အမေရိကန် နည်းပညာကုမ္ပဏီတွေထဲမှာ အက်ပဲလ် ကုမ္ပဏီတစ်ခုပဲ တရုတ်ပြည်မှာ နောက်ဆုံးကျန်တော့မှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျိမ်းစ် ကလေတန်
- ရာထူးတာဝန်, မြောက်အမေရိက နည်းပညာသတင်းထောက်
တရုတ်နိုင်ငံက လုပ်ငန်းနယ်ပယ် အနှံ့အပြားကို အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတွေက လွှမ်းမိုးထားတဲ့ကာလ တချိန်မှာ ရှိခဲ့ဖူးပါတယ်။ အဲဒီထဲမှာ ဖေ့စ်ဘွတ်ခ်တောင် ပါပါတယ်။ ဒါပေမဲ့ အခု အချိန်မှာတော့ တရုတ်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ငန်း ထားရှိနေသေးတဲ့ အက်ပဲလ်ကုမ္ပဏီတောင်မှ အလားအလာ မကောင်းပဲ ဖြစ်လာနေတာ တွေ့ရပါတယ်။
တရုတ်ပြည်တွင်းမှာ ဆက်လည်ပတ်နေဆဲ ဖြစ်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီဆိုရင် သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ လင့်ကင် LinkedIn ကို ရုပ်သိမ်းတော့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ထုတ်ဖော် ကြေညာခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ လက်အောက်မှာ လိုက်လျောညီထွေ လုပ်ငန်း လုပ်ကိုင်ရတာဟာ စိန်ခေါ်မှုတွေ တနေ့တခြား ပိုများလာတဲ့အတွက် အခုလို ရပ်ဆိုင်းလိုက်ရတာလို့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ပြောပါတယ်။
တရုတ်ပြည်တွင်းမှာ ရှိနေတဲ့ အက်ပဲလ် ကုမ္ပဏီဟာလည်း ဆင်ဆာ ပြဿနာနဲ့ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။
လူကြိုက်များတဲ့ ဘာသာရေး အက်ပ် နှစ်ခုကို အက်ပဲလ်ကုမ္ပဏီက ဖြုတ်ချပေးခဲ့ရတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဘီဘီစီက သတင်းပေးပို့ခဲ့ပါတယ်။
ပါကစ္စတန် အခြေစိုက် PDMS ကုမ္ပဏီက ရေးသား ဖြန့်ချိတဲ့ Quran Majeed ဆိုတဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ အက်ပ်နဲ့ နောက်အက်ပ်တစ်ခုဟာ တရားမဝင် ဘာသာရေးစာသားတွေ ဖော်ပြနေတယ်ဆိုပြီး တရုတ်အစိုးရက ဖြုတ်ချခိုင်းတဲ့အတွက် အက်ပဲလ် ကုမ္ပဏီက ဖြုတ်ချပေးခဲ့ရတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဘီဘီစီက စုံစမ်းသိခဲ့ရပါတယ်။
အဲဒီ့နောက်မှာ အမေဇုန် ကုမ္ပဏီပိုင် စာအုပ်တွေ အသံထွက်ဖတ်ပြတဲ့ အက်ပ် Audible နဲ့ ယာဟူး ကုမ္ပဏီရဲ့ Yahoo Finance အက်ပ်တို့လည်း ဖြုတ်ချခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အခု အောက်တိုဘာလ အတွင်းမှာ ဖြုတ်ချခံရတဲ့ အက်ပ်တွေ တနေ့တခြား ပိုများလာတာကို တွေ့ရတယ်လို့ အက်ပဲလ် ကုမ္ပဏီရဲ့ Apple Censorship ဆိုတဲ့ App Store စောင့်ကြည့်ရေး အဖွဲ့တခုက ပြောပါတယ်။
တရုတ်နိုင်ငံမှာ နည်းပညာဆိုင်ရာ စည်းကမ်းတင်းကျပ်မှုတွေကို စီမံချက်ချပြီး အကြီးအကျယ်လုပ်နေတာလား
တရုတ်အစိုးရရဲ့ ကန့်လန့်ကာ နောက်ကွယ်က စီမံခန့်ခွဲမှုတွေက ဘာတွေလဲ ဆိုတာကို မှန်းဆကြည့်ဖို့ ခက်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။
ဒါပေမဲ့ အက်ပဲလ်နဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ နှစ်ခုဟာ တရုတ်ပြည်တွင်းမှာ တရုတ် အာဏာပိုင်တွေနဲ့ တရုတ် နည်းပညာလုပ်ငန်း ကုမ္ပဏီတွေ အကြား အားပြိုင်မှုတစ်ခုမှာ ကြားညပ် ခံနေရတယ် ဆိုတာကတော့ တဖြည်းဖြည်း သိသာ ထင်ရှားလာနေပါတယ်။
တရုတ်နိုင်ငံမှာလည်း Tencent၊ Alibaba နဲ့ Huawei တို့လို ကမ္ဘာတဝန်းအနှံ့ လုပ်ငန်း ချဲ့ထွင်ထားတဲ့ တရုတ်ကုမ္ပဏီကြီးတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီကြီးတွေရဲ့ အင်အားကြီးလာမှု ကိုလည်း တရုတ်အစိုးရက အကြီးအကျယ် စိုးရိမ်လာနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက Alibaba ကုမ္ပဏီဟာ သူ့ရဲ့ ဈေးကွက်ဝေစု ရရှိထားမှုကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက စုံစမ်းတွေ့ရှိ အပြီးမှာ အမေရိကန်ဒေါ်လာ သန်း ၂၈၀ဝ စံချိန်တင် ဒဏ်ရိုက်တာကို ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကလည်း တရုတ်နိုင်ငံရဲ့ နည်းပညာဆိုင်ရာ စီးပွားရေး ဈေးကွက်ကို စည်းကမ်း တင်းကျပ်မယ့် ငါးနှစ် စီမံကိန်းကို တရုတ်အစိုးရက ထုတ်ဖော် ကြေညာခဲ့ပါတယ်။
ဒါ့အပြင် တရုတ်အစိုးရဟာ Bitcoin အပါအဝင် ကွန်ပြူတာ တွက်ချက်မှု စွမ်းအား အခြေခံ အွန်လိုင်းငွေကြေး crypto-currency လဲလှယ်ရောင်းဝယ်မှု မှန်သမျှကိုလည်း တရားမဝင် အဖြစ် ပြီးခဲ့တဲ့ လကုန်ပိုင်းက ကြေညာခဲ့ပါတယ်။
တရုတ်အစိုးရက အခုလို စီမံချက်တွေနဲ့ နည်းပညာဆိုင်ရာ စည်းကမ်း တင်းကျပ်မှုတွေ အကြီးအကျယ် လုပ်ခဲ့ရာမှာ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေကိုလည်း အလွတ်မပေးခဲ့ပါဘူး။
The Great Firewall of China ဆိုတဲ့ တရုတ်ပြည်မကြီးအတွင်း အွန်လိုင်း ထိန်းချုပ်မှုတွေ အကြောင်းစာအုပ် ရေးသားသူ ဂျိမ်းမ်စ် ဂရစ်ဖစ်သ်စ် ကတော့ "အခုလို တရုတ်က စီမံချက်နဲ့ စည်းကမ်း တင်းကျပ်လာတာကြောင့် အက်ပဲလ်နဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကြီး နှစ်ခုစလုံးအနေနဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကထက် အခြေအနေတွေ ပိုဆိုးလာနေတာကို အသေအချာ သတိထားမိကြပြီး ရှေ့လျှောက် ပိုပြီး ဂရုစိုက်ရတော့မယ်ဆိုတာကို သဘောပေါက်ထားကြတယ်"လို့ ဆိုပါတယ်။
အစကတည်းက တင်းကျပ်မှုတွေကြား အလုပ်လုပ်နေရတဲ့ မိုက်ခရိုဆော့ဖ်အတွက် လင့်ကင် ကို ရပ်ဆိုင်းလိုက်ရစေတဲ့အထိ ဖြစ်သွားစေတဲ့ နောက်ဆုံး တင်းကျပ်မှုတခုကတော့ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင် အသက်ဝင်မယ့် တရုတ်ဥပဒေသစ် တခုကြောင့် ဖြစ်ပါတယ်။ အဲဒီ ဥပဒေ ကတော့ ပုဂ္ဂိုလ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (PIPL) ဖြစ်ပြီး အဲဒီ ဥပဒေအရ မိုက်ခရိုဆော့ဖ် ကုမ္ပဏီအနေနဲ့ နောက်ထပ် လိုက်နာရမယ့် စည်းကမ်းတွေ ပိုများလာခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ "တရုတ်နိုင်ငံမှာ လုပ်ငန်းလည်ပတ်နိုင်ဖို့ အတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေ ပိုများလာပြီး စိန်ခေါ်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင် နေရတာကြောင့် လင့်ကင်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်"လို့ ဖော်ပြ ထားပါတယ်။
အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်က ဦးစီးတဲ့ တရုတ်ပြည်တွင်း ဒစ်ဂျစ်တယ်မူဝါဒ အနေအထား လေ့လာမှု DigiChina စီမံကိန်းရဲ့ အယ်ဒီတာချုပ် ဂရေဟမ် ဝက်ဘ်စတာကတော့ မိုက်ခရိုဆော့ဖ်ဟာ သူတို့ တရုတ်ပြည်တွင်းမှာ လင့်ကင် ဆက်လုပ်နေလို့ လိုက်နာနေရတဲ့ အနေအထားနဲ့ ရတဲ့အကျိုးအမြတ်က မတန်ဘူးလို့ယူဆတဲ့အတွက် ရပ်ဆိုင်းလိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လင့်ကင်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဟာ PIPL ဥပဒေ မကြာခင် အသက်ဝင်လာမှာနဲ့ ဆက်နွှယ် နေတယ်လို့ မစ္စတာ ဝက်ဘ်စတာက သုံးသပ်ပါတယ်။
မိုက်ခရိုဆော့ဖ်နဲ့ အနေအထား မတူတဲ့ အက်ပဲလ်
ဒါပေမဲ့ အက်ပဲလ် ကုမ္ပဏီရဲ့ တရုတ်ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ ဦးစားပေး ရည်ရွယ်ချက်ကတော့ မိုက်ခရိုဆော့ဖ်နဲ့ မတူပါဘူး။
အက်ပဲလ် ကုမ္ပဏီရဲ့ တရုတ်ပြည်တွင်းမှာ လုပ်ငန်းအခြေစိုက်မှုက တခြား အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး နက်ရှိုင်းပါတယ်။
ပြီးခဲ့တဲ့ ၃ လပတ် ထုတ်ပြန်ချက်အရ တရုတ်နဲ့ ထိုင်ဝမ် နှစ်ခုပေါင်းမှာ အက်ပဲလ် ကုမ္ပဏီရဲ့ ဝင်ငွေဟာ မကြုံစဖူး ထူးကဲအောင် များလှပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ နီးပါးတောင် ရှိခဲ့ပါတယ်။
အက်ပဲလ်ကုမ္ပဏီရဲ့ ကမ္ဘာတဝန်း ထုတ်လုပ် ဖြန့်ချိမှုဟာ တရုတ်ပြည်တွင်း အခြေစိုက်တဲ့ ထုတ်လုပ်ရေး အပိုင်းကို အားထားနေရတာပါ။ ဒါ့အပြင် တရုတ်နိုင်ငံထဲမှာ လုပ်ငန်းလုပ်နေရင် ဆင်ဆာ ဖြတ်တာပဲ ဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ စည်းမျဉ်းအတိုင်း လိုက်နာရမယ် ဆိုတာကို အက်ပဲလ် ကုမ္ပဏီက နားလည် သဘောပေါက်ထားပါတယ်။
ဒီနေရာမှာ အက်ပဲလ် ကုမ္ပဏီဟာ တရုတ်ပြည်တွင်းမှာ သူတို့ရဲ့ ထုတ်ကုန်တွေကိုပဲ ရောင်းချပြီး App Store အပိုင်းကို ဂရုမစိုက်ပဲ နေလို့ရတယ်လို့ ပြောစရာတော့ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြဿနာက အက်ပဲလ်ဟာ သူတို့ရဲ့ အဓိကထုတ်ကုန် အိုင်ဖုန်းနဲ့ App Store ကို မခွဲထားသင့်ဘူးလို့ ယူဆထားလို့ပါ။ တရုတ်ပြည်တွင်း အိုင်ဖုန်းအသုံးပြုသူတွေ သူတို့ရဲ့ အက်ပ်တွေကို App Store ပြင်ပကနေ ဆွဲယူ အသုံးပြုနေရမှာကိုလည်း မလိုလားပါဘူး။
နောက်တခုက ဝင်ငွေ သိသိသာသာ နည်းသွားမှာကြောင့်ပါ။ ဒီတော့ တကယ်လို့ အက်ပဲလ် အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို တရုတ်ပြည်ထဲမှာ ရောင်းနေမယ် ဆိုရင် App Store ကိုလည်း တရုတ်ပြည်တွင်းမှာ မဖြစ်မနေ လည်ပတ်ဖို့ လိုမှာဖြစ်ပါတယ်။
အက်ပဲလ် ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ အက်ပ်တွေ ဖြုတ်ချပေးနေရတာတွေ၊ အထူးသဖြင့် App Store မှာ ဆင်ဆာဖြတ် ခံရတာတွေကို တနည်းမဟုတ် တနည်း ကြုံလာနေရတာ နှစ်နဲ့ချီ ရှိနေပြီ လို့ မစ္စတာ ဝက်ဘ်စတာ က ပြောပါတယ်။
တရုတ်ပြည်တွင်းမှာ လုပ်ငန်းအခြေစိုက်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့အတွက် နောက်ထပ် ထပ်ပြီး အလျှော့ပေးရမှာတွေ ရှိလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
လျှို့ဝှက်နည်းဗျူဟာတွေ
တခြားကုမ္ပဏီတွေက မိုက်ခရိုဆော့ဖ်ထက် ဟိုးအစောကြီးကတည်းက ဒါတွေကို ကြိုမြင်ခဲ့တာပါ။
Google ဂူဂဲလ် ဆိုရင် အင်တာနက်မှာ အချက်အလက် ရှာဖွေပေးတဲ့ သူတို့ရဲ့ ဂူဂဲလ်စာမျက်နှာထဲ ခိုးဝင်တိုက်ခိုက် ခံခဲ့ရအပြီး ၂၀၁၀ ခုနှစ်ကတည်းက တရုတ်နိုင်ငံထဲကနေ ရုပ်သိမ်းခဲ့တာပါ။ ဒါဟာ တရုတ်အစိုးရရဲ့ လက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ အချက်အလက် ရှာဖွေမှုတွေကို ဆင်ဆာ လုပ်ခံနေရတာကို မကြိုက်တော့ဘူးလို့ ဂူဂဲလ် ကုမ္ပဏီက ပြောပါတယ်။
အက်ပဲလ်ကတော့ တချို့ အက်ပ် အတော်များများကို တရုတ်အာဏာပိုင်တွေက ဖြုတ်ချခိုင်းတဲ့ ကြားက တင်းခံထားပြီး ဆက်ထားထားတာမျိုး လုပ်လာနိုင်ပါတယ်။ လုပ်မလုပ် ဆိုတာတော့ တပ်အပ် မပြောနိုင်ပါဘူး။
မိုက်ခရိုဆော့ဖ် ကုမ္ပဏီက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာ လင့်ကင်ကို တရုတ်ပြည်တွင်းမှာ ရုပ်သိမ်းလိုက်တဲ့အတွက် အခုဆိုရင် အက်ပဲလ် ကုမ္ပဏီဟာ တရုတ်အစိုးရအတွက် အာရုံစိုက်စရာ ပစ်မှတ်ကြီးတခု ဖြစ်လာနိုင်တယ်လို့ Silicon Dragon ဆိုတဲ့ တရုတ်နိုင်ငံရဲ့ တိုးတက် အောင်မြင်နေတဲ့ နည်းပညာ အခြေအနေအကြောင်း စာအုပ်ရေးသားခဲ့သူ ရေဘက္ကာ ဖန်နင်က သုံးသပ်ပါတယ်။
ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ အက်ပဲလ်ကုမ္ပဏီဟာ တရုတ်ပြည်တွင်း ဈေးကွက်မှာ ဦးဆောင်ကုမ္ပဏီတခု ဖြစ်နေသေးတဲ့အတွက် ဒီကိစ္စတွေကြောင့်တော့ တရုတ်ပြည်တွင်းကနေ ရုပ်သိမ်းသွားဖို့ အလားအလာ မမြင်သေးဘူးလို့လည်း ဆိုပါတယ်။
အက်ပဲလ် ကုမ္ပဏီနဲ့ တရုတ်အာဏာပိုင်တွေအကြား ဘာတွေ တံခါးပိတ် ဆွေးနွေး ပြောဆိုနေတာလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီလို ကိစ္စမျိုးတွေကို အက်ပဲလ် ကုမ္ပဏီဘက်က အထူးတလည် မှတ်ချက်ပေးတာမျိုး သိပ်မရှိလှဘဲ ကုမ္ပဏီရဲ့ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒ အတိုင်း လုပ်ဆောင်နေတယ်လို့ပဲ သတင်းသမားတွေကို ပြန်ဖြေလေ့ရှိပါတယ်။
အက်ပဲလ်ကုမ္ပဏီ ချမှတ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒမှာ ဆိုရင် အက်ပဲလ်ဟာ သူအခြေစိုက်တဲ့ နိုင်ငံအတွင်းက လုပ်ငန်းတွေကို အဲဒီနိုင်ငံရဲ့ ဥပဒေအတိုင်း သဘောမတူရင်တောင် လိုက်နာရတယ်ဆိုတဲ့ အချက် ပါရှိပါတယ်။
အခု တရုတ်နိုင်ငံမှာလည်း အက်ပဲလ်ကုမ္ပဏီက အဲဒီအတိုင်း ကျင့်သုံး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တရုတ်အာဏာပိုင်တွေက အက်ပ်တစ်ခု ဖြုတ်ဖို့ ပြောလာရင် ဖြုတ်ပေးမှာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ အက်ပဲလ်ရဲ့ လုပ်ငန်း အခြေစိုက် လုပ်ကိုင်နေမှုတွေက အရင် အချိန်တုန်းကနဲ့ မတူတော့တာ အမှန်ပါ။ အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတွေလည်း တရုတ်ပြည်တွင်းမှာ သိပ်မရှိကြတော့ပါဘူး။
အခုချိန်မှာ မေးစရာ ရှိတာက စည်းမျဉ်း စည်းကမ်းတွေ၊ ဆင်ဆာ ဖြတ်မှုတွေက ဘယ်လောက် အတိုင်းအတာ အထိတောင် တင်းကျပ်လာနိုင်မလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။








