ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် အလီဘာဘာ ကုမ္ပဏီ စုံစမ်းစစ်ဆေးခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နည်းပညာ ကုမ္ပဏီကြီး အလီဘာဘာကို ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။
ဈေးကွက်စည်းမျဉ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအတွက် တရုတ်အစိုးရရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့ (SAMR) ကကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။
အလီဘာဘာ ကုမ္ပဏီဟာ အထူးကုန်သွယ်ရေး သဘောတူစာချုပ်တွေ လက်မှတ်ထိုးဖို့ အရောင်းအဝယ်လုပ်တဲ့ကုန်သည်တွေကို ဖိအားပေးခဲ့တာနဲ့ ပတ်သက်လို့ ဈေးကွက်စည်းမျဉ်းဆိုင်ရာ ထိန်းချုပ်သူတွေဘက်က မကြာသေးမီတုန်းက သတိပေးခဲ့ပါတယ်။
ဒီသဘောတူစာချုပ်အရ အရောင်းအဝယ်လုပ်သူတွေဟာ ပြိုင်ဘက် ကုမ္ပဏီရဲ့ ဈေးကွက်တွေမှာ ကုန်ပစ္စည်းတွေတင်သွင်းရောင်းချမှုကို တားမြစ်ထားတာဖြစ်ပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းချက်တွေ သတ်မှတ်သူတွေဟာ အလီဘာဘာရဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Ant Group နဲ့ လာမယ့်ရက်ပိုင်းတွေအတွင်း တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ဈေးကွက်လက်ဝါးကြီးအုပ်မှု အပြုအမူနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုဟာ "နှစ်ခုထဲက တခုကိုရွေး" ဆိုတဲ့အလေ့အကျင့်ကို ပစ်မှတ်ထားသွားမှာ ဖြစ်ပါတယ်။
တရုတ်နည်းပညာ ကုမ္ပဏီကြီး အလီဘာဘာနဲ့ တန်းဆန့်ဒ် (Tencent) တို့ဟာ တရုတ်အစိုးရရဲ့ အသေးစိတ် စိစစ်မှုနဲ့ ပိုတိုးပြီး ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ကုမ္ပဏီ အရွယ်အစားနဲ့ အင်အားကြီးထွားလာမှုနဲ့ပတ်သက်လို့ တရုတ်အစိုးရက စိုးရိမ်နေပါတယ်။
ဈေးဝယ်တာ၊ ငွေပေးချေတာ အပါအဝင် တရုတ်နိုင်ငံတွင်း နေ့စဉ်လူမှုဘ၀တွေအပေါ် လွှမ်းမိုးမှု ရှိသွားမှာနဲ့ လူသန်းပေါင်းများစွာ စုဆောင်းရရှိသွားမှာကို အာဏာပိုင်တွေဘက်က စိုးရိမ်နေတာဖြစ်ပါတယ်။
ဂျက်မား စတင်တည်ထောင်ခဲ့တဲ့ အလီဘာဘာ ကုမ္ပဏီဟာ ဈေးကွက်စည်းမျဉ်းထိန်းချုပ်သူတွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရပြီး ဖြစ်ပါတယ်။
အရင်တုန်းက အလီပေး (Alipay) လို့ ခေါ်တဲ့ Ant Group ကို အစုရှယ်ရာ ဈေးကွက်တင်ကနေ ရပ်နားဖို့ ပြီးခဲ့တဲ့လက ဖိအားပေးခံခဲ့ရပါတယ်။
ဒါဟာ ကမ္ဘာမှာ အကြီးဆုံး အစုရှယ်ရာ ဈေးကွက်လည်း ဖြစ်ပါတယ်။
ဘဏ်လုပ်ငန်းအပေါ် ဝေဖန်မှု
ကမ္ဘာ့အကြီးဆုံး အစုရှယ်ရာ ဈေးကွက်ကို မကြေညာခင် ရက်ပိုင်းအလိုမှာ IPO (Initial Public Offering) လို့ခေါ်တဲ့အများပြည်သူကို ကုမ္ပဏီရဲ့ အစုရှယ်ရာတွေ ထုတ်ရောင်းခွင့်ရမယ့် အစီအစဉ်တွေကို ဟန့်တားဖို့ အာဏာပိုင်တွေဘက်က ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်နောက်ကွယ်က အဓိက အကြောင်းပြချက်ကတော့ မစ္စတာ မားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက စကားဝိုင်းတခုအတွင်း တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံကွပ်ကဲသူတွေနဲ့ ဘဏ်စနစ်အကြောင်းဝေဖန်ခဲ့လို့ ဖြစ်မယ်လို့ အများက ယူဆနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ဘဏ်တွေဟာ "အပေါင်ဆိုင်လို စိတ်ထားနဲ့" လည်ပတ်နေကြတယ်လို့ ဘီလျံနာသူဌေးကြီး မစ္စတာ မားကပြောဆိုခဲ့တာပါ။
ဒီပြောဆိုမှုကြောင့် အခုတော့ ပြန်ပေးဆပ်နေရပြီလို့ တချို့က ထင်မြင်ပါတယ်။
အဲဒီနောက်ပိုင်းကတည်းက နည်းပညာကဏ္ဍမှာ ဈေးကွက်လက်ဝါးကြီးအုပ်မှုကို တားမြစ်တဲ့ တင်းကျပ်တဲ့စည်းကမ်းချက်အသစ်တွေ ချမှတ်ခဲ့ပါတယ်။
မစ္စတာ မားရဲ့ အလီဘာဘာ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးတွေလည်း ၁၇% ၊ ဒေါ်လာ ဘီလီယံ ၁၄၀ လောက် ကျဆင်းသွားခဲ့ပါတယ်။
Ant Group အပေါ် ဖြိုခွင်းမှု
Ant Group နဲ့ တွေ့ဆုံမှုဟာ "ဝယ်ယူသုံးစွဲသူတွေရဲ့ အကျိုးစီးပွားနဲ့ တရားဝင် အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့၊ မျှမျှတတ ယှဉ်ပြိုင်ဖို့နဲ့ ငွေကြေးဆိုင်ရာ စီမံကွပ်ကဲမှုကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် Ant Group ကိုလမ်းညွှန်ဖို့ ဖြစ်တယ် " လို့ တရုတ်နိုင်ငံရဲ့ လူထုဘဏ်က ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။
အာဏာပိုင်တွေဘက်က သတိပေးချက်နောက်ပိုင်း Ant Group ဘက်ကလည်း သူတို့အနေနဲ့"အာဏာပိုင်တွေရဲ့ လိုအပ်ချက်တွေကို အသေအချာ လေ့လာပြီး တသဝေမတိမ်း လိုက်နာသွားမယ်။ သက်ဆိုင်တဲ့ လုပ်ငန်းရပ်တွေအားလုံးကို ပြည့်မီဖို့အတွက် အားထုတ်ကြိုးပမ်းသွားဖို့ ကတိကဝတ်ပြုတယ်" လို့ပြောဆိုထားပါတယ်။
ကြီးထွားလာနေတဲ့ Ant group စီးပွားရေးလုပ်ငန်း ကဏ္ဍတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရ စိုးရိမ်မှု ပိုတိုးလာပါတယ်။
အထူးသဖြင့် ကုမ္ပဏီတွေရဲ့ အကြွေးစာရင်းပေါ် မူတည်ပြီး လက်တွဲ လုပ်ကိုင်တဲ့ အကျိုးအမြတ်များတဲ့ credit business စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ စိုးရိမ်မှုတွေ ပိုတိုးလာနေပါတယ်။








