တရုတ်မှာ စီးပွားရေးလုပ်ငန်းတွေကို တင်းကျပ်လာလို့ ဘယ်လို သက်ရောက်မှုတွေ ရှိနေသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်း တမျိုးမဟုတ် တမျိုးကို အစိုးရက တင်းကျပ်မှုတွေ လုပ်နေခဲ့တာ လနဲ့ ချီလာခဲ့ပြီ ဖြစ်ပါတယ်။
တရုတ်အစိုးရက လတ်တလော လတွေအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေကို စည်းကြပ်မှု စည်းကမ်းအသစ်တွေ အမြောက်အမြား ထုတ်ပြန်လာပြီး ရှိပြီးသား ဥပဒေစည်းကမ်းတွေအရလည်း တင်းတင်းကျပ်ကျပ် အရေးယူနိုင်ဖို့လုပ်လာခဲ့ရာမှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးကုမ္ပဏီကြီးတွေကို သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
အခုလို တရုတ်အစိုးရရဲ့ လုပ်ကိုင်မှုတွေဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဗဟိုချက်မ မူဝါဒလို့ ဆိုနိုင်တဲ့ “ဘုံကြွယ်ဝရေး” မူဝါဒရဲ့ အစိတ်အပိုင်းတရပ်လည်း ဖြစ်ပါတယ်။
အဲဒီ ဘုံကြွယ်ဝရေးဆိုတဲ့ အသုံးအနှုန်းက တရုတ်နိုင်ငံအတွက် အခုမှ စတင်အသုံးပြုလာတဲ့ စကားလုံးတော့မဟုတ်ဘဲ ၁၉၅၀ ပြည့်လွန်နှစ်တွေ ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သူ ခေါင်းဆောင် မော်စီတုန်းက စတင် အသုံးပြုခဲ့တဲ့ အသုံးအနှုန်းလည်း ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ထူထောင်တဲ့ နှစ် ၁၀ဝ ပြည့်တဲ့ ၂၀၂၁ ခုနှစ်မှာ အခုလို အသုံးအနှုန်းကို သိသိသာသာနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာကို ကြည့်ခြင်းအားဖြင့် ဒါဟာ တရုတ်အစိုးရ မူဝါဒတွေရဲ့ ဗဟိုချက်မ မူဝါဒ ဖြစ်လာပြီ ဆိုပြီး အချက်ပြလိုက်တာ ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
အဲဒီ ဘုံကြွယ်ဝရေး မူဝါဒမှာ အဓိကကျတာကတော့ တိုင်းပြည်ရဲ့ အချမ်းသာဆုံးနဲ့ အဆင်းရဲဆုံးကြားမှာ ရှိနေတဲ့ ကွာဟမှုကို လျှော့ချဖို့ တရုတ်အစိုးရက ကြိုးစားမှုပဲ ဖြစ်ပါတယ်။
အခုလို ကွာဟမှု အခြေအနေဟာ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး တရုတ်နိုင်ငံရဲ့ ဆက်လက် တိုးတက်မှုကို ထိခိုက်နိုင်ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ရေရှည်တည်တံ့မှုကိုလည်း ခြိမ်းခြောက်နေတဲ့ အနေအထား ဖြစ်တယ်လို့ အချို့ ပညာရှင်တွေက ယူဆနိုင်ကြပါတယ်။
တရုတ်အစိုးရရဲ့ အခုလို မူဝါဒဖော်ဆောင်မှုတွေဟာ တရုတ်နိုင်ငံက ဘီလျံနာသူဋ္ဌေးတွေရဲ့ ကုမ္ပဏီကြီးတွေ အနေနဲ့ သူတို့ရဲ့ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူသူတွေနဲ့တကွ အလုပ်သမားတွေကိုလည်း အဲဒီ လုပ်ငန်းကြီးတွေ ဘယ်လိုလည်ပတ်ပြီး ရတဲ့ အမြတ်တွေကို ဘယ်လို ခွဲဝေသင့်လည်း ဆိုတဲ့ ကိစ္စမှာ ဆုံးဖြတ်ခွင့် ပိုပေးဖို့ ဖြစ်တယ်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။
ပြည်ပအထိ သက်ရောက်မှု ရှိစေတဲ့ တရုတ်အစိုးရရဲ့ တင်းကျပ်မှုများ
တရုတ်အစိုးရဟာ အခုလို ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေအပေါ် စည်းကမ်းတွေ တင်းကျပ်လာခဲ့ရာမှာ အာမခံလုပ်ငန်း၊ ပုဂ္ဂလိက သင်ကြားရေးလုပ်ငန်းနဲ့ အိမ်ခြံမြေ လုပ်ငန်းတွေကိုသာမက အမေရိကန်မှာ ရှယ်ယာစာရင်းသွင်းရောင်းချဖို့ ရှိနေတဲ့ ပြည်ပဖြန့်ကြက် ကုမ္ပဏီတွေကိုလည်း အထူးတလည် စောင့်ကြည့် ကြပ်မတ်လာခဲ့ပါတယ်။
အထူးသဖြင့် နည်းပညာနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ တရုတ်အစိုးရက အဓိက ကိုင်တွယ်ဆောင်ရွက်လာတာကိုလည်း တွေ့ရပါတယ်။
အခုလို တင်းကျပ်ခံရတဲ့ လုပ်ငန်းတွေကတော့ အွန်လိုင်း ကုန်သွယ်ရေးလုပ်ငန်းတွေ၊ အွန်လိုင်းက ဘဏ္ဍာရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေ၊ ဂိမ်းကုမ္ပဏီတွေ၊ အွန်လိုင်းမှာ အချက်အလက် သိမ်းဆည်းပေးတဲ့ လုပ်ငန်းတွေ၊ အွန်လိုင်းအခြေခံ တက္ကစီ လုပ်ငန်းတွေနဲ့ ကွန်ပျူတာတွက်ချက်မှု အခြေပြု ငွေကြေးရှာခြင်းနဲ့ လဲလှယ်ရေးခြင်း လုပ်တဲ့ လုပ်ငန်းတွေ အထိ အစုံအလင် ပါဝင်နေပါတယ်။
အခုလို တရုတ်အစိုးရရဲ့ လုပ်ဆောင်မှုတွေက တရုတ်စီးပွားရေးနဲ့တကွ တရုတ်လူ့အဖွဲ့အစည်းကို အဓိကကျတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာတဝန်းမှာပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံကို ကမ္ဘာ့ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာ စက်ရုံကြီးအဖြစ် ယူဆကြပြီး ကမ္ဘာ့စီးပွားရေးတိုးတက်ဖို့ မောင်းနှင်ပေးနေတဲ အင်ဂျင်ကြီးတခုအဖြစ်လည်း ယူဆချက် ရှိနေပေမယ့် အခုလို အနေအထားက အပြောင်းအလဲ ရှိလာနိုင်ပါတယ်။
လက်ရှိအနေအထားမှာဆိုရင် တရုတ်နိုင်ငံမှာ စီးပွားရေးဆိုင် စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး မသေချာမှုတွေ ရှိလာတဲ့အတွက် ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲသွားနိုင်ပါတယ်။
လက်ရှိ စည်းကမ်း အပြောင်းအလဲကာလမှာ ပြည်တွင်းပြည်ပက လုပ်ငန်းတွေ အခက်တွေ့နိုင်တယ် ဆိုပေမယ့်လည်း အသစ်ချမှတ်လိုက်တဲ့ စည်းကမ်းတွေ အထိုင်ကျသွားခဲ့ရင်တော့ အခုလို မသေချာမှုတွေက ယာယီပဲ ဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိထားပြီး တရုတ်အစိုးရ ကိုယ်တိုင်ကလည်း အဲဒီအတိုင်း ရှုမြင်နေတယ်လို့ ဆိုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကနဦး နမူနာပြ ကိုင်တွယ်ခံရတဲ့ အလီဘာဘာ ကုမ္ပဏီထူထောင်သူ ဂျက်မား
တရုတ်အစိုးရက လတ်တလော ဘုံကြွယ်ဝမှု မူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့် မပြောလာခင် လတ်တလော ကာလအတွင်းမှာတင်ပဲ အများအံ့သြရတဲ့ လုပ်ငန်းကြီးတွေ ဦးဆောင်သူတဦးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြခဲ့ပါတယ်။
စီးပွားရေးဆိုင်ရာ အခမ်းအနားတွေမှာ ဟိတ်ဟန် ဝင့်ကြွားစွာနဲ့ ပွဲတက်လာလေ့ရှိတယ်ဆိုပြီး လူသိများတဲ့ အလီဘာဘာ ကုမ္ပဏီ တည်ထောင်သူ ဘီလျံနာ သဌေး ဂျက်မားဟာ ပြီးခဲ့တဲ့ တနှစ်မပြည့်ခင် ကာလအတွင်းမှာပဲ သူ့ရဲ့ ကုမ္ပဏီကို စတော့ဈေးကွက် လောကမှာ အကြီးဆုံး ပထမဆုံး မှတ်တမ်းဝင် ရောင်းချမှု လုပ်ဖို့ ပြင်ဆင်နေခဲ့သူ ဖြစ်ခဲ့ပါတယ်။
အလီဘာဘာနဲ့ ဘဏ္ဍာရေး မိတ်ဖက် ဖြစ်ပြီး တရုတ်နိုင်ငံမှာ အကြီးဆုံး အွန်လိုင်းငွေလွှဲမှု လုပ်ငန်း အလီပေးကိုလည်း ပိုင်ဆိုင်တဲ့ အန့်ဂရု ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေကို ပထမဆုံးအနေနဲ့ ဈေးကွက်တင် ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၃၄.၄ ဘီလျံ အထိ ရရှိဖို့ ခန့်မှန်းချက် ထုတ်ခံခဲ့ရပါတယ်။
အခုလို အမှန်တကယ် ရခဲ့မယ်ဆိုရင် ဂျက်မားဟာ အာရှမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်လာနိုင်တဲ့ ဆိုပေမယ့် အဲဒီ အချိန်မှာ သူက တရုတ်ဘဏ္ဍာရေးစနစ်ကို အငြင်းပွားဖွယ်ရာ ဝေဖန်တဲ့ မိန့်ခွန်းတခု ပြောဆိုခဲ့ပါတယ်။
အခုလို ပြောဆိုပြီး ရက်ပိုင်းအတွင်းမှာပဲ အန့်ဂရုရှယ်ယာ ရောင်းချမယ့် အစီအစဉ် ဖျက်သိမ်းကြောင်း ကြေညာချက်ထွက်လာခဲ့တဲ့အပြင် လူမြင်ကွင်းမှာ ဟိတ်ဟန် အပြည့်နဲ့ တွေ့ရလေ့ရှိတဲ့ ဂျက်မားကို လူမြင်ကွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအထိ မတွေ့ရဘဲ ဖြစ်ခဲ့ပါတယ်။
အခုလို ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်အစိုးရက အလီဘာဘာ ကုမ္ပဏီကို စုံစမ်းစစ်ဆေးမှုအရ ဈေးကွက်ကြီးစိုးမှုကို တလွဲအသုံးချခဲ့တာ တွေ့ရှိရတဲ့အတွက် ဆိုပြီး အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံ စံချိန်တင် ဒဏ်ရိုက်ခဲ့ပါတယ်။
အလားတူပဲ အန့်ဂရုကုမ္ပဏီဟာလည်း သူတို့ရဲ့ လုပ်ငန်း ဖွဲ့စည်း လည်ပတ်ပုံကို ကြီးကြီးမားမား ပြောင်းလဲမှုတွေ လုပ်ပေးခဲ့ရပါတယ်။
မစ္စတာမားရဲ့ စီးပွားရေးလောကမှာ ရပ်တည်မှု အနေအထား ကျဆင်းသွားမှုနဲ့တကွ သူ့ရဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးအင်ပါယာ တင်းကျပ်ခံလိုက်ရမှုဟာ လက်ရှိ တရုတ်ရဲ့ စီးပွားရေးကဏ္ဍပေါင်းစုံအထိ ရောက်ရှိလာတဲ့ စည်းကမ်းတင်းကျပ်မှုတွေရဲ့ အဖွင့်ခြေလှမ်းလို့လည်း ဆိုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျက်မားအပြီးမှာ ကြပ်မတ်ခံရတဲ့ အဲဗားဂရန်းအုပ်စု ကုမ္ပဏီ
အခု လတ်တလော တရုတ်အစိုးရရဲ့ ဘုံကြွယ်ဝမှု မူဝါဒအရ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်ခံရတဲ့ ကုမ္ပဏီကြီးနောက်တခုကတော့ အဲဗားဂရန်းဂရု ဖြစ်ပါတယ်။
ဒီကုမ္ပဏီကြီးရဲ့ အဓိကလုပ်ငန်းက အိမ်ခြံမြေ ဆောက်လုပ်ရောင်းဝယ်ရေး ဖြစ်တယ် ဆိုပေမယ့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုလုပ်ငန်း၊ လျှပ်စစ်ကား လုပ်ငန်း၊ အစားအသောက် လုပ်ငန်းတွေမှာလည်း ပါဝင်မှုရှိနေပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဘောလုံးကလပ်အသင်းတွေထဲက တသင်းဖြစ်တဲ့ ကွမ်ကျိုးကလပ်ကိုလည်း ပိုင်ဆိုင်ပါတယ်။
ဒီလုပ်ငန်းကြီးကို ပိုင်ဆိုင်သူကတော့ ဘီလျံနာသူဋ္ဌေး ဟွီကားယန် ဖြစ်ပြီး သူဟာ ဖော့ဘ်စ် မဂ္ဂဇင်းလေ့လာချက်အရ ၂၀၁၇ မှာ အာရှအချမ်းသာဆုံးလည်း ဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ အဲဗားဂရန်းကုမ္ပဏီဟာ လတ်တလောကာလမှာ အကြွေးပြဿနာကြီးလာပြီး ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်ကိုလည်း ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။
ဒီကုမ္ပဏီဟာ တရုတ်ရဲ့ အကြီးဆုံး အိမ်ခြံမြေ ဆောက်လုပ်ရောင်းဝယ်ရေး လုပ်ငန်းတွေထဲက တခုလည်း ဖြစ်ပေမဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ဝ လောက်လည်း အကြွေးတင်လာခဲ့ပါတယ်။
တရုတ်အစိုးရဟာ လက်ရှိကာလမှာ အခုလို ချေးငွေကြီးကြီးမားမားယူပြီး လည်ပတ်နေတဲ့ ကုမ္ပဏီကြီးတွေက တရုတ်စီးပွားရေးကို ခြိမ်းခြောက်နေတယ်လို့ ယူဆလာတဲ့အတွက် ဒီလို ချေးငွေယူပြီး လုပ်ငန်းလုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ စလုပ်လာခဲ့ပါတယ်။
အခုလို ကန့်သတ်ခံရတဲ့အတွက် တင်ရှိနေပြီးသား အကြွေးအတွက် ပေးချေရမယ့် ကိစ္စမှာ ထပ်မံ ချေးငွေ မရတော့လို့ ဒီကုမ္ပဏီကြီး အခက်ကြုံနေရပါတယ်။
ဒီလို အနေအထားမှာ တရုတ်ရဲ့ ဘုံကြွယ်ဝမှု မူဝါဒအရဆိုရင် တရုတ်အစိုးရဟာ အဲဗားဂရန်းက ရောင်းတဲ့ အိမ်ခြံမြေတွေကို ဝယ်ယူသူတွေ၊ သူတို့ရဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေကိုသာ ဘဏ္ဍာရေးအကျပ်အတည်းအတွက် ကူညီနိုင်ခြေရှိပြီး ကုမ္ပဏီ နဲ့တကွ ကုမ္ပဏီဆီက ရစရာရှိတဲ့ အကြွေးရှင်တွေဖြစ်တဲ့ အမြတ်ငွေထုတ် လက်မှတ် ဘွန်းကိုင်ထားသူတွေနဲ့ ဘဏ်တွေကို ကူညီနိုင်ခြေ နည်းနေပါတယ်။
လက်ရှိ အောက်တိုဘာလဆန်း အတွင်းမှာလည်း တရုတ်ဗဟိုဘဏ် ကိုယ်တိုင်က အိမ်ခြံမြေ ဈေးကွက် အကျပ်အတည်းနဲ့ ပတ်သက်လို့ အဲဗားဂရန်းကုမ္ပဏီနာမည်ကို ထည့်သွင်း မပြောကြားဘဲ ဝယ်သူတွေကို အကာအကွယ်ပေးမယ် ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။
အခုလို အနေအထားကြောင့် နိုင်ငံတကာ ဘဏ္ဍာရေး ဈေးကွက်တွေကိုပါ ရိုက်ခတ်မှု ရှိနေပြီး ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ အဲဗားဂရန်းရဲ့ စတော့ရှယ်ယာ ပေါက်ဈေးကလည်း ၈၀ ရာခိုင်နှုန်း အထိကို ကျဆင်းသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Edwin Tan
ဂိမ်းလုပ်ငန်းဈေးကွက်အတွင်း ရိုက်ခတ်မှု
ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းမှာ တရုတ်နိုင်ငံပိုင် သတင်းဌာနတခုက အွန်လိုင်းဂိမ်းတွေကို စိတ်အဆာပြေ ဘိန်း သဖွယ် ဖြစ်နေတယ် ဆိုတဲ့ ပြောဆိုမှုတခု ထွက်လာခဲ့ပါတယ်။
အခုလို နိုင်ငံပိုင် သတင်းဌာနက ဒီလို သတင်းထွက်လာတာကြောင့် Tencent နဲ့ NetEase ဂိမ်းကုမ္ပဏီတွေရဲ့ ရှယ်ယာ တန်ဖိုးတွေလည်း ကျဆင်းသွားခဲ့ပါတယ်။
အဲဒီ သြဂုတ်လအတွင်းမှာပဲ တရုတ်အာဏာပိုင်တွေ ကိုယ်တိုင်က ပြည်တွင်း ဂိမ်းကစားသူ လူငယ်တွေအပေါ် ကစားချိန် ကန့်သတ်မှု အပါအဝင် အခြား စည်းကမ်းတွေနဲ့ ဂိမ်းလုပ်ငန်းတွေကိုလည်း တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ခဲ့ပါတယ်။
အဲဒီ ကန့်သတ်ချက်တွေအရ တရုတ်နိုင်ငံက ၁၈ နှစ်အောက် လူငယ်တွေဟာ သောကြာနေ့၊ စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေမှာသာလျှင် ဂိမ်းကို တနေ့ တနာရီ ကစားခွင့်ရပြီး ကစားနိုင်တဲ့အချိန်ကလည်း ည ၈ နာရီကနေ ၉ နာရီအတွင်းသာ ဖြစ်ရမယ်လို့ ဆိုပါတယ်။
အဲဒီ စည်းကမ်းချက်အတိုင်း ကန့်သတ်ဖို့ တာဝန်ကို ဂိမ်းကုမ္ပဏီတွေက ယူရမှာဖြစ်ပြီး ဂိမ်းကုမ္ပဏီတွေဘက်က အမှန်တကယ် ကန့်သတ်မှု ရှိမရှိ အပေါ် တရုတ်အာဏာပိုင်တွေက တိုးမြှင့် စစ်ဆေး စောင့်ကြည့်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လုပ်ငန်းပေါင်းစုံကို စည်းကမ်းတင်းကျပ် ကန့်သတ်ဖို့ ပြင်နေတဲ့ တရုတ်အစိုးရ
တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ၂၀၂၅ အထိ သက်တမ်းရှိမယ့် အချက် ၁၀ ချက် အခြေပြု စီမံကိန်းကို ကြေညာခဲ့ပါတယ်။
အဲဒီ အချက်တွေထဲမှာ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းကို ပိုမို စနစ်ကျ၊ ထိရောက်အောင် လုပ်ဆောင်ဖို့အပါအဝင် လူမှုရေးရာ မျှတမှုရှိရေးအတွက် အစိုးရက ကြားဝင် ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့အချက်လည်း ပါဝင်နေပြီး နည်းပညာအခြေပြု အုပ်ချုပ်ကန့်သတ်မှုတွေလည်း လုပ်မယ် ဆိုတဲ့အတွက် ဘက်စုံ စည်းကမ်းတင်းကြပ်မှုတွေ အကောင်အထည်ဖော်တဲ့အပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံရနိုင်ပါတယ်။
အခုလို စည်းကမ်းသစ်တွေ ချမှတ်ပြီး၊ ရှိနေပြီးသား စည်းမျဉ်းတွေ အတိုင်း တိတိကျကျ အရေးယူမှုတွေ ပြုလုပ်လာမယ့် အခြေအနေက ကမ္ဘာ့ ဒုတိယအကြီးဆုံး တရုတ်စီးပွားရေးကို ဘယ်လို ပုံစံပြောင်းစေမလဲ ဆိုတာကတော့ ခန့်မှန်းရ ခက်တဲ့ အနေအထားမှာ ရှိနေပေမယ့် နိုင်ငံတကာအထိ ရိုက်ခတ်မှုတွေကတော့ ဆက်ရှိနေဖို့ များပါတယ်။








