ပြင်သစ်ဆန္ဒပြပွဲ- မေဒေးနေ့ဆန္ဒပြပွဲတွေမှာ ရဲ ၁၀၀ ကျော် ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, EPA
မေလ ၁ ရက်၊ အလုပ်သမားနေ့မှာ ပြင်သစ်နိုင်ငံတဝန်းမှာဖြစ်ပွားတဲ့ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆန္ဒပြပွဲတွေအတွင်း ထိပ်တိုက်တွေ့မှုတွေကြောင့် ရဲအရာရှိ ၁၀၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး ဇေရက် ဒါမိန် ကတော့ ရဲတွေ ဒီလောက်များများ ဒဏ်ရာရတဲ့အခြေအနေဟာ အတော့်ကိုရှားပါးဖြစ်စဥ်ဖြစ်ပြီး အဲဒီဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၂၉၁ ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မာခရွန်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ သိန်းနဲ့ချီတဲ့ပြင်သစ်နိုင်ငံသားတွေက မေဒေးနေ့ ဆန္ဒပြပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒဖော်ထုတ်မှုအများစုဟာ ငြိမ်းငြိမ်းချမ်းချမ်းပြုလုပ်ကြတာဖြစ်ပေမဲ့ အစွန်းရောက်အဖွဲ့တွေက ရေနံဆီပုလင်းတွေကိုသုံးတဲ့ လက်လုပ်ဗုံးတွေ၊ မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ရေအမြောက်တွေသုံးပြီး တုံ့ပြန်ခဲ့ပါတယ်။
ဆန္ဒပြသူဘယ်လောက်များများ ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြင်သစ်ဝန်ကြီးချုပ် Elizabeth Borne ကတော့ အကြမ်းဖက်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ သူ့ရဲ့တွစ်တာမှာ ရေးသားပြီး မြို့ကြီးတော်တော်များများမှာ ဆန္ဒပြသူတွေက တာဝန်သိသိနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာကိုတော့ ချီးကျူးပြောဆိုပါတယ်။
ပြင်သစ်နိုင်ငံမှာ ပင်စင်ရယူနိုင်တဲ့အသက်ကို ၆၂ နှစ်ကနေ ၆၄ နှစ်အထိ တိုးမြှင့်လိုက်တဲ့အပြောင်းအလဲကို လူအစုလိုက်အပြုံလိုက်ဆန္ဒပြမှုတစ်ခုဖြစ်လာပါတယ်။ ကုန်သွယ်သမဂ္ဂအဖွဲ့တွေကတော့ အဲဒီပြောင်းလဲမှုကို ပြန်လည်ရုပ်သိမ်းစေချင်ကြတာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဆန္ဒပြသူ စုစုပေါင်း ၇၈၂,၀၀၀ အထိရှိပြီး အဲဒီထဲမှာ မြို့တော်ပဲရစ်မှာ ဆန္ဒပြသူ ၁၁၂,၀၀၀ အထိရှိတယ်လို့ပြောပေမဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(CGT)ကတော့ ဆန္ဒပြသူအရေအတွက်ဟာ အဲဒီထက် ၃ ဆ အထိများတယ်လို့ ပြောပါတယ်။
သမဂ္ဂခေါင်းဆောင်တွေကတော့ ပင်စင်ပြုပြင်ပြောင်းလဲရေးကို လနဲ့ချီကြာဆန္ဒပြမှုတွေကတော့ မှေးမှိန်ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
''ပင်စင်ပြုပြင်ပြောင်းလဲမှုကို မရုပ်သိမ်းသေးသမျှကာလပတ်လုံး ဒီစာမျက်နှာ(ဆန္ဒဖော်ထုတ်မှု)ကို ဆက်ဖွင့်ထားဦးမှာပါ။ တောင်းဆိုမှု အောင်မြင်ရမယ်ဆိုတဲ့ သံန္တိဋ္ဌာန်ကတော့ မယိမ်းယိုင်ပါဘူး'' လို့ CGT ခေါင်းဆောင် ဆိုဖီဘနက်က ပြောတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
မြို့တော်ပါရီမှာတော့ ရဲအရာရှိတစ်ယောက်ဟာ ရေနံဆီပုလင်းနဲ့ပြုလုပ်တဲ့လက်လုပ်ဗုံးမှန်လို့ မျက်မှာနဲ့လက်တွေမှာ မီးလောင်ဒဏ်ရာပြင်းပြင်းတွေရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး မစ္စတာ ဒါမိန် က ပြောပါတယ်။
လိုင်ယွန်၊ တူလူ့စ် နဲ့ နန့်မြို့တွေမှာတော့ ယာဥ်တွေမီးရှို့ခံရပြီး စီးပွားရေးလုပ်ငန်းတွေလည်း တိုက်ခိုက်ခံရပါတယ်။
နိုင်ငံတောင်ပိုင်းက မာဆေးမြို့မှာဆိုရင် ဆန္ဒပြသူတွေဟာ ဇိမ်ခံဟိုတယ်တစ်လုံးကို ခေတ္တဝင်စီးခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ပြင်သစ်နိုင်ငံထဲ အရေးပါတဲ့ ကုန်သွယ်သမဂ္ဂ ၈ ခု ဦးဆောင်တဲ့အခုဆန္ဒပြပွဲဟာ ၂၀၀၉ ခုနှစ်ကတည်းကဆိုရင် လူအများဆုံးလမ်းပေါ်တက်ကြတဲ့ ဆန္ဒဖော်ထုတ်ပွဲဖြစ်လာပါတယ်။
မစ္စတာ ဒါမိန်ကတော့ ဝတ်စုံမည်းဝတ်ဆင်ရုပ်ဖျက်ပြီး ဆန္ဒပြကြတဲ့ Black Blocs လို လက်ဝဲစွန်းအဖွဲ့တွေနဲ့ အကြမ်းဖက်မှုမှာပါဝင်တဲ့သူတွေကို ''ရဲတွေကိုတိုက်ခိုက်မှု၊ ပြည်သူပိုင်ပစ္စည်းတွေကို တိုက်ခိုက်မှုနဲ့ ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ပြောပါတယ်။
ပင်စင်သက်တမ်းနဲ့ပတ်သက်တဲ့ဥပဒေကို ပြင်သစ်အစိုးရက အောက်လွှတ်တော်မှာ အတည်ပြုဖို့ ကြိုးပမ်းတဲ့ မတ်လကတည်းက ဆန္ဒပြပွဲတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်ဖို့ အလေးသာတဲ့အဖွဲ့တွေ ရှိနေတာဖြစ်ပါတယ်။
ပြင်သစ်သမ္မတ မာခရွန်းကတော့ ပြုပြင်ပြောင်းလဲရေးဟာ လိုအပ်တယ်လို့ ပြောပါနေပါတယ်။
ပြင်ဆင်ထားတဲ့ပင်စင်ဥပဒေကို ပြင်သစ်အခြေခံဥပဒေကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံပေးပြီး နာရီပိုင်းအကြာ ဧပြီလ ၁၅ ရက်မှာ သမ္မတက လက်မှတ်ထိုးခဲ့တာဖြစ်ပေမဲ့ အမြင်သဘောထားစစ်တပ်တွေမှာတော့ နိုင်ငံ့လူဦးရေအများစုက ပင်စင်သက်တိုးမြှင့်လိုက်တာကို ဆန့်ကျင်နေကြပါတယ်။
အဲဒီပြုပြင်ပြောင်းလဲမှုဟာ လာမယ့်စက်တင်ဘာလမှာ အသက်ဝင်နိုင်ခြေရှိနေတာပါ။
ပြင်သစ် အစိုးရကတော့ ပင်စင်သက်တမ်းတိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်ဆွေးနွေးပြောဆိုတာတွေလုပ်မယ်လို့ ကတိပေးထားပေမဲ့ သမဂ္ဂတွေဘက်ကတော့ အဲဒီပြင်ဆင်ချက်တွေကို ပြန်လည်ရုပ်သိမ်းစေချင်နေကြတာကြောင့် ဒီအခြေအနေမှာ နှစ်ဖက်လက်ခံနိုင်မယ့် ဘုံသဘောတူညီချက်တစ်ခုရနိုင်ခြေ ရှင်းရှင်းလင်းလင်း မမြင်ရသေးပါဘူး။








