ခိုလှုံခွင့်တောင်းသူတွေကို ရဝမ်ဒါထဲ ရွှေ့မယ့် အစီအမံ ဗြိတိန်ပါလီမန် ခွင့်ပြုပြီ

အငြင်းပွားဖွယ် ရဝမ်ဒါ ဥပဒေကြမ်းကို ယူကေပါလီမန် ခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အငြင်းပွားဖွယ် ရဝမ်ဒါ ဥပဒေကြမ်းကို ယူကေပါလီမန် ခွင့်ပြု

ဗြိတိန်နိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားသူထဲက တချို့ကို ရဝမ်ဒါနိုင်ငံကို ပို့ထားမယ် ဆိုတဲ့ လက်ရှိ အစိုးရရဲ့ အစီအစဉ်ကို ပြန်လည် စဉ်းစား သုံးသပ်ကြဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။

အစိုးရရဲ့ အဲဒီ အစီအမံကို အဲဗြိတိန်ပါလီမန်ကလည်း သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ဇန်နဝါရီလ နောက်ပိုင်း ယူကေထဲကို တရားမဝင် ဝင်ရောက်လာသူဟာ ခိုလှုံခွင့် လျှောက်ထားမယ် ဆိုရင်၊ အမှုကိစ္စကို စိစစ် နေဆဲ ကာလတလျှောက် ယူကေထဲမှာ နေခွင့် မရှိပဲ၊ ရဝမ်ဒါကို ပို့ထားမယ့် အစီအစဉ် ဖြစ်ပါတယ်။

တကယ်တမ်း အကေောင်အထည် ပေါ်လာဖို့ ကြန့်ကြာနေတဲ့ အဲဒီ အစီအမံဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်စေပြီး၊ ဒုက္ခသည်တွေ အပေါ် အကာအကွယ် ပေးဖို့ တာဝန် ရှိတယ် ဆိုတဲ့ အချက်ကို ပျက်ကွက်ရာရောက်တယ်လို့ ကုလသမဂ္ဂ အကြီးအကဲပိုင်းက သူတွေက ထောက်ပြ နေကြပါတယ်။

ဥရောပရဲ့ လူ့အခွင့်အရေးဆိုင်ရာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်တဲ့ ဥရောပ ကောင်စီကလည်း အဲဒီ အစီအမံကို ဖျက်သိမ်းပစ်ဖို့ ယူကေကို တိုက်တွန်းနေပါတယ်။

၁၂ ပတ်အတွင်း လေယာဉ်တွေ ပျံတက်မယ်လို့ ဝန်ကြီးချုပ်ဆူးနက်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၂ ပတ်အတွင်း လေယာဉ်တွေ ပျံတက်မယ်လို့ ဝန်ကြီးချုပ်ဆူးနက်ပြော

ဗြိတိသျှ ဝန်ကြီးချုပ် ရီရှီ ဆူနက်ကတော့ “တိုင်းပြည်ထဲကို တရားမဝင် ဝင်ရောက်မယ် ဆိုရင် တိုင်းပြည်ထဲမှာ ဆက်ပြီး နေလို့ ရမှာ မဟုတ်ဘူး ဆိုတဲ့ အချက်ကို ဒီ ဥပဒေ ပြဌာန်းချက်ထဲမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်” လို့ ဆိုပါတယ်။

ဗြိတိသျှ အစိုးရနဲ့ကြား သဘောတူမှု ယူထားတဲ့ ရဝမ်ဒါ အစိုးရကလည်း အခုလို ပါလီမန်ဘက်က အတည်ပြုလာနိုင်တာကို ကြိုဆိုကြောင်း ပြောပါတယ်။ ရဝမ်ဒါကို ရောက်လာမယ့် သူတွေ အတွက် ရဝမ်ဒါဟာ စိတ်ချလုံခြုံနိုင်မယ့် တိုင်းပြည် ဖြစ်ရစေမယ် ဆိုပြီးတော့လည်း ထပ်လောင်း အာမခံပါတယ်။

ဒီ အစီအမံကို စတင် အကောင်အထည် ဖော်တဲ့ ပထမဆုံး လေယာဉ် ခရီးစဉ်တွေဟာ ရဝမ်ဒါကို လာမယ့် သီတင်းပတ် ၁၂ ပတ် အတွင်း ရှိလာလိမ့်မယ် ဆိုပြီး ဝန်ကြီးချုပ် ဆူးနက်က ပြောပါတယ်။

ဗြိတိန်ရဲ့ ပြည်ထဲရေး ဝန်ကြီး ဂျိမ်းစ် ကလီဗာလေကလည်း ရဝမ်ဒါမြို့တော် ခီဂါလီထံ ပြည်နှင်ဒဏ် ပေးတဲ့ လေယာဉ် ခရီးစဉ်တွေ အတတ်နိုင်ဆုံး စောနိုင်သမျှ စောစော စတင်လာဖို့ အစိုးရ အဖွဲ့ အနေနဲ့ အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ရဝမ်ဒါထဲ လုံခြုံစိတ်ချစေရေး ဥပဒေကြမ်းကို ပါလီမန်က သဘောတူ ခွင့်ပြုခဲ့ပြီ ဖြစ်လို့ ရက် အနည်းငယ် အတွင်းမှာ ဥပဒေ အဖြစ် အသက်ဝင်လာတော့မှာပါ။ ဒီ ဥပဒေထဲမှာ ယူကေကနေ ဖယ်ရှားမပစ်အောင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံကနေ မဟုတ်မမှန် အချက်တွေနဲ့ လိမ်ညာလျှောက်ထားတာမျိုး ဥပဒေကို တလွဲ အသုံးမချနိုင်အောင် ကာကွယ်ထားပါတယ်”

“တခါ၊ ဥရောပ တရားရုံးတွေကနေ တားမြစ် အမိန့်တွေ အဖြစ် ကြားဖြတ် ထုတ်ပြန်လာရင်လည်း ယူကေ အစိုးရက အဲဒီ အမိန့်တွေကို ပယ်ချခွင့် ရှိတယ် ဆိုတဲ့ အာဏာကို ယူကေ အစိုးရထံ ယူကေပါလီမန်က ပေးအပ်ထားပါတယ်။ ဒီတော့ ပြည်နှင်ဒဏ် စတင်မယ့် လေယာဉ်တွေ တကယ်တမ်း ပျံတက်လာနိုင်အောင် အစိုးရအဖွဲ့ဘက်က နေ့စဉ် ကြိုးစားနေပါတယ်” ဆိုပြီး ပြည်ထဲရေး ဝန်ကြီး ဂျိမ်းစ် ကလီဗာလေက ပြောပါတယ်။

ပါလီမန်ရှေ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်နေခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါလီမန်ရှေ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်နေခဲ့

အတိုက်အခံ လေဘာ ပါတီကတော့ အစိုးရရဲ့ ရဝမ်ဒါ အစီအစဉ်ဟာ ပြဿနာ အရင်းအမြစ်ကို ကိုင်တွယ်ဖို့ မကြိုးစားတဲ့ လုပ်ရပ် အဖြစ် ဝေဖန်သလို၊ အင်မတန် ငွေကုန်ကြေးကျ များပြီး တိုင်းပြည်ကို ပိုလို့ ဝန်ပိ စေနိုင်တယ် ဆိုပြီး ထောက်ပြပါတယ်။

ခိုလှုံခွင့် လျှောက်ထားသူ အားလုံးရဲ့ ၁% ရဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ဖို့ ပေါင် သန်း ၅၀၀ လောက် သုံးရနိုင်တယ် ဆိုပြီး လေဘာပါတီဘက်က ပြည်ထဲရေး ကိစ္စတွေ အပေါ် တာဝန်ယူထားတဲ့ မစ္စ အီဗက်ကူပါက ပြောပါတယ်။

အစိုးရ အနေနဲ့ လူတွေကို တကယ်တမ်း ရဝမ်ဒါထဲ ရွှေ့ဖို့ လုပ်လာတဲ့ အခါ တရားရုံးတွေကတဆင့် ဥပဒေကြောင်း ဆိုင်ရာ တုန့်ပြန် စိန်ခေါ်မှုတွေလည်း ကြုံလာရဖို့ ရှိပါတယ်။

ရဝမ်ဒါကို ပို့ဆောင်ခံရဖွယ် ရှိတဲ့ အမှုသည်တစ်ဦးရဲ့ ရှေ့နေ နီကိုးလပ်စ် ဟျူးစ်က လေယာဉ်တွေ တကယ်တမ်း ပျံတက်မသွားအောင် ဥပဒေကြောင်းဆိုင်ရာ တားနိုင်တဲ့ လမ်းကြောင်းတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ရေလက်ကြားကနေ သက်စွန့်ဆံဖျား ကူးလာနေသူတွေကို ကယ်နေကြရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရေလက်ကြားကနေ သက်စွန့်ဆံဖျား ကူးလာနေသူတွေကို ကယ်နေကြရ

ဒီ အချိန်မှာပဲ၊ ပြင်သစ်မြောက်ပိုင်း ကနေ ဗြိတိန်ထဲ ဝင်ရောက်နိုင်ဖို့ရာ ပင်လယ်ကို ကြိုးစား ဖြတ်ကြရင်းသား လူ ၅ ယောက် သေဆုံး သွားပါတယ်။ အဲဒီထဲမှာ ကလေးသူငယ် တစ်ယောက်လည်း ပါဝင်ပါတယ်။

ပြင်သစ် ကမ်းစောင့်တပ်ရဲ့ အဆိုအရ ရေယာဉ်ငယ်တစ်စင်းပေါ်မှာ လူပေါင်း တစ်ရာ့တစ်ဆယ်အထိ စုပြုံ ပိတ်ကြပ်နေအောင် တင်ပြီး ပြင်သစ်နဲ့ ဗြိတိန်ကြားက ပင်လယ်ရေလက်ကြားကို ဧပြီလ ၂၃ ရက်၊ အင်္ဂါနေ့ မနက် အစောပိုင်းမှာ ကူးဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

ပြင်သစ်ဆိပ်ကမ်းမြို့ ကာလေရဲ့တောင်ပိုင်း ဝီမာရူး ဆိုတဲ့ အရပ်ကနေ ထွက်ခွာခဲ့တဲ့ အဲဒီရေယာဉ်ပေါ်ကနေ လူ အယောက် တစ်ရာဝန်းကျင်ကို ပြင်သစ်ကမ်းစောင့်တပ် ကယ်ဆယ်ခဲ့ရတယ်လို့ ပြင်သစ်ဒေသတွင်း သတင်းစာတွေကလည်း ရေးနေပါတယ်။

ကယ်ဆယ်ထားတဲ့ သူတွေကို ပြင်သစ်ရေတပ်က ဘူလွိုင်း ဆိပ်ကမ်းကို ခေါ်သွားတယ်လို့လည်း ဆိုပါတယ်။

အခုနှစ်ထဲ လက်ရှိ အချိန်ထိ ယူကေထဲ ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းသူတွေနဲ့ ဒုက္ခသည် အရေအတွက်ဟာ ခြောက်ထောင်ကျော် သွားပြီ ဖြစ်တဲ့ အတွက် မနှစ်က ဒီအချိန်နဲ့ နှိုင်းယှဉ်ရင် ၄ ပုံ ၁ ပုံ မြင့်တက်လာတာ တွေ့ရပါတယ်။