မုံရွာ တဝိုက် ဒုတိယကမ္ဘာစစ် အမေရိကန်စစ်သည်ရုပ်ကြွင်း လာရှာဖွေ

US Embassy

ဓာတ်ပုံ ရင်းမြစ်, US Embassy Rangoon Facebook

ဓာတ်ပုံ ပုံစာ, ရုပ်ကြွင်းရှာဖွေရာမှာလိုအပ်တဲ့ လူတွေ၊ ပစ္စည်းကရိယာတွေကို သယ်ဆောင်ယူလာတဲ့ C - 17 လေယာဉ်

ဒုတိယကမ္ဘာစစ်အတွင်းမြန်မာပြည်မှာ တာဝန်ထမ်းဆောင်စဉ်ကျဆုံးခဲ့ကြတဲ့ အမေရိကန်စစ်သည်တွေရဲ့ ကြွင်းကျန်တဲ့ရုပ်အလောင်းတွေကို မိခင်နိုင်ငံဆီ ပြန်လည်သယ်ယူကာ ဂုဏ်ပြုနိုင်ဖို့အတွက် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနအောက်က ရုပ်ကြွင်းရှာဖွေရေးနဲ့ ပြန်လည်ရှာဖွေပို့ဆောင်ရေးအဖွဲ့ (Defense POW/ MIA Accounting Agency; DPAA) ရဲ့ မစ်ရှင်တခု မြန်မာပြည်မှာ ရောက်ရှိရှာဖွေနေပါတယ်။

ဒီတခေါက်သူတို့ရဲ့ ရှာဖွေရေးလုပ်ငန်းတွေကို ဒီနှစ်အစောပိုင်းကတည်းက စတင်ခဲ့ပြီး မတ်လအထိ လုပ်ကိုင်သွားမှာ လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံရုံး ပြောခွင့်ရပုဂ္ဂိုလ် မစ္စ အာရန်နီ မန်းရင်းက ဘီဘီစီ ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာဘက်မှာ ရှာဖွေနေတာလို့လည်း သိရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမြန်မာပြည်မှာ သေဆုံးကျန်ရစ်ခဲ့ပြီး ပြန်ရှာမတွေ့သေးတဲ့ အမေရိကန်စစ်သည် ၇၃၃ ယောက်ရဲ့ ရုပ်ကြွင်းတွေရှိသေးတယ်လို့ US Embassy Rangoon facebook စာမျက်နှာမှာရေးသား ထားပါတယ်။

DPAA ဟာ အလားတူ ရှာဖွေရေး မစ်ရှင်တွေကို ၂၀၀၃ နဲ့ ၂၀၀၄ ခုနှစ်တွေအတွင်း ၃ ကြိမ်၊ ၂၀၁၃ နဲ့ ၂၀၁၉ ကြားမှာ ၇ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

US army

ဓာတ်ပုံ ရင်းမြစ်, Defense POW/MIA Accounting Agency

ဓာတ်ပုံ ပုံစာ, ၂၀၁၆ မေလ အတွင်း ချင်းပြည်နယ် တနေရာမှာ DPAA မစ်ရှင်တခု စစ်သည်ရုပ်ကြွင်း ရှာဖွေစဉ်

အရင်နှစ် အတွင်းက ဆားလင်းကြီး ဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ လုပ်ခဲ့တဲ့ ရှာဖွေရေးမစ်ရှင်အတွင်း အမေရိကန်စစ်သည်ရုပ်ကြွင်းတွေဖြစ်နိုင်တယ်လို့ ယူဆရတဲ့ ရုပ်ကြွင်းတွေကို တွေ့ခဲ့ရကြောင်း DPAA က ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက် မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီရုပ်ကြွင်းတွေ တွေ့တဲ့အခါ အမေရိကန် နိုင်ငံ ဟာဝိုင်ယီမှာရှိတဲ့ DPAA ရဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးကြရတာပါ။

အဲဒီဖြစ်စဉ် မတိုင်ခင် ပြီးခဲ့တဲ့ မစ်ရှင်တွေအတွင်း ရရှိခဲ့တဲ့ ရုပ်ကြွင်းတွေကနေ ပျောက်ဆုံး စစ်သည် ၁၄ ယောက် ရဲ့ ရုပ်ကြွင်းတွေကို ပြန်ပြီးတော့ သတ်မှတ် တွေ့ရှိနိုင်ခဲ့ပါတယ်လို့ လည်း အဲဒီ ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။

ရုပ်ကြွင်းတွေကို စစ်ဆေးရတဲ့ လုပ်ငန်းစဉ်က လနဲ့ နှစ်နဲ့ ကြာမြင့်တာတွေ ရှိတယ်လို့ မစ္စ မန်းရင်းက ပြောသလို အခု ရှာဖွေရေး လုပ်ငန်းစဉ်တွေက ဆက်လုပ်သွားမှာ ဖြစ်ပေမယ့် နှစ်ပေါင်းဘယ်လောက် ကာလ အတွင်း အပြီးလုပ်မယ်၊ ဘယ်နှစ်မှာ အကြိမ်ဘယ်လောက် လုပ်မယ်ဆိုတာမျိုး သတ်မှတ်ထားတာ မရှိကြောင်းလည်း သူက ပြောပါတယ်။