စီးပွားရေး လုပ်ငန်းတွေအပေါ် တင်းကြပ်မှုတွေ ကာလရှည်လုပ်သွားမယ်လို့ တရုတ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ပီတာ ဟော့စ်ကင်းစ်
- ရာထူးတာဝန်, စီးပွားရေးသတင်းထောက်၊ စင်ကာပူ
တရုတ်အစိုးရက စီးပွားရေး ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို ပိုမို တင်းကြပ်သွားမယ့် ၅ နှစ် စီမံကိန်းကို ကြေညာလိုက်ပါတယ်။
အဲဒီထဲမှာ အမျိုးသား လုံခြုံရေး၊ နည်းပညာနဲ့ ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံအတွင်း လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုတွေနဲ့ ပတ်သက်လို့ စည်းမျဥ်းသစ်တွေကို ထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။ ဘေကျင်းက နည်းပညာနဲ့ ပညာရေး လုပ်ငန်းတွေကို ပစ်မှတ်ထားလာပြီး မကြာခင်မှာဘဲ ဒီအစီအမံတွေကို ချပြလာတာ ဖြစ်ပါတယ်။
တရုတ် ကွန်မြုနစ်ပါတီ နှစ် ၁၀၀ ပြည့်ချိန်နဲ့ တိုက်ဆိုက်ပြီး ထုတ်ပြန်လိုက်တဲ့ အဲဒီ အစီအမံတွေထဲမှာ ကွန်မြူနစ်ပါတီ ဥက္ကဌကြီး မော်စီတုန်းကိုပါ ကိုးကားထားပါသေးတယ်။
တရုတ် နိုင်ငံတော်ကောင်စီနဲ့ ကွန်မြူနစ်ပါတီ ဗဟို ကော်မတီတို့ ပူးပေါင်းပြီး ဗုဒ္ဓဟူးနေ့ အနှောင်းပိုင်းမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အချက် ၁၀ ချက် ပါဝင်ကာ ၂၀၂၅ အထိ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
သိပ္ပံ၊ နည်းပညာ တီထွင်မှုတွေ၊ ယဥ်ကျေးမှုနဲ့ ပညာရေး လို အရေးကြီးတဲ့ ကဏ္ဍတွေမှာ ဥပဒေရေးရော ပိုင်းတွေ ပိုအားကောင်းလာစေဖို့ လုပ်သွားမယ်လို့ ဆိုထားပါတယ်။ နောက်ပြီး လက်ဝါးကြီးအုပ်မှုတွေ၊ ပြည်ပနဲ့ ဆက်စပ်နေတဲ့ ဥပဒေ ရေးရာတွေကို ကိုလည်း ပိုမို ပစ်မှတ်ထား ကိုင်တွယ်မှာ ဖြစ်ကြောင်း ပြောထားပါတယ်။ နောက်ပြီး တရုတ်ရဲ့ ဒစ်ဂျစ်တယ် စီးပွားရေး၊ အင်တာနက် ဘဏ္ဍာရေး၊ အေအိုင်ခေါ် ဥာဏ်ရည်တု၊ သတင်း အချက်အလက် အများကြီးကို လေ့လာသုံးသပ်မှုနဲ့ အင်တာနက်ပေါ် သတင်းအချက်အလက် သိမ်းဆည်းတဲ့ စနစ်တွေနဲ့ ပတ်သက်လို့လည်း ပြန်လည် သုံးသပ်သွားမယ်လို့ ဆိုပါတယ်။
ဒီကြေညာချက်ကြောင့် ဘေကျင်းရဲ့ နည်းပညာနဲ့ ပုဂ္ဂလိက ပညာရေး လုပ်ငန်းတွေ လုပ်နေကြတဲ့ ကုမ္ပဏီတွေအပေါ် တင်းကြပ်နေမှုတွေကို နောင်လာမယ့်နှစ်တွေမှာလည်း ဆက်လုပ်သွားမလားဆိုပြီး စိုးရိမ်မှု အသစ်တွေ ဖြစ်လာနေကြပါတယ်။
ဒီလို တင်းကြပ်လာမှုတွေကြောင့်ပဲ ရင်းနှီးမြှုပ်နှံသူတွေ အကြား စိုးရိမ်မှုတွေ တိုးလာနေပြီး ဒီနှစ်ထဲမှာ အမေရိကန် ပြည်ထောင်စု၊ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးက အစုရှယ်ယာစျေးကွက်တွေပေါ်မှာ တင်ထားကြတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးတွေပါ ထိုးကျသွားခဲ့ပါတယ်။
ဘေကျင်းဟာ တရုတ်ရဲ့ အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးတချို့ကိုလည်း လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီးလည်းဖြစ်သလို တခြား စီးပွားရေး လုပ်ငန်းတွေကိုလည်း စတင် ကိုင်တွယ် ဆောင်ရွက်နေပြီလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ အတွင်းကလည်း နည်းပညာ ကုမ္ပဏီကြီး Alibaba ကို ပြည်တွင်းစျေးကွက်မှာ နှစ်ပေါင်းများစွာ လွှမ်းမိုးနိုင်ခဲ့တာကို တလွဲအသုံးချခဲ့တာတွေ ရှိတယ်ဆိုပြီး စုံစမ်းတွေ့ရှိခဲ့တဲ့အတွက် ဒေါ်လာ ၂.၈ ဘီလျံ ဒဏ်တပ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ လကလည်း Tencent ကုမ္ပဏီကို ကမ္ဘာတဝန်းက တေးဂီတ ကုမ္ပဏီကြီးတွေနဲ့ သဘောတူစာချုပ် ချုပ်ဆိုထားတာတွေကို အဆုံးသတ်ဖို့ အတွက် အမိန့်ထုတ်ခဲ့ပါတယ်။
ဇူလိုင်လအတွင်းမှာ ပြည်တွင်းက အကြီးဆုံး အွန်လိုင်း စင်မြင့်တွေ ဖြစ်တဲ့ Kuaishou ၊Tencent ရဲ့ မက်ဆေ့ဂျ်ပို့တဲ့ QQ၊ Alibaba ရဲ့ Taobao နဲ့ Weibo တို့ကို ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ မဆီလျော်တဲ့ အရာတွေကို ဖြုတ်ချခိုင်းခဲ့ပါတယ်။
ဒီသတင်းပတ်ထဲမှာလည်း တရုတ်အာဏာပိုင်တွေက ကျေင်းဆရာတချို့ရဲ့ စာသင်ချိန်ပြင်ပ ကျူရှင်ပေး နေကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပိုပြီး စိစစ် စစ်ဆေး မှုတွေ လုပ်နေတဲ့ အကြောင်း ပြောခဲ့ပါတယ်။ မကြာသေးခင်က လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု တခုမှာ ဆရာတယောက်နဲ့ ကျောင်း ၆ ခုကို လိုင်စင်မဲ့ စာသင်ချိန်ပြင်ပ သင်တန်းတွေ ဖွင့်ခဲ့လို့ စည်းကမ်းဖောက်ဖျက်တယ်ဆိုပြီး အပြစ်ပေးခဲ့တဲ့အကြောင်း ဘေကျင်း မြို့ပြ ပညာရေး ဆိုင်ရာ ကော်မရှင်က တနင်္လာနေ့က ပြောပါတယ်။
အစိုးရရဲ့ တင်းကြပ်မှုတွေကြောင့် ကျောင်းတွေဘက်ကလည်း သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို ပြောင်းလဲခဲ့ကြတဲ့ နောက်မှာ အခုလို ထပ်တိုး လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ အတွင်း ဘေကျင်းက ဒေါ်လာ ၁၂၀ ဘီလျံ တန်ကြေး ရှိတဲ့ ပုဂ္ဂလိက ပညာသင်ကြားရေး လုပ်ငန်းခွင်ကြီး တခုလုံးကို ကြီးကြီးမားမားပြောင်းလဲပစ်မယ့် အစီအမံ တွေကို ကြေညာခဲ့ပါတယ်၊ အဲဒီ စည်းမျဥ်းသစ်တွေအရ ကျောင်းသင်ရိုးကို အသုံးပြုကြမယ့် ပြင်ပ သင်ကြားရေး ကျောင်းတွေအကုန်လုံးဟာ အကျိုးအမြတ် မရှာတဲ့ အဖွဲ့အစည်းများအဖြစ်သာ မှတ်ပုံတင်ကြရတော့မှာ ဖြစ်ပါတယ်။
စည်းမျဥ်းသစ်တွေထဲမှာ သင်ရိုး အခြေပုံ ပြင်ပ သင်ကြားရေး ကျောင်းတွေအနေနဲ့ အများပြည်သူ ဆီက ဘဏ္ဍာငွေကြေး ရှာဖွေခွင့် မရှိ၊ အစုရှယ်ယာ စျေးကွက်ဝင် ကုမ္ပဏီတွေအနေနဲ့လည်း ရင်းနှီးမြှုပ်နှံခြင်းမပြုဖို့နဲ့ ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း မလုပ်ရလို့ ဆိုထားပါတယ်။
တချိန်တည်းမှာပဲ တရုတ် ဘဏ်လုပ်ငန်းနဲ့ အာမခံ လုပ်ငန်းဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က အွန်လိုင်းပေါ်က အာမခံ ကုမ္ပဏီတွေအတွက် စည်းကမ်းတွေကိုလည်း ထပ်ပြီး တင်းကြပ်လာတယ်လို့ သတင်းဌာနက ပြောပါတယ်။
တရုတ် ဘဏ်လုပ်ငန်းနဲ့ အာမခံ လုပ်ငန်း ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး ကော်မရှင်ဘက်က လုပ်ငန်းတွေကို မလျော်ကန်တဲ့ စျေးကွက်ရှာမှုတွေနဲ့ နှုန်းထား သတ်မှတ်မှုမျိုးတွေ လုပ်လာရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သတိပေးထားတာ ဖြစ်ပါတယ်။








