ပြင်သစ်သမ္မတ တရုတ်ခရီးစဥ်က ယူကရိန်း စစ်ပွဲအဆုံးသတ်ဖို့ အထောက်အကူပြုမလား

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် က တရုတ်သမ္မတ ရှီကျင့်ဖျင့်ကို ယူကရိန်းမှာ ဖြစ်နေတဲ့ ရုရှားရဲ့ စစ်ပွဲကို အဆုံးသတ်ရာမှာ ကူညီဖို့ တိုက်တွန်းလိုက်ပါတယ်။

“အားလုံးကို စေ့စပ်ဆွေးနွေးဝိုင်းထဲကို ခေါ်လာဖို့ ခင်ဗျားကို အားကိုးရမယ်ဆိုတာ ကျွန်တော်သိနေတယ်” လို့ မစ္စတာ မက်ခရွန်က မစ္စတာ ရှီကို ဘေဂျင်းမှာ ပြောပါတယ်။

တရုတ်နဲ့ ပြင်သစ်တို့က ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ တရုတ်နဲ့ပြင်သစ်တို့မှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိတယ်လို့ မစ္စတာရှီက ပြန်လည် တုံ့ပြန်ပါတယ်။

ဒါပေမဲ့ မော်စကိုဘက်က ငြိမ်းချမ်းရေးအတွက် အလားအလာမမြင်တာကြောင့် ထိုးစစ်ကို ဆက်လက်လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ အပေါ် ဆန့်ကျင်ဖို့ ငြင်းဆန်ခဲ့တဲ့ တရုတ်နဲ့ အနောက် အကြား ဆက်ဆံရေး အဆိုးရွားဆုံး ဖြစ်နေတဲ့ ကာလအတွင်း ပြင်သစ်သမ္မတက တရုတ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းအရေး အပြင် မစ္စတာ မက်ခရွန်က တရုတ်နဲ့ ကုန်သွယ်ရေး တိုးမြှင့်နိုင် ဖို့လည်း ကြိုးစားနေပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Reuters

တချိန်တည်းမှာပဲ ဥရောပ ကော်မရှင်နာ အကြီးအကဲ အာဆူလာ ဖွန်ဒါလီယန်ကလည်း တရုတ်ကို ရောက်ရှိနေပါတယ်။

တရုတ်ခေါင်းဆောင်တွေ အပါအဝင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးပွဲမှာ ပါဝင်ဖို့ မစ္စတာ မက်ခရွန်က ဥရောပကော်မရှင်နာကို ဖိတ်ကြားခဲ့ပါတယ်။

ဒီခရီးစဥ်မတိုင်မီမှာ မစ္စဖွန်ဒါလီယန်က ပူတင်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ မစ္စတာရှီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

ဧပြီ ၆ ရက်နေ့မှာ မစ္စတာ မက်ခရွန်ကို တရုတ်က စစ်ရေးပြအခမ်းအနားနဲ့ ဘေဂျင်းမှာ ကြိုဆိုခဲ့ပြီး တရုတ်နဲ့ ပြင်သစ် ခေါင်းဆောင် ၂ ဦး တံခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။ ရင်းနှီးပွင့်လင်းတဲ့ ဆွေးနွေးပွဲဆိုပြီး တရုတ်နဲ့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ရှီက တရုတ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ နိုင်ငံရေး အဖြေရှာဖို့ ကြိုးစားလုပ်ဆောင်နေပြီး နိုင်ငံတကာ အသိုင်း အဝိုင်းကလည်း အကျိုးအကြောင်းနဲ့ အညီ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။ ဒီပဋိပက္ခအတွင်း နျူကလီးယားကို မသုံးသင့်ဘူးလို့ မစ္စတာရှီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီသီတင်းပတ် အစောပိုင်းက ဗျူဟာကျနျူကလီးယားလက်နက်တွေကို နေတိုးနိုင်ငံတွေရဲ့ အနောက်ဘက် နယ်စပ် အနီးက ဘီလာရုစ်မှာ ချထားဖို့ စီစဥ်နေတယ်လို့ ရုရှားက ပြောဆိုခဲ့ပါတယ်။

တရုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကရိန်းကို ဆက်ထိန်းချုပ်ထားသရွေ့ ဥရောပက တည်ငြိမ်မှာ မဟုတ်ဘူးလို့လည်း မစ္စတာ မက်ခရွန်က ပြောဆိုခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေး အဖွဲ့ဝင် နိုင်ငံတခုက ဒီအဖွဲ့ရဲ့ ပဋိဥာဥ်ကို ချိုးဖောက်တာ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

ပြင်သစ်ခေါင်းဆောင်က မိန့်ခွန်းပြောရာမှာ နှစ်လိုဖွယ်အသံနဲ့ ပြောဆိုခဲ့ပြီး သတင်းစာရှင်းလင်း ပွဲမှာလည်း မစ္စရှီဘက်ကို မကြာခဏလှည့်ကြည့်ကာ သူ့ကို တိုက်ရိုက် ပြောဆိုခဲ့ပါတယ်။ မစ္စတာရှီရဲ့ ပုံစံက သမ္မတ မက်ခရွန်နဲ့ ဆန့်ကျင်ဘက်လို ဖြစ်နေတာကို တွေ့ရပါတယ်။

အဲဒီနောက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်က ရုရှားကို လက်နက်တွေ ပေးပို့ခဲ့မယ်ဆိုရင် ဒါက နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ဖြစ်ပြီး တရုတ်နဲ့ အီးယူကြားက ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေမယ်လို့ မစ္စ ဖွန်ဒါလီယန်က ပြောပါတယ်။

မျှတတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ တရုတ်က ပါဝင်ဖို့ မျှော်လင့်တယ်လို့ ပြောဆိုပြီး ရုရှား တပ်ဖွဲ့တွေ လုံးဝ ထွက်သွားဖို့ဆိုတဲ့ ယူကရိန်းခေါင်းဆောင် ဗလော်ဒီမာ ဇလန်းစကီးရဲ့ ငြိမ်းချမ်းရေး အစီအစဥ်ကို ခိုင်ခိုင်မာမာ ရပ်တည်တယ်လို့ ပြောပါတယ်။

တရုတ်ဘက်ကလည်း သူရေးဆွဲထားတဲ့ ငြိမ်းချမ်းရေး အစီအစဥ်ရှိပြီး ဒါဟာ ရုရှားဘက်ကနေ ရပ်တယ်ဆိုတာကြောင့် အနောက်အုပ်စုက လုံးဝ ပယ်ချထား ပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒါပေမဲ့ မစ္စတာ ဇလန်စကီးက တရုတ်ရဲ့ ငြိမ်းချမ်းရေး အစီအစဥ်ကို စိတ်ဝင်စား နေပြီး မစ္စတာရှီနဲ့ တိုက်ရိုက် ပြောဆိုဖို့ တောင်းဆိုထားပေးမဲ့ တရုတ်ဘက်က အခုထက်ထိ အကြောင်းမပြန်သေးပါဘူး။

ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါသာ ပေးရင် မစ္စတာ ဇလန်စကီးနဲ့ လိုလိုလားလား စကားပြောချင်တယ်လို့ မစ္စတာရှီက မစ္စ ဖွန်ဒါလီယန်နဲ့တွေ့ဆုံရာမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၆ ရက်နေ့က ကြားဝင်ဆွေးနွေးဖို့ တရုတ်က ထိရောက်ပြီး အလားအလာ ရှိတယ်လို့ ရုရှားက အသိအမှတ်ပြုခဲ့ပါတယ်။

"ဒါပေမဲ့ ယူကရိန်းနဲ့ အခြေအနေက ရှုပ်ထွေးပါတယ်၊ ငြိမ်းချမ်းရေး ရနိုင်တဲ့ အလားအလာတော့ မရှိသေးပါဘူး” လို့ ရုရှားအစိုးရ ပြောခွင့်ရ ဒီမက်ထရီ ပက်စကော့က တုံ့ပြန်ပါတယ်။

ရုရှားက စစ်ကလွဲလို့ ရွေးစရာ ဘာမှမရှိဘူးလို့လည်း သူက ဆိုပါတယ်။

ဧပြီ ၆ ရက်နေ့မှာ မစ္စတာ မက်ခရွန်ကို အစိုးရ ညစာစားပွဲနဲ့ တည်ခင်းခဲ့ပြီး ဧပြီ ၇ ရက်နေ့မှာ ခေါင်းဆောင်နှစ်ဦးက တရုတ်တောင်ပိုင်းကို သွားရောက်ခဲ့ကြပါတယ်။ စီးပွားရေးနဲ့ ထုတ်လုပ်ရေးအရ အရေးပါတဲ့ ကွမ်တုန်ခရိုင်ထဲက မြို့တော်ကွမ်ကျိုးမှာ ခေါင်းဆောင် နှစ်ဦးက အတူ သီးသန့် ထပ်မံဆွေးနွေးဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ဘာလီမှာကျင်းပတဲ့ G20 ထိပ်သီး ဆွေးနွေးပွဲမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီးတဲ့နောက် မစ္စတာ မက်ခရွန်က မစ္စတာရှီနဲ့ ထိတွေ့ဆက်ဆံတာက နိုင်ငံရေး အရ သိသာတဲ့ အပြောင်းအလဲတခုလည်း ဖြစ်ပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီခရီးစဥ်ကြောင့် ယူကရိန်း ပဋိပက္ခမှာ အဓိက ပါဝင်ပတ်သက်နေတဲ့သူအားလုံးနဲ့ မစ္စတာ မက်ခရွန်က ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ်ရှိသွားပြီ ဖြစ်ပါတယ်။

ဒီတရုတ်ခရီးစဥ်ကနေ ပြန်လာပြီးရင် သံတမန်ရေး အောင်မြင်မှုတွေကို မစ္စတာ မက်ခရွန်က ထုတ်ဖော်ပြသလို့ ရသွားပြီလို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။

ရုရှား-ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး မစ္စတာရှီရဲ့ အမြင်ကို ပြောင်းလဲဖို့ အခွင့်အရေးက အလွန်ကို နည်းပါးတယ်လို့ဆိုပါတယ်။

အနည်းငယ် တိုးတက်မှုတွေ၊ ဘုံသဘောတူညီချက်တွေနဲ့ ကုန်သွယ်ရေးနဲ့ ဆွေးနွေးပြောဆိုမှုတွေကို မစ္စတာ မက်ခရွန်က ဖိအားပေး ပြောဆိုလာနိုင်ပါတယ်။

အနောက် မဟာမိတ်ရဲ့ အစိတ်အပိုင်းနဲ့ အမေရိကန်နဲ့ နီးစပ်တာက ရုရှားရဲ့ မဟာမိတ် တရုတ်နဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်တဲ့သဘောမဟုတ်ဘူးဆိုတာကိုလည်း မစ္စတာ မက်ခရွန်က ယုံကြည်နေပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပြင်သစ်ခေါင်းဆောင်က အနောက်နဲ့ တရုတ် အကြား မပြတ်မသား ဖြစ်နေတဲ့ တရုတ်ရဲ့ လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်လို့ အနည်းငယ်သာ ပြောကြားခဲ့ပြီး ဒါက ပြင်သစ်အတွက် အရေးကြီးတယ်လို့ ပြောသွားပါတယ်။

မစ္စတာ မက်ခရွန်ရဲ့ ခရီးစဥ်အတွင်း တရုတ်နဲ့ ပြင်သစ်အကြား စာချုပ်တွေကို ကော်ပိုရေးရှင်းတွေနဲ့ ယဥ်ကျေးမှုဌာနတွေက ခေါင်းဆောင် ၂ ဦးရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မစ္စတာ မက်ခရွန်နဲ့ အတူ စီးပွားရေး လုပ်ငန်းရှင်တွေ အနုပညာသမားတွေနဲ့ ပြတိုက်က တာဝန်ရှိသူတွေပါ လိုက်ပါခဲ့ကြပါတယ်။

LVMHလို ဇိမ်ခံပစ္စည်းတွေထုတ်တဲ့ ကုမ္ပဏီ၊ နျူကလီးယား စွမ်းအင် ထုတ်လုပ်တဲ့ EDFနဲ့ Airbus လေယာဥ်ထုတ်လုပ်တဲ့ ကုမ္ပဏီ အမှုဆောင်အရာရှိတွေလည်း မစ္စတာ မက်ခရွန်နဲ့ အတူ လိုက်ပါလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်က ဘေဂျင်းကို မစ္စတာ မက်ခရွန်က သွားရောက်ခဲ့ပြီး အခုခရီးစဥ်က ပင်စင် စနစ်နဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် နိုင်ငံတွင်း သပိတ်တွေ ဆန္ဒပြမှုတွေ မတည်ငြိမ်မှုတွေကို ရင်ဆိုင်နေရချိန်မှာ သွားရောက်ရတာလည်း ဖြစ်ပါတယ်။