ပြင်သစ် ရွေးကောက်ပွဲနဲ့ လက်ယာစွန်းရဲ့ သမိုင်းဝင်ဖို့ မျှော်လင့်ချက်

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ပေါလ် ကာဘီ
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ ပဲရစ်
ပြင်သစ်မှာ လက်ယာစွန်းတွေ အာဏာနဲ့ ပိုနီးလာနိုင်တဲ့ သမိုင်းတွင်နိုင်တဲ့ လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပနေပါတယ်။
မာရင်း လပန်းနဲ့ ဂျော်ဒန် ဘာဒယ်လာတို့ရဲ့ အမျိုးသားရေး စုဝေးပါတီက အကြိုစစ်တမ်းတွေမှာ ရှေ့က ပြေးနေပါတယ်။ နောက်ပြီး ဥရောပရွေးကောက်ပွဲမှာ သူတို့နိုင်ထားတာကလည်း သုံးပတ်ပဲ ရှိပါတယ်။ ဒါကို သမ္မတ မက်ကရွန်းက ရွေးကောက်ပွဲ ချက်ချင်းလုပ်ဖို့ တောင်းဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
နေ့လယ်ခင်းမှာပဲ ပြင်သစ် မဲဆန္ဒရှင် ၄၉ သန်းရဲ့ လေးပုံတပုံကျော် မဲထွက်ပေးခဲ့ပြီး အရင်ရွေးကောက်ပွဲထက် ၇ ရာခိုင်နှုန်းကျော် သာနေပါတယ်။ ဒီလို အလှည့်အပြောင်း ဖြစ်နိုင်တဲ့ ရွေးကောက်ပွဲမှာ မဲထွက်ပေးသူ များလိမ့်မယ်ဆိုတဲ့ ယူဆချက်ကိုလည်း အတည်ပြုပေးတာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲက နှစ်ဆင့်ရှိပြီး အမျိုးသားလွှတ်တော်ရဲ့ အမတ်နေရာ ၅၇၇ ခုအတွက် နောက် တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ဒုတိယကျော့ထိ အဆုံးအဖြတ်ပေးနိုင်မှာ မဟုတ်သေးပါဘူး။
ရွေးကောက်ပွဲ မဲဆွယ်တာက ရက် ၂၀ ပဲ ရှိပြီး အမျိုးသားရေး စုဝေးပါတီအတွက် အမြတ်ထွက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး၊ ရာဇဝတ်မှုခင်းနဲ့ မလုံခြုံမှု ပြဿနာ၊ နေထိုင်စရိတ် အကျပ်အတည်းကို ကိုင်တွယ်ဖို့ အခွန်ဖြတ်တောက်တာအပါအဝင် သူတို့ရဲ့ လက်ရှိ ကတိက၀တ်တွေကို အမြန် အချောသပ်နိုင်ခဲ့ပါတယ်။
ဂျော်ဒန် ဘာဒယ်လာက အမျိုးသားရေး စုဝေးပါတီရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ချင်ပြီး ပထမကျော့မှာတင် သူ့ပါတီက အမတ်နေရာ ဒါဇင်နဲ့ချီ နိုင်မယ်လို့ အခိုင်အမာ ခံယူထားပါတယ်။
သူ့ပါတီက လွှတ်တော်မှာ အများစု ၂၈၉ နေရာကို နိုင်မှ ဒီရာထူးကို လက်ခံမယ်လို့ ဆိုပါတယ်။ ဒီလိုမဖြစ်ရင်တော့ လွှတ်တော်မှာ မဲ မကွဲဘဲ ထိန်းချုပ်နိုင်တဲ့ ပါတီ မရှိ ဖြစ်နေမှာပါ။
အမျိုးသားရေး စုဝေးပါတီရဲ့ ဆန့်ကျင်ဘက်တွေကတော့ နောက်တကျော့ ရွေးကောက်ပွဲမှာ ဘယ်သူ့ကို ထောက်ခံမယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ။ ဒါမှ လွှတ်တော်မှာ အများစု နေရာ ယူမယ့်သူ မရှိ ဖြစ်မှာပါ။
မြို့ကြီးတွေမှာ မဲရုံပိတ်ချိန် ည ၈ နာရီမှာ ကနဦးရလဒ်တွေ ထွက်လာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အကြိုစစ်တမ်းတွေသာ မှန်ရင်တော့ ဒုတိယအကျော့မှာ အမျိုးသားရေး စုဝေးပါတီနဲ့ ပေါ်ပြူလာတပ်ဦးသစ် ခေါ်တဲ့ တက်သုတ်ရိုက် စုစည်းထားတဲ့ လက်ဝဲမဟာမိတ်တွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလက်ဝဲတပ်ဦးကလည်း ရွေးကောက်ပွဲနိုင်မယ်လို့ ယူဆနေပါတယ်။
မဲထွက်ပေးသူ များတဲ့အတွက် ပါတီသုံးရပ် မဲဆန္ဒနယ် ၂၅၀ လောက်မှာ ဒုတိယအကျော့ ယှဉ်ပြိုင်နိုင်ဖွယ်ရှိတယ်လို့ အစ်ပ်ဆော့စ် အကြိုစစ်တမ်းကောက်တဲ့အဖွဲ့က ပြောပါတယ်။
အရင်ရွေးကောက်ပွဲတွေမှာတော့ ပါတီပေါင်းစုံ စုစည်းပြီး လက်ယာစွန်းတွေ နေရာမရအောင် ပထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အမျိုးသားရေး စုဝေးပါတီကို ဆန့်ကျင်ဖို့ ပါတီတခု ရွေးကောက်ပွဲက နောက်ဆုတ်ပေးမလား မေးစရာ ရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အမျိုးသားရေး စုဝေးပါတီ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အစွန်းရောက် အမြင်တွေကို ဖော်ပြဖို့ နှစ်ချီ ကြိုးစားခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံသားတွေကို အလုပ်နဲ့ အိုးအိမ်အတွက် ဦးစားပေးဖို့ ၊ အသက် ၃၀ အောက်တွေကို ဝင်ငွေခွန် မကောက်ဖို့ စတဲ့ မူတွေကို သူတို့ကိုင်စွဲထားပါတယ်။
ပြင်သစ်ကျောင်းတွေမှာ စည်းကမ်းလျော့ရဲနေလို့ ဂျော်ဒန် ဘာဒယ်လားရဲ့ ပညာရေး အာဏာပိုင်တွေကို ဦးစားပေးရေး မူကို ကြိုက်တဲ့ဆရာမတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မစ္စတာ ဘာဒယ်လားဟာ ပညာရေးကတိတွေ အများကြီးပေးပြီး ဒီအတွက် ဘယ်ကငွေနဲ့ ဆောင်ရွက်မယ်ဆိုတာကို မပြောဘူးလို့ ပြင်သစ်ဆရာမတယောက်က ထောက်ပြပါတယ်။
ဥရောပသမဂ္ဂရဲ့ ထိပ်တန်း နိုင်ငံတခုမှာ လက်ယာ အများကြိုက် အစိုးရတရပ် ခေါင်းဆောင်တော့မယ့် အရိပ်တွေ ထင်ဟပ်နေကြောင်းလည်း ဘီဘီစီသတင်းထောက်က ပြောပါတယ်။
လက်ဝဲညွန့်ပေါင်းနဲ့ သမ္မတ မက်ကရွန်း ခေါင်းဆောင်တဲ့ ဗဟိုအုပ်စုကပဲ လက်ယာစွန်းတွေကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
သမ္မတမက်ကရွန်းရဲ့ ညွန့်ပေါင်းအုပ်စု အမတ်နေရာတွေ ဆုံးရှုံးမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြပါတယ်။ ဂေဘရီယယ် အက်တဲလ် ပြင်သစ်မှာ လူကြိုက်အများဆုံး နိုင်ငံရေးသမား ဆက်ဖြစ်နေပေမယ့်လည်း သူ့ဝန်ကြီးချုပ် ထိုင်ခုံက ခပ်လှုပ်လှုပ် ဖြစ်နေပါတယ်။
မက်ကရွန်းခေတ်က ကုန်ပြီလို့လည်း ပြင်သစ်သမ္မတဟောင်း ဖရန်ဆွာအော်လန်းက မဲမပေးခင်မှာ ပြောကြားခဲ့ပါတယ်။
မက်ကရွန်းရဲ့ နိုင်ငံရေး ဆရာ ဖြစ်ခဲ့တဲ့ မစ္စတာ အော်လန်း ဒီတခေါက် ရွေးကောက်ပွဲမှာ ပေါ်ပြူလာတပ်ဦးသစ် ကိုယ်စားလှယ်အဖြစ် ဝင်ပြီး ပြိုင်ခဲ့ပါတယ်။
မက်ကရွန်းရဲ့ မဟာမိတ်တွေကလည်း ဒီလို ရွေးကောက်ပွဲ စောကျင်းပတဲ့ သူ့လုပ်ရပ်ကို ဒေါသထွက်ကြပါတယ်။
ပြင်သစ်မှာ နောက်သုံးနှစ်ထိ ရွေးကောက်ပွဲ ကျင်းပဖို့ မရှိသေးပါဘူး။ ဒီနွေရာသီမှာ ရွေးကောက်ပွဲ ဆွယ်မယ့်အစား တခြားပိုကောင်းတဲ့ နည်းတွေနဲ့ ကုန်ဆုံးသင့်ပါတယ်။
ပြင်သစ် တနိုင်ငံလုံးကလည်း ဇူလိုင်လ ၂၆ ရက်မှာ စမယ့် ပဲရစ် အိုလံပစ်အတွက် မောင်းတင်ထားကြပါတယ်။
ကွန်းကော့ ဘူတာလို မြေအောက်ရထားဘူတာတွေကို ပိတ်ထားပြီး အားကစားပွဲနဲ့ နီးတဲ့နေရာတွေမှာ အဝင်အထွက် ကန့်သတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရဲနဲ့ စစ်တပ်အင်အားကလည်း လက်ကုန်လိုက်နေပြီး ဒုတိယအကျော့အပြီးမှာ ဆူပူမှု ဖြစ်လာနိုင်တယ်လို့ ပြည်ထဲရေး ဝန်ကြီးက သတိပေးပါတယ်။
မစ္စတာ မက်ကရွန်း သူ့ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို တနင်္လာနေ့မှာ တွေ့ပြီး ဘာဆက်လုပ်ကြမယ်ဆိုတာကို ဆုံးဖြတ်မှာပါ။
အခုထိ မက်ကရွန်းတို့ မူက လက်ယာစွန်းရော လက်ဝဲတပ်ဦးသစ်ကိုပါ ဒုတိယအကျော့မှာ မဲမပေးဖို့ ပြောနေတုန်း ရှိပါတယ်။ လက်ဝဲအုပ်စုမှာ ဦးမညွတ်တဲ့ ပြင်သစ်ဆိုတဲ့ လက်ဝဲစွန်းပါတီပါနေလို့ ဆန့်ကျင်ဘက်တွေက ဝေဖန်နေကြပြီး တချို့အဖွဲ့ဝင်တွေကို ဂျူးဆန့်ကျင်ရေး ရှိတယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။
လက်ဝဲစွန်းနဲ့ လက်ယာစွန်းတွေ အာဏာမရရေးအတွက် သူ့ရဲ့ ဗဟိုမဟာမိတ်အဖွဲ့ပဲ ရှိတယ်လို့ သမ္မတ မက်ကရွန်းက ပြောကြားခဲ့ပါတယ်။ လက်ယာစွန်းက ပြည်သူတွေကို ဘာသာရေး၊ လူမျိုးရေးတွေနဲ့ ဆုံးဖြတ်ပြီး လက်ဝဲကတော့ လူတွေကို လူတန်းစားနဲ့ ဆုံးဖြတ်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အရင်ပတ်ကပဲ ဦးမညွတ်တဲ့ ပြင်သစ်ရဲ့ ထိပ်တန်းခေါင်းဆောင် မတီးလ်ဒါ ပနော့က လက်ယာစွန်းမတက်ရေးကိုပဲ အာရုံစိုက်နေကြောင်း ပြောကြားခဲ့ပါတယ်။ မက်ကရွန်းအုပ်စုက လက်ယာစွန်းတွေ အာဏာရအောင် တံခါးဖွင့်ပေးနေတယ်လို့လည်း စွပ်စွဲပါတယ်။
ကျွန်မတို့က အစွန်းရောက်တွေ မဟုတ်ဘူး၊ မစ္စတာ မက်ကရွန်းရဲ့ အစွန်းရောက်တဲ့ လစ်ဘရယ်ဝါဒကြောင့် လက်ယာစွန်းတွေ ရှေ့ရောက်လာတာလို့ သူက ဘီဘီစီကို ပြောပါတယ်။
ပေါပြူလာတပ်ဦးသစ်မှာ ဆိုရှယ်လစ်နဲ့ မြစိမ်းရောင်တို့လို အလယ်အလတ်ပိုကျတဲ့ ပါတီတွေလည်း ပါပါတယ်။ ဘာဒယ်လာ ဝန်ကြီးချုပ် မဖြစ်ရေးအတွက် ညီညွတ်ကြဖို့လည်း မြစိမ်းရောင် ခေါင်းဆောင်က တောင်းဆိုခဲ့ပါတယ်။
ပြင်သစ်က နာမည်ကြီး အားကစား အကျော်နဲ့ အင်တာနက်မှာ ထင်ရှားတဲ့ လူငယ်တချို့ကလည်း အစွန်းရောက်တွေ ကင်းရှင်းရေးအတွက် မဲဆန္ဒရှင်တွေကို တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ပါတီတွေအကြား အကွဲအပြဲက နက်ရှိုင်းပြီး အမျိုးသားရေး စုဝေးပါတီကို ဘေးပို့ဖို့ စုစည်းချိန်ကလည်း တိုတောင်းနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA














