လက်ျာ(လက်ယာ)စွန်းတွေ ခေါင်းထောင်ထလာတဲ့ဥရောပ - နယ်သာလန်မှာလည်း လက်ယာညွန့်ပေါင်း အစိုးရဖွဲ့ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နယ်သာလန်နိုင်ငံမှာ အစိုးရသစ် တစ်ရပ်ဟာ ဘုရင် ဝီလမ်-အဲလက်ဇန်ဒါး ရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီ ဖြစ်ပါတယ်။
ဒါဟာ နယ်သာလန်မှာ ပြီးခဲ့တဲ့ အစိုးရ ပြိုကွဲခဲ့တဲ့နောက် တစ်နှစ်နီးပါး အကြာမှာမှ အခုလို အစိုးရသစ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ ဝန်ကြီးချုပ်ရာထူးကို သက်တမ်း အကြာရှည်ဆုံး ရယူခဲ့တဲ့ မာ့ခ် ရပ်တာ Mark Rutte ရဲ့ နေရာကို အရင် ထောက်လှမ်းရေး အကြီးအကဲ ဒစ်ခ်ရှဟော့ဖ်က ရယူလိုက်ပါတယ်။
“ဘုရင်မင်းမြတ်၊ ဘုရင့်နိုင်ငံတော်ရဲ့ ပင်မ ချာတာ စာချုပ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ အပေါ် သစ္စာခံကြောင်း ကျွန်ုပ် ကတိသစ္စာ ပြုပါသည်။ ကျွန်ုပ်၏ ဝန်ကြီးချုပ် တာဝန်ဝတ္တရားများကိုလည်း ကျေပွန်အောင် အပြည့်အဝထမ်းဆောင်မည့် အကြောင်း သစ္စာပြုပါ၏ ” ဆိုပြီး မစ္စတာ ရှဟော့ဖ်က ဘုရင် ဝီလမ်-အဲလက်ဇန်ဒါး ရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆို ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု အစိုးရသစ်ဟာ လက်ျာ(လက်ယာ)အင်အားစုတွေ ညွန့်ပေါင်းဖွဲ့ထားကြတာ ဖြစ်ပါတယ်။
လူဝင်မှု ဆန့်ကျင်ရေး ဒတ်ချ် နိုင်ငံရေးသမား ဟေ့(ထ) ဗီလ်ဒါစ် Geert Wilders ဦးဆောင်တဲ့ ဖရီးဒမ်းဆိုတဲ့ အင်အားကြီး လက်ျာစွန်းပါတီနဲ့ တခြား ပါတီ ၃ ခုတို့ စုပေါင်းထားပါတယ်။
ဥရောပတလွှားမှာ လက်ျာပါတီတွေ အင်အားကောင်း လူကြိုက်များပြီး ခေါင်းထောင်ထချိန် နယ်သာလန်မှာလည်း အခုလို အစိုးရဖွဲ့နိုင်တဲ့ အထိ ဖြစ်လာပါတယ်။
နယ်သာလန်မှာ လူအများဟာ မူလ ရှိရင်းစွဲ နိုင်ငံရေးပါတီတွေ အပေါ် အတော်လေး စိတ်ကုန်နေကြတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
တိုင်းပြည်အာဏာကို ရယူလေ့ ရှိတဲ့ အစဉ်အလာပါတီတွေ အနေနဲ့ နိုင်နင်းအောင် မကိုင်တွယ်နိုင်တာတွေထဲမှာ လူဝင်မှု ပြဿနာလည်း ထိပ်ဆုံးက ပါဝင်နေပြီး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စတွေနဲ့ လူနေမှုစားရိတ် မြင့်မားလာတာကလည်း အရင် ရှိနှင့်ပြီး အစဉ်အလာ ပါတီတွေ အပေါ် လူအများ စိတ်ပျက်စေတယ်လို့ သုံးသပ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်ဘက်မှာလည်း လက်ျာ(လက်ယာ)စွန်း အတွေးအခေါ် အခြေခံတွေ ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရတဲ့ ဟေ့(ထ) ဗီလ်ဒါစ်ရဲ့ ဖရီးဒမ်းပါတီ အောင်ပွဲရမှု အပေါ် အကဲခတ်တော်တော်များများက ထိတ်လန့် တုန်လှုပ်ကြောင်း ပြောကြပါတယ်။
ဒါပေမယ့် ဟေ့(ထ) ဗီလ်ဒါစ်ရဲ့ ဖရီးဒမ်းပါတီနဲ့ ညွန့်ပေါင်းဖွဲ့ခဲ့တဲ့ ပါတီတွေထဲက တစ်ခု ဖြစ်တဲ့ ဘီသုံးလုံး ဗဟိုလက်ျာပါတီကို ခေါင်းဆောင်သူ ကယ်ရိုလိုင်း ဗန်ဒါပလာစ် ကတော့ ဖရီးဒမ်းစ်ပါတီရဲ့ မူဝါဒတချို့နဲ့ ပတ်သက်ပြီး ကျေလည်အောင် အချိန်ယူ ဆွေးနွေးခဲ့တာကြောင့် ညွန့်ပေါင်းဖွဲ့နိုင်ဖို့ရာ အခုလောက် ကြာခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။
“သူက အစ္စလာမ်ဘာသာရေးကျောင်းတွေ၊ ကိုရ်အန်ကျမ်းတွေကို ပိတ်ပင်လိုတယ်လို့ ဆိုတယ်။ ကျွန်မတို့က အဲဒါမဖြစ်နိုင်ဘူး ဆိုပြီး ပြောခဲ့ရတယ်။ နယ်သာလန်မှာ ဘာသာရေး လွတ်လပ်ခွင့်ရှိတယ် … အဲဒီ အခွင့်အရေးကို အာမခံရမယ် ဆိုပြီး ပြောခဲ့ရတယ်” လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအချိန်မှာပဲ၊ လာမယ့် တနင်္ဂနွေနေ့ကျရင် ပါလီမန်ရွေးကောက်ပွဲ ဒုတိယ အဆင့် ကျင်းပတော့မယ့် ပြင်သစ်ကို ကြည့်ရင်လည်း၊ နိုင်ငံရေးပါတီတွေ အနေနဲ့ အခု အဆင့်မှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို ဒီနေ့ အပြီးသတ် ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ပထမတချီ ပါလီမန်ရွေးကောက်ပွဲမှာ လူဝင်မှု ဆန့်ကျင်ရေး အမျိုးသား ချီတက်ရေး လကျ်ာစွန်းပါတီက မဲအားလုံးရဲ့ ၃ ပုံ ၁ ပုံ ကျော်ကျော် ရခဲ့ပြီး၊ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါ့ကြောင့် ဒုတိယ အချီမှာလည်း အောင်ပွဲ ဆက်ခံပြီး အစိုးရသစ် ဖွဲ့နိုင်ဖို့ အထိ မျှော်လင့် နေကြပါတယ်။
လက်ျာစွန်းပါတီ အစိုးရ ဖွဲ့နိုင်တဲ့ အထိ ဖြစ်မလာအောင် ပြင်သစ်ရဲ့ လက်ဝဲနဲ့ ဗဟို နိုင်ငံရေးပါတီတွေဟာ သူတို့ရဲ့ ကိုယ်စားလှယ်တွေကို နေရာတိုင်းမှာ အပြိုင် ဝင် အရွေးခံတာမျိုး မလုပ်ပဲ၊ ဘယ် မဲဆန္ဒနယ်မှာ ဆိုရင် ဘယ်ပါတီကသူပဲ ဝင် အရွေးခံမယ် ဆိုပြီး အားလုံး သဘောတူ ရွေးကြဖို့ ညှိနှိုင်း နေကြပါတယ်။
အဲဒါမှ မဲကွဲ မသွားပဲ လက်ျာ(လက်ယာ)စွန်း အမတ်လောင်းတွေကိုပဲ ဦးတည် ယှဉ်ပြိုင်မယ့် ဗျူဟာကို ရွေးချယ်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုလို စုပေါင်း နည်းနာ အလုပ်ဖြစ်ဖို့ မျှော်လင့်ကြောင်း ဆိုရှယ်လစ်ပါတီရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ ပါလီမန်အမတ်လည်း ဖြစ်တဲ့ အိုလစ်ဗာ ဖော်ရေး Olivier Faure က ပြောပါတယ်။
“ပြင်သစ်လို နိုင်ငံကို လက်ျာ(လက်ယာ)စွန်းရောက်တွေ လက်ထဲ ထည့်ပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လက်ျာစွန်းရောက်တွေ အာဏာရပြီ ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အဆုံးမရှိ ခံရပါလိမ့်မယ်"
"စပြီး ခံစားတွေ့ကြုံရမှာ ပြင်သစ် ပြည်သူတွေ ကိုယ်တိုင်ဖြစ်ပါတယ်။ နောက် …. ပြင်သစ်မှာတောင် ဒီလို ဖြစ်ပြီ ဆိုပြီး၊ ဥရောပ တခွင်ကို လွဲမှားတဲ့ သတင်းစကားနဲ့ အချက်ပေးမှုမျိုး ဖြစ်သွားနိုင်ပါတယ်” ဆိုပြီး ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်က ပြောသွားတာပါ။











