တရုတ်အပြောင်းအလဲ - ရှီကျင့်ဖျင်က ဘာ့ကြောင့်ဆိုရှယ်လစ်လမ်းကြောင်းကို ပြန်လှည့်နေလဲ
တရုတ်အပြောင်းအလဲ - ရှီကျင့်ဖျင်က ဘာ့ကြောင့်ဆိုရှယ်လစ်လမ်းကြောင်းကို ပြန်လှည့်နေလဲ
စတက်ဖင် မက်ခ်ဒွန်နယ်
ဘီဘီစီ သတင်းဌာန၊ ဘေဂျင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းဖြစ်နည်းနဲ့ ပွင့်နိုင်သမျှအလန်းဆန်းဆုံးပွင့်လိုက်ဆိုတဲ့ အရင်းရှင်စနစ်နဲ့ အတူ တရုတ်နိုင်ငံကပြည်သူတွေရဲ့ ဘဝဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။
သတ်မှတ်ချက်ဘောင်တွေအရ "ကွန်မြူနစ်"နိုင်ငံဖြစ်ပေမဲ့ အရင် ဥက္ကဋ္ဌကြီး မော်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးက ဖြစ်စေခဲ့တဲ့ ဒုက္ခနွံအိုင်ကနေ နိုင်ငံကို အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် လူတချို့အလွန်အမင်း ချမ်းသာရင်လည်း ချမ်းသာကြစေ၊ အဲဒီချမ်းသာမှုကနေ အားလုံးသော လူမှုအသိုင်းအဝိုင်းက ပြည်သူတွေ အကျိုးအမြတ် ခံစားရလိမ့်မယ်လို့ အစိုးရက ယုံယုံကြည်ကြည်နဲ့ အဲဒီ အပေါ်ကနေလျှံကျလာမယ့် စီးပွားရေး ပုံစံကို တွန်းခဲ့ကြပါတယ်။
အတိုင်းအတာတစ်ခုအထိတော့ အလုပ်ဖြစ်ခဲ့ပါတယ်။ အလယ်အလတ်လူတန်းစားအလွှာ အကြီးအမားပေါ်ထွန်းလာတယ်၊ လူမှုအသိုင်းအဝိုင်းအသီးသီးက ပြည်သူအားလုံးလည်း အရင်ကထက် ပိုသာတဲ့ လူနေမှု အဆင့်အတန်းကို ရခဲ့ကြပါတယ်။
ကြွယ်ဝမှု ကွာဟလာခြင်း
၁၉၇၀ နှစ်တွေတစ်ဝိုက် စီးပွားရေးကတန့်နေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ တရုတ်ရဲ့ စီးပွားရေးက ကြီးကြီးလာခဲ့တာဟာ အခုဆိုရင် ကမ္ဘာမှာ စီးပွားရေးအရ အကြီးဆုံးဖြစ်တဲ့ အမေရိကန် စီးပွားရေးကို စိန်ခေါ်လာတဲ့အခြေမှာ ရှိနေပါပြီ။
ဒါပေမဲ့ နိုင်ငံတွင်းမှာ ဝင်ငွေ ကွာဟမှုက မိုးနဲ့မြေလို ဖြစ်လာပါတယ်။
အချိန်ကောင်းမှာ နေရာကောင်းကိုရခဲ့သူတွေရဲ့ သားသမီးတွေက အလွန်အမင်းချမ်းသာ နေကြတာကို တွေ့ရပါတယ်။
၁၉၈၀နှစ်တွေ တစ်ဝိုက်မှာ စက်ရုံတွေကို ရယူနိုင်ခဲ့ကြတဲ့ မိဘတွေက မတန်တဆသော အကျိုးအမြတ်တွေရခဲ့ကြပြီး သူတို့ရဲ့မျိုးဆက်တွေ ရောင်ရှိန်ဝါတဲ့ မြို့တွေအလယ် တောက်ပနေတဲ့ ဇိမ်ခံပြိုင်ကားတွေစီးနိုင်စေခဲ့ပါတယ်။ ဝှီးကနဲ ဖြတ်သွားတဲ့ သူတို့ရဲ့ ကားတွေ ဘေးက လမ်းနံဘေးမှာတော့ နေစရာ အိမ်ခန်းတစ်ခု ဝယ်ဖို့ ဘယ်လိုမှ မတတ်နိုင်တဲ့ ဆောက်လုပ်ရေး လုပ်သားတွေ လမ်းလျှောက်နေကြပါတယ်။
ပါတီအတွက်ဆိုရင် ကြံစည်လုပ်ကိုင်တာမှန်သမျှအခက်အခဲ မရှိအောင်မြင်စေရမယ် ဆိုတဲ့ ကောင်းချီးရထားတာနဲ့အတူ အဲဒီအချိန်က ခေတ်အစားဆုံး စကားလုံးကတော့ "တရုတ်ရဲ့ ဝိသေသလက္ခဏာနဲ့ အညီ" ဆိုတာပါ။
"တရုတ်ရဲ့ ဝိသေသလက္ခဏာနဲ့ အညီ" ဖြစ်သော ဆိုရှယ်လစ်အတွေးအခေါ်ဟာ ဆိုရှယ်လစ် လို့ မဆိုသာပေမဲ့ အဲဒီ အမည်နာမအောက်မှာ အစိုးရဟာ အတွေးအမြင်အရ ပြောင်းသာ လှည့်သာ အကြီးအမားလုပ်ခွင့်ရခဲ့ပါတယ်။
အခုတော့ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်ဟာ အဲဒီဟာတွေကို လုံးဝ လက်ခံတော့မယ့်ပုံ မရှိတော့ပါဘူး။
သူ့ဦးဆောင်မှုအောက်က တရုတ်အစိုးရဟာ ကွန်မြူနစ်တွေကို ကွန်မြူနစ်ပါတီထဲ ပြန်သွင်းနေပါပြီ၊ အကုန်လုံးမဟုတ်တောင် တစ်စုံတစ်ရာ အတိုင်းအထိပေါ့။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီကာလမှာ ခေတ်စားလာတဲ့ စကားလုံးတွေကတော့ " အများပြည်သူနဲ့ဆိုင်သော ချမ်းသာကြွယ်ဝမှု (common prosperity)"ဆိုတာပါ။
လမ်းမတွေဘေးက ဝါဒဖြန့်ဆိုင်းဘုတ်တွေဆီမှာတော့ ဒီစကားလုံး မရောက်လာသေးပါဘူး၊ ဒါပေမဲ့ သိပ်မကြာတော့တဲ့အချိန်မှာ ရောက်လာတော့မှာပါ။
ဒါဟာ တရုတ်ခေါင်းဆောင်က လုပ်နေတဲ့ အလုပ်ရဲ့ အခြေခံအုတ်မြစ်ပါပဲ။
နေ့စဉ်ဘဝတွေမှာ ကန့်သတ်လာမှုတွေ
အဲဒီ နဖူးစည်းစာတမ်းအောက်မှာ အခွန်တိမ်းရှောင်တဲ့ လူချမ်းသာတွေကို ပစ်မှတ်ထား အရေးယူတာတွေ ပိုလုပ်လာသလို၊ ပုဂ္ဂလိကပညာရေးကုမ္ပဏီတွေကို ပိတ်ပင်လာပြီး ပညာရေးကို အလွှာပေါင်းစုံပြည်သူတွေအကြား ပိုပြီးမျှမျှတတရနိုင်ရေး ပိုလုပ်လာပါတယ်။ ဒီအစီအစဥ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံထဲက နည်းပညာကုမ္ပဏီကြီးတွေအပေါ် ကန့်သတ် လာတာတွေကို တွေ့ရမှာပါ။
ဒီတော့ ကွန်မြူနစ် အတွေးအခေါ်ဆီ ပြန်သွားရေးကို ရှီကျင့်ဖျင် အနေနဲ့ တကယ့်ကို ယုံယုံကြည်ကြည်လုပ်နေတာလား။ ဒီအမေးကို ဟုတ်တယ်လို့ ရာနှုန်းပြည့် ဖြေနိုင်ဖို့တော့ အတော်ခက်ပါတယ်၊ ဒါပေမဲ့ သုံးသပ်သူတချို့ကတော့ ဟုတ်တယ်၊ ဒီလိုလမ်းကို သွားနေ တာလို့ ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အတိတ်မှာဖြစ်ခဲ့တာတွေနဲ့ နှိုင်းယှဥ်ရင် ဒီဟာမျိုးက အရင်နဲ့ မတူဘူးလို့ ပါတီအရာရှိ အတော်များများက မြင်ကြပါတယ်။
ဓနဖြစ်ထွန်းမှုကို ပြန်ဝေမျှရာမှာ ကွန်မြူနစ်လမ်းကြောင်းပြန်သွားဖို့နဲ့ အတူ လူတွေရဲ့ နေ့စဉ်ဘဝတွေဆီ ပါတီကို ပြန်ထည့်ဖို့ မစ္စတာရှီ ရည်ရွယ်ပုံရပါတယ်။ ဒီလိုလုပ်မှလည်း လက်တွေ့ကျမယ်လို့ သူကခံယူထားပုံရပါတယ်။
ကလေးတွေဟာ ဗီဒီယိုဂိမ်းတွေ ကစားရင်း သူတို့ရဲ့ လူငယ်ဘဝကို အချိန်ဖြုန်းကာ လူပျင်း လေးတွေ ဖြစ်ကုန်ပြီ၊ ဒီတော့ ပါတီရဲ့ ဖြေရှင်းချက်က တနေ့ကို ဂိမ်းကစားတာ ၃ နာရီ ကန့်သတ်ခြင်း။
နာမည်ကျော်မှုတွေကို ကိုးကွယ်စေတဲ့ ရုပ်သံအစီအစဉ်တွေနဲ့မှိုင်းမိနေသော ဆယ်ကျော် သက်တွေအတွက် ပါတီရဲ့ ကယ်တင်ချက်က တီဗီ အစီအစဉ်တွေမှာ ကနွဲ့ကလျလုပ်နေတဲ့ ယောက်ျားလေးတွေကို မထည့်နဲ့။
ကျားနဲ့မ၊ အသက်ကြီးသူနဲ့ ငယ်သူ လူဦးရေအခြေပြဇယားမှာ အခြေအနေမလှတာတွေ ဖြစ်လာတော့ ပါတီရဲ့ ဖြေရှင်းချက်က အားလုံးအတွက် ကလေး ၃ ယောက် ပေါ်လစီ။
ဘောလုံး၊ ရုပ်ရှင်၊ ဂီတ၊ အတွေးအခေါ်၊ တနှစ်အောက်ကလေး၊ ဘာသာစကား၊ သိပ္ပံ စတဲ့ စတဲ့ အရာအားလုံးအတွက် ပါတီမှာ အဖြေရှိပါတယ်။
သူ့ဖခင်ရဲ့ ယုံကြည်ချက်တွေနဲ့ ဖီလာဖြစ်လာ
ဒီနေ့ဒီအချိန်က ခေါင်းဆောင်ရှီကျင့်ဖျင် ဖြစ်လာဖို့ ဘာတွေကတွန်းပို့ခဲ့သလဲဆိုတာကို နားလည်နိုင်ဖို့ သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို ကြည့်ရအောင်ပါ။
သူ့ဖခင် ရှီဂျောင်ဆင်ဟာ ကွန်မြူနစ်ပါတီ စစ်ပွဲထဲက သူရဲကောင်းတစ်ယောက်ဖြစ်ပြီး အလယ် အလတ် လမ်းစဉ်သမားလို့ အသိများပါတယ်၊ နောက်ပိုင်း မော်စီတုန်း အာဏာရတဲ့ ကာလမှာ တော့ ရှီဂျောင်ဆင်ဟာ တာဝန်ကနေ ဖယ်ရှားခံခဲ့ရပြီး ထောင်သွင်းအကျဉ်းချတာ ခံခဲ့ရပါတယ်။
သူ့ အမေဟာ သူ့အဖေကို အဲဒီအချိန်က ရှုတ်ချတာတွေ လုပ်ခဲ့ရပါတယ်။ ၁၉၇၈ မှာ သူ့ဖခင်ဟာ ပြုပြင်ပြောင်းလဲရေးအကျဉ်းစခန်းကနေ ပြန်လွတ်လာခဲ့ပြီးတဲ့နောက် ဂွမ်ဒေါင်း ပြည်နယ်မှာ စီးပွားရေး ဖွင့်ပေးဖို့ တွန်းအားပေးခဲ့ပါတယ်။ တရုတ်မှာ လမ်းဟောင်းမလိုက်ဘဲ တိုးတက်တီထွင်တဲ့ အမြင်ကိုင်စွဲတဲ့ ခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ ဟူရောင်ဘန်းကို သူ့ဖခင်က အကာအကွယ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။
သူ့ဖခင်ဟာ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့ လက်အောက်မှာ အပြစ်ပေးတာခံရတဲ့သူ၊ ပြုပြင်ပြောင်းလဲရေးကို လုပ်ဖို့ ဆန္ဒရှိတဲ့သူဖြစ်ပါတယ်၊ ဒါပေမဲ့ ဘာ့ကြောင့် ရှီကျင့်ဖျင်က ပါတီကို သူ့ဖခင်ရဲ့ ယုံကြည်ချက်တွေနဲ့ ဖီလာဘက်ဆီကို ပြန်သွားစေချင်တာလဲလို့ လူအများက အမေးရှိကြမှာပါ။
ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေကတော့ အမျိုးမျိုးပါ။
နိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်ပြီး သူ့ဖခင်နဲ့ သူ သဘောမတူတာမျိုး ဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ် တရုတ်ခေါင်းဆောင်ဟာ သူ့ဖခင်က အဲဒီအချိန်က ဦးစားပေးထားခဲ့တာမျိုးတွေနဲ့ မတူတာကို အလေးထားတာမျိုးဖြစ်နိုင်သလို၊ မော်စီတုန်း ခေတ်က မူဝါဒမျိုးတွေနဲ့ လုံးဝ ကွာခြားတဲ့ဆီကို သွားဖို့လည်း ရည်ရွယ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှီကျင့်ဖျင် အသက် ၁၅နှစ်မှာ သူ့ဖခင်က ထောင်ထဲကို အပို့ခံခဲ့ရပြီး သူကိုယ်တိုင်လည်း ဂူထဲက အိမ်မှာနေထိုင်ရကာ နှစ်ပေါင်းများစွာ လယ်ကွင်းတွေထဲမှာ အလုပ်လုပ်ခဲ့ရပါတယ်။
ဒီလို ကသောင်းကနင်းကာလတွေက သူ့အတွက်ပိုခိုင်မာတဲ့လူဖြစ်လာစေသလို၊ တင်းမာတဲ့ အမြင်တွေရှိတဲ့ နိုင်ငံရေးကို မုန်းဖို့လည်း ဖြစ်လာစေနိုင်ပါတယ်။
တရုတ်အရေး စောင့်ကြည့်လေ့လာသူတချို့က ၁၉၆၀နှစ်တွေ၊ ၁၉၇၀နှစ်တွေမှာ ကြုံခဲ့ရတဲ့ ပရမ်းပတာ မတည်မငြိမ်ဖြစ်မှုတွေမျိုးဆီကို တရုတ်ပြန်လှည့်မသွားစေဖို့ ခိုင်မာတဲ့ ခေါင်းဆောင်တစ်ယောက်ကသာ လုပ်ဆောင်နိုင်မှာကို ရှီကျင့်ဖျင် ယုံကြည်လက်ခံ ထားနိုင်လိမ့်မယ်လို့ တွက်ဆကြပါတယ်။
အခုဆိုရင် စည်းမျဉ်းတွေကလည်း ပြောင်းထားပြီးဖြစ်သလို၊ သူကြိုက်တဲ့ကာလ အထိ အာဏာကို သူကိုယ်တိုင် ကိုင်ထားနိုင်မယ့် အခြေအနေမှာ ရှိနေပါပြီ။
သူ့ဆုံးဖြတ်ချက်တွေက ဘာလဲဆိုတာကို သူကိုယ်တိုင်ရှင်းပြတာမျိုးက ဘယ်သောအခါမှ ကျွန်တော်တို့ မကြားရတာကြောင့် ဒီလိုပဲ မှန်းဆပြောနေကြရတာပါ။ ပါတီက ထိန်းချုပ်ထားပြီး ပါတီနဲ့လိုက်လျောညီထွေရှိတဲ့ မီဒီယာမှာတောင် တရုတ်ခေါင်းဆောင်တွေက အင်တာဗျူး ပေးလေ့မရှိပါဘူး။
ရုပ်မြင်သံကြားမှာ ပြနိုင်ဖို့အတွက် မစ္စတာရှီဟာ ကျေးလက်က တောရွာတွေမှာ ပေါ်လာမယ်၊ စီစဉ်ထားတဲ့ လူအုပ်တွေက သူ့ကို ဝိုင်းကြိုကြမယ်၊ အဲဒီသူတွေက ပြောင်းကို ဘယ်လို စိုက်ရမယ် ဆိုတဲ့ ခေါင်းဆောင်ရဲ့ ဉာဏ်အမြှော်အမြင်တွေ၊ ဒေသခံတွေရဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အကြံပေးချက်တွေကို ကြားကြရမယ်၊ နောက် ခေါင်းဆောင်က ပြန်ထွက်ခွာသွားတာကို မြင်ကြရမှာပေါ့။
ဒီတော့ တရုတ်ရဲ့ စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ပုံတွေမှာဖြစ်လာမယ့် စည်းမျဉ်းသစ်တွေ၊ ကန့်သတ်မှုသစ်တွေ၊ လမ်းညွှန်ချက်သစ်တွေကို ခန့်မှန်းဖို့က သိပ်ကို ခက်ခဲလှပါတယ်။ နောက်ပြီး အဲဒါတွေ ဘယ်လောက်ထိကြာကြာ ရှိနေမှာလဲဆိုတာကိုလည်း မှန်းဖို့ မလွယ်ပါဘူး။
အခုတလော ကာလမှာတော့ သီတင်းပတ် တစ်ပတ်လောက် အချိန်အတိုင်းအတာအတွင်း ကြီးမားတဲ့အပြောင်းအလဲ အနည်းဆုံး တစ်ခုက စနစ်အစိတ်အပိုင်း တစ်နေရာမှာ ဖြစ်ဖြစ် လာနေပါတယ်။
တချို့အပြောင်းအလဲတွေက မှန်းမထားဘဲ ဗြုံးဆို ပေါ်လာတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြောင်းလိုက်သမျှ အကုန်လိုက်မီအောင်သိဖို့လည်း မလွယ်လှပါဘူး။
တကယ့်မြေပြင်မှာရှိတဲ့ စည်းမျဉ်းက အချိန် တစ်လအတွင်း ဘာဖြစ်လာမှာလဲ ဆိုတာ မသိကြဘူးဆိုရင် ဘယ်သူတွေက ရင်းနှီးမြှုပ်နှံမှုကို ဆုံးဖြတ်နိုင်ကြမှာပါလဲ။
ဗျူဟာ အသွင်ပြောင်းတာကို ခပ်သွက်သွက်နဲ့ လုပ်ပြီး ဒီပြောင်းလဲရေး ကာလက ခေတ္တ ယာယီဖြစ်ကာ စည်းမျဉ်းသစ်တွေ မကြာခင် မြင်သာထင်သာလာပြီး အခြေအနေတွေက ပြန်ငြိမ်သက်သွားမလား။ ဒါကလည်း မရေရာသလို၊ ဒီပြုပြင်ပြောင်းလဲရေးက ဘယ်အတိုင်းအတာထိ ကျယ်ပြန့်လေမလဲ ဆိုတာကိုလည်း မသိကြရပါဘူး။
သေချာတာတစ်ခုကတော့ "အများပြည်သူနဲ့ ဆိုင်သော ချမ်းသာကြွယ်ဝမှု (common prosperity)" ဆိုတဲ့ ရှီရဲ့ ကြည့်မြင်မှုနဲ့ ပါတီကို မောင်းနှင်နေပြီဖြစ်သလို၊ ပါတီအနေနဲ့လည်း ဒါကို အလျှော့ပေးသွားမှာမဟုတ်ပါဘူး။ တရုတ်ရောက်ရင် တရုတ်လိုကျင့်ဖို့ စကားတစ်ခွန်း ရှိပါတယ်၊ အဲဒါကတော့ "ဒီထရပ်ကားမှာ သင် တက်လိုက်ရင် လိုက်၊ မလိုက်ရင် သင့်ကို အဲဒီ ကားက တက်ကြိတ်သွားလိမ့်မယ်" ဆိုတာပါဘဲ။








