ခေတ်သစ်ထရိုဂျန်မြင်းဇာတ် - အမေရိကန်ကို ဆိုဗီယက်က ပန်းပုရုပ်နဲ့ ထောက်လှမ်းခြင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, မက်ထ် ဝီလ်ဆင်
၁၉၄၅ ခုနှစ်တုန်းက လက်မှုပစ္စည်းတစ်ခုထဲမှာ ဖွက်ထားခဲ့တဲ့အသံဖမ်းကိရိယာကို အမေရိကန် လုံခြုံရေးက သတိမထားမိခဲ့တာ ၇ နှစ်တောင်ကြာခဲ့ပါတယ်။ တဖက်မှာလည်း ပရိယာယ်ဆင် ထောက်လှမ်းဖို့ အနုပညာလက်ရာတစ်ခုကို အသုံးချတာ အခုတစ်ကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။
ဒုတိယကမ္ဘာစစ်မပြီးခင် နောက်ဆုံးသီတင်းပတ်တွေမှာ ရုရှား ကင်းထောက် လူငယ်အဖွဲ့တစ်ဖွဲ့က အမေရိကန်သံအမတ်ကို လက်ဆောင်ပေးတဲ့ အမေရိကန်နိုင်ငံတော်တံဆိပ်ပန်းပုမှာ အဲဒီအသံဖမ်းကိရိယာ ပါလာတာပါ။ တံဆိပ်ကို လက်ဆောင်ပေးတာက မော်စကိုမြို့က အမေရိကန် သံအမတ်အိမ် စပါဆို ဟောက်စ်မှာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ပွဲအတွင်း ရုရှားနဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အနေနဲ့ အဲဒီလက်ဆောင်ကို ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလက်ဆောင်တံဆိပ်ကြီးကို အမေရိကန်သံအမတ် ဒဗလျူ အေဗီရဲလ် ဟာရီမန်းက ဝင့်ဝင့်ကြွားကြွားလက်ခံခဲ့ပြီး ၁၉၅၂ ခုနှစ်အထိ သူ့အိမ်မှာ ချိတ်ဆွဲထားခဲ့ပါတယ်။
သံအမတ်နဲ့ သူ့ရဲ့လုံခြုံရေးအဖွဲ့ဟာ လက်ဆောင်ရတဲ့အဲဒီတံဆိပ်ထဲမှာ အသံဖမ်းယူနားထောင်တဲ့ပစ္စည်း ပါလာတာ သတိမထားမိခဲ့ကြပါဘူး။ နောက်ပိုင်းမှာ အမေရိကန် နည်းပညာလုံခြုံရေးအဖွဲ့တွေက အဲဒီအသံဖမ်းကိရိယာကို ''အဲဒီပစ္စည်း'' (The Thing) လို့ ရည်ညွှန်း သုံးနှုန်းပါတယ်။
အဲဒီပစ္စည်းဟာ သံခင်းတမန်ခင်း စကားပြောဆိုမှုတွေကို ၇ နှစ်ကြာအောင် တိတ်တဆိတ် နားထောင်ခဲ့ပါတယ်။
အပြင်ကကြည့်ရင် သာမန်လက်မှုလက်ရာမျိုးလို့ မြင်ရတဲ့ပစ္စည်းမျိုးနဲ့ ရန်သူဆီ ထိုးဖောက်ပြီး ဗျူဟာကျကျ အနိုင်ရအောင်လုပ်တဲ့ဆိုဗီယက်ရဲ့ဒီလုပ်ရပ်ဟာ ထရိုဂျန် မြင်း ဇာတ်ကြောင်း အလွန်မှာ အကြံအဖန်ကောင်းတဲ့လုပ်ကွက်ဖြစ်ခဲ့ပါတယ်။ ဒါဟာ စိတ်ကူးယဉ်ဇာတ်လမ်းလို့ ထင်ရပေမဲ့ တကယ်ဖြစ်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်။
အဲဒီပန်းပု တံဆိပ်ကြီးဟာ သံအဆင့်ဆွေးနွေးညှိနှိုင်းမှုတွေကို နောက်ကွယ်မှာ ခိုးနားထောင်နိုင်ခဲ့တဲ့ ကိုယ်ပျောက်နား တစ်စုံဖြစ်ခဲ့တယ်လို့ အမေရိကန်နည်းပညာရှင်တွေက မှတ်ယူပါတယ်။
ဒီတော့ အမေရိကန်အရာရှိတွေက ''အဲဒီပစ္စည်း''လို့ ရည်ညွှန်းပြောတဲ့ ဒီထောက်လှမ်းရေးပစ္စည်းဟာ ဘယ်လောက်အလုပ်ဖြစ်ခဲ့ပါသလဲ။ တန်ပြန်ထောက်လှမ်းရေးကျွမ်းကျင်သူ အသက် ၇၉ နှစ်အရွယ် ဂျွန် လစ်တဲလ်ဟာ ဒီပစ္စည်းအကြောင်းကို သဘောကျလွန်းလို့ ပုံတူ တစ်ခုတောင် လုပ်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လစ်တဲလ်ရဲ့ဒီလက်ရာအကြောင်း ရိုက်ထားတဲ့မှတ်တမ်းရုပ်ရှင်ဟာ အခုနှစ်မှာ ထွက်လာပါတယ်။ ဒီရုပ်ရှင်ကို စက်တင်ဘာ ၂၇ ရက်တုန်းကတော့ ဘက်ကင်ဟမ်ရှိုင်းယားက အမျိုးသားကွန်ပျူတင်းပြတိုက်မှာ ပြသခဲ့ပါတယ်။
သူက ''အဲဒီပစ္စည်း'' ကို တေးဂီတနဲ့ ဆက်နွှယ်တဲ့ပစ္စည်းအဖြစ် ပုံဖော်ပါတယ်။ ဒီပစ္စည်းမှာ ''ဗုံတစ်လုံး မျက်နှာပြင်သားရေပြားလိုပဲ လူ့အသံကြားရင် တုန်ခါသွားတဲ့ ''အလွှာပါးတစ်ခုပါပြီး ပုလွေလို ပြွန်ချောင်းတွေလည်းပါတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် လုပ်ထားတဲ့ အဲဒီပစ္စည်းရဲ့ အရွယ်အစားက ဆံထိုးလောက်ပဲရှိပါတယ်။ ''လျှပ်စစ်လည်း မသုံးထား၊ ဘက်ထရီလည်း မပါ၊ အပူချိန်လည်း မရှိတာကြောင့်'' ဒီပစ္စည်းဟာ တန်ပြန်ထောက် လှမ်းရေး စိစစ်မှုတွေအရ စစ်ဆေးချိန်မှာ ရှိလို့ ရှိကြောင်း မပေါ်ခဲ့ဘူးလို့ သူကပြောပါတယ်။
အင်ဂျင်နီယာပညာနဲ့ သေသေချာချာကို အားထုတ်လုပ်ဆောင်ထားတဲ့ပစ္စည်းမျိုးဖြစ်ပါတယ်။ "ဆွစ်ဇာလန်ထုတ် နာရီတစ်လုံးနဲ့ မိုက်ခရိုမီတာ တစ်လုံး ဖန်တီးထားသလို အသေးစိတ်ပြုလုပ်ထားတာ'' လို့လည်း အညွှန်းခံရပါတယ်။ ''အဲဒီပစ္စည်းဟာ အရင်က မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့အသံထောက်လှမ်းမှု နည်းပညာ နောက်တစ်ဆင့်ကို ရောက်သွားစေတယ်'' လို့ သမိုင်းပညာရှင် အိတ် ကိတ်ဖ် မဲယ်တန်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, John Little
အမေရိကန် သံအမတ်အိမ် စပါဆို ဟောက်စ် ထဲမှာ ရှိနေတဲ့အဲဒီပစ္စည်းကို အဝေးထိန်းနည်းပညာနဲ့ အဖွင့်အပိတ် လုပ်ပါတယ်။ အဖွင့်အပိတ်လုပ်တာကိုတော့ သံအမတ်အိမ် ဘေးချင်းကပ်က အိမ်ကနေ ပြုလုပ်တာပါ။
ခလုတ်ဖွင့်လိုက်တဲ့အခါမှာ ကြိမ်နှုန်းမြင့် အချက်ပြစနစ်တွေ လွှတ်ပါတယ်။ အဲဒီစနစ်က သံအမတ်အိမ်ထဲက အဲဒီပစ္စည်းမှာ တပ်ထားတဲ့ အင်တာနာ တိုင်ကို သွား တုန်ခါစေပြီး တုန်ခါမှုတွေကို အိမ်ဘေးက ခလုတ်ဖွင့်တဲ့ဒီကို ပြန်လည်ရိုက်ခတ်ပါတယ်။
၁၉၅၁ ခုနှစ်မှာတော့ ရေဒီယိုစက်ကိုင် ဗြိတိန်စစ်သားတစ်ယောက်က အဲဒီပစ္စည်းအတွက် သုံးတဲ့လေလှိုင်းကြိမ်နှုန်းနဲ့ တူတဲ့ကြိမ်နှုန်းကို မော်စကိုမြို့မှာ လွှတ်မိတဲ့အခါကျမှ ဒီပစ္စည်း သံအမတ် အိမ်ထဲမှာရှိနေတာကို သိခဲ့ကြတာပါ။ ဒီပစ္စည်းကြောင့် သံအမတ်အိမ်ထဲက စကားပြောသံတွေကို ခပ်လှမ်းလှမ်းအကွာ တခြားအခန်းကနေ ကြားနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ကြပါတယ်။
နောက်နှစ်မှာတော့ အမေရိကန် နည်းပညာရှင်တွေဟာ သံအမတ် အိမ်ကို ပိုက်စိပ်တိုက်ပြီး ရှာဖွေပါတယ်။ ဒီလိုရှာပြီး သုံးရက် မပြည့်ခင်မှာပဲ လက်လုပ် လင်းယုန်တံဆိပ် ပန်းပုဟာ သံအမတ်အိမ်က သံခင်းတမန်ခင်း ဆွေးနွေးမှုတွေအတွက် ခိုးနားထောင်နိုင်တဲ့ ကိုယ်ပျောက် နားတစ်စုံ ဖြစ်နေတာကို တွေ့ခဲ့ကြပါတယ်။
ထောက်လှမ်းဖို့ အနုပညာလက်ရာကို အသုံးချမှု
ဒီပစ္စည်းရဲ့ အောင်မြင်မှုကို ပြန်ပြောင်းပြောပြသူက အဲဒီပစ္စည်းကို ထိန်းချုပ်ခဲ့တဲ့ ရုရှားနည်းပညာရှင်တွေထဲက တစ်ဦးဖြစ်သူ ဗာဒင်း ဂွန်ချာရော့ဗ်ဖြစ်ပါတယ်။ သူကတော့ ဒီပစ္စည်းကြောင့် ''ကျွန်တော်တို့နိုင်ငံဟာ သိပ်ကို အရေးပါပြီး တိကျတဲ့သတင်းအချက်အလက်တွေကို အချိန် အတော်ကြာရရှိခဲ့ပြီး ... စစ်အေးကာလအတွင်းမှာ ကျွန်တော်တို့ ခြေလှမ်းသာခဲ့ကြတယ်'' လို့ ပြောပါတယ်။
ဆိုဗီယက်ပြည်ထောင်စုဟာ အဲဒီကာလတုန်းက ဒီပစ္စည်းကို သုံးပြီး အနောက်ကမ္ဘာကို ဘယ်လောက်အတိုင်းအတာအထိ ထောက်လှမ်းနိုင်ခဲ့လဲဆိုတာ ဆိုဗီယက်ထောက်လှမ်းရေးလောက ကလွဲပြီး ဘယ်သူမှ မသိနိုင်သေးပါဘူး။
အဲဒီပစ္စည်းကို ထောက်လှမ်းရေးကိရိယာအဖြစ် အောင်အောင်မြင်မြင်အသုံးချနိုင်ခဲ့တာဟာ ဒီလိုနည်းပညာကို ပထမဆုံး သုံးစွဲတဲ့ကိရိယာဖြစ်နေတာကလည်း တစ်ကြောင်းဖြစ်ပါတယ်။
ဒီနည်းလမ်း ထိရောက်ခဲ့တာက ပစ္စည်းလှလှမြင်ရင် လိုလိုချင်ချင်လက်ခံတတ်ကြတဲ့လူတွေရဲ့ အမူအကျင့်ကိုလည်း အသုံးချလိုက်တာဖြစ်ပါတယ်။
လက်ရာမြောက် အနုပညာနဲ့ အဆင်တန်ဆာဆန်းတဲ့ပစ္စည်းတွေကို ယုံယုံကြည်ကြည်လက်ခံတတ်ကြတဲ့ လူ့သဘာဝကြောင့်လည်း ပါပါတယ်။
ရုရှားထောက်လှမ်းရေးဟာ ဒီအချက်ကို အညှာကိုင်ပြီး သူတို့ အမေရိကန်ကို ပေးမယ့် လင်းယုန်တံဆိပ် အမှတ်တရ ပန်းပုလက်ဆောင်မှာ အသုံးချလိုက်တာဖြစ်ပါတယ်။
ထောက်လှမ်းရေးအတွက်၊ စစ်ရေးဗျူဟာအတွက် အနုပညာကို ကြိုးကိုင်ခြယ်လှယ်တဲ့သမိုင်းဟာ အခုတစ်ကြိမ်က ပထမဆုံး နမူနာတော့ မဟုတ်ပါဘူး။ လီယိုနာဒို ဒါဗင်ချီဟာ မိုနာ လီဆာ ပန်းချီကားကို ဆွဲခဲ့သလို တင့်ကားတွေနဲ့ လက်နက်တွေကိုလည်း ပုံစံထုတ်ခဲ့ပါတယ်။ ပီတာ ပေါလ် ရူဘန်ဆိုရင် နှစ် ၃၀ ကြာ စစ်ပွဲမှာ ထောက်လှမ်းရေး တစ်ယောက်လုပ်ခဲ့ပါတယ်။
ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း နိုင်ငံစုံက အနုပညာရှင်တွေဟာ ပြောက်ကျားနဲ့ အာရုံလွှဲဖို့ စစ်ဆင်ရေးတွေကို လုပ်ခဲ့ကြသလို ဗြိတိသျှ သမိုင်းပညာရှင် (တော်ဝင်အနုပညာလက်ရာတွေကို စုစည်းပြုစုသူ) အန်သနီ ဘလန့်ဟာ ဒုတိယကမ္ဘာစစ်တလျှောက်နဲ့ စစ်အေးကာလ အစမှာ ဆိုဗီယက်ရဲ့ထောက်လှမ်းရေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။
The Thing လို့ခေါ်တဲ့ ဆိုဗီယက် ထောက်လှမ်းရေးပစ္စည်းကတော့ ဂီတ သမိုင်းကြောင်းနဲ့လည်း ဆက်နွှယ်ပါတယ်။
အဲဒီပစ္စည်းကို တီထွင်သူ လက်ဖ် ဆာဂေဗင့် သရီမင်းကို လီယွန် သရီမင်းကို သိကြပြီး သူဟာ ရုရှားဖွား တီထွင်ဖန်တီးသူနဲ့ ဂီတအထုံပါသူဖြစ်ပါတယ်။
သရီမင်းလို့ သိကြတဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ်တူရိယာကို တီထွင်ခဲ့သူဖြစ်ပါတယ်။
ဘာတစ်ခုကိုမှ မထိပဲနဲ့ တီးခတ်နိုင်တာမျိုး လေထဲမှာ လက်ကို လှုပ်ရမ်းပြီးတော့ အဲဒီရွှေ့လျားမှုတွေကို အင်တာနာက ဖမ်းယူကာ ဂီတနုတ်တွေကို ထိန်းချုပ်တာဖြစ်ပါတယ်။
၁၉၅၀ ခုနှစ်တွေမှာတော့ အမေရိကန် သိပ္ပံဝတ္ထုရုပ်ရှင်တွေကို လူတွေ လက်ခံတာနဲ့အတူ သရီမင်းရဲ့ ညှို့ယူဖမ်းစားနိုင်တဲ့အသံကိုလည်း လူတွေ လက်ခံခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ဆောင် ပန်းပုထဲထည့်ထားတဲ့ ထောက်လှမ်းရေးကိရိယာ The Thing ကို တွေ့ခဲ့ပေမဲ့ တွေ့ရှိကြောင်းကိုတော့ အမေရိကန်ထောက်လှမ်းရေးက ထိပ်တန်းလျှို့ဝှက်အဖြစ် ထားခဲ့ပါတယ်။
ဒါပေမဲ့ နျူကလီးယားလက်နက် ယှဉ်ပြိုင်မှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၁၉၆၀ ခုနှစ်၊ မေလမှာ အမေရိကန် ထောက်လှမ်းရေးယာဥ် U-2 တစ်စင်း ရုရှားမြေပေါ်မှာ ပစ်ချခံခဲ့ရပါတယ်။
နောက်ဆက်တွဲ သံတမန်ရေးရာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ စစ်အေးကာလ သူလျှိုလုပ်တာဟာ တစ်ဖက်သတ် လုပ်ဆောင်ချက် မဟုတ်ဘူးဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သက်သေထူပါတယ်။
အသံဖမ်းစက်တပ်ဆင်ထားတဲ့တံဆိပ်အကြောင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအတွင်းမှာ အများသိအောင် ဖွင့်ချခဲ့တာဖြစ်ပါတယ်။
သံအမတ် အိမ်ထဲအထိ ထောက်လှမ်းရေးပစ္စည်း အထားခံရတာဟာ အခံရခက်စရာ လုံခြုံရေးကျိုးပေါက်မှုလို့ ဂျွန် လစ်တဲလ်က ယုံကြည်ပါတယ်။ ''ဒါကြောင့်ပဲ ထောက်လှမ်းရေး လေယာဉ် ပစ်ချခံရတာဟာ The Thing ကိစ္စ လူသိရှင်ကြား ဖြစ်ဖို့ရာ အကြောင်းဖန်ခဲ့တယ်'' သူက ပြောပါတယ်။
ဒါပေမယ့် အဲဒီအသံဖမ်း ကိရိယာကို ဘယ်လိုနည်းပညာနဲ့လုပ်ခဲ့တယ်ဆိုတာ လူသိရှင်ကြား ထုတ်မပြောခဲ့ပါဘူး။
ဒါပေမဲ့ နောက်ကွယ်မှာတော့ SATYR လို့ လျှို့ဝှက်ကုတ် နာမည်ပေးထားတဲ့ ဗြိတိန် တန်ပြန် ထောက်လှမ်းရးအဖွဲ့ဟာ အဲဒီပစ္စည်းကို စေ့စေ့စပ်စပ်လေ့လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဒီပစ္စည်းရဲ့နည်းပညာအသေးစိတ်အကြောင်းဟာ နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။ လုံခြုံရေးအရာရှိဟောင်း ပီတာ ရိုက်က အဲဒီအကြောင်း အသေးစိတ်ကို ၁၉၈၇ ခုနှစ်ထုတ် သူ့ရဲ့ကိုယ်တွေ့မှတ်တမ်း Spycatcher စာအုပ်ထဲမှာ ဖော်ပြမှ လူသိခဲ့ပါတယ်။
The Thing လို့ခေါ်တဲ့ အဲဒီထောက်လှမ်းရေးပစ္စည်းဟာ သူ့ ခေတ် သူ့အခါတုန်းက နောက်ဆုံးပေါ် နည်းပညာဖြစ်တာ၊ စစ်အေးကာလ ထောက်လှမ်းရေး ကစားကွက်ကို အချိုးအကွေ့ဖြစ်စေခဲ့တာကြောင့် သမိုင်းပညာရှင်တွေအတွက်တော့ အံ့သြစရာပြည့်နေတုန်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီပစ္စည်းကြောင့်ပဲ တစ်ခေတ်တစ်ခါတုန်းက စစ်သတင်းထောက်လှမ်းဖို့ အနုပညာလက်ရာတွေကို အသုံးချတာ၊ ဂန္ထဝင်ဂီတနဲ့ အနုပညာရှင်တွေက သူတို့ ကျင်လည်တဲ့ အော်ပရာ ဇာတ်ရုံတွေ၊ ပန်းချီပြခန်းတွေမှာ ထောက်လှမ်းရေးပစ္စည်းတွေ ထားလေ့ရှိတဲ့ အဆင့်မြင့်ယဉ်ကျေးမှုရဲ့ဆန်းပြားလှတဲ့အမှောင်ဘက်ခြမ်းကိုလည်း လှစ်ဟ ပြရာရောက်နေပါတယ်။











