စစ်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ပူတင်ကို ဖိအားပေးဖို့ ရှီကျင့်ဖျင်ကို အမေရိကန် တိုက်တွန်း

တရုတ်နဲ့ ရုရှားသမ္မတတွေရဲ့ ပုံတူအရုပ်တွေကို မော်စကိုမှာ ရောင်းချ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တရုတ်နဲ့ ရုရှားသမ္မတတွေရဲ့ ပုံတူအရုပ်တွေကို မော်စကိုမှာ ရောင်းချ

ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေ ရပ်တန့်သွားဖို့ တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ ဗလာဒီမီယာ ပူတင်ကို ဖိအားပေးသင့်တယ်လို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း တရားဝင်အလည်အပတ်ခရီးစဥ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင် ရုရှားမှာရောက်ရှိနေပြီး တရုတ်နဲ့ ရုရှားသမ္မတတို့ အင်္ဂါနေ့မှာ တရားဝင်တွေ့ဆုံ ဖို့ရှိပါတယ်။

ယူကရိန်းက ရုရှားတပ်တွေရုပ်သိမ်းဖို့အရေး ပူတင်ကို တိုက်တွန်းဖိအားပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုတိုက်တွန်းထားပါတယ်။

ယူကရိန်းစစ်ပွဲကိစ္စက အပစ်အခတ်ရပ်စဲရေးကြိုးပမ်းတာ တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ လည်း ဂျွန်ကာဘီက ပြောပါတယ်။

"ယူကရိန်းမြို့တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ရာဇ၀တ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တာတွေ ရပ်တန့်သွားဖို့နဲ့ ရုရှားတပ်တွေ ရုပ်သိမ်းသွားဖို့ သမ္မတရှီက သမ္မတပူတင်ကို ဖိအားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဂျွန်ကာဘီက ပြောပါတယ်။

"ဒါပေမဲ့ တရုတ်နိုင်ငံကတောင်းဆိုတဲ့ အပစ်အခတ်ရပ်စဲမှုတွေကနေ ယူကရိန်း အချုပ်အခြာ အာဏာပိုင်နယ်မြေထဲမှာ ရုရှားတပ်တွေ ဆက်ရှိနေတာ၊ ယူကရိန်းက ရုရှားတပ်ဖွဲ့တွေ ဖယ်ရှား ရေးကို မဖြေရှင်းဘဲ ဘယ်အပစ်အခတ်ရပ်စဲရေးမဆို ရုရှားရဲ့ တရားမ၀င် သိမ်းပိုက်မှုတွေကို အတည်ပြုသလိုဖြစ်သွားလိမ့်မယ် ” လို့ သူကဖြည့်စွက်ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဟာ ယူကရိန်း သမ္မတ ဗလာဒီမီယာ ဇလန်းစကီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုတင်မကြေညာဘဲ ယူကရိန်းကို ရောက်လာပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုကနေ ယူကရိန်းအတွက် စည်းလုံးညီညွတ်မှုတွေဖြစ်လာတာ၊ ထောက်ခံအား ပေးမှုတွေလုပ်သွားမယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ်က ထုတ်ပြောလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂျပန်နှင့် တရုတ်နိုင်ငံဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဒေသတွင်း ပြိုင်ဘက်တွေအဖြစ် သဘောထားကြတဲ့ နိုင်ငံတွေပါ။ ယူကရိန်းစစ်ပွဲ စကတည်းက ဂျပန်အစိုးရက ယူကရိန်းကို လူသားချင်း စာနာထောက် ထားမှု၊ ငွေကြေးအကူအညီ အထောက်အပံ့တွေနဲ့ စစ်လက်နက်ပစ္စည်းမဟုတ်တဲ့ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။

တနင်္လာနေ့တုန်းက ရှီကျင့်ဖျင်နဲ့ ပူတင်တို့ အလွတ်သဘော ဆွေးနွေးမှု လေးနာရီကျော်ကြာ ပြု လုပ်ခဲ့ကြပြီး အင်္ဂါနေ့မှာလည်း နောက်ထပ်တရားဝင် ဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ် ထား ပါတယ်။

နည်းပညာနဲ့ ကုန်သွယ်ရေးအပေါ် အခြေခံတဲ့ ရုရှားကို တရုတ်ရဲ့ ထောက်ပံ့နေမှုဟာ အမြောက် ကျည်တွေအပါအဝင် စစ်ရေးအထောက်အပံ့တွေအဖြစ် ပြောင်းသွားမှာကို စိုးရိမ်မှုနေကြပါတယ်။

ယူကရိန်းစစ်ပွဲ ရပ်တန့်သွားဖို့ ရှီကျင့်ဖျင်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ၁၂ချက်ကို ဆွေးနွေးဖို့ ရှိတယ်လို့ ပူတင်က ပြောပါတယ်။

“ခင်မင်ရတဲ့ မိတ်ဆွေ” လို့ သူတို့အချင်းချင်းခေါ်ကြတဲ့ ခေါင်းဆောင်နှစ်ဦးကြားမှာ “စေ့စပ် ညှိနှိုင်းရေး လုပ်ငန်းစဉ်အတွက် အမြဲတမ်း လမ်းဖွင့်ထားတယ်” လို့ ပူတင်ကဆိုပါတယ်။

“ရန်လိုမှုတွေ ရပ်စဲခြင်း”နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ခြင်း အစီအစဥ်တွေပါတဲ့ သူတို့ရဲ့ ငြိမ်းချမ်းရေးအစီအစဥ်ကို ပြီးခဲ့တဲ့လမှာ တရုတ်က ထုတ်ပြန်ခဲ့ပါတယ်။၊

တရုတ်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ထဲမှာ ရုရှားတပ်တွေ ယူကရိန်းက ထွက်ရမယ် ဆိုတဲ့ အစီအစဥ်အတိအကျမပါပါဘူး။

အဲ့ဒီအစား “နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့ ” နဲ့ “ အခြေအနေတွေ တဖြည်းဖြည်းတိုးတက်လာအောင် စစ်ပွဲမှာ ပါဝင်ပတ်သက်တဲ့သူ အားလုံးက ဆင်ခြင်တုံတရားနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုတယ်ဆိုတဲ့ အချက်တွေပဲပါပါတယ်။

ပြီးတော့ အဲ့ဒီအစီအစဥ်ထဲမှာ ယူကရိန်းမဟာမိတ် အနောက်အုပ်စုကို ဝေဖန်တဲ့သဘောမျိုး "တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှု" အသုံးပြုတဲ့ အစီအစဉ်ကို ရှုတ်ချထားပါသေးတယ်။

သုံးရက်ကြာ ခရီးစဉ်အစအဖြစ် တနင်္လာနေ့က မော်စကိုမြို့ကိုရောက်လာတဲ့ ရှီကျင့်ဖျင်ကို စစ်တီးဝိုင်းတွေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။ ပူတင်ကလည်း တရုတ်နိုင်ငံကို တရား မျှတမှုအခြေခံမူတွေကို လိုက်နာပြီး နိုင်ငံတိုင်းရဲ့လုံခြုံရေးကို ဂရုစိုက်တဲ့ နိုင်ငံအဖြစ် ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ လတ်တလောနှစ်တွေအတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေ တစ်ဟုန်ထိုးဖြစ်လာအောင် လုပ်နိုင်ခဲ့တဲ့အတွက် အနည်းငယ် အားကျစရာကောင်းတယ်လို့ တောင် ပူတင်က ထပ်ဖြည့်ပြောခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် ရှီကျင့်ဖျင်ကလည်း ပူတင်ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုအောက်မှာ ရုရှားဟာ သာယာဝပြော ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီးရှိခဲ့သလို ရုရှားပြည်သူတွေကလည်း ပူတင်ကို ဆက်ထောက်ခံသွားကြမယ်လို့ သူ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ရှီကျင့်ဖျင် ရုရှားကို ရောက်မလာခင်မှာတင် ပူတင်က တရုတ်ပြည်သူ့နေ့စဉ်သတင်းစာထဲမှာ ရန်လိုတဲ့အမေရိကန်မူဝါဒကြောင့် သူတို့ နှစ်နိုင်ငံ အားပျော့သွားမှာမဟုတ်ကြောင်း ရေးသားခဲ့ပါတယ်။

ယူကရိန်းခေါင်းဆောင်တွေက အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားလိုက်နာတဲ့ကိစ္စမှာ တရုတ်နိုင်ငံနဲ့ သူတို့ကြား ဘုံတူညီချက်ရှိတယ်လို့ လူသိရှင်ကြား အလေးပေး ပြောဆိုနေကြပေမဲ့ တစ်ဖက်မှာလဲ သူတို့ သမ္မတ ဗလာဒီမီယာ ဇလန်းစကီးနဲ့ ရှီကျင့်ဖျင်တို့ သီးသန့်တွေ့ဆုံမှုရဖို့၊တယ်လီဖုန်းခေါ်ဆိုမှုဖြစ်ဖို့ စည်းရုံးနေပါတယ်။

ဒီလုပ်ဆောင်မှုဟာ ပဋိပက္ခအဆုံးသတ်ရေး ကြိုးပမ်းမှုမှာ အပြုသဘောဆောင်တဲ့ ကြိုးပမ်း မှုဖြစ်ချင်တယ်ဆိုရင် ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ စကားပြောရမယ်လို့ ရှီကျင့်ဖျင်ကို တိုက်တွန်းခဲ့တဲ့ အမေရိကန်လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ မစ္စတာကာဘီရဲ့ အကြံပြုချက်ကနေ ပဲ့တင်ထပ်လာတာပါ။

ရုရှားဟာ တရုတ်ရဲ့ ကြီးမားတဲ့စီးပွားရေးအတွက် ရေနံရင်းမြစ်တစ်ခုဖြစ်ပြီး တရုတ်ကို အမေရိကန်ဆန့်ကျင်တဲ့ မိတ်ဖက်အဖြစ်လည်း ရှုမြင်ထားပါတယ် ။

ရှီကျင့်ဖျင်ရဲ့ မော်စကို အလည်အပတ်ခရီးစဥ်ဟာ စစ်ရာဇ၀တ်မှုစွပ်စွဲချက်တွေနဲ့ ရုရှားသမ္မတပူတင်ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC)က ဖမ်းဝရမ်းထုတ်ပြီး ရက်ပိုင်းအတွင်းမှာ ဖြစ်လာတာပါ။

ပူတင်ကို ဖမ်းပြီး တရားရုံးတင်မယ့် နိုင်ငံစာရင်းထဲမှာ တရုတ်နဲ့ ရုရှားနိုင်ငံ မပါပေမဲ့ နိုင်ငံ ပေါင်း၁၂၃ နိုင်ငံထဲက တစ်နိုင်နိုင်ငံကို ပူတင် ရောက်သွားရင်တော့ သူ အဖမ်းခံရနိုင်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှားကို ကမ္ဘာနဲ့ သီးခြား ဖြစ်သွားအောင် အနောက်နိုင်ငံခေါင်းဆောင်တွေက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက ကြိုးပမ်းခဲ့ကြပါတယ်။

ဒါပေမယ့် တရုတ်၊ အိန္ဒိယနဲ့ အာဖရိကနိုင်ငံ အများအပြားက ပူတင်ကို ရှုတ်ချဖို့ တွန့်ဆုတ်နေကြတဲ့ အချက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုတစ်ခုကို အခုထိ မချမှတ်နိုင်သေးပါဘူး။

bbc
ဓာတ်ပုံ ပုံစာ, ရုရှားဟာ တရုတ်နဲ့ ကုန်သွယ်မှုလုပ်တာ ပိုများလာပါတယ်။