အံ့မခန်း စီးပွားရေးအောင်မြင်မှုကို တရုတ် ဘယ်လိုရခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဗာဂျီးနီးယား ဟယ်ရစ်ဆန် နှင့် ဒန်နီရဲယ် ပလမ်ဘို
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
အထီးကျန်တသီးတခြားဖြစ်နေတဲ့ နိုင်ငံတခု ဘဝကနေ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံတခု ဖြစ်လာအောင် အပြောင်းအလဲလုပ်ဖို့ တရုတ်နိုင်ငံဟာ နှစ် ၇၀ မကြာခဲ့ပါဘူး။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ်ပတ်လည်ကာလမှာ သူတို့ပြောင်းလဲမှုက မမှန်းဆနိုင်တဲ့ ဓနတွေလည်း ပွားများခံစားလာနိုင်သလို၊ မညီမျှမှုတွေကလည်း နက်နက်ရှိုင်းရှိုင်းဖြစ်လာတာမို့ အဲဒီအကြောင်း တွေကို ပြန်လည်ပြီး ကြည့်ကြရအောင်ပါ။
DBS အကြီးအကဲ တရုတ်စီးပွားရေးပညာရှင် ခရစ် လန်းက "ကွန်မြူနစ်ပါတီ တရုတ်ကို စပြီးထိန်းချုပ်နိုင်တဲ့အချိန်မှာ တရုတ်ဟာ အရမ်း ဆင်းရဲပါတယ်" လို့ ပြောပါတယ်။
"ကုန်သွယ်ဘက် နိုင်ငံတနိုင်ငံမှမရှိဘူး၊ သံတမန်ဆက်ဆံစရာ နိုင်ငံမရှိဘူး၊ ရပ်တည်နိုင်အောင် သူတို့ဘာသာ သူတို့ လုပ်ကြရတာပါ" တဲ့။
ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်းမှာ တရုတ်ဟာ ကုန်သွယ်လမ်းကြောင်းတွေ ပွင့်လာအောင်၊ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာအောင် ထင်ရှားတဲ့ စျေးကွက်စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို တခုပြီးတခု လုပ်ခဲ့တဲ့နောက် သူ့ ပြည်သူ သန်းရာပေါင်းများစွာကို ဆင်းရဲတွင်းကနေ ထုတ်ယူနိုင်ပေးခဲ့ပါတယ်။
၁၉၅၀ နှစ်တွေမှာ ၂၀ရာစုအတွင်း လူတွေ အကျပ်အတည်းအဆိုက်ဆုံး အထိခိုက်ရဆုံးအဖြစ်တွေကို တရုတ်နိုင်ငံ ကြုံခဲ့ရပါတယ်။ တရုတ်ရဲ့ စိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေး ကို မော်စီတုန်းရဲ့ မဟာခုန်ပျံကျော်လွှားရေး အစီအစဉ် Great Leap Forward နဲ့ စက်မှုနိုင်ငံအဖြစ် အလျင်အမြန်ရောက်အောင် ကြိုးစားမှုက လူပေါင်း ၁၀ သန်းကနေ သန်း ၄၀ လောက် ၁၉၅၉ နဲ့ ၁၉၆၁ ကြားမှာ အငတ်ဘေးဆိုက်ပြီး သေကြေ ခဲ့ရပါတယ်။
အဲဒါရဲ့နောက် ၁၉၆၀ နှစ်တွေမှာ ဖြစ်ခဲ့တဲ့ မော်က သူ့ယှဉ်ပြိုင်ဖက်တွေကို ဖယ်ချရှင်းလင်းတဲ့ ယဉ်ကျေးမှုတော်လှန်ရေး Cultural Revolution ကြောင့် စီးပွားရေးထိခိုက်တာတွေ အပြင် တရုတ်လူမှုအဖွဲ့အစည်းရဲ့ စည်းနှောင်မှုတွေကိုလည်း ပျက်သုန်းစေခဲ့ပြန်ပါတယ်။

ကမ္ဘာ့ရဲ့အလုပ်ရုံ
မော် သေဆုံးတဲ့ ၁၉၇၆ ခုနှစ် နောက်ပိုင်းမှာတော့၊ တိန်ရှောင့်ဖိန်ရဲ့ စီးပွားရေးပြောင်းလဲမှုတွေ စခဲ့ပါတယ်။ လယ်သမားတွေက သူတို့ပိုင်လယ်ကွက်တွေမှာ စိုက်ပျိုးခွင့်ရလာသလို၊ လူနေမှုအဆင့်တွေမြင့်တက်လာတယ်၊ အစာရေစာ ပြတ်လပ်တာတွေလည်း လျော့ကျလာပါတော့တယ်။
အမေရိကန်နဲ့ တရုတ်အကြား သံတမန်ဆက်ဆံရေး ၁၉၇၉ ခုနှစ်မှာ ပြန်ထူထောင်လာခဲ့သလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် တံခါးဖွင့်ပေးခဲ့တယ်။ အကျိုးဆက်အားဖြင့် စျေးပေါတဲ့လုပ်အားနဲ့ ငှားရမ်းတဲ့ ကုန်ကျ စရိတ်နည်းတာကို လိုချင်ကြတဲ့အတွက် ပြည်တွင်းကို ငွေတွေစီးဝင်လာခဲ့ပါတယ်။
"၁၉၇၀နှစ်တွေ အကုန်ပိုင်းကစပြီး သမိုင်းတခုလုံးမှာ ဘယ်တုန်းကမှ မတွေ့ရဖူးတဲ့ စီးပွားရေးတိုးတက်မှု အကောင်းဆုံးအခြေအနေကို မြင်ခဲ့ကြရပါတယ်" လို့ စတန်းဒတ် ချာတာ ဘဏ်က စီးပွားရေးပညာရှင်အကြီးအကဲ ဒေးဗစ် မန်းက ပြောပါတယ်။
၁၉၉၀နှစ်တွေ တလျောက်လုံး တရုတ်က အလျင်အမြန်တိုးတက်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဝင်နိုင်တဲ့ ၂၀၀၁ မှာ ပိုအဆင့်တက်လာပါတယ်။ တခြားကုန်သွယ်ဘက်နိုင်ငံတွေက ကုန်သွယ်ရေးအတားအဆီးတွေ လျှော့ချတာ၊ တင်သွင်းခွန်တွေ လျှော့ချပေးတဲ့အခြေအနေတွေကြောင့် တရုတ်ကုန်ပစ္စည်းတွေက ကမ္ဘာတလွှားမှာပါ။
မစ္စတာမန်း က "တရုတ်ဟာ ကမ္ဘာ့ရဲ့အလုပ်ရုံဖြစ်လာတယ်" လို့ဆိုပါတယ်။
London School of Economics က ကိန်းဂဏန်းတွေအရ ၁၉၇၈ မှာ တရုတ်ရဲ့ တင်ပို့ကုန် က အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးပမာဏပဲ ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးမှာ ၁ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ၊ ၁၉၈၅ မှာ တရုတ်ရဲ့ တင်ပို့မှု ပမာဏက ဒေါ်လာ ၂၅ ဘီလီယံ ဖြစ်လာပါပြီ၊ ကမ္ဘာမှာ တင်ပို့မှုအမြင့်ဆုံးနိုင်ငံလည်းဖြစ်လာပါတယ်။

ဆင်းရဲသူအရေအတွက် ထိုးကျဆင်း
စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေက တရုတ်ပြည်သူ သန်းရာပေါင်းများစွာရဲ့ ဘဝအခြေအနေကို တိုးတက်စေခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ လူပေါင်း သန်း ၈၅၀ ကျော်ကို ဆင်းရဲတွင်းက ဆွဲထုတ်နိုင်ခဲ့တယ်၊ ၂၀၂၀ ကျရင် တရုတ်ဟာ ဆင်းရဲသူ ကင်းစင်အောင်လုပ်နိုင်မယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
တချိန်တည်းမှာပဲ ပညာတတ်မြောက်မှုနှုန်းက ထိုးတက်လာခဲ့ပါတယ်။ စတန်းဒတ် ချာတာဘဏ် က ၂၀၃၀ ဆိုရင် တရုတ်အလုပ်သမား ၂၇ ရာခိုင်နှုန်းလောက်က တက္ကသိုလ်ပညာရေးရထားသူတွေ ဖြစ်မယ်လို့ မှန်းဆနေပြီး ဒါဟာ ဂျာမနီက ဒီနေ့ကာလ အခြေအနေနဲ့တူပါတယ်။

မမျှတမှု ကြီးမားလာ
စီးပွားရေး အောင်မြင်မှုအသီးအပွင့်တွေက တရုတ်ပြည်သူ သန်းပေါင်း ၁၃၀၀ ဆီကို မျှမျှတတ ပျံ့နှံ့ရောက်ရှိသွားတာ ဒီနေ့အထိမရှိသေးပါဘူး။
အလွန်အကျွံချမ်းသာလာသူတွေ၊ လူလတ်တန်းစား များလာတာတွေနဲ့အတူ တောနယ်ပိုင်းမှာ ဆင်းရဲနေတာတွေလည်းရှိနေပါတယ်၊ အတတ်ပညာပိုင်းကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားတွေ၊ အသက်ကြီးနေပေမဲ့ အလုပ်လုပ်နေရဆဲလူတွေ အများကြီးပါ၊ ဆင်းရဲချမ်းသာ ကွာဟလွန်းတာက ပိုနက်ရှိုင်းလာသလို၊ တောနဲ့ မြို့ကွာခြားမှုတွေကလည်း များများလာနေပါတယ်။
တဦးချင်းဝင်ငွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေလိုပဲဖြစ်နေတယ်၊ ခေတ်မီ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ပုံမှန်တဦးချင်းဝင်ငွေရဲ့ လေးပုံတပုံ လောက်ပဲရှိနေသေးတယ်လို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
ပျမ်းမျှတဦးချင်းဝင်ငွေက တရုတ်မှာ ဒေါ်လာ ၁၀၀၀၀ လောက်သာရှိပြီး၊ အမေရိကန်မှာ ဒေါ်လာ ၆၂၀၀၀ ခန့်ရှိပါတယ်။

တိုးတက်မှုနှုန်း နှေးလာ
အခုအချိန်မှာ တရုတ်က စီးပွားရေးတိုးတက်နှုန်းကို သိပ်မြန်မြန်မသွားစေတော့ပါဘူး။
တင်ပို့တာကို မှီခိုတဲ့စီးပွားရေးပုံစံကနေ ပြည်တွင်းစားသုံးမှုကို အလေးထားတဲ့ စီးပွားရေးပုံစံကို တရုတ်ကတွန်းလာတာ နှစ်အတော်ရှိလာပါပြီ၊ တချိန်တည်းမှာပဲ သူ့ရဲ့ကုန်တွေကို ကမ္ဘာက ဝယ်လိုအားလျော့လာသလို၊ အမေရိကန်နဲ့ လည်း ကုန်သွယ်ရေးစစ်ပွဲဖြစ်လာတာ ကြာလာပါပြီ။ နိုင်ငံမှာ အသက်ကြီးတဲ့လူတွေများလာတဲ့အရေးကလည်း သူ့စီးပွားရေးကို သက်ရောက်လာပါတယ်။
အခုနှုန်းနဲ့တောင် တရုတ်စီးပွားရေးတိုးတက်နှုန်းက ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းကြားရှိနေပါသေးတယ်၊ တရုတ်ဟာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အားအကောင်းဆုံး အင်ဂျင်အဖြစ်ရှိနေပါသေးတယ်။
"ဒီနှုန်းနဲ့ဆိုရင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ၃၅ ရာခိုင်နှုန်းကို တရုတ်စီးပွားရေးက လုပ်ပေးနေတာဖြစ်ပြီး၊ ဒီပမာဏဟာ အမေရိကန်ထက် ၃ ဆ လောက် တရုတ်က ကမ္ဘာ့စီးပွားရေးတိုးတက်မှုမှာ ပိုအရေးပါနေပါတယ်" လို့ စီးပွားရေးပညာရှင် မစ္စတာမန်း က ဆိုပါတယ်။

နောက်ဖြစ်လာမယ့် စီးပွားရေးနယ်သစ်
တရုတ်က ကမ္ဘာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် နောက်ထပ် နယ်သစ်တခုကို ထုဆစ်နေပါပြီ၊ ရပ်ဝန်းတခု လမ်းတကြောင်း အစီအစဉ်အရ ကမ္ဘာအနှံ့မှာ အခြေခံအဆောက်ဦတွေကို အကြီးအကျယ်ရင်းနှီးမြှုပ်နှံ နေပါတယ်။
ခေတ်သစ် ပိုးလမ်းမကြီးလို့ တင်စားခေါ်နေတဲ့ ဒီစီမံကိန်းကြီးဟာ ကမ္ဘာ့လူဦးရေ တဝက်လောက်ကို ဆက်သွယ်မယ်၊ ကမ္ဘာတဝန်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ယှက်နွယ်မယ်၊ တကမ္ဘာလုံး ဂျီဒီပီ ရဲ့ ငါးပုံ တပုံအထိ ကြီးအောင် ပေါင်းစုစေမယ့် စီးပွားရေးအထိ ရည်မှန်းချက်ကို ချနေပါတယ်။








