မေ့လျော့ခံရသော မြန်မာ လေတပ်

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဗြိတိန်နိုင်ငံမှာ ဘုရင့်လေတပ် ထူထောင်တာ အနှစ် တရာ ပြည့်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် လေတပ်ကို ၁၉၄ဝ က စတင်ခဲ့ပါတယ်။
မြန်မာ အစိုးရရဲ့ ဗော်လန်တီယာ လေတပ် အဖြစ် ဖွဲ့စည်းခဲ့ပြီး လေယာဉ်မောင်း သင်တန်းကျောင်းလည်း ဖွင့်လှစ်ခဲ့ပါတယ်။
ဒီလေတပ်မှာ တိုက်ဂါးမောက် လေယာဉ် ၁၁ စင်း၊ မြောက်အမေရိကန် ယေးလ် လေယာဉ် ၂ စင်းနဲ့ တခြား လေယာဉ် ၃ စင်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bo Bo
(၁၉) ရာစုက ဗြိတိသျှနဲ့ တိုက်ရာမှာ ထင်ရှားတဲ့ မြန်မာ စစ်သူကြီး မြဝတီမင်းကြီး ဦးစရဲ့ မြစ်တော်တဲ့ တက်ဒီထွန်းဖေ ခေါ် ဦးတင်သိန်းဟာ ဗြိတိန်မှာ လေတပ်ပညာ သင်ခဲ့ပါတယ်။
စစ်ပြီးခေတ် မှာ မြန်မာ့လေတပ်မတော် ဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်မှူး သူရ အက်စ်ခင်နဲ့ စောရှီးရှိုး အစရှိတဲ့ လေတပ် အရာရှိတွေလည်း ဗြိတိန်မှာ လေ့ကျင့်ခဲ့ပါတယ်။

စစ်မီး မြန်မာပြည်ကို ကူးစက်လာပြီးနောက် ဒီလေတပ်ဟာ ကင်းထောက်နဲ့ ပစ္စည်း သယ်ယူရေး တာဝန်တွေ ယူခဲ့ပါတယ်။
နောက်ဆုံး ဂျပန်အဝင်မှာ အိန္ဒိယကို လေတပ် ဆုတ်ခွာလာပြီး ဘင်္ဂလား ဆက်သွယ်ရေး လေတပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။
ဒီထဲက တချို့ လေသူရဲတွေဟာ ဥရောပ စစ်မျက်နှာမှာ ထမ်းဆောင်ခဲ့ပြီး ကျဆုံးသူလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Thein
ရန်ကုန် တက္ကသိုလ် အုပ်ချုပ်ရေး အရာရှိ အယ်လ်ထင်းစီရဲ့ ညီ အယ်လ်ထင်းယိန် ဟာ နာဇီ ပစ်ချခံရလို့ လေယာဉ်ပျက်ကျ သေဆုံးခဲ့ရပါတယ်။
မြန်မာ လေတပ်ရဲ့ ဆောင်ပုဒ်က သေမြေကြီး ရှင်ရွှေထီး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Thein
စစ်အတွင်း ဂျပန်မှာ လေကြောင်းပညာ သင်ခဲ့သူတွေရဲ့ အတွေ့အကြုံကိုတော့ ဗိုလ်ဉာဏ်မောင်က ရေးသားခဲ့ပါတယ်။
စစ်အပြီး မြန်မာ့တပ်မတော် ပြန်လည် ဖွဲ့စည်းရာမှာတော့ ဒီတပ် နှစ်တပ်ကို ပူးပေါင်းပြီး တပ်မတော် လေ အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။
ဗြိတိန်မှာ လေ့ကျင့်ခဲ့တဲ့ မြန်မာ လေသူရဲတွေအကြောင်းကို မေ့လျော့ခံရသော လေတပ် အမည်နဲ့ လန်ဒန်က လေတပ် ပြတိုက်မှာ ပြသထားပါတယ်။

လွတ်လပ်ရေးရပြီးနောက် ဗိုလ်မှူးခင် ကျိုင်းတုံဘက်မှာ လေယာဉ်ကျသွားပြီး ဗိုလ်မှူးစောရှီးရှိုးနဲ့ တခြား ကရင် အရာရှိတွေ ၁၉၄၉ မှာ အနားပေးခံရပါတယ်။
ဦးတင်သိန်းကတော့ မြို့ပြ လေကြောင်းပို့ဆောင်ရေးဌာနကို ပြောင်းရွှေ့အမှုထမ်းခဲ့ပြီး ဝတ်လုံအဖြစ်လည်း အသက်မွေးခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သပိတ်မှောက်ဖက် ဗိုလ်မှူးချုပ် ကလစ်ကတော့ တော်လှန်ရေး အစိုးရ တက်ခါစမှာ နုတ်ထွက်ပြီး ဦးနုနဲ့ တောခိုသွားခဲ့ပါတယ်။
အဲဒီနောက် သြစတြေးလျ ထွက်သွားပြီး ကွယ်လွန်သွားပါတယ်။
သူ့နေရာကို ဂျပန်ပြန် ဗိုလ်မှူးချုပ် သောင်းဒန်က ဆက်ခံပါတယ်။

ဓာတ်ပုံ ရင်းမြစ်, May Shisho








