မြန်မာပြည် မရောက်ပေမယ့် မြန်မာတွေတိုက်တဲ့ ပထမကမ္ဘာစစ်

burma

ဓာတ်ပုံ ရင်းမြစ်, Jean-Luc Delle

ဓာတ်ပုံ ပုံစာ, မက်ဆိုပိုတေးမီးယားက လူမျိုးစုံတပ်များ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာနိုင်ငံမှာ စစ်ကြိုခေတ်နဲ့ စစ်ပြီးခေတ်ဆိုတဲ့ စကားနှစ်လုံး ရှိပါတယ်။ ဒီစကားတွေဟာ ဒုတိယကမ္ဘာစစ်ကြီးကို ရည်ညွှန်းတာလို့ သိကြပါတယ်။

စစ်ကြီးအတွင်းတုန်းက ဆိုတဲ့စကားရပ်ကလည်း ဒီစစ်ကြီးကိုပဲ ယေဘုယျ ပြောကြပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ ကမ္ဘာစစ် နှစ်ခုလုံးနဲ့ ပတ်သက်ခဲ့တာကိုလည်း လူတွေက သတိမထားမိဘဲ ရှိကြပါတယ်။

၁၉၁၄ က စပြီးဖြစ်တဲ့ ပထမကမ္ဘာစစ်ကြီးကြောင့် မြန်မာနိုင်ငံမှာ အကြီးအကျယ် ဂယက်ရိုက်ခဲ့ပါတယ်။

ဗြိတိသျှအောက် ကျရောက်ပြီး နှစ်အတန်ကြာ ငြိမ်သက်နေတဲ့ မြန်မာပြည် နိုင်ငံရေးဟာလည်း ဒီစစ်ကြောင့် ပြန်နိုးထလာခဲ့သလို ဒီစစ်မှာလည်း မြန်မာလူငယ်တွေ ဗြိတိသျှဘက်က ဝင်တိုက်ခဲ့ကြပါတယ်။

burma
ဓာတ်ပုံ ပုံစာ, ဗြိတိသျှတပ်သားစုဆောင်းရေး ကြော်ငြာ

ဒီစစ်ကြီးဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံကို အိန္ဒိယအစွန်အဖျားက နယ်ကလေးတခုသာသာ သဘောထားခဲ့တဲ့ ဗြိတိသျှတွေ အာရုံစိုက်လာပြီး စစ်သားစုတာ၊ စစ်စရိတ်ချေးတာတွေ လုပ်လာတဲ့အပြင် အုပ်ချုပ်ရေး အဆင့်တိုးမြှင့်ပေးဖို့ စဉ်းစား လာခဲ့ရပါတယ်။

စစ်ပြီးခါနီးမှာ အိန္ဒိယကို အုပ်ချုပ်ရေးတိုးပေးပေမယ့် မြန်မာမပါတဲ့အတွက် မြန်မာနိုင်ငံရေးခေါင်းဆောင်ကြီးတွေ ဗြိတိန်ထိ သွားရောက်တောင်းဆိုရာကနေ ဖေပုရှိန် လို့ ထင်ရှားလာခဲ့ပါတယ်။ အဲဒီနောက် မြန်မာပြည် နိုင်ငံရေးခေတ်ကြီး စခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Hla Kunt

ဓာတ်ပုံ ပုံစာ, ၁၉၁၇ က အိန္ဒိယသွား မြန်မာကိုယ်စားလှယ်များ

မြန်မာတပ်တွေဖွဲ့

စစ်ကြီးဖြစ်လာလို့ မြန်မာပြည်ကို ကူးစက်လာမလား စိုးရိမ်ကြတဲ့အတွက် လူတွေကို အသိပညာပေးဖို့ သတင်းစာလုပ်ငန်း တိုးတက်လာသလို ဒီစစ်မှာ ဗြိတိသျှရှုံးခဲ့ရင် မြန်မာတွေ လွတ်လပ်မလား၊ ဗြိတိသျှဘက်က ကူတိုက်ရင် မြန်မာတွေကို အခွင့်အရေးပေးမလား စဉ်းစားမှုတွေ ပေါ်လာခဲ့ပါတယ်။

ဒီစဉ်းစားမှုမျိုး ဒုတိယကမ္ဘာစစ်မှာလည်း ပြန်ပေါ်လာပြီး ဂျာမနီ၊ တရုတ်ကွန်မြူနစ်နဲ့ ဂျပန်မှာ အကူအညီရှာဖို့ ကြိုးစားတာတွေ ရှိလာသလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်လည်း ပေါ်လာခဲ့ပါတယ်။

ပထမစစ်ကြီးအတွင်း မြန်မာပြည်ကဖွဲ့တဲ့တပ်တွေကို အခု အီရတ်လို့ ခေါ်တဲ့ မက်ဆိုပိုတေးမီးယား စစ်မြေပြင်နဲ့ ပြင်သစ်စစ်မြေပြင်တွေမှာ အသုံးပြုခဲ့ပါတယ်။

အများအားဖြင့် အလုပ်သမားတပ်တွေ ဖြစ်ပြီး အသေအပျောက် အကျအဆုံး ရှိခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Van Cung Lian

ဓာတ်ပုံ ပုံစာ, ပြင်သစ်မှာ ကျဆုံးတဲ့ အလုပ်သမားတပ်က ချင်းတပ်သားဂူ

ဒီစစ်သားတွေကို ကရင်၊ ချင်း လူမျိုးစုတွေက အဓိက စုဆောင်းပြီး မြန်မာလူမျိုးတွေလည်း ပါဝင်ပါတယ်။

ချင်းတောင်ဒေသမှာတော့ စစ်သားစုဆောင်းတာကို လက်မခံလို့ ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။

ဒီပုန်ကန်မှုကိုလည်း ဗြိတိသျှက နှိမ်နင်းခဲ့ပါတယ်။

ဒီအကြောင်းတွေကို မြန်မာပြည်မှာ လူသိနည်းလှပါတယ်။

chin

ဓာတ်ပုံ ရင်းမြစ်, Van Cung Lian

ဓာတ်ပုံ ပုံစာ, ဟားခါးက ၁၉၁၇ ပုန်ကန်မှု ခေါင်းဆောင်များ

ဒါပေမဲ့လည်း သီပေါမင်းပါတော်မူပြီးနောက် အနှစ် ၃ဝ လောက် မြန်မာတပ် မရှိရာကနေ ပြန်ဖွဲ့ပေးလို့ လူငယ်တွေ အများအပြား စစ်ထဲဝင်ကြပါတယ်။

သားတွေ စစ်ထဲလိုက်မှာ စိတ်ပူလို့ မိဘတွေက လိုက်တားကြတာတွေလည်း ရှိပါတယ်။ ရွှေပြည်စိုး ဝတ္ထုရေးတဲ့ ဦးလတ်က သားကို စစ်ထဲမဝင်အောင် ရန်ကုန်မှာ လိုက်တားတယ်၊ လူထုဦးလှရဲ့ အစ်ကို သခင်အောင်ဖေ တပ်ထဲလိုက်ဖို့ စာရင်းပေးလို့ အမေဖြစ်သူက သားအမိနှစ်ယောက် ယိုးဒယားထွက်ပြေးဖို့ စဉ်းစားတာမျိုးတွေ ရှိခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Imperial War Museum

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ စစ်ရေးကျင့်နေတဲ့ ဘားမားရိုင်ဖယ်တပ်

ဒီစစ်ထဲမှာလိုက်ပြီး ပြန်လာသူတွေကို မက်ဆိုပိုတေးမီးယား စစ်ပြန်ကြီးတွေလို့ ခေါ်ကြပြီး ဗြိတိသျှက လယ်မြေတွေ ချပေးတာ ရှိပါတယ်။

ရွှေဥဒေါင်းရဲ့ ဂျမဒါကိုကိုကြီး ဝတ္ထုတွေမှာလည်း မက်ဆိုပိုတေးမီးယားက စွန့်စားခန်းတွေ ပါပါတယ်။

ပထမကမ္ဘာစစ်ပြန်တွေထဲက မြန်မာပြည်မှာ ထင်ရှားသူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးများ လုပ်ကြံခံရမှု ခုံရုံးဥက္ကဋ္ဌ လုပ်ခဲ့သူ တရားသူကြီး ဦးကျော်မြင့်၊ ရေနံမြေသပိတ်ခေါင်းဆောင် သခင်ဖိုးလှကြီး၊ သီချင်းရေးဆရာ နန်းတော်ရှေ့ ဆရာတင်တို့ ဖြစ်ပါတယ်။

burma
ဓာတ်ပုံ ပုံစာ, စစ်ထဲကို ဆေးမှူးအဖြစ်လိုက်သွားတဲ့ ဆရာတင်

ဖိုးလှကြီးကို သူ့ဆရာ ဘုန်းတော်ကြီးက စစ်အတွေ့အကြုံရအောင် စစ်ထဲလိုက်ခိုင်းပြီး တပ်ထဲမှာ လူမျိုးရေး ခွဲတာတွေကို ဖိုးလှကြီးက မခံဘဲ လက်တုံ့ပြန်တတ်တယ်လို့ ဆိုပါတယ်။ စစ်အပြီးမှာ ဗြိတိသျှတွေ ပေးတဲ့မြေ ကိုလည်း မယူဘူးလို့ ဆိုပါတယ်။

ဆရာတင်ကတော့ စစ်အတွင်းက ရလာတဲ့ စစ်ချီသီချင်းကို မြန်မာသီချင်းဖြစ်အောင်ရေးတယ်လို့ ဆိုပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Thane Oke Kyaw-Myint

ဓာတ်ပုံ ပုံစာ, စစ်အနိဋ္ဌာရုံတွေ မြင်လာခဲ့တဲ့ ဦးကျော်မြင့်

တရားသူကြီး ဦးကျော်မြင့်ကတော့ စစ်ကို ရွံရှာလို့ ဒီအကြောင်းတွေကို သားသမီးတွေကို ဘယ်တော့မှ ပြန်မပြောဘူးလို့ သားဖြစ်သူ ဒေါက်တာ သိန်းအုပ်ကျော်မြင့်က ပြောကြားပါတယ်။

သူ စစ်ထဲလိုက်တုန်းကလည်း မြန်မာနာမည်နဲ့ လက်မခံလို့ အင်္ဂလိပ်နာမည်နဲ့ ကောလိပ်ကျောင်းကထွက်ပြီး လိုက်သွားတာလို့ ဆိုပါတယ်။

အသံဖိုင် ပုံစာ, အာဇာနည် လုပ်ကြံမှု ခုံရုံးတရားသူကြီးတယောက် အကြောင်း
burma
ဓာတ်ပုံ ပုံစာ, ၁၉၁၄ ခုနှစ် တည်ထောင်တဲ့ မြန်မာ့အလင်းသတင်းစာတိုက်

တိုက်သင်္ဘော ဝံပုလွေ

စစ်အတွင်းမှာ ဦးရွှေကြူးရဲ့ မြန်မာ့အလင်း စစ်ကြေးနန်းသတင်းတွေကြောင့် လူထုရဲ့ နိုင်ငံရေး စိတ်ဝင်စားမှုက ကြီးလာပါတယ်။

အရင်က သတင်းကို စိတ်ဝင်တစားမဖတ်ခဲ့ကြတဲ့ တောနေလူထုပါ ရွှေကြူးကြေးနန်းသတင်းကို စောင့်ဖတ်ကြပြီး ကမ္ဘာစစ်ကို စိတ်ဝင်စားခဲ့ကြတယ်လို့ စာရေးဆရာကြီး ဇေယျက ရေးသားခဲ့ပါတယ်။

အဲဒီနောက် ထွက်တဲ့ မြန်မာသတင်းစာတွေရဲ့ နှိုးဆော်မှုကြောင့်ပဲ မြန်မာပြည်သူတွေ နိုင်ငံရေးကို ပိုစိတ်ဝင်စားလာကြတာပါ။

ဒီအချိန်မှာ ဂျာမန် စစ်သင်္ဘော အမ်ဒင် ရန်ကုန်နားထိ ရောက်လာလို့ အထိတ်တလန့် ဖြစ်ကြပါတယ်။

ဒီသင်္ဘောက မဒရပ်နဲ့ ပီနန်ကို တိုက်ခိုက်ခဲ့ပြီး သူ့ကြောင့် အိန္ဒိယ သမုဒ္ဒရာအတွင်း ကုန်သွယ်ရေးထက်ဝက်မက ကျဆင်း သွားခဲ့ရပါတယ်။

ဒီစစ်သင်္ဘောအကြောင်းကို တိုက်သင်္ဘော ဝံပုလွေဆိုပြီး သခင်ဘသောင်းက ပြန်ဆိုထုတ်ဝေခဲ့ပါတယ်။

warship

ဓာတ်ပုံ ရင်းမြစ်, Universal History Archive

ဓာတ်ပုံ ပုံစာ, သြစတြေးလျကမ်းလွန်မှာ နှစ်မြုပ်ခံရတဲ့ အမ်ဒင်သင်္ဘော

ပထမကမ္ဘာစစ်မှာတော့ စစ်တပ်ကိုသွင်းတဲ့ ပဲဖြူလေး စျေးကောင်းလို့ ကုန်သည်တွေ ချောင်လည်လာသလို စစ်ပြီးခါနီးမှာ ပဲစျေးကျလို့ ရှုံးသူတွေလည်း ရှိပါတယ်။

နောက်စစ်နဲ့အတူပါလာတဲ့ စပိန်တုပ်ကွေးကြီးကြောင့် မြန်မာပြည်မှာ လူသိန်းချီ သေဆုံးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Turkish Embassy in Myanmar

ဓာတ်ပုံ ပုံစာ, သရက်မြို့ စစ်သင်္ချိုင်းက တူရကီသုံ့ပန်းတွေရဲ့ ဂူတွေ

ဂျာမနီဘက်က ဝင်တိုက်တဲ့ ထောင်နဲ့ချီတဲ့ တူရကီစစ်သုံ့ပန်းတွေကို ဗြိတိသျှအစိုးရက မြန်မာပြည်ကိုခေါ်လာပြီး ချုပ်နှောင်ထားခဲ့ပါတယ်။

သူတို့ အင်အားနဲ့ မေမြို့က ကန်တော်ကြီးကို တည်ခဲ့တယ်လို့လည်း သိရပါတယ်။

ယခုတိုင် သရက်နဲ့ မိတ္ထီလာမှာ တူရကီ စစ်သင်္ချိုင်းတွေ ရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Print Collector

ဓာတ်ပုံ ပုံစာ, ရန်ကုန်က ဗြိတိသျှတပ်များ
burma

ဓာတ်ပုံ ရင်းမြစ်, Tracy Packer

ဓာတ်ပုံ ပုံစာ, ဗြိတိန် စစ်သင်္ချိုင်းတခုမှာရှိတဲ့ မြန်မာတပ်ကစစ်သား မြှုပ်နှံရာ