ရှီကျင့်ဖျင်နဲ့ ပူတင် တွေ့ဆုံမှုကနေ ဘယ်လို သဘောတူညီချက်တွေ ရလာနိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်း ကျူးကျော်စစ်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးခရီးစဉ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံဖို့ ရုရှားကို ရောက်ရှိနေပါပြီ။
ဘီဘီစီ ရုရှားဌာန အယ်ဒီတာ စတိဗ်ရိုဇင်ဘတ်၊ တရုတ်သတင်းထောက် စတီဖန်မက်ဒွန်နယ်တို့ က ရှီကျင့်ဖျင်နဲ့ ပူတင်တွေ့ဆုံဆွေးနွေးမှုကနေ ဘယ်လို နှစ်ဖက် သဘောတူညီမှုတွေရနိုင်မလဲဆိုတာနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်တင်ပြထားပါတယ်။
မိတ်ဆွေတစ်ဦးဆီကနေ အကူအညီရဖို့ ကြိုးစားနေတဲ့ ပူတင်
(ဘီဘီစီ ရုရှားဌာန အယ်ဒီတာ စတိဗ်ရိုဇင်ဘတ်ရဲ့ လေ့လာသုံးသပ်ချက် )
အရင်ဆုံး ခင်ဗျားကိုယ်ခင်ဗျား ပူတင်နေရာကနေပြီး တွေးကြည့်ပါ။
ခင်ဗျားအနေနဲ့ စစ်ပွဲတစ်ခုကို သေသေချာချာ အစီအစဥ်မရှိဘဲ စလိုက်မိပြီး၊ အဲ့ဒီကနေ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေက ခင်ဗျားဆီ ရောက်လာနေပြီ။ ပြီးတော့ အခုဆို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက လည်း စစ်ရာဇ၀တ်မှုတွေအတွက် ခင်ဗျားကို ဖမ်းဝရမ်းထုတ်ထားပြီ။
ဒီလိုအခက်အခဲတွေကြုံနေရတဲ့အချိန်မှာ ခင်ဗျားကိုကူမယ့် သူငယ်ချင်း မိတ်ဆွေတစ်ယောက် လိုနေပြီ ဆိုတာသေချာပါတယ်။ အဲဒီအချိန်မှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်က ခင်ဗျားရှိတဲ့နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါပြီ။
တရုတ်သမ္မတ ရှီကျင့်ဖျင်က သမ္မတပူတင်ကို သူ့ရဲ့ "အကောင်းဆုံးသူငယ်ချင်း" လို့ အရင်က ခေါ် ခဲ့ဖူးပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြီးတော့ သူတို့နှစ်ဦးစလုံးမှာ တူညီတဲ့အချက်တွေလည်း အများကြီးရှိနေပါတယ်။ နှစ်ဦးစလုံးက အာဏာရှင် ခေါင်းဆောင်တွေ ဖြစ်နေကြတာအပြင် နှစ်ဦးစလုံးကလည်း အမေရိကန် လွှမ်းမိုးချုပ်ကိုင်မှုကင်းပြီး နိုင်ငံတွေအများအပြား အာဏာကို အညီအမျှခွဲဝေ တည်ဆောက်မယ့် ဗဟုဝင်ရိုး အယူအဆကို လက်ခံယုံကြည်ထားကြတဲ့ သူတွေလည်းဖြစ်ပါတယ်။
ရုရှားနဲ့ တရုတ် နှစ်နိုင်ငံကြား "ဘက်စုံ မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းအကောင်အထည်ပေါ် စေမယ့် " သဘောတူညီချက်တစ်ရပ်ကို မော်စကိုမှာ လက်မှတ်ရေးထိုးဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
ရုရှားအစိုးရကို နိုင်ငံတကာက ဖိအားတွေပေးနေတဲ့အချိန် တရုတ်သမ္မတရဲ့ နိုင်ငံတော်အဆင့် ခရီးစဉ်ဟာ တရုတ်အစိုးရက ရုရှားကို ထောက်ခံတဲ့ သိသာထင်ရှားတဲ့ လက္ခဏာတစ်ရပ်လို့ ပြောနိုင်ပါတယ်။
ပြီးတော့ တရုတ်နဲ့ ရုရှားနိုင်ငံကြားက ဆက်ဆံရေးက အခြေခံကျတဲ့ ရပ်တည်မှုတွေနဲ့ တည်ဆောက်ထားပါတယ်။
"ကိုယ်ပိုင် အစုအဖွဲ့တစ်ခုကို တည်ဆောက်နေတဲ့ ပူတင်က အနောက်နိုင်ငံတွေကို မယုံတော့ဘူး၊ နောက် ဘယ်တော့မှလည်း ယုံကြည်မယ့် အခြေအနေ ပြန်ရောက်လာမှာ မဟုတ်ဘူး " လို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် စာနယ်ဇင်းသမားဟောင်း ဒီမီထရီမူရာတော့က လက်ခံထားပါတယ်။
"အဲ့ဒါကြောင့် ပူတင်က မဟာမိတ်တွေ ရှာဖွေပြီး တရုတ်၊ အိန္ဒိယ၊ လက်တင်အမေရိကနဲ့ အာဖရိက နိုင်ငံအချို့နဲ့ ဘုံခံတပ်ကြီးတစ်ခုဖြစ်အောင် ကြိုးပမ်းနေပါတယ်။ ပူတင်က သူ့ရဲ့ အနောက်အုပ်စု ဆန့်ကျင်ရေး ကမ္ဘာတစ်ခုကို တည်ဆောက်နေတာပါ"
အဲဒီ အနောက်အုပ်စု ဆန့်ကျင်ရေး အတွက် ရုရှားက တရုတ်ကို အကြီးအကျယ် အားကိုးနေပြီး၊အခုဆိုရင်လည်း ယူကရိန်းနဲ့စစ်ဖြစ်နေရတဲ့အချိန်မှာ အရင်ကထက်ပိုပြီး တရုတ်ကို ပိုအားကိုးလာနေရတဲ့ အနေအထားရောက်နေပြီလို့ ဒီမီထရီမူရာတော့က ပြောပါတယ်။
စစ်ပွဲက ရုရှားပြည်တွင်းနိုင်ငံရေး၊ နိုင်ငံခြားရေးပေါ်လစီနဲ့ စီးပွားရေးမူဝါဒတို့ကို တစုတစည်း တည်း ဖြစ်သွားစေပြီး၊ပူတင်က ယူကရိန်းနိုင်ငံကို ပျက်စီးအောင်ဖျက်ဆီးဖို့ အစွဲအလမ်းကြီးတယ် လို့ Carnegie Endowment for International Peaceအဖွဲ့ရဲ့ အကြီးတန်းအရာရှိ Alexander Gabuev ကလည်း ကောက်ချက်ဆွဲထားပါတယ်။
"အဲဒါ အောင်မြင်အောင်လုပ်ဖို့ ခင်ဗျားမှာ လက်နက်၊ ငွေနဲ့ စီးပွားရေး အသက်သွေးကြောတစ်ခု လိုတယ်။ အနည်းဆုံးတော့ တရုတ်က ရုရှားကို လက်နက်အစိတ်အပိုင်းတွေနဲ့ အရပ်ဘက် နည်းပညာတွေ ထောက်ပံ့ပေးတဲ့အတွက် စစ်ဘက်ဆိုင်ရာမှာ သုံးလို့ရပါတယ်။ ငွေကြေး အထောက်အပံ့လည်း ရမှာ သေချာပါတယ် "
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို တန်ပြန်နေတဲ့ကိစ္စမှာ ရုရှား စီးပွားရေးမကျ သွားအောင် ထိန်းထားဖို့အတွက် ရုရှားက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုကို တိုးမြှင့်နေပါတယ်။ပူတင်-ရှီ ဆွေးနွေးပွဲမှာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်ပိုက်လိုင်းကိစ္စတွေ ပါဝင်မယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ ခင်ဗျားအနေနဲ့ ပူတင်နေရာကဝင်ပြီး နောက်တစ်ကြိမ်ပြန်စဥ်းစားကြည့်ကြည့်ပါ။ လွန်ခဲ့တဲ့ တစ်နှစ်က ခင်ဗျားနဲ့ ရှီက အကန့်အသတ်မရှိ လက်တွဲဖော်တွေအဖြစ် ပူးတွဲကြေငြာထားတဲ့သူတွေလေ။
အဲဒီကြေငြာချက်အတိုင်း အမှန်တကယ်အကောင်အထည်ဖော်တဲ့အနေနဲ့ တရုတ်က ခင်ဗျားကို ယူကရိန်းစစ်ပွဲမှာ အနိုင်ရဖို့ လက်နက်အကူအညီတွေ၊ ပစ္စည်းအထောက်အပံ့တွေပေးမယ်လို့ မျှော်လင့်ထားပါသလား။ အမေရိကန်ကတော့ တရုတ်ဟာ အဲဒီလိုလုပ်ဖို့ စဉ်းစားနေတယ်လို့ စွပ်စွဲနေပါ တယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ မဟုတ်ဘူးလို့ ငြင်းဆိုနေဆဲပါပဲ ။
ရုရှားမှာ ပြောကြတဲ့ ပုံစံ အတိုင်း တစ်စုံတစ်ခုရဖို့ အတွက် အန္တရာယ်မရှိလုပ်ဆောင်နိုင်ပေမယ့် လိုချင်တဲ့ဟာဖြစ်လာမယ်လို့ လည်း မပြောနိုင်ပါဘူး ။အဲ့လိုဆိုရင် မနှစ်ကကြေငြာခဲ့တဲ့ "အကန့်အသတ်မရှိ မိတ်ဖက်"ဆိုတဲ့ ကြေငြာချက်ကလည်း အခုတော့ အကန့်အသတ်တွေရှိလာ ပြီလို့ ပြောနိုင်ပါတယ်။
အခု အချိန်အထိတော့ တရုတ်က ရုရှားကို တိုက်ရိုက် စစ်ရေးအကူအညီတွေပေးဖို့ တွန့်ဆုတ် နေပုံရပါတယ်။ အဓိကကတော့ တရုတ်ကုမ္ပဏီတွေကို အနောက်နိုင်ငံတွေက ဆင့်ပွားစီးပွားရေး ပိတ်ဆို့မှုတွေ လုပ်မှာကို စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။တရုတ်က သူ့အကျိုးစီးပွားကိုပဲ ပထမဦးစားပေးစဥ်းစားနေတဲ့အတွက် ရုရှားက ဒုတိယ၊ တရုတ်က ပထမပါ။
အဲဒီ အချက်ကို မကြာခင်ကလုပ်တဲ့ ရုရှားနိုင်ငံပိုင် တီဗီ ဟောပြောပွဲတစ်ခုမှာလည်း ပြတ်ပြတ် သားသား ပြောသွားတာတွေ့ရပါတယ်။
“သမ္မတ ရှီကျင့်ဖျင် မော်စကိုကို မရောက်လာခင် ဒီမှာရှိတဲ့ ကျွမ်းကျင်သူတချို့က စိတ်လှုပ်ရှားပီတိဖြစ်နေကြတယ်” လို့ စစ်ဘက်ရေးရာပညာရှင် Mikhail Khodarenok က မှတ်ချက် ပြုထားပါတယ်။
"ဒါပေမဲ့ တရုတ်ရဲ့ တစ်ခုတည်းသော မဟာမိတ်က သူကိုယ်တိုင်ပါ။ သူလိုလားတဲ့ မဟာမိတ်တွေနဲ့ဆက်ဆံရေးမှာလည်း တရုတ်က သူ့ အကျိုးစီးပွားတစ်ခုတည်းကိုပဲ ကြည့်ပါတယ်။တရုတ် နိုင်ငံခြားရေးပေါ်လစီမှာ အခြားသူတွေအတွက် ထည့်စဥ်းစားတာ လုံးဝမရှိပါဘူး"
ပူတင်ကို ရှီကျင့်ဖျင်က နှပ်ကြောင်းပေးမယ့် လမ်းကြောင်းသုံးခု
(တရုတ်သတင်းထောက် စတီဖန်မက်ဒွန်နယ်)
ရှီကျင့်ဖျင်ရဲ့ ရုရှားနိုင်ငံ တရားဝင်ခရီးစဉ်က အိမ်နီးချင်းနှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးမြှင့်တင်ဖို့ဖြစ်ပြီး၊နှစ်နိုင်ငံဆက်ဆံရေး အရင်ကထက် ပိုနီးကပ်လာပြီလို့ အစိုးရနှစ်ခုလုံးက ပြောကြပါတယ်။
သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးဖို့၊စားသောက်ဖွယ်ရာတွေအတူစားဖို့ ၊ဓာတ်ပုံအတူ ရိုက်ကြမှာကတော့ သေချာပါတယ်။
ဒီလိုမျိုးလည်ပတ်တဲ့ခရီးစဥ်မျိုးက အစိုးရတိုင်းက လုပ်နေကြပေမယ့် ရုရှားကို တရုတ်ခေါင်းဆောင်က သွားလည်တဲ့ကိစ္စကျမှ ကမ္ဘာက ဘာလို့ အာရုံစိုက်နေကြတာလဲ။
ဒါပေမဲ့ အခုလည်ပတ်မှုက ဥရောပတိုက်ထဲက အခြားနိုင်ငံတစ်ခုကို သွေးထွက်သံယိုကျူးကျော်တိုက်ခိုက်တဲ့ နိုင်ငံတစ်ခုကို ကမ္ဘာ့စူပါပါဝါ အင်အားကြီးနိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်က ၂၀၂၃ ခုနှစ်ထဲမှာ သွားလည်တာပါ။
တကယ်လို့ ရုရှားကသာ စစ်မြေပြင်မှာ ပြတ်ပြတ်သားသား အရှက်ရဖွယ် ရှုံးနိမ့်မှုနဲ့ရင်ဆိုင်သွားရမယ် ဆိုရင် တရုတ်က ဘာတွေလုပ်လာနိုင်လဲဆိုတဲ့အချက်ကို လေ့လာသုံးသပ်သူ အများစုက တွေးကြည့်ခဲ့ကြပါတယ်။
တရုတ်အစိုးရကတော့ စစ်ပွဲထဲဝင်မပါဘူး ကြားနေမယ်လို့ ပြောနေပါတယ်။ဒါဆိုရင် ယူကရိန်း စစ်ပွဲမှာ လုံးဝဝင်မပါဘဲ ဒီအတိုင်းကြားနေမှာလား ၊ ဒါမှမဟုတ် ရုရှားစစ်တပ်ကို ပိုအားကောင်း လာအောင် လက်နက်အကူအညီတွေ စပေးတော့မှာလား။
ရှီကျင့်ဖျင် မော်စကိုမြို့ကို ရောက်လာပြီး ပူတင်နဲ့တွေ့တဲ့အချိန်ကျရင် အခြားကိစ္စတွေ ဆွေးနွေးနိုင်ဖို့ရှိပေမယ့်၊ အားလုံးကတော့ ယူကရိန်း အကျပ်အတည်းအပေါ်မှာတော့ အာရုံစိုက်ကြမှာ သေချာပါတယ်။
ဗလာဒီမာပူတင်လုပ်ဖို့ ရှီကျင့်ဖျင်က အချက်ပြမယ့် လမ်းကြောင်း သုံးကြောင်းပဲရှိပါတယ်။
၁။ အပေးအယူအလျော့အတင်းတွေလုပ်ပြီး စစ်ပွဲကို နောက်ပြန်ဆုတ်ဖို့
၂။ ရှေ့ဆက်လုပ်ဖို့ မီးစိမ်းပြတာမျိုး သို့မဟုတ် ဘယ်လိုအခက်အခဲရှိရှိ ဆက်လုပ်ဖို့ အကြံပေးတာမျိုး
၃။ အပေါ်က အချက် နှစ်ချက်ကို ရှောင်ပြောတာမျိုး
အီရန်နဲ့ ဆော်ဒီအာရေးဗီးယားတို့ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သဘောတူညီချက်ရဖို့ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ပါတယ်။ အဲဒီအချက်ကိုကြည့်ရင် တရုတ်က သူ့ရဲ့အကျိုးစီးပွားတွေကို အရှေ့အလယ်ပိုင်းဒေသဘက်ကို ပိုရွေ့လာဖို့အတွက် ပြင်ဆင်နေတဲ့ သဘောရှိပါတယ်။
ဒါဆိုရင် အပေါ်က ရွေးချယ်စရာ သုံးခု ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။
ပထမ အချက်အနေနဲ့ အီရန်-ဆော်ဒီသဘောတူညီချက်အရ ကမ္ဘာ့ငြိမ်းချမ်း ရေးဖော်ဆောင်သူ အနေအထားကို တရုတ်က ရောက်သွားရင် ရှီကျင့်ဖျင်ရဲ့ ဦးထုပ်ပေါ်ကို ငှက်မွှေးတပ်ပေးလိုက် သလိုဖြစ်လာမှာပါ။
ဒီရွေးချယ်မှုရဲ့ အဓိကပြဿနာကတော့ တရုတ်နိုင်ငံကို အကျိုးဖြစ်ထွန်းစေမယ့် အတိုင်းအတာပါ။ ရွေးချယ်စရာအချက်တွေထဲက အဆိုးဆုံးအချက်က နံပါတ်နှစ်အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ယူကရိန်းနဲ့ ရုရှားစစ်ပွဲဟာ တရုတ်ရဲ့ ပထဝီဝင်နိုင်ငံရေးဗျူဟာထဲမှာ ပါဝင်နေတယ်ဆိုတဲ့ လေ့လာဖော်ပြချက်တွေကိုလည်းတွေ့နေရပါတယ်။
ရုရှားက အနောက်အုပ်စုကို ဖက်ပြိုင်ပြီး၊ နေတိုးအဖွဲ့ရဲ့ အရင်းအမြစ်တွေကို ခြွေယူပြီး အားပြိုင်တဲ့ စစ်ပွဲက ကြာလေလေ ဥရောပကလူအတွက် အခက်အခဲအကျပ်အတည်းတွေဖြစ်လာပြီး၊ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တရုတ်စစ်တပ်က ထိုင်ဝမ်ကို အင်အားသုံး တိုက်ခိုက် သိမ်းယူတဲ့ အခြေအနေထိ ရောက်လာနိုင်လေလေ ဖြစ်ပါတယ်။
တရုတ်အစိုးရဘက်က တွက်ချက်မှုအရ စစ်ပွဲ ရှည်ကြာလာလေလေ အခြားတစ်ခုမှာ ပါဝင်ချင်တဲ့သူ နည်းလာလေလေ ဖြစ်ပါတယ်။
တရုတ်အစိုးရက ကြားနေမယ်လို့ ပြောနေတာတွေကလည်း တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြနေတတွေနဲ့ မကိုက်ညီပါဘူး။
ညနေခင်း ရုပ်မြင်သံကြား သတင်းတွေမှာဆိုရင် ရုရှားအစိုးရကိုထောက်ခံနေပြီး၊လက်ရှိဖြစ်နေတဲ့ “စစ်ပွဲပဋိပက္ခ”ရဲ့ အဓိက လက်သည်ဟာ အနောက်နိုင်ငံတွေလို့ အပြစ်ဖို့နေတာ တွေ့ရပါတယ်။
သတင်းတွေထဲမှာ အသုံးအနှုန်းတွေဆိုရင်လည်း"စစ်ပွဲ" တစ်ပွဲဆိုတာမျိုး၊ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်တယ်ဆိုတာမျိုးတွေ အသုံးပြုတာ လုံးဝမတွေ့ရပါဘူး။
နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာကို လေးစားသင့်တယ်ဆိုတာမျိုး တရုတ်က လူသိရှင်ကြားပြောနေပေမယ့် တစ်ဖက်မှာလည်း အခြားနိုင်ငံတွေရဲ့ "တရားဝင်လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ"ကိုတော့ ထည့်တွက်သင့်တယ်လို့ ပြောနေပါတယ်။
လက်တွေ့မှာ ရှီကျင့်ဖျင် သွားရောက်လည်ပတ်တာကလည်း ယူကရိန်း နိုင်ငံက ကိယက်ဗ်မြို့ မဟုတ်ပါဘူး။ ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမြို့ ပါ။
ဒါ့ကြောင့် ရက်အနည်းငယ်အတွင်း မော်စကိုမြို့ကနေ ရှီကျင့်ဖျင် ပြန်ထွက်သွားရင် ပူတင်အနေနဲ့ တရုတ်ရဲ့ ထောက်ခံမှု ယိမ်းယိုင်သွားတဲ့အတွက် စိုးရိမ်နေရမလား။ ဒါမှမဟုတ် ကမ္ဘာ့သြဇာ အရှိဆုံး ပုဂ္ဂိုလ်နှစ်ဦးထဲက တစ်ဦးရဲ့ ထောက်ခံအားပေးမှုကြောင့် အားတက်နေမလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။








