ဝန်ကြီးချုပ်သစ်ရဲ့ ပထမဆုံး မိန့်ခွန်း
လေဘာပါတီ အပြတ်အသတ်အနိုင်ရပြီးတဲ့နောက် ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ကီယာစတားမားဟာ အမှတ် ၁၀ ဒေါင်းနင်းလမ်းနေအိမ်ရှေ့ကနေ ဝန်ကြီးချုပ်အဖြစ် ပထမဆုံးမိတ်ဆက်မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ သူက ဘုရင်ကြီးဆီ သွားသတင်းပို့ခဲ့ပြီး ဘုရင်ကြီးရဲ့ ဖိတ်ခေါ်ချက်နဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။
အခုရာထူးက ဆင်းသွားရတဲ့ သူ့ရှေ့ကတာဝန်ယူခဲ့သူ ကွန်ဆားဗေးတစ်ပါတီဝန်ကြီးချုပ် ရီရှီဆူးနက်ခ်ကိုလည်း ချီးကျူးစကားပြောကြားခဲ့ပါတယ်။ အာရှနွယ်ဖွားအထဲက ပထမဆုံး ဗြိတိသျှဝန်ကြီးချုပ်ဖြစ်လာခဲ့သူ ရီရှီဆူးနက်ခ်ဟာ သူ့အစိုးရအဖွဲ့ကို ခေါင်းဆောင်နေစဥ်မှာ နိုင်ငံအတွက် ကြိုးစားလုပ်ဆောင်ခဲ့လို့ ကျေးဇူးတင်ပါတယ်လို့လည်း မစ္စတာစတားမားက ပြောခဲ့ပါတယ်။ သူခေါင်းဆောင်တဲ့ လေဘာပါတီအစိုးရဟာ နိုင်ငံအတွက် အပြောင်းအလဲတွေကို အခုချက်ချင်းပဲ စလုပ်ပါပြီလို့ ပြောပြီး အဲဒီအပြောင်းအလဲတွေဆိုတာက ခလုတ်တစ်ချက် ဖွင့်ပိတ်ရသလို လွယ်မှာတော့မဟုတ်ဘူး လို့ သတိပေးသွားပါတယ်။
လေဘာအနေနဲ့ နိုင်ငံပြန်တည်ဆောက်မှုနဲ့အတူ ပြည်သူတွေရဲ့ ယုံကြည်မှုအတွက် တာဝန်ကို ထမ်းဆောင်သွားပါမယ်။ ဒါပေမဲ့ သူတို့ပါတီ လေဘာကို မဲပေးခဲ့သည်ဖြစ်စေ မပေးခဲ့သည်ဖြစ်စေ အထူးသဖြင့် မဲမပေးခဲ့သူတွေကို သူတို့အစိုးရက အဲဒီသူတွေအတွက် တာဝန်လည်း ထမ်းဆောင်သွားမှာပါလို့ တည့်တည့်ပြောချင်ပါတယ်လို့ ထည့်ပြောသွားပါတယ်။ နိုင်ငံရေးဆိုတာ အကောင်းတွေ ဖြစ်လာဖို့ တွန်းအားတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကို ပြသမယ်။ လေဘာပါတီကို ပြောင်းလဲပြီး ပြည်သူတွေကို ပြန်အကျိုးပြုဖို့ လုပ်ခဲ့တယ်။ အဲဒီလိုပုံစံနဲ့ အုပ်ချုပ်သွားမယ်။ နိုင်ငံက ပထမ၊ ပါတီက ဒုတိယပါလို့ ဝန်ကြီးချုပ်သစ် ကီယာ စတားမားက သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောသွားပါတယ်။


















