တရုတ်ထောက်လှမ်းရေးတစ်ဦး အမေရိကန် လေကြောင်းတွေဆီက လျှို့ဝှက်ချက် ခိုးယူမှုနဲ့ ပြစ်ဒဏ်ကျ

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်ထောက်လှမ်းရေး အရာရှိတဦးဟာ အမေရိကန်နိုင်ငံမှာ လေကြောင်းကုမ္ပဏီတွေဆီက လျှို့ ဝှက်ချက်တွေ ခိုးယူဖို့ ကြံစည်တယ်ဆိုပြီး စီရင်ချက်ချ ခံလိုက်ရကြောင်း အမေရိကန်တရားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
အခုလို စီရင်ချက် အချခံရသူ ရှုယန်ကျုံးဟာ စီးပွားရေး သူသျှိုမှု၊ ကုန်သွယ်ရေး လျှို့ ဝှက်ချက် ခိုးယူမှုတို့ နဲ့ ဆက်စပ်တဲ့ အမှု ငါးခုမှာ ပြစ်မှု ကျူးလွန်တာ ထင်ရှားတယ်ဆိုပြီး ဂျူရီအဖွဲ့ရဲ့ စီရင်ချက် အချခံရတာ ဖြစ်ပါတယ်။
အခုလို စီရင်ချက် ချရခံရမှုကြောင့် သူဟာ ထောင် အနှစ် ၆၀ အထိ ကျခံရနိုင်ပြီး ဒဏ်ငွေလည်း အမေရိကန် ဒေါ်လာ ၅ သန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။
မစ္စတာ ရှု ကို ၂၀၁၈ ခုနှစ်ကတည်းက ဘယ်လ်ဂျီယန်နိုင်ငံမှာ ဖမ်းမိထားတာဖြစ်ပြီး အခုလို အမေရိကန်အထိ အရောက် ရာဇဝတ်သား အဖြစ် ပြောင်းရွှေ့ စီရင်ခံရတဲ့ ပထမဆုံး တရုတ်နိုင်ငံသား ဖြစ်လာနိုင်ပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့ အခုလို ပြစ်ဒဏ်ချမှုနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေကတော့ လူသိထင်ရှား မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
အခုလို စီရင်ချက် မချခင် ကာလမှာတော့ မစ္စတာ ရှု စွဲချက်တင်ခံရတာတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်ဆိုပြီး တရုတ် အာဏာပိုင်တွေက ပြောဆိုထားခဲ့ဖူးပါတယ်။
အမေရိကန် တရားရေးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် မစ္စတာ ရှုဟာ တရုတ်နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာန ကျန်းစုပြည်နယ် ဌာနခွဲက အကြီးတန်း အရာရှိ တဦး ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာနကတော့ တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းစဉ်တွေ၊ နိုင်ငံတကာ ထောက်လှမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပြည်တွင်း လုံခြုံရေး အပိုင်းတွေအတွက် တာဝန်ယူထားတဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။
မစ္စတာ ရှုဟာ ၂၀၁၃ ခုနှစ်ကတည်းက အမေရိကန် အခြေစိုက်အပါအဝင် နိုင်ငံအများအပြားမှာ အခြေစိုက်တဲ့ ကုမ္ပဏီ အများအပြားက ဝန်ထမ်းတွေကို ပစ်မှတ်ထားထောက်လှမ်း နေခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူအခုလို လုပ်ခဲ့တာတွေထဲက တခုကတော့ ၂၀၁၇ ခုနှစ်မှာ အမေရိကန်အခြေစိုက် GE ကုမ္ပဏီရဲ့ လေကြောင်းရေးရာ ကျွမ်းကျင်ဝန်ထမ်းတဦးကို တရုတ်နိုင်ငံက တက္ကသိုလ်တခုမှာ လာရောက် ဟောပြောဖို့အတွက် ခရီးစရိတ်နဲ့ အသုံးစရိတ်တွေပါ အကုန်အကျ ခံပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်တနှစ်အကြာ ၂၀၁၈ ခုနှစ်မှာတော့ မစ္စတာ ရှုဟာ အဲဒီ ဝန်ထမ်းဆီကနေ စက်ပစ္စည်း "တည်ဆောက်ဖွဲ့စည်းမှု အချက်အလက်" နဲ့ "ပုံစံထုတ်ပုံ အဆင့်ဆင့် ဆိုင်ရာ အချက်အလက်" တွေကို တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ အမေရိကန် GE ကုမ္ပဏီ အနေနဲ့ အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI နဲ့လည်း ပူးပေါင်း ဆောင်ရွက်မှု ရှိနေခဲ့ပြီး အဲဒီဝန်ထမ်းဟာ မစ္စတာ ရှုကို စာမျက်နှာ နှစ်မျက်နှာ ပါရှိတဲ့ စာရွက်စာတမ်းတခုကို လျှို့ဝှက်အချက်အလက်များလို့ ခေါင်းစဉ်တပ်ပြီး အီးမေးပို့ ခဲ့ပါတယ်။
မစ္စတာ ရှုဟာ နောက်ပိုင်းမှာ အဲဒီဝန်ထမ်းကို ကုမ္ပဏီက ပေးထားတဲ့ ကွန်ပြူတာထဲက အချက်အလက် ဆိုင်ရာ ဖိုင်လင့်ကိုပါ ကူးယူ ပေးပို့ဖို့ တောင်းခံခဲ့ပြန်ပါတယ်။
အဲဒီနောက်မှာတော့ မစ္စတာ ရှုဟာ အဲဒီ ဝန်ထမ်းနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ တွေ့ဆုံဖို့ အထိပါ စီစဉ်ခဲ့ချိန်မှာတော့ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက တကယ်တမ်း ဘာတွေ ဘယ်လို ကြံစည်နေသလဲဆိုတာကို မရေမရာ ဖြစ်နေသေးသူတွေအတွက် အခုလို လက်ရ ဖမ်းမိလိုက်ခြင်းက လှုပ်နှိုး သတိပေးလိုက်သလို ဖြစ်သွားမယ်လို့ မျှော်လင့်ရကြောင်း FBI ရဲ့ လက်ထောက် ဒါရိုက်တာ အလန် ခိုလာက ပြောပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန် နည်းပညာတွေကို ခိုးယူပြီး သူတို့ရဲ့ စီးပွားရေးနဲ့ စစ်ရေးအပိုင်း အကျိုးဖြစ်ထွန်းအောင် လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။
အခုလို တရုတ်ထောက်လှမ်းရေးတဦး အမေရိကန်မှာ သူသျှိုမှုတွေနဲ့ စီရင်ချက် အချခံရတဲ့အချိန်ဟာ အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
တရုတ်နိုင်ငံဟာ လတ်တလော ကာလအတွင်းမှာပဲ အသံရဲ့ ထက်မြန်တဲ့ ဒုံးကျည် အသစ်တမျိုးကို စမ်းသပ်ထားပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဆိုရင်လည်း ထိုင်ဝမ်အပေါ် တရုတ်ပြည်နယ်ကြီးရဲ့ စစ်ရေးနှောင့်ယှက်မှု မှန်သမျှကို အမေရိကန်ဘက်က ကာကွယ်ပေးသွားမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
အမေရိကန် သတင်းဌာန CNN ရဲ့ အဆိုအရ ဆိုရင်လည်း အမေရိကန် ဗဟို ထောက်လှမ်းရေး ဌာန CIA ဒါရိုက်တာ ဘီးလ် ဘန်းစ်က တရုတ်နိုင်ငံကို အမေရိကန်အပေါ် အကြီးဆုံး နည်းပညာဆိုင်ရာ ခြိမ်းခြောက်နေတဲ့ နိုင်ငံ တနိုင်ငံအဖြစ် ဖော်ညွှန်းပြောဆိုခဲ့ပြီး CIA ရဲ့ တရုတ်နိုင်ငံဆိုင်ရာ လုပ်ဆောင်မှုတွေကိုလည်း တိုးမြှင့်မယ်ဆိုပြီး ပြီးခဲ့တဲ့ လကမှ ပြောဆိုထားပါတယ်။









