါ်ခင်မြဟာလည်း ၁၉၃၆ သပိတ်မှောက် ကျောင်းသူဖြစ်ပြီး ပညာရေးတက္ကသိုလ်မှာ ပါမောက္ခ ဖြစ်ခဲ့ ပါတယ်။
ဗိုလ်လက်ျာတို့ ညီအစ်ကို ငါးယောက်စလုံး နိုင်ငံရေးကို သူ့နည်းသူ့ဟန်နဲ့ ပါဝင်ခဲ့ကြတဲ့အတွက် ဖက်ဆစ်တော်လှန်ရေးခေတ်က သူတို့ အိမ်မှာ ထမင်းမစားဖူးတဲ့ နိုင်ငံရေး သမား မရှိဘူးလို့လည်း ပတ္တမြားခင်က အတိတ်လမ်းကို ပြန်လျှောက်ခြင်းမှာ ရေးပါတယ်။ သူတို့ ကြောင့် အိမ်သားတွေ ကင်ပေတိုင်ခေါ်စစ်တာ၊ နေလှန်းတာတွေ ကြုံရသလို အိမ်မှာလှောင်ထားတဲ့ စပါးတွေကို သားတွေက ဆင်းရဲသားတွေကို ထုတ်ပေးတာ တွေလည်း ကြုံရတယ်လို့ ဆိုပါတယ်။ သူတို့အိမ်မှာ တလ ငွေတထောင် ဝင်ငွေရှိပြီး တရက်ကုန်ကျစရိတ် နှစ်ကျပ် ပဲ ရှိတယ်၊ အဲဒီခေတ်က ရွှေဒင်္ဂါးတပြားကို ၁၃ ကျပ်ပေးရတဲ့ခေတ်မို့ ချမ်းသာတဲ့ မိသားစုတွေ ဖြစ်ကြတယ်လို့ သမီး ဒေါက်တာ ခင်လက်ျာက ဖေဖေဗိုလ်လက်ျာ စာအုပ်မှာ ရေးခဲ့ပါတယ်။
ဒီလို မိသားစုထဲက ဆင်းသက်လာတဲ့ သခင်လှဖေခေါ် ဗိုလ်လက်ျာဟာ တက္ကသိုလ်ကျောင်းသားဘဝမှာကတည်းက သမဂ္ဂခေါင်းဆောင်၊ ၁၉၃၆ သပိတ်မှောက်ခေါင်းဆောင်နဲ့ ကာလကတ္တား သခင်လှဖေဆိုပြီး ထင်ရှားခဲ့တဲ့ တို့ဗမာအစည်းအရုံး ခေါင်းဆောင်တယောက် ဖြစ်ခဲ့ ပါတယ်။ ပင်နီအမြဲဝတ်လို့ ပင်နီလှဖေလို့လည်း ထင်ရှားပါတယ်။
ဗိုလ်လက်ျာဟာ ကိုလှဖေဘဝကတည်းက ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ၊ မစ္စတာရာရှစ် စတဲ့ ကျောင်းသားခေါင်းဆောင် တွေထဲက လူတော်တယောက် အဖြစ် ထင်ရှားလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Daw Ahmar
ယူနီယံဂျက်အလံမီးရှို့သူ
ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်မှာ ကျောင်းသားတွေ သပိတ်မှောက်ရေး ခေါင်းဆောင်ဆော်သြသူတယောက်အဖြစ် ပေါ်ထွက်လာတဲ့ ကိုလှဖေဟာ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက် မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီး အုပ်ချုပ်ရေးသစ် ပေးတဲ့နေ့မှာပဲ ဗြိတိသျှအလံနဲ့ အခြေခံဥပဒေကို သခင်ထိန်ဝင်းနဲ့အတူ တရားရုံးချုပ်ရှေ့မှာ မီးရှို့ ဆန္ဒပြသူအဖြစ် ထင်ရှားလာပါတယ်။ သူတို့ကို ဖမ်းလိုက်ရင် နာမည် သိပ်ကြီးသွားမှာစိုးလို့ ဗြိတိသျှ အာဏာပိုင် တွေက မဖမ်းခဲ့ပေမယ့် ကိုလှဖေတို့ ရှောင်တိမ်းခဲ့ရပါတယ်။
အဲဒီနောက် ကာလကတ္တားမှာ သူငယ်ချင်း ကိုသိန်းဖေခေါ် သိန်းဖေမြင့်နဲ့အတူနေပြီး ပုံနှိပ်ပညာ သင်ခဲ့သလို ကွန်မြူနစ်တွေနဲ့ အဆက်အသွယ် ရခဲ့ပါတယ်။ မြန်မာပြည် ပြန်ရောက်ပြီးနောက် တို့ဗမာအစည်းအရုံးမှာ အချိန်ပြည့် လုပ်ကိုင်ပြီး ကောလိပ်ကျောင်း ဆက်မတက်ဘဲ နေခဲ့ ပါတယ်။ အိမ်က ငွေကြေးအထောက်အပံ့လည်း မယူတဲ့အတွက် သခင်လှဖေဟာ အင်မတန် ဆင်းရဲခဲ့ပါတယ်။ ပုဆိုးတထည်ကို လဲစရာ မရှိလို့ ရက်ချီဝတ်ခဲ့ရသလို အငတ်ငတ်အပြတ်ပြတ် နေခဲ့ရပါတယ်။ ဒါတင်မက ရွှေတိဂုံဘုရားပေါ်က သခင်တွေကို ပုလိပ်တွေ ဝင်ဖမ်းတဲ့အခါ သခင်ထိပ်တင်ကိုယ်တော်ကြီး၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်းစတဲ့ သခင်တွေနဲ့အတူ သခင်လှဖေလည်း အချုပ်ခံခဲ့ရ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
သခင်လှဖေဟာ နဂါးနီဝိုင်းတော်သား တယောက် အနေနဲ့လည်း နိုင်ငံရေးစာပေတွေ ရေးသားခဲ့ပါတယ်။ သူရေးတဲ့ ကမ္ဘာ့နိုင်ငံရေးမြေပုံ စာအုပ်ဟာ ပထဝီနိုင်ငံရေးသဘောကို မြန်မာပြည် မှာ အစောဆုံးရေးတဲ့ စာအုပ်တအုပ်လို့ သိရပါတယ်။ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်စိုးစတဲ့ ခေါင်းဆောင်တွေနဲ့အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ က တည်ထောင်သူတွေ ထဲမှာလည်း သခင်လှဖေ ပါဝင်ခဲ့ပြီး ပထမဆုံး ဘဏ္ဍာရေးမှူး ဖြစ်ခဲ့ပါတယ်။
တို့ဗမာအစည်းအရုံး ဝါဒဖြန့်ချိရေးမှူး၊ စည်းရုံးရေးမှူး စတဲ့ ရာထူးတွေကို အသက် ၂ဝ ကျော်နဲ့ ရလာခဲ့တဲ့ သခင်လှဖေဟာ သခင် အောင်ဆန်းတို့ ဂျပန်သွားရေး ကိစ္စမှာ ကြားက ချိတ်ဆက် ပေးနိုင်သူ တယောက် ဖြစ်လာခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ထိုင်းကနေ လက်နက်အကူအညီရဖို့ နှစ်ခါထွက် ကြိုးစားခဲ့ပြီး နှစ်ခါလုံး ထိုင်းမှာ အဖမ်းခံခဲ့ရပါတယ်။ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ တရုတ် သင်္ဘောနဲ့ ပြည်ပထွက်နိုင်ရေးမှာလည်း သူကူခဲ့သလို ငွေကြေးထောက်ပံ့ရေးအတွက်လည်း သူကူညီရာကနေ ဒေါက်တာ သိန်းမောင် ကတဆင့် ဂျပန်နဲ့ ဆက်မိတာ ဖြစ်ပါတယ်။
ပိန်လှီသော ဗိုလ်လက်ျာ
သခင်အောင်ဆန်း မြန်မာပြည် ခဏပြန်လာပြီးနောက် ပထမအသုတ် ရဲဘော်သုံးကျိပ်ဝင်တွေအဖြစ် သခင်လှဖေနဲ့အတူ ဗိုလ်လရောင်နဲ့ ဗိုလ်ရန်နိုင် ဖြစ်လာမယ့် သခင်တွေ လိုက်သွားကြပါတယ်။ ဟိုင်နန်မှာ စစ်ပညာသင်ရင်း ပင်ပန်းဆင်းရဲမှုတွေကြောင့် အနေအထိုင် ပျော့ပျောင်းပြီး ခန္ဓာကိုယ် မကြံ့ခိုင်တဲ့ သခင်လှဖေ ဒဏ်ခံနိုင်ပါ့မလားလို့ ရဲဘော်တွေက ပူပန်ကြပါတယ်။ ဇွဲကြီးတဲ့ သခင်လှဖေက ဒီဒဏ်တွေကို ခံနိုင်ရုံသာမက သခင်အောင်ဆန်း၊ သခင်ထွန်းအုပ်၊ သခင်အောင်သန်းတို့နဲ့အတူ အုပ်ချုပ်ရေးသင်တန်း တက်ခဲ့ပါတယ်။ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင်နဲ့ ဗိုလ်ကျော်ဇော ဖြစ်လာမယ့် လေးယောက်ကိုတော့ အထူးကွပ်ကဲအုပ်ချုပ်မှု သင်စေခဲ့ပါတယ်။ ဒီသင်တန်းတွေက နောင်မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်နိုင်ငံရေးကို ပုံဖော်ပေးခဲ့ပါတယ်။
သင်တန်းအပြီး ဘန်ကောက်မှာ ဘီအိုင်အေတပ်ဖွဲ့ဖို့ လက်မောင်းသွေးဖောက် သစ္စာဆိုချိန်မှာ လက်ဝဲသုန္ဒရကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ျာနာမည်ကို သခင် လှဖေ ယူခဲ့ပါတယ်။ သူ့နောက်ပိုင်းဘဝမှာလည်း လက်ဝဲသုန္ဒရနည်းတူ မင်းမျက်အကြိမ်ကြိမ်သင့်ခဲ့သလို မဲဇာတောထဲ ရောက်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
ဂျပန်တပ်နဲ့အတူ ထားဝယ်ကြောင်းကနေ ပြည်တွင်းကို ဝင်လာတဲ့ ဗိုလ်လက်ျာဟာ ၁၉၄၂ ဇွန်လမှာပဲ ဗိုလ်အောင်ဆန်းနဲ့အတူ ဂျပန် အောက်မှာ စစ်ဦးစီး ခန့်အပ်ခံရပါတယ်။ နောက် ဗိုလ်အောင်ဆန်း ဒုတိယစစ်ဝန်ကြီး ဖြစ်ချိန်မှာ သူက စစ်ဘက် အုပ်ချုပ်ရေးမှူး ဖြစ်လာ ပါတယ်။ ဘီအိုင်အေဖျက်ပြီး ဘီဒီအေခေတ် ရောက်ချိန်မှာတော့ တပ်ကို ပျဉ်းမနားပို့ပြီး ဗိုလ်မှူးကြီးအောင်ဆန်းက သေနာပတိနဲ့ သူနဲ့ သခင်အောင်သန်းခေါ် ဗိုလ်စကြာတို့ စစ်ဦးစီးမှူးတွေ ဖြစ်လာကြပြန်ပါတယ်။ အဲဒီကတည်းက ဗိုလ်နေဝင်းဟာ စစ်ဦးစီးအမိန့်ကို မနာခံဘဲ နောင်မှာလည်း တလျှောက်လုံး ဒီအတိုင်းဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ တရားခံအစစ် ဘယ်သူလဲ ဆောင်းပါးအရ သိရပါတယ်။ ဆိုရှယ်လစ်တပ်မှူးကြီးတွေ ဖြစ်လာမယ့် ဗိုလ်အောင်ကြီးနဲ့ ဗိုလ်မောင်မောင်တို့ ဗိုလ်နေဝင်းကို ခေါင်းတည်ပြီး တပ်ထဲမှာ ယူနစ်အုပ်စုဖွဲ့ကြတာကလည်း ဂျပန်ခေတ်ကတည်းက ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ တပ်သမိုင်းမှာ ရဲဘော်သုံးကျိပ်အုပ်စုနဲ့ ယူနစ်အုပ်စု အားပြိုင်ပွဲဟာ ဗကပပြိုကွဲချိန်ထိ အနှစ် ၄ဝ ကျော် ကြာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်ရောက်ခါစမှာပဲ ဖက်ဆစ်တော်လှန်ရေးအတွက် ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ သူတိုင်ပင်ခဲ့သလို နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်ခေါင်းဆောင်၊ အရပ်ခေါင်းဆောင်တွေပါတဲ့ ဖက်ဆစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ ဗိုလ်လက်ျာ ပင်တိုင် ပါဝင်ခဲ့ပါတယ်။ တခြားဘက်မှာတော့ မြစ်ဝကျွန်းပေါ်မှာ ဖြစ်တဲ့ ကရင် ဗမာ အဓိကရုဏ်း ပြေငြိမ်းရေးနဲ့ ကရင် တပ်မှူးတွေ ဘီအန်အေမှာ ပါဝင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်းတို့နဲ့အတူ သူကြိုးစားခဲ့ပါတယ်။ ဗိုလ်မှူးချုပ် ဖြစ်လာမယ့် စောဟန်ဆန်ကြာဒိုးနဲ့ သူ ဂျပန်ခေတ်ကတည်းက ရင်းနှီးခဲ့ကြပြီး တောခိုပြီး ဗိုလ်လက်ျာ လုပ်ကြံခံရချိန်ထိ သူတို့ လက်တွဲခဲ့ ကြပါ တယ်။
စစ်အတွင်း စစ်ပန်းချီဌာနဖွဲ့စည်းပြီး စစ်တံဆိပ်ပုံစံ ရေးဆွဲရေးတွေ လုပ်ခဲ့တဲ့အပြင် တော်လှန်ရေး မော်ကွန်းဝင် ပန်းချီကားတွေကိုလည်း ရွှေတောင်၊ ရွှေကျင်၊ ထားဝယ် စတဲ့ တိုက်ပွဲဖြစ်ခဲ့ရာနေရာတွေထိ သွားပြီး ဦးငွေကိုင်၊ ဦးခင်မောင် စတဲ့ ပညာရှင်တွေကို လေ့လာ ရေးဆွဲ စေခဲ့ပါတယ်။ သပြေခက်နဲ့ ဗန္ဓုလခမောက်တံဆိပ်တွေကို ဗိုလ်လက်ျာကိုယ်တိုင် ဆွဲခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ပြီးစ မျိုးချစ်ဗမာ့တပ်မတော်မှာ ဗိုလ်လက်ျာ ဒုတိယစစ်သေနာပတိ ဖြစ်လာပြီး ဖတပလဖွဲ့ချိန်မှာလည်း ဗိုလ်မှူးကြီးလက်ျာနဲ့ နေဝင်း တို့ ဦးစီးအဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်နဲ့အတူ ပါဝင်ခဲ့ကြပါတယ်။ နောက် ဗိုလ်ချုပ် တပ်ကထွက်ချိန်မှာ ဗိုလ်လက်ျာကို ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိအဖြစ် ဗိုလ်မှူးချုပ် ကေသောမတ်စ်အောက်မှာ ထားခဲ့ပါတယ်။ ဗိုလ်ချုပ် လုပ်ကြံခံရပြီးနောက် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာပြီး လွတ်လပ်ရေးရချိန်မှာတော့ ဒုတိယဝန်ကြီးချုပ်တာဝန်ကိုပါ ဗိုလ်မှူးချုပ် တာဝန်နဲ့အတူ ယူခဲ့ရပါတယ်။ မြန်မာပြည် ကာကွယ်ရေးအတွက် လက်ျာ-ဖရီးမင်းစာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့ပြီး ဗြိတိသျှစစ်မစ်ရှင် သုံးနှစ်ဆက်ထားပြီး အကူအညီယူဖို့ သဘောတူခဲ့ပါတယ်။ တကယ်က ဂျပန်အောက်မှာ ဘီအိုင်အေ၊ ဘီဒီအေတပ်တွေကို ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့ရပြီး ဗြိတိသျှ အောက်က လူမျိုးစုတပ်တွေနဲ့ ဂျပန်ချန်ခဲ့တဲ့ မြန်မာတပ်တွေပေါင်းပြီး တပ်မတော်သစ်ဖွဲ့ဖို့ ဗိုလ်လက်ျာ တာဝန်ယူခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone-France
ဆိုရှယ်လစ်တို့ရန်သူတော်
ဗိုလ်လက်ျာဟာ ရဲဘော်သုံးကျိပ်ဝင်တွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းမရှိတဲ့နောက် ဝါအရင့်ဆုံးဖြစ်လာတဲ့အတွက် ဆိုရှယ်လစ်အုပ်စုက လိုလားတဲ့ ဗိုလ်နေဝင်းနဲ့ အပြိုင် ဖြစ်လာပါတယ်။ နောက် တပ်ကို နိုင်ငံရေးကင်းတဲ့ တပ်ဖြစ်အောင် သူကြိုးစားတဲ့အတွက် ဘီအိုင်အေ၊ ဘီဒီအေ ကတည်းက ပါလာတဲ့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် မြန်မာတပ်မှူးတွေနဲ့ သူကွာဟလာပါတယ်။ ဗြိတိသျှတပ်က ပါလာတဲ့ ကရင်နဲ့ တခြား လူမျိုးစုတပ်တွေ၊ တပ်မှူးတွေကို သူက ပိုပစားပေးတယ်ဆိုတဲ့ အမြင်လည်း မြန်မာစစ်ဗိုလ်တွေကြားမှာ ရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
ဒါကြောင့် ပြည်တွင်းစစ်အစမှာ သူနဲ့တကွ ကရင်တပ်မှူးတွေ၊ ဗြိတိသျှလိုလားတဲ့ အရာရှိကြီးတွေကို ဖယ်ရှားဖို့ ဆိုရှယ်လစ်ဘက်က ကြိုးစားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရာထူးက ထွက်ပြီး ကွန်မြူနစ်တွေကို တိုက်နေတဲ့ ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ်တင်ထွဋ် လုပ်ကြံ ခံရသလို ဗိုလ်လက်ျာနဲ့ လွတ်လပ်ပြီးခေတ် ပထမဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို သတ်ဖို့ ကြိုးစားတာတွေလည်း ရှိလာပါတယ်။ သူ့ကို အာဏာသိမ်းဖို့ တိုက်တွန်းတဲ့ ရဲဘော်သုံးကျိပ် ဝင်တွေနဲ့ ဖဆပလ ခေါင်းဆောင်တွေ ရှိပေမယ့်လည်း တိုင်းပြည်နာမှာ စိုးတဲ့ အတွက် မသိမ်းခဲ့ဘူးလို့ သမီးဖြစ်သူ ဒေါက်တာ ခင်လက်ျာက ဖေဖေဗိုလ်လက်ျာစာအုပ်မှာ ရေးပါတယ်။ ၁၉၄၉ ဇန်နဝါရီလကုန်မှာ ကရင်ပုန်ကန်မှုအကြီးအကျယ်ဖြစ်ပြီး ကရင်တပ်တွေ တောခို ပြီးနောက် စမစ်ဒွန်းနဲ့အတူ ကရင်စစ်ဗိုလ်တွေ အနားပေးခံရပြီး ဗိုလ်လက်ျာ လည်း အနားယူခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
ဒေါက်တာမောင်မောင် စတဲ့ ဗိုလ်နေဝင်းရဲ့ တပ်ရင်း ၄ ပါ စစ်အရာရှိတွေကတော့ ဗိုလ်လက်ျာဟာ တပ်သားတွေနဲ့ လက်ပွန်းတတီး မနေဘူး၊ ကိန်းခန်းကြီးတယ်၊ ယူနီဖောင်းစမတ်ကျတဲ့ အင်္ဂလိပ်တပ်က လူတွေကိုပဲ ပိုအထင်ကြီးတယ် စသဖြင့် ရေးပါတယ်။ ဗိုလ်နေဝင်း ကတော့ တပ်သားတွေကို ချစ်ခင်ဂရုစိုက်တယ် ဆိုတဲ့ ပုံဖော်မှုမျိုးကို သားမောင်စစ်သည်သို့လို စာအုပ်တွေမှာ ရေးပြီး စစ်အစိုးရခေတ် အဆက်ဆက်မှာ ဗိုလ်လက်ျာကို ချိုးနှိမ်ခဲ့ကြပါတယ်။ နောက် ဗိုလ်လက်ျာနဲ့ ကရင်တွေ၊ ဗြိတိသျှအလိုတော်ရိတွေဘက်က လက်ဝဲသမား တွေကို ဖယ်ရှားပြီး ဗမာတပ်တွေကို လက်နက်ဖြုတ်ဖို့ လုပ်လာတယ်။ ဒါကို ကာကွယ်ဖို့ လက်ဝဲညီညွတ်ရေးတည်ဆောက်မယ်ဆိုပြီး ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ ကြိုးစားပေမယ့် မအောင်မြင်ဘဲ ကွန်မြူနစ်ဘက်ယိမ်းတဲ့ တပ်မတော်ထဲက ဗိုလ်ဇေယျနဲ့ ဗိုလ်ရဲထွဋ် တပ်တွေ တောခိုကုန်တယ်ဆိုပြီး သိန်းဖေမြင့်က ကျော်ငြိမ်း စာအုပ်မှာ ရေးပါတယ်။ သိန်းဖေမြင့်ဟာ ဗိုလ်လက်ျာရဲ့ သူငယ်ချင်း ဖြစ်ပေမယ့် အာဏာသိမ်းဖို့ ဗိုလ်နေဝင်း ကို ၁၉၄၈ လက်ဝဲညီညွတ်ရေး ကောင်စီမှာ ကတည်းက တိုက်တွန်း ခဲ့ပါတယ်။ ဗိုလ်နေဝင်းက အာဏာသိမ်းရေးမှာ ပါမလာဘဲ ဗိုလ်လက်ျာနဲ့ စမစ်ဒွန်းမရှိတဲ့နောက် စစ်ဦးစီးချုပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ် ရာထူးတွေ ဆက်ခံခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
ပင်လယ်ငါးနဲ့ သီရိလက်ျာ
နိုင်ငံရေးက ထွက်နေပေမယ့် ဗိုလ်လက်ျာဟာ နိုင်ငံစီးပွားရေးနဲ့ ပြည်သူတွေ သာယာဝပြောရေးအတွက် စမ်းသပ်ချက်တွေ လုပ်ပါတယ်။ သူ့ရဲ့ မုတ္တမကုမ္ပဏီကနေ ဂျပန်အကူအညီနဲ့ ပင်လယ်ငါးတွေ ဖမ်းပြီး ရောင်းပါတယ်။ ခေတ်မီသူတိုင်း ပင်လယ်ငါး စားသည် ဆိုတဲ့ ဦးသိန်းဖေမြင့်ရဲ့ ကြော်ငြာက နာမည်ကြီးခဲ့ပေမယ့် သူ့ငါးတွေကတော့ အရှုံးပေါ်ခဲ့ပါတယ်။ ကုန်းတွင်းက မြန်မာတွေ ပင်လယ်ငါး စားတတ်အောင် သူကြိုးစားခဲ့သလို တောင်ပေါ်မှာ မြေရိုင်းတွေ ထွန်ယက်စိုက်ပျိုးဖို့လည်း သူ့ရဲ့ သီရိလက်ျာကုမ္ပဏီက ကြံစည်ခဲ့ပါတယ်။ ဒီအကြံအစည်တွေကို လူတွေသိအောင် ရေးပြသူကတော့ သူ့မိတ်ဆွေရင်း ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ကျန်ရစ်သူ မုဆိုးမ ဂျာနယ်ကျော် မမလေး ဖြစ်ပါတယ်။ မမလေးရဲ့ ဟင်းချိုမ၊ သီရိလက်ျာတောင်မြေ စတဲ့ ဆောင်းပါးတွေဟာ ဗိုလ်လက်ျာရဲ့ စီးပွားရေး စိတ်ကူးတွေကို အနုပညာနဲ့ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်လက်ျာဟာ စစ်ဗိုလ်ချုပ်က ဖြစ်လဲပြီး ငါးရွဲကြီး ဖြစ်လာသလို ပုဂ္ဂလိကဆေးရုံတွေ ဆောက်ဖို့၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ၊ ဂျပန်နဲ့ ဖက်စပ်ပြီး သိမ်ကြီးစျေးမှာ အဆင့်မြင့်ကုန်တိုက်ကြီး ဖွင့်ဖို့ထိ သူ ရည်သန်ခဲ့ပါတယ်။ ပြည်သူပိုင် သိမ်းခံရပြီးနောက် သူ့ကုမ္ပဏီတွေအပြင် စီမံကိန်း စာရွက်စာတမ်းတွေကို အစိုးရက သိမ်းသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
ဗိုလ်လက်ျာဟာ စီးပွားရေးတင်မက အနုပညာဘက်မှာလည်း ပန်းချီပြပွဲတွေ ကျင်းပနိုင်အောင် ၊ ကမ္ဘာစစ်ဖြစ်ကတည်းက ပိတ်သွားရတဲ့ ပန်းချီကျောင်း ပြန်ဖွင့်နိုင်အောင် ဝိုင်းဝန်းခဲ့ရုံမက သူကိုယ်တိုင်လည်း ပန်းချီဆွဲခဲ့ပါတယ်။ သူ့တပည့် အမ်တင်အေးလောက် နာမည်မကြီးခဲ့ ပေမယ့် နိုင်ငံရေး ခယောင်းလမ်းနဲ့ နရသိန်ကနေ သူရေးဆွဲခဲ့တဲ့ ပန်းချီလက်ရာတွေကတော့ ခေတ်ပြယုဂ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ဗိုလ်လက်ျာဟာ ဆယ်တန်းမှာ ပုံဆွဲပညာ ဂုဏ်ထူးနဲ့ အောင်ခဲ့တဲ့ ထူးချွန်ကျောင်းသားလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
အဖမ်းအဆီးနဲ့ ခြိမ်းခြောက်မှုများ
နိုင်ငံရေးက ခွာနေတယ်ဆိုပေမယ့် ၁၉၅၇ မှာ ကွန်မြူနစ်နဲ့ ဦးနုအစိုးရကြား စေ့စပ်ရေးအတွက် မောင်စူးစမ်းခေါ် ရဲဘော်တင်ရွှေကို ခေါ်လာသူက ဗိုလ်လက်ျာ ဖြစ်ပါတယ်။ ၁၉၄၈ ကွန်မြူနစ်တွေ တောမခိုခင်ကလည်း စေ့စပ်ပေးဖို့ သူနဲ့ ဗိုလ်ဖိုးကွန်း၊ ဆမားဒူးဝါး စတဲ့ ကြားလူတွေ တာဝန်ယူခဲ့ဖူးပါတယ်။ ကွန်မြူနစ်တွေဘက်က အတွေ့မခံတာဆိုသလို တွေ့တာနဲ့ ဖမ်းဖို့ အစိုးရဘက်က ပြင်ထားလို့ မတွေ့တာလို့လည်း ကွန်မြူနစ်တွေဘက်က ရေးပါတယ်။ ဗိုလ်လက်ျာရဲ့ စေ့စပ်ရေးနှစ်ခုလုံး မအောင်မြင်ခဲ့ပါဘူး။
နောက် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ဗိုလ်လက်ျာပိုင် ဂင်္ဂါဘောဂ ငါးဖမ်းသင်္ဘောကို အမှုဆင် သိမ်းခံရလို့ သူ့အမေက တရားလိုလုပ်စွဲဆိုရာမှာ အနိုင်ရပေမယ့် သင်္ဘောကို အစိုးရက ရောင်းပစ်ခဲ့တယ်လို့ သမီးဖြစ်သူက ရေးပါတယ်။ ၁၉၆၂ တော်လှန်ရေး အစိုးရတက်လာချိန်မှာတော့ သူ့ကို ပြည်ထောင်စုဘဏ်ဥက္ကဋ္ဌ လုပ်ဖို့ ကမ်းလှမ်းပေမယ့် ဘဏ်ဒါရိုက်တာပဲ လုပ်ခဲ့ပါတယ်။ သံအမတ် အဖြစ် ပြည်ပပို့ဖို့ စစ်အစိုးရသစ်က ကမ်းလှမ်းတာကို ဗိုလ်လက်ျာ ငြင်းခဲ့ပြီးနောက် အဖမ်းခံရနိုင်တဲ့အတွက် သူ ရွှေ့ပြောင်း ပုန်းအောင်းရပါတယ်။ တောင်ကြီးနားက ခြံကိုသွားတဲ့ကားလမ်းမှာ သူ့ကို ချောက်ထဲကျအောင် ကားနဲ့ လိုက်လုပ်ကြံဖို့ ကြိုးစားတာလည်း ရှိခဲ့တယ်လို့ ဒေါ်ခင်လက်ျာက ဆိုပါတယ်။ နောက် အဖမ်းခံရချိန်မှာတော့ သူနဲ့ ဆက်စပ်ပြီး သူ့ကို ဝှက်ပေးခဲ့တဲ့ ဂျာနယ်ကျော် မမလေးတို့ ဇနီးမောင်နှံနဲ့ သူတို့မိတ်ဆွေ ဒေါ်စုစုတို့ သားအမိပါ ဖမ်းဆီးခံရပါတယ်။
အင်းစိန်ထောင်မှာ ၁၉၆၃ ကနေ ၁၉၆၈ ထိ ထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးချိန်မှာတော့ ဗိုလ်လက်ျာ အိန္ဒိယကို ဆေးကုသွားရင်း ပြန်မလာတော့ဘဲ ဦးနုနဲ့ ပူးပေါင်းပြီး တောခိုခဲ့ပါတယ်။ သူအထိန်းသိမ်းခံရစဉ်အတွင်း ကျန်ခဲ့တဲ့ မိသားစုကို စောင့်ကြည့်တာ၊ သမီးကြီး ဆေးတက္ကသိုလ်တက်မယ့်ကိစ္စမှာ အာဏာပိုင်တွေက ခြိမ်းခြောက်တာတွေ လုပ်ခဲ့သလို တဦးတည်းသောသား အောင်လက်ျာကိုလည်း တနှစ်ခွဲကြာ ဖမ်းဆီးခဲ့ပါတယ်။ ဒီအတွက် သူတောခိုတဲ့နောက်ကို သားဖြစ်သူ လိုက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
အကျဉ်းထောင်အတွင်း နေရတဲ့ နှစ်တွေမှာ ဗိုလ်လက်ျာကို ထောင်စောင့်တွေက မိုက်မိုက်ရိုင်းရိုင်း ပြောဆိုတာတွေလုပ်လို့ ထောင်ကျဘက် ဗိုလ်မှူးကြီး ကြည်မောင်က ဝင်ပြောရပါတယ်။ သူ ဘယ်တော့မှ ချည်နှောင်တာကို မခံဘူးလို့ ထောင်က ထွက်လာတဲ့ ဗိုလ်လက်ျာက သမီးငယ်ကို ပြောတယ်လို့လည်း သိရပါတယ်။ ထပ်အဖမ်းမခံလိုတော့တဲ့ ၅၈ နှစ်အရွယ်မှာ ဗိုလ်လက်ျာ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပုံ ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
အမိမြေမှာ ခေါင်းမချရသူ
ဦးနုရဲ့ ပီဒီပီ ခေါ် ပါလီမန်ဒီမိုကရေစီပါတီ လှုပ်ရှားမှုဟာ စစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တဲ့ မြန်မာနိုင်ငံရေးသမားတွေရဲ့ ပုန်ကန်မှု ဖြစ်ပြီး ကရင်၊ မွန်၊ ရှမ်း၊ ကိုးကန့်စတဲ့ လူမျိုးစု လက်နက်ကိုင်တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားခဲ့ပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေဆီက လက်နက် ရန်ပုံငွေကောက်ခံခဲ့သလို ဗိုလ်လက်ျာ၊ စောကြာဒိုး၊ တီကလစ် စတဲ့ ဗိုလ်မှူးချုပ်ဟောင်းတွေ ကိုယ်တိုင် လေ့ကျင့် ခေါင်းဆောင် ပေးခဲ့ကြတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
ဒီတော်လှန်ရေးကို လက်နက်ကိုင်အတွေ့အကြုံမရှိတဲ့ ဦးနုခေါင်းဆောင်တာ ဖြစ်ပြီး ခေါင်းဆောင်ကနေ အောက်ခြေပိုင်းထိ ကွပ်ကဲမှု အပိုင်းမှာလည်း အားနည်းချက်တွေ ရှိပါတယ်။ ရန်ပုံငွေကလည်း တဖြည်းဖြည်း ပြတ်တောက်လာပြီး အိမ်ရှင် ထိုင်းအစိုးရကလည်း ငြူစူလာတဲ့အတွက် နောက်ပိုင်းမှာ အရှိန်လျော့လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေကလည်း တရုတ်နဲ့ အမေရိကန် သံတမန် အဆက်အသွယ် ပြန်ရှိလာတဲ့အပြင် ဒေသတွင်း ဖြစ်နေတဲ့ အင်ဒိုချိုင်းနား စစ်ပွဲကလည်း ချုပ်ငြိမ်းပြီး ကမ်ပူးချားမှာ ခမာနီ တက်လာတဲ့ အတွက် ထိုင်းအရှေ့နယ်စပ်မှာ ဒုက္ခသည်တွေ အများအပြား ဝင်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံရေးမှာလည်း ကွန်မြူနစ်ပုန်ကန်မှု ကြီးထွား လာပြီး စစ်အစိုးရ ပြန်တက်လာတဲ့အတွက် နယ်စပ်မှာ ရှိတဲ့ မြန်မာသူပုန်တွေကို အာရုံစိုက်မှု နည်းလာပါတယ်။
ဒီအခြေအနေမှာ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်နဲ့ စောကြာဒိုးတို့လို့ အသက် ခြောက်ဆယ်ကျော် စစ်ဗိုလ်ဟောင်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ ရဲဘော် သုံးကျိပ်ခေတ်ကလို အောင်မြင်မှုတွေ ပြန်ရဖို့ကလည်း မဖြစ်နိုင်သလောက် ရှိလာပါတယ်။ ပြည်တွင်းမှာလည်း ဦးနေ၀င်း အစိုးရရဲ့ ချုပ်ကိုင်မှုက လျော့ကျမသွားဘဲ ပြည်မက ကွန်မြူနစ်နဲ့ ကရင်လက်နက်ကိုင်တပ်တွေကိုလည်း ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေနဲ့ တိုက်ထုတ် ခြေမှုန်းထားပါတယ်။ ဦးနု၊ ဦးလောရုံ စတဲ့ ဒီလှုပ်ရှားမှုကို စတင်ခဲ့သူတချို့ တခြားနိုင်ငံတွေကို ထွက်သွား ကြပြီးနောက် ကျန်ခဲ့တဲ့ ဗိုလ်လက်ျာက ပြည်ချစ် ဥက္ကဋ္ဌ ဖြစ်လာပြီး ကျားကန်အသက်ဆက်နေရတဲ့ အခြေအနေ ရောက်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
နောက်ပိုင်း သူနေတဲ့ တနင်္သာရီနယ်စပ်က ကြယ်ဝါစခန်းနားမှာ သစ်မွှေးပင်တွေ ရှိလို့ စခန်းကို လိုချင်သူတွေ ရှိလာတယ်လို့ ဒေါက်တာ ခင်လက်ျာက ရေးပါတယ်။ တကယ်တော့ သူ့ဘေးစခန်းမှာ နေသူက သူ့မရီး ပညာရေးပါမောက္ခရဲ့ သမက် ဒေါက်တာ မန်းမြင့်ဆိုင် ဖြစ်ပါ တယ်။ အာဇာနည် မန်းဘခိုင်ရဲ့တူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဘဆိုင်ရဲ့သားလည်း ဖြစ်တဲ့ မန်းမြင့်ဆိုင်ဟာ ဗိုလ်လက်ျာတို့ သားအဖကို လုပ်ကြံရာမှာ ပါတယ်လို့ ဗိုလ်လက်ျာ မိသားစုက စွပ်စွဲပြီး မန်းမြင့်ဆိုင်ဘက်ကလည်း ငြင်းဆိုပါတယ်။
အောင်လက်ျာကားကို သေနတ်နဲ့ပစ် လုပ်ကြံခံရပြီးနောက် တူမဖြစ်သူက ဗိုလ်လက်ျာကို ကနေဒါလိုက်ခဲ့ဖို့ ခေါ်ရာမှာ တပည့်တွေ ထားခဲ့ ပြီး ကိုယ်လွတ်ရုန်း မလိုက်ချင်ဘူးလို့ ဗိုလ်လက်ျာက ငြင်းပါတယ်။ စောကြာဒိုးသွားခေါ်တော့လည်း အလားတူငြင်းလိုက်ပါတယ်။ အဲဒီ နောက် သူ့စခန်းကို ကေအန်ယူတပ်တွေ ဝင်တိုက်ပြီး ဗိုလ်လက်ျာနဲ့ တပည့်တချို့ ကျဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Letya
၁၉၇၆ နဲ့ ၁၉၇၈ နှစ်ကာလတွေအတွင်း အောင်လက်ျာနဲ့ ဗိုလ်လက်ျာတို့ သားအဖ ထိုင်းနယ်စပ် ပရာကျွတ်ဘက်မှာ ကေအန်ယူ ရွှေဆိုင်း တပ်နဲ့ တခြားလက်နက်ကိုင်တွေရဲ့ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ၁၈ ရာစုက အလောင်းဘုရားရဲ့ ရဲဘက်တော် ဗိုလ်တွန် သတ်ဖြတ် ခံရပုံနဲ့ သွားဆင်နေပါတယ်။ ဗိုလ်တွန်ဟာ အလောင်းဘုရားရဲ့ လူယုံဖြစ်ပေမယ့် သားတော် မြေဒူးမင်းနဲ့ မသင့်မြတ်ရာကနေ သူပုန်ဖြစ်ပြီး အသက်ဆုံးခဲ့ရပါတယ်။ ဗိုလ်လက်ျာဟာလည်း ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရဲမက်အရင်း ဖြစ်ပေမယ့် အောင်ဆန်းအလွန် ကာလမှာ သူ့ကို ဆက်ခံသူတွေကြား ဖြစ်တဲ့ ပဋိပက္ခမှာ ဖယ်ရှားခံရပြီး နောက်ဆုံး တိုင်းတပါးမှာ အသက်ဆုံးခဲ့ရပါတယ်။ ဗိုလ်လက်ျာရဲ့ ရုပ်အလောင်း မြှုပ်နှံရာကို ခုထိ ရှာလို့မရသေးသလို သူမျှော်လင့်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး ရည်မှန်းချက်တွေကို နောက်အစိုးရတွေ ဘယ်လောက် ဖော်ဆောင်နိုင်ပြီလဲ ဆိုတာကလည်း စဥ်းစားစရာ ဖြစ်ပါ တယ်။ ထိုင်းမှာကျန်ခဲ့တဲ့ ဗိုလ်လက်ျာရဲ့ ထိုင်းမြန်မာကပြား မြေးယောက်ျားလေးလည်း ဘယ်ရောက်နေသလဲ သေချာ မသိရ ဖြစ်နေပါတယ်။








