F-16 တိုက်လေယာဉ်တွေက ယူကရိန်းစစ်ပွဲမှာ အရေးပါတဲ့ အပြောင်းအလဲကို ဖန်တီးလာနိုင်မလား

ရေးသူ - ကက်တ်ယာ ခိနုလိုဗာ

ပူးတွဲ ရေးသားသူ - ဂျဲင်း မက်ကောလမ် နဲ့ အန်း ဂယ်လဂါ

An F-16 fighter jet

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားလေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် ခေတ်မီ ဂျက်တိုက်လေယာဉ်တွေ ပေးဖို့ ယူကရိန်းက သူ့ရဲ့ မဟာမိတ်တွေကို တွန်းတွန်း တိုက်တိုက်ပြောနေခဲ့

ရုရှားတွေ ဝင်ကျူးကျော်တဲ့ အစောပိုင်းကာလကတည်းကပဲ ယူကရိန်းက သူတို့ကို တိုက်လေယာဉ်တွေပေးဖို့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို တောင်းခံခဲ့တာပါ။ အခုတော့ အမေရိကန်က သူ့ရဲ့ အက်ဖ် - ၁၆ (F-16) တိုက်လေယာဉ်တချို့ကို ဒိန်းမတ်နဲ့ နယ်သာ လန်နိုင်ငံတွေကနေ ယူကရိန်းကို ပေးမယ့်အရေးကို ထောက်ခံ အတည်ပြုလိုက်ပြီး ဒီ အရွေ့ဟာ ယူကရိန်းစစ်ပွဲမှာ အပြောင်းအလဲကြီး တခု ဖြစ်လာနိုင်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒီ ဥရောပ နိုင်ငံ ၂ ခုကို သွားခဲ့တဲ့ ခရီးစဉ်ရဲ့ ရလဒ်ကတော့ ယူကရိန်းအနေနဲ့ အက်ဖ် - ၁၆ ဂျက်တိုက်လေယာဉ် ၆၁ စင်း လက်ခံရရှိမယ်ဆိုတဲ့ သဘောတူညီချက်ပါ။ နယ်သာ လန်က ၄၂ စင်းနဲ့ ဒိန်းမတ်က ၁၉ စင်း ‌ပေးမှာလို့ သမ္မတ ဇယ်လန်းစကီးက ပြောပါ တယ်။

“အားကောင်းကောင်းနဲ့ အကျိုးဖြစ်တဲ့ နေ့တနေ့” ကို ရခဲ့တယ်လို့ ယူကရိန်းသမ္မတက ‌ပြောပြီး ယူကရိန်းကို အမြဲတမ်း ကူညီနေတဲ့အတွက် အဲဒီ ၂ နိုင်ငံကိုရော၊ အမေရိကန် နိုင်ငံ ကိုပါ ကျေးဇူးတင်ကြောင်းပြောပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

End of X post

အရင်တုန်းက အထောက်အပံ့ရခဲ့တဲ့ ကျားသစ် တင့်ကားတွေ၊ ပက်ထရီရော့ လေကြောင်း ကာကွယ်ရေး စနစ်တွေတုန်းကလိုပဲ အမေရိကန်လုပ် အက်ဖ် - ၁၆ တိုက်လေယာဉ်တွေ လွှဲပြောင်းရယူနိုင်ဖို့ ရှည်ကြာတဲ့ ဆွေးနွေးပွဲတွေကို ဖြတ်သန်း ခဲ့ရ ပါတယ်။

ရုရှားရဲ့ တုံ့ပြန်မှု

တိုက်လေယာဉ်တွေ လွှဲပြောင်းပေးတာကို အနောက်အင်အားကြီးနိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်နိုင်ငံက သဘောတူလိုက်ရင် သူတို့နဲ့ ရုရှားနဲ့ ထိပ်တိုက် ပိုတွေ့လာနိုင်တာကို စိုးရိမ်တဲ့အတွက် ဒီလို သဘောတူလိုက်မယ့် အရေးကို အမေရိကန်က နောက်တွန့်နေခဲ့ပါတယ်။

အစောပိုင်းတုန်းက ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်ဒါ ဂရပ်ရှ်ကိုက အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ရင် “ဧရာမ အန္တရာယ်တွေ”နဲ့ ကြုံရမယ်လို့ သတိ‌ပေးထားပါတယ်။

ဒိန်းမတ်နိုင်ငံဆိုင်ရာ ရုရှား သံအမတ် ဗလာဒီမီယာ ဘာဘင်ကလည်း အဲဒီ သဘောထား အတိုင်းထပ်ဆင့်ပြီး “ဒိန်းမတ်က ယူကရိန်းကို အက်ဖ်-၁၆ တိုက် လေယာဉ် ၁၉ စီး ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်တာဟာ ပဋိပက္ခအရှိန်မြင့်စေမယ့် ဘက်ကို ဦးတည်စေတာပဲ” လို့ တနင်္လာနေ့က ဒိန်းမတ် သတင်းဌာန တခုကို ပြောပါတယ်။

အက်ဖ် - ၁၆ တွေ ပို့ပေးမယ့် အချိန်ဇယား

ရုရှားကို လေကြောင်းက အသာစီးရမှသာ ယူကရိန်းနယ်မြေတွေကို ပြန်သိမ်းယူရေး အရှိန်မြှင့်နိုင်မှာလို့ ယူကရိန်းနဲ့ နိုင်ငံရပ်ခြားက သူ့ကို ထောက်ခံသူတွေက ဒီလို တိုက် လေယာဉ်တွေပေးဖို့ လပေါင်းများစွာကြာအောင် စည်းရုံးလှုံ့ဆော်လာခဲ့တာပါ။

ယူကရိန်း လေတပ် ပြောခွင့်ရပုဂ္ဂိုလ် ယူရီ အင်နက်က “ကျွန်တော်တို့ အက်ဖ် - ၁၆ တွေရှိရင် ဒီစစ်ပွဲကို ကျွန်တော်တို့ နိုင်မှာ” လို့ မေလတွင်းမှာ ပြောခဲ့ပါတယ်။

သူ့ရဲ့ စကားကို စစ်ရေးကျွမ်းကျင်သူတွေ အပါအဝင် အနောက်တိုင်းက အများအပြားက ထောက်ခံကြပြီး စစ်ပွဲတပွဲ တိုက်ရာမှာ လေကြောင်းက လုံလုံလောက်လောက် မတိုက်နိုင်ဘူးဆိုရင် လူအဆုံးအရှုံးတွေ ပိုများဖို့ပဲရှိတယ်၊ ဒီလို အဆုံးအရှုံးတွေကို ရှောင်ရှားရမယ်လို့ ဆိုကြပါတယ်။

Ukrainian President Volodymyr Zelensky and Danish Prime Minister Mette Frederiksen sit in a F-16 fighter jet

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်း သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးနဲ့ ဒိန်းမတ် ဝန်ကြီးချုပ် မက်တေ ဖရက်ရစ်ဆင်တို့ သြဂုတ်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်က ဒိန်းမတ်နိုင်ငံ လေတပ်စခန်းတခုမှာရှိတဲ့ အက်ဖ် - ၁၆ ဂျက်တိုက်လေယာဉ်တစီးထဲမှာ တွေ့ရစဉ်

ဒိန်းမတ် ဝန်ကြီးချုပ် မက်တေ ဖရက်ရစ်ဆင်က တိုက်လေယာဉ်တွေ လွှဲပြောင်း‌ ပေးမယ့် အစီအစဉ်တွေကို ပြောရာမှာ” ယူကရိန်းကို ကာကွယ်ဖို့အတွက် ဒီလို လေယာဉ်တွေကို လွှဲပြောင်းပေးမှာပါ၊ ကျွန်မတို့အနေနဲ့ နှစ်သစ်ကူးအချိန်ကာလ တဝိုက်မှာ ၆ စင်း၊ နောက်နှစ်မှာ ၈ စင်းနဲ့ နောက်ပိုင်းကျရင် ၅ စင်း ပေးသွားမှာပါ” လို့ ထည့်သွင်း ပြောသွားပါတယ်။

စိတ်ဓာတ်မြင့်တက်စရာဖြစ်ပေမယ့် တိုက်လေယာဉ်တွေ တကယ်လွှဲပြောင်းပေးမှာ က လအနည်းငယ် ကြာဦးမှာဖြစ်လို့ ယူကရိန်းတို့ စောင့်ရဦးမှာပါ။

ဒိန်းမတ်က သူတို့နောက်ဆုံးအသုတ်အဖြစ် ပို့မယ့် တိုက်လေယာဉ်တွေကို ၂၀၂၅ ခုနှစ် ကျမှ ပို့မှာဖြစ်တဲ့အတွက် ဒီအစီအစဉ်ဟာ ယူကရိန်းရဲ့ ဥရောပ မဟာမိတ်နိုင်ငံတွေရဲ့ ရေရှည်ကာလဆိုင်ရာ သေနင်္ဂဗျူဟာ အခင်းအကျင်းတခုဖြစ်တယ်ဆိုတာကို ဖော်ပြ နေပါတယ်။

An F-16 fighter jet

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အက်ဖ် - ၁၆ တိုက်လေယာဉ်

အက်ဖ် - ၁၆ က ဘယ်လို လေယာဉ်မျိုးလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အက်ဖ် - ၁၆ ဟာ ကမ္ဘာမှာ အားအထားနိုင်ဆုံးသော ဂျက်တိုက်လေယာဉ်တွေထဲက တမျိုးပါ။

ဘက်စုံသုံး တိုက်ပွဲဝင် လေယာဉ်ဖြစ်ပြီး မစ်ဇိုင်းပစ်ရင် ဖြစ်ဖြစ်၊ ဗုံးကြဲတာဖြစ်ဖြစ် ပစ်မှတ်ကို အတိအကျ တိုက်ခိုက်နိုင်သလို တနာရီ ၁,၅၀၀ မိုင် အမြန်နှုန်းနဲ့ ပျံသန်း နိုင်ကြောင်း အမေရိကန် လေတပ်ရဲ့ အဆိုအရ သိရပါတယ်။

ဘယ်လိုရာသီဥတုအခြေအနေအောက်မှာ ဖြစ်ဖြစ် ယူကရိန်းတို့အနေနဲ့ ရုရှား တပ်တွေကို တိုက်ခိုက်နိုင်အောင် အက်ဖ် - ၁၆က ပေးစွမ်းနိုင်ပြီး ညဘက် ဆိုရင်လည်း တခြား တိုက်လေယာဉ် ထက်စာရင် ပစ်မှတ်ကို ပိုပြီး တိတိကျကျ မှန်အောင် ပစ်နိုင်ပါတယ်။

ယူကရိန်းမှာ ဒါဇင်နဲ့ ချီတဲ့ တိုက်လေယာဉ်တွေရှိပြီး အများစုကတော့ ဆိုဗီယက် ခေတ်တုန်းက မစ် (MiGs) တိုက်လေယာဉ်တွေပါ။

တဖက် ရုရှားကတော့ ပိုမြင့်မြင့် ပျံသန်းနိုင်ပြီး တခြားလေယာဉ်တွေ အလာကို ပိုပြီး ဝေးဝေးကနေ ကြိုသိနိုင်တဲ့ ခေတ်မီ လေယာဉ်တွေကို သုံးနေပါတယ်။

“ရုရှား တိုက်လေယာဉ်ရဲ့ ရေဒါက ကျွန်တော်တို့ တိုက်လေယာဉ်တွေရဲ့ ရေဒါက မြင်နိုင်တဲ့ အကွာအဝေးထက် ၂ ဆ၊ ၃ဆ ပိုဝေးတဲ့ အကွာအဝေးအထိကို မြင်နိုင် တယ်” ၊ “ကျွန်တော်တို့ တိုက်လေယာဉ်တွေက ဘာမှ မမြင်ရတဲ့ အကန်း အတိုင်း ပါပဲ” လို့ ယူကရိန်း လေတပ် ပြောခွင့်ရပုဂ္ဂိုလ် ယူရီ အင်နက်က ဝေါစထရိ ဂျာနယ် ကို ပြောပါတယ်။

ဝေဟင်ကနေ အမြဲတမ်းလာပြီး တိုက်ခိုက်နေတဲ့ ရုရှား မစ်ဇိုင်းတွေ၊ ဒရုန်း တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ရော၊ နိုင်ငံရဲ့ တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာလုပ်နေတဲ့ တန်ပြန် ထိုးစစ်က ရလဒ် နည်းနည်းသာ ပေါ်နေသေးတာမို့ အဲဒီထိုးစစ်တွေ အတွက်ရော ကိယက်ဗ်အနေနဲ့ ခေတ်မီ တိုက်လေယာဉ်တွေ လိုအပ်နေပါတယ်။

တိုက်လေယာဉ်တွေထုတ်လုပ်တဲ့ အမေရိကန် လော့ဟိ မာတင် ကုမ္ပဏီအဆိုအရ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ အသုံးပြုနေကြတဲ့ အက်ဖ် - ၁၆ ဂျက်တိုက်လေယာဉ်ပေါင်း အစီး ၃,၀၀၀ ရှိကြောင်း သိရပါတယ်။

ဝါရှင်တန်က အတည်ပြုချက် ဘာကြောင့်လိုအပ်တာလဲ

အမေရိကန်မှာ အက်ဖ် - ၁၆ တွေ ထုတ်လုပ်ပြီးကတည်းက ဒီလေယာဉ်တွေကို တင်ပို့ ရာမှာဖြစ်ဖြစ်၊ အဲဒီတင်ပို့ထားတဲ့ နိုင်ငံကနေ တခြားကို လွှဲပြောင်းရာ မှာဖြစ်ဖြစ် အမေရိကန် အစိုးရရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။

နေတိုးအဖွဲ့ထဲမှာ အမေရိကန်က အင်အားအကြီးဆုံးဖြစ်တဲ့အတွက် ဒီလို ထိန်းကျောင်းထားနိုင်တာလည်း ဖြစ်ပါတယ်။ အမေရိကန်က အတည်ပြုချက်မရပဲ ဒီလို ယူကရိန်းအရေးနဲ့ ပတ်သက်တဲ့ အရေးကြီး မူဝါဒဆိုင်ရာ အပြောင်းအလဲကို လုပ်လို့ မရပါဘူး။

အခုလို လွှဲပြောင်းပေးမှာကို ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ဒိန်းမတ်နဲ့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးတွေဆီကို စာ‌‌ရေးသား ပို့ပါတယ်။

“ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ပြီး ရုရှားက ကျူးကျော်တာတွေ ဆက်လုပ်နေတဲ့အတွက် ယူကရိန်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ အရေးကြီးတယ်” လို့ သူက ရေးပါတယ်။

ယူကရိန်းတို့အဖို့ ဒီအတည်ပြုချက်ဟာ အမေရိကန်က ထုတ်လုပ်တာမဟုတ်တဲ့ တိုက်လေယာဉ်တွေ တခြားနိုင်ငံတွေက သူတို့ကို အကူအညီပေးမယ်ဆိုရင် ‌ရနိုင်တဲ့ လမ်းပွင့်သွားပြီမို့ နောက်ထပ် ကောင်းမွန်တဲ့ အခြေအနေတခုကို ရလိုက်တာပါ။

ဒိန်းမတ်နဲ့ နယ်သာလန်မှာ အက်ဖ် - ၁၆ အရေး သဘောတူညီမှု မလုပ်ခင် ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက သူတို့ ယူကရိန်း လေယာဉ်မှူးတွေ ဆွီဒင်လုပ် ဂျက်စ် ၃၉ ဂရစ်ပင် အမျိုးအစား တိုက်လေယာဉ်မောင်း သင်တန်းတက်နေတဲ့ ဆွီဒင်နိုင်ငံကို သွားခဲ့ပါတယ်။ ဒါက ယူကရိန်းတို့ ဂျက်တိုက်လေယာဉ်တွေ ထပ်ပြီး ရလာနိုင်တယ်ဆိုတဲ့ အချက်ပြမှုပါ။

သင်တန်းကို အရင်တက်

အက်ဖ် - ၁၆ တိုက်လေယာဉ်တွေ မောင်းဖို့၊ တိုက်ပွဲဝင်ဖို့၊ ထိန်းသိမ်းဖို့ အတွက် သင်တန်းက တကယ့်ကို အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ယူကရိန်းက လေယာဉ်မှူး တွေကို ရွေးချယ်ပြီး အနောက်မဟာမိတ်နိုင်ငံတွေက စီစဉ်‌ပေးတဲ့ သင်တန်းကို ဒိန်းမတ်မှာ စတင် လုပ်‌ဆောင်နေပါပြီ။

ဒီသင်တန်းရဲ့ ရလဒ်တွေကို ၂၀၂၄ ခုနှစ် နှစ်စပိုင်းလောက်မှာ တွေ့ရဖို့ မျှော်လင့်ထား ကြောင်း ဒိန်းမတ် ယာယီ ကာကွယ်ရေးဝန်ကြီး ထရိုရယ်စ် ပေါလ်ဆင်က ပြော ပါတယ်။

ဂျက်လေယာဉ်တွေကို ထိန်းသိမ်းဖို့၊ ထားမယ့်နေရာတွေပြင်ဆင်ဖို့ စီစဉ်ကြရမှာ ဖြစ်ပြီး တချိန်တည်းမှာပဲ လိုအပ်တဲ့ အထောက်အကူ ဝန်ထမ်းတွေကို သင်တန်းပေး ရဦး မှာပါ။

Ukraine Air Force Commander, Lt Gen Mykola Oleshchuk, speaking on national TV

ဓာတ်ပုံ ရင်းမြစ်, Ukrainian National TV

ဓာတ်ပုံ ပုံစာ, ယူကရိန်း လေတပ်ဦးစီးချုပ်က အက်ဖ် - ၁၆ တိုက်လေယာဉ်တွေကို အသေအချာ လုံခြုံအောင်ကာကွယ်သွားမယ်လို့ ယူကရိန်း နိုင်ငံ ရုပ်မြင်သံကြားဌာနကို ပြော

ယူကရိန်း လေတပ်ဦးစီးချုပ် ဒု ဗိုလ်ချုပ် မစ်ကိုလာ အိုလက်ခ်ရွှတ်က ဒီတိုက် လေယာဉ်တွေကို အသေအချာ အကာအကွယ်ပေးနိုင်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီးဖြစ်တယ်၊ “ရုရှားတွေ ရှာမတွေ့နိုင်အောင် လှည့်စားမှုတွေ” လည်း လုပ်ထားတယ်လို့ အာမခံပြီး ပြောပါတယ်။

အက်ဖ် - ၁၆ မောင်းဖို့ သင်တန်းတက်နေတတဲ့ ယူကရိန်း တိုက်လေယာဉ်မှူး တယောက် (အမည်ဝှက်က Moonfish) က ရွေးချယ်မှု အဆင့်ဆင့်ကို ဖြတ်သန်းရတဲ့ ‌နေရာမှာ တိုက်ပွဲအတွေ့အကြုံရှိဖို့နဲ့ အင်္ဂလိပ်စကားကို ရေရေလည်လည် ပြောနိုင်စွမ်းက အခရာကျတဲ့ အချက်တွေထဲမှာ ပါဝင်တယ်လို့ နိုင်ငံပိုင် ရုပ်မြင် သံကြားဌာနကို ပြောပါတယ်။

သင်တန်းတက်နေကြတဲ့ လေယာဉ်မှူးတွေ၊ နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းတွေ အားလုံး အင်္ဂလိပ်စကား ကျွမ်းကျင်ကြတယ်လို့လည်း သူက ပြောပါတယ်။

လေယာဉ်သစ်တွေက ဘယ်လောက် ခေတ်မီသလဲဆိုတာကိုလည်း အဲဒီ လေယာဉ် မှူးက ပြောပြပါတယ်။

“ကျွန်တော်တို့ အခု မောင်းနေတဲ့ လေယာဉ်တွေနဲ့ အက်ဖ် - ၁၆ ကို နှိုင်းယှဉ်ပြောမယ်ဆိုရင် စမတ်ဖုန်း နဲ့ ခလုပ်နှိပ်ပြီး ပြောရတဲ့ ဆဲလ်ဖုန်းနဲ့ ကွာသလို မျိုးကို ကွာတယ်။”

ခေတ်မီ အဆင့်မြင့်လာစေဖို့

ယူကရိန်း လေယာဉ်မှူးတွေကို ပေးနေတဲ့ ရေရှည်သင်တန်းတခုကို ဒိန်းမတ်ကနေ ရိုမေးနီးယားကို ရွှေ့မယ်လို့ မှန်းနေကြပါတယ်။ ရိုမေးနီးယားဟာ အမေရိကန် ဒေါ်လာ ၄၁၈ သန်းသုံးပြီး နော်ဝေးကနေ တပတ်ရစ် အက်ဖ် - ၁၆ တိုက်လေယာဉ် ၃၂ စီးကို မကြာသေးခင်ကာလက ဝယ်ထားပါတယ်။ ရိုမေးနီးယားဟာ ပေါ်တူဂီကနေ နောက်ထပ် ၁၇ စီး ကိုလည်း ဝယ်ထားပါတယ်။

ဟန်ဂေရီကလည်း သူ့လေတပ်ကို ခေတ်မီဖို့ လုပ်ဆောင်နေပြီး ဆိုဗီယက်ထုတ် မစ် - ၂၁ တိုက်လေယာဉ်တွေ နေရာမှာ လေယာဉ်သစ်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေ ပါတယ်။

နယ်သာလန်နဲ့ ဒိန်းမတ်နိုင်ငံတို့ရဲ့ လေတပ်တွေကလည်း အဆင့်မြှင့်ဖို့ လုပ်နေ ပါတယ်။ ယူကရိန်းကို သူတို့ရဲ့ ‌လေယာဉ်ဟောင်းတွေကို ပေးပြီးရင် သူတို့က ပိုခေတ်မီတဲ့ တိုက်လေယာဉ်တွေ ဝယ်ဖို့ အခုကတည်းက ကြည့်နေပါပြီ။