မက်တာဗာ့စ် ဆိုတာ ဘာလဲ

A woman wears augmented reality glasses in a dark room with white dotted lights in the background

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာဆိုတာဟာ နောင်တချိန်မှာ လက်ရှိ အင်တာနက်ရဲ့ အနာဂတ်သွင်ပြင် ဖြစ်လာမယ်လို့ တတ်ကျွမ်းသူတချို့က ပြောဆိုနေကြ

ဖေ့စ်ဘွတ်ခ်ဟာ ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာ မက်တာဗာ့စ်ကို ဖန်တီးဖို့အတွက် ဥရောပနိုင်ငံတွေထဲက လူ တစ်သောင်းကို အလုပ်ခန့်ဖို့ စီစဉ်နေတယ်လို့ ကြေညာထားပါတယ်။

အခုလို ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာဆိုတာဟာ နောင်တချိန်မှာ လက်ရှိ အင်တာနက်ရဲ့ အနာဂတ်သွင်ပြင် ဖြစ်လာမယ်လို့ တတ်ကျွမ်းသူတချို့က ပြောဆိုနေကြပါတယ်။ ဘယ်လို ပုံစံမျိုး အတိအကျလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။

မက်တာဗာ့စ်ဆိုတာ ဘာလဲ

သမားရိုးကျ နားလည်တဲ့သူတွေအတွက် မက်တာဗာ့စ် ဆိုတာဟာ မျက်လုံးမှာ ကွန်ပျူတာမျက်နှာပြင်တပ်ပြီး ကြည့်ရလေ့ရှိတဲ့ ချဲ့ထွင် တိုးမြှင့် ပုံဖော်ထားသော ပုံရိပ်ယောင် ကမ္ဘာ (Virtual Reality) တမျိုးလို့သာ ထင်စရာ ရှိပါတယ်။

ဒါပေမဲ့ တချို့ကတော့ အဲဒီ မက်တာဗာ့စ် ဆိုတာဟာ လက်ရှိ အင်တာနက်ကနေ ပြောင်းလဲလာမယ့် အနာဂတ်ပုံစံတခုလို့တောင် ယူဆနေကြတာပါ။

တကယ်တမ်းဆိုရင် လက်ရှိ ဂိမ်းကစားတာနဲ့ ကိုယ်မရောက်ဖူးနဲ့ နေရာကို ရောက်သွားသည့်သဖွယ် ပုံရိပ်ယောင် ကမ္ဘာဖန်တီးမှုတွေက ၁၉၈၀ တဝိုက်က စတင်ပေါ်ပေါက်ခဲ့တဲ့ အရွယ်အစား ကြီးမားတဲ့ လက်ကိုင်ဖုန်းကြီးတွေလို နည်းပညာစတင် ဖွံ့ဖြိုးမှု အစသာ ဖြစ်တယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

နောင်တချိန်မှာ တွင်ကျယ်လာနိုင်တဲ့ မက်တာဗာ့စ် ဆိုတာကတော့ အဲဒီ လက်ကိုင်ဖုန်းကြီးတွေ ခေတ်ကနေ လက်ရှိ ခေတ်သစ် စမတ်ဖုန်းတွေ အထိ တိုးတက်လာသလိုမျိုး အဆင်မြင့်လာမယ့် ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အနေအထားမှာ အင်တာနက် အသုံးပြုတယ်ဆိုတာက ကွန်ပျူတာက တစ်ဆင့် ချိတ်ဆက် အသုံးပြုတာ ဖြစ်ပေမယ့် မက်တာဗာ့စ် ခေတ်ရောက်လာတဲ့အချိန်မှာဆိုရင် အင်တာနက်အသုံးပြုမှုကို နားကြပ်နဲ့တကွ မျက်လုံးမှာ ကွန်ပျူတာမျက်နှာပြင်တပ်ပြီး အဲဒီ ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာကို ဝင်ရောက် ချိတ်ဆက် အသုံးပြုရတာကို ဆိုလိုတာ ဖြစ်ပါတယ်။

လက်ရှိခေတ်မှာ ပုံရိပ်ယောင် ကမ္ဘာ (Virtual Reality) ဆိုတာက ဂိမ်းကစားရာမှာသာ အများစု အသုံးပြုနေပေမယ့် မက်တာဗာ့စ်လို အွန်လိုင်းကမ္ဘာမှာ ဆိုရင်တော့ အလုပ်လုပ်တာ၊ ကစားတာ၊ ဂီတပွဲသွားတာ၊ ရုပ်ရှင်ရုံသွားတာနဲ့ ပြင်ပကမ္ဘာအတိုင်း ဖန်တီးထားတဲ့ တနေရာရာကို သွားတာတွေမှာ အမျိုးမျိုး အသုံးပြုလာနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ဖြစ်လာမယ့် ပုံရိပ်ယောင် ကမ္ဘာသစ်မှာ တခြားသူတွေက ကိုယ့်ကို ရှုမြင်မယ့် ရုပ်ကြွ သုံးဖက်မြင် ပုံရိပ်တခုလည်း ကိုယ်ပိုင် ရှိလာမယ်လို့ အများစုက ရှုမြင်နေကြပါတယ်။

အခုလို မက်တာဗာ့စ်လို ပုံစံမျိုးအတွက် ဖြစ်လာနိုင်တာတွေ ပြောဆိုနေကြရာမှာ တကယ်တမ်း ဖြစ်မလာသေးတဲ့အတွက် အားလုံး သဘောတူကြတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တော့ မရှိသေးပါဘူး။

ဗီဒီယို ပုံစာ, အနာဂတ် မိုးပျံကားနဲ့ ကလစ်နည်းပညာ

ဘာ့ကြောင့် မက်တာဗာ့စ် အကြောင်းကို အကြီးအကျယ် လူပြောများလာသလဲ

အွန်လိုင်းကမ္ဘာနဲ့ ပုံရိပ်ယောင် ကမ္ဘာနဲ့ ပတ်သက်တဲ့ နည်းပညာ တိုးတက်လာနိုင်မှုတွေကို နှစ်စဉ်နှစ်တိုင်း ပုံစံ အမျိုးမျိုးနဲ့ လူပြောများခဲ့ကြဖူးပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီတကြိမ်မှာတော့ ပိုမို အဆင့်မြင့် ကျယ်ပြန့်တဲ့ ပုံရိပ်ယောင် ကမ္ဘာ ဖန်တီးတည်ဆောက်ဖို့ ကိစ္စမှာ ချမ်းသာကြွယ်ဝတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ နည်းပညာကုမ္ပဏီကြီးတွေက တော်တော် စိတ်ဝင်စားမှု ကြီးလာကြတာကို တွေ့ရပါတယ်။

ဒီလို ဖြစ်လာမယ့် အခြေအနေက လက်ရှိ အင်တာနက်ခေတ်ရဲ့ အနာဂတ် ဖြစ်လာမယ်ဆိုရင် ဒါကို ပုံဖော် တည်ဆောက်တဲ့ ကိစ္စမှာ ဘယ်သူမှ နောက်ကျန်နေခဲ့ချင်မှာလည်း မဟုတ်ပါဘူး။

ဒါ့အပြင် လက်ရှိ ပုံရိပ်ယောင် ဂိမ်းကစားတဲ့ နည်းပညာနဲ့ ချိတ်ဆက်မှု ပုံစံတွေ တိုးတက်လာတဲ့ အချိန်မှာ နောက်တစ်ဆင့်အနေနဲ့ မက်တာဗာ့စ်လို ပုံစံမျိုး ဖြစ်လာဖို့ လုံလောက်တဲ့ နည်းပညာ အခြေခံရတော့မယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိလာပါတယ်။

A red-haired woman wears the Oculus Quest 2 headset in white, holding two controllers

ဓာတ်ပုံ ရင်းမြစ်, Oculus

ဓာတ်ပုံ ပုံစာ, ဖေ့စ်ဘွတ်ခ်ဟာ သူတို့ ထုတ်လုပ်နေတဲ့ Oculus ခေါ် ပုံရိပ်ယောင်ကမ္ဘာအတွက် အသုံးပြုရတဲ့ နားကြပ်နဲ့ ကွန်ပြူတာ မျက်နှာပြင် အစုံလိုက် ကိရိယာတွေမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံထား

ဖေ့စ်ဘွတ်ခ်က ဘယ်လိုတွေ လုပ်ဖို့ စီစဉ်နေသလဲ

ဖေ့စ်ဘွတ်ခ်ဟာ မက်တာဗာ့စ် ပုံဖော်ဖို့ ကိစ္စကို သူတို့ရဲ့ ဦးစားပေး လုပ်ဆောင်မယ့် စီမံကိန်းကြီးတွေထဲမှာ အပါအဝင် အဖြစ်ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ခ်ဟာ သူတို့ ထုတ်လုပ်နေတဲ့ Oculus ခေါ် ပုံရိပ်ယောင်ကမ္ဘာအတွက် အသုံးပြုရတဲ့ နားကြပ်နဲ့ ကွန်ပျူတာ မျက်နှာပြင် အစုံလိုက် ကိရိယာတွေမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီး တချို့ လေ့လာသူတွေရဲ့ အပြောအရ ဆိုရင် ပြိုင်ဘက်တွေထက် အရှုံးခံပြီးတော့ကို ရောင်းပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ လူလူချင်း ပုံရိပ်ယောင် ကမ္ဘာမှာ လူမှုရေးအရ တွေ့ဆုံဖို့နဲ့ အလုပ်အကိုင်အရ တွေ့ဆုံဖို့တို့အတွက် ဆော့ဖ်ဝဲ အက်(ပ်) (Applications) တွေကို ဖန်တီးနေပြီး လက်တွေ့ကမ္ဘာနဲ့ပါ အပြန်အလှန် တုံ့ပြန်ဆက်သွယ်နိုင်တဲ့ အက်(ပ်)တွေလည်း ဖန်တီးနေပါတယ်။

ပြိုင်ဘက်ကုမ္ပဏီတွေကို ဝယ်ယူလိုက်လေ့ရှိတဲ့ အစဉ်အလာရှိသူ ဖေ့စ်ဘွတ်ခ်ဟာ မက်တာဗာ့စ်ကို နေ့ချင်းညချင်း ကုမ္ပဏီ တစ်ခုတည်းက ပြီးအောင် ဖန်တီးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပြီး အခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

လက်ရှိမှာ ဖေ့စ်ဘွတ်ခ်အနေနဲ့ မက်တာဗာ့စ်ကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဖန်တီးနိုင်ဖို့အတွက်ဆိုပြီး အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း အုပ်စုတွေ အတွက် လတ်တလော အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံထားပါတယ်။

အဲဒီ မက်တာဗာ့စ်ပုံစံ တိတိကျကျ ပုံပေါ်လာဖို့အတွက် နောက်ထပ် ၁၀ နှစ် ၁၅ နှစ်လောက် အချိန်ယူရနိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်က ယူဆထားပါတယ်။

ဗီဒီယို ပုံစာ, WATCH: Ariana Grande sings in Fortnite's metaverse

မက်တာဗာ့စ် ဖန်တီးတဲ့ ကိစ္စကို တခြားဘယ်ကုမ္ပဏီကြီးတွေက စိတ်ဝင်စားနေသလဲ

ဖို့နိုက် (Fortnight) ဆိုတဲ့ ဂိမ်းကို ထုတ်လုပ်သူ Epic Games ကုမ္ပဏီ အကြီးအကဲ မစ္စတာ ဆွီနေ ကတော့ အခုလို မက်တာဗာ့စ် လို အွန်လိုင်းကမ္ဘာဖန်တီးဖို့ကိစ္စကို ပြောဆိုနေတာ ကာလ အတော်ကြာပြီ ဖြစ်ပါတယ်။

အွန်လိုင်းမှာ လူပေါင်းများစွာ ပါဝင်ကစားရတဲ့ ဂိမ်းတွေဆိုရင် အခုလို ပုံရိပ်ယောင် အွန်လိုင်းကမ္ဘာတစ်ခုကို အခြေတည် ကစားရရာမှာ ဒီလို ဂိမ်းမျိုး ပေါ်လာတာ ဆယ်စုနှစ်တွေနဲ့ ချီပြီး ရှိလာပြီ ဖြစ်ပါတယ်။

ဒါတွေကို မက်တာဗာ့စ် လို့တော့ မခေါ်နိုင်ပေမယ့် တချို့ ယူဆချက်တွေကတော့ အခြေခံချင်း တူညီနေပါတယ်။

ဖို့နိုက်ဂိမ်းဆိုရင်လည်း သူတို့ရဲ့ ဂိမ်းနယ်ပယ် အပြင်ဘက်ကိုပါ ချဲ့ထွင်ခဲ့ပြီး ဖို့နိုက် အွန်လိုင်းကမ္ဘာထဲမှာ ဂီတဖျော်ဖြေပွဲလုပ်တာ၊ အမှတ်တံဆိပ် ကြော်ငြာတာ၊ အခြား အခမ်းအနားတွေကို ပြုလုပ်ခဲ့ပါတယ်။

အခုလို အွန်လိုင်းကမ္ဘာမှာ ဘယ်လိုတွေ လုပ်လို့ရတယ်ဆိုတာကို မီးမောင်း ထိုးပြပေးလိုက်သလို ဖြစ်သွားတဲ့ အခုလို ပြုလုပ်မှုတွေနဲ့အတူ မစ္စတာ ဆွီနေ ရှုမြင်တဲ့ မီတာဗာ့စ် ပုံစံကိုလည်း လူအများ တွေ့မြင်ခဲ့ရပါတယ်။

အခုလို မက်တာဗာ့စ်အသွင် ဖြစ်လာတဲ့ တခြားဂိမ်းတွေလည်း ရှိလာပြီး အဲဒီအထဲက တခုကတော့ Roblox ဖြစ်ပါတယ်။

Roblox ဂိမ်း အွန်လိုင်းကမ္ဘာမှာဆိုရင် ထောင်နဲ့ချီတဲ့ ဂိမ်းအမျိုးမျိုးက မူလပင်မ စနစ်ကမ္ဘာတစ်ခုကိုပဲ ချိတ်ဆက် ရတာ ဖြစ်ပါတယ်။

Unity ဆိုတဲ့ ရုပ်ကြွ သုံးဖက်မြင် အွန်လိုင်းကမ္ဘာ ဖန်တီးတဲ့ ကုမ္ပဏီတခုကလည်း လက်ရှိကမ္ဘာအတွင်းက အရာဝတ္ထုတွေရဲ့ ဒစ်ဂျစ်တယ်အမြွှာ ဖန်တီးတဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံနေပါတယ်။

ပုံရိပ်ဖော် ဂရတ်ဖစ် ကုမ္ပဏီ Nvidia ဆိုရင်လည်း သူတို့ဖန်တီးမယ့် မက်တာဗာ့စ်ကို Omniverse လို့ အမည်ပေး တည်ဆောက်နေပြီး သုံးဖက်မြင် ရုပ်ကြွ ပုံရိပ်ယောင် ကမ္ဘာတွေကို ချိတ်ဆက်ပေးမယ့် စုပေါင်း ကွန်ရက် ကမ္ဘာတစ်ခု တည်ဆောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Virtual avatars at a meeting in Facebook Workplace

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဖေ့စ်ဘွတ်ဆိုရင် Workplace ဆိုတဲ့ ပုံရိပ်ယောင် အွန်လိုင်း အစည်းအဝေး အက်ပ် တခုနဲ့ Horizons ဆိုတဲ့ ပုံရိပ်ယောင် အွန်လိုင်း လူ့အဖွဲ့အစည်းတခုကို စမ်းသပ်နေ

မက်တာဗာ့စ်ကို ဂိမ်းတွေကနေပဲ အခြေပြုပြီး တည်ဆောက်မှာလား

အခုလို လက်ရှိ ပုံရိပ်ယောင် အွန်လိုင်း ကမ္ဘာ ဖန်တီးမှုတွေဟာ ဂိမ်းတွေမှာပဲ အများစုဖြစ်နေပေမယ့် မက်တာဗာ့စ်ကို ဂိမ်းတွေကနေပဲ အခြေပြုပြီး တည်ဆောက်မယ်လို့တော့ ပြောလို့မရပါဘူး။

မက်တာဗာ့စ် ဖန်တီးမယ့် ပုံစံတွေ အမျိုးမျိုး ပြောနေကြရာမှာ အမျိုးမျိုး ကွဲပြားနေကြပေမယ့် တကယ့် ပင်မ ပါဝင်မယ့် ကိစ္စကတော့ လူလူချင်း တွေ့ဆုံ ဆက်ဆံမှု ဖြစ်ပါတယ်။

ဥပမာအားဖြင့် ဖေ့စ်ဘွတ်ဆိုရင် Workplace ဆိုတဲ့ ပုံရိပ်ယောင် အွန်လိုင်း အစည်းအဝေး အက်ပ် တစ်ခုနဲ့ Horizons ဆိုတဲ့ ပုံရိပ်ယောင် အွန်လိုင်း လူ့အဖွဲ့အစည်းတစ်ခုကို စမ်းသပ်နေပါတယ်။

အဲဒီ အက်ပ် နှစ်ခုလုံးမှာ ပါဝင်မယ့်သူတွေကို ကိုယ်စားပြုတဲ့ ပုံရိပ်ယောင် လူသား ဖန်တီးမှု စနစ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် အွန်လိုင်းကမ္ဘာ အက်ပ် တခုဖြစ်တဲ့ VRChat ဆိုရင်တော့ အွန်လိုင်း ကမ္ဘာမှာ ဖန်တီးထားတာတွေကို သွားရောက်လေ့လာတာနဲ့ ထွေရာလေးပါး တွေ့ဆုံ စကားပြောကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖေ့စ်ဘွတ်ခ်က စမ်းသပ်နေပါတယ်။

မစ္စတာ ဆွီနေကတော့ ဥပမာအားဖြင့် ကားကုမ္ပဏီတစ်ခုက ကားအမျိုးအစားသစ် တစ်ခုကို လက်တွေ့နဲ့ ပုံရိပ်ယောင် လောကမှာ တစ်ပြိုင်တည်း ချပြပြီး စိတ်ဝင်စားသူတွေကလည်း အဲဒီ ပုံရိပ်ယောင် ကမ္ဘာမှာ တစ်ခါတည်း အစမ်းမောင်း ကြည့်နိုင်မယ့် ပုံစံမျိုး ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကို လတ်တလော ပြောဆိုခဲ့ပါတယ်။

အဲဒီ ပုံစံတိုင်းအရ ဆိုရင် မက်တာဗာ့စ်မှာ အဝတ်အစား ဝယ်တဲ့ပုံစံဟာ လက်ရှိ အင်တာနက်ခေတ်မှာလို ကုမ္ပဏီ ဝက်ဘ်ဆိုဒ်ပေါ်မှာ ဓာတ်ပုံကြည့်ပြီး ဝယ်ရုံသက်သက် မဟုတ်တော့ဘဲ ပုံရိပ်ယောင် ကမ္ဘာမှာ ကိုယ်တိုင်ဝတ်ကြည့်ပြီး မှာယူနိုင်တော့မယ့် အနေအထား ဖြစ်ပါတယ်။

5g

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပဉ္စမမြောက် မျိုးဆက် ဆက်သွယ်ရေး ကွန်ရက် 5G စနစ် တွင်ကျယ်လာရင် မီတာဗာ့စ် အားကောင်းလာနိုင်

မက်တာဗာ့စ်အတွက် နည်းပညာရော တကယ်တမ်း လုံလောက်ပြီလား

Virtual Reality ပုံရိပ်ယောင် ကမ္ဘာ ဖန်တီးမှု နည်းပညာ ဖော်ဆောင်မှုတွေဟာ လက်ရှိအချိန်မှာ အတော်ရှေ့တန်းရောက်လာပြီ ဖြစ်ပါတယ်။

VR ကွန်ပျူတာမျက်နှာပြင်နဲ့ နားကြပ်တပ်လိုက်မယ်ဆိုရင် လူ့မျက်လုံးကို တကယ့်တခြား ကမ္ဘာတခု ရောက်သွားသလို လှည့်စားနိုင်ပြီး လူတစ်ကိုယ်လုံး လှုပ်ရှားမှုအတိုင်းပါ အဲဒီ ပုံရိပ်ယောင် ကမ္ဘာက လိုက်လျော ညီထွေ ဖော်ပြပေးနိုင်တဲ့ အဆင့်ရောက်နေပြီ ဖြစ်ပါတယ်။

အခုလို နည်းပညာတွေဟာ စမ်းသပ် အောင်မြင်ရုံ အဆင့်မှာတင် မဟုတ်တော့ပဲ လက်တွေ့ သာမန်လူတွေအကြားမှာပါ ပေါက်ရောက် အသုံးပြုလာပြီ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်က ဂိမ်းကစားရာမှာ သုံးဖို့ ထုတ်တဲ့ the Oculus Quest 2 VR Headset ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၀ ခရစ်စမတ်ကာလမှာ အပေးများတဲ့ လက်ဆောင်ပစ္စည်းတခု ဖြစ်ခဲ့ပါတယ်။

အွန်လိုင်းငွေကြေးစနစ်နဲ့ ဆင်တူရိုးမား အခြေခံ ဒစ်ဂျစ်တယ် ကုန်ပစ္စည်း Non-fungible tokens (NFT) တွေလည်း အွန်လိုင်းမှာ ခေတ်စားလာရာမှာ လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုလည်း စနစ်တကျ ဖြစ်လာပြီး အဲဒီကနေမှ အွန်လိုင်းကမ္ဘာ စီးပွားရေးလောက လက်တွေ့ အလုပ်ဖြစ်နိုင်မှုကိုလည်း အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။

NFT ဆိုတာကတော့ ဘစ်ကွိုင်တို့လို အွန်လိုင်းပေါ်မှာ တန်ဖိုးတူ လဲလှယ်နိုင်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးမဟုတ်ဘဲ အွန်လိုင်းပေါ်က ထူးခြားတဲ့ တွစ်တာ ပို့စ်တစ်ခု၊ ဖန်တီးထားတဲ့ ဗီဒီယို သို့မဟုတ် ဓာတ်ပုံ အစရှိတဲ့ တစ်ခုခုကို မူပိုင်ခွင့်ရတာမျိုးဖြစ်ပါတယ်။

ဥပမာအားဖြင့် တွစ်တာ ထူထောင်သူ ဂျက်ဒေါ်ဆီဟာ တွစ်တာရဲ့ ၂၀ဝ၆ ခုနှစ်မှာ ပထမဆုံး အွန်လိုင်းပေါ် တက်လာတဲ့ သူ့ရဲ့ တွစ်တာ ပို့စ် မူပိုင်ခွင့်ကို NFT အဖြစ် ရောင်းချ ရာမှာ အမေရိကန်ဒေါ်လာ နှစ်သန်းခွဲအထိ ပေးသူ ရှိနေပါတယ်။

အခုလို လက်ရှိ နည်းပညာတွေထက် ပိုပြီး ခေတ်မီတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာ ထူထောင်ဖို့အတွက် ဆိုရင် မြန်နှုန်း အတက်အကျ မများဘဲ တည်ငြိမ်ပြီး နေရာတိုင်းမှာ လိုင်းမိတဲ့ အင်တာနက် ချိတ်ဆက်မှုလည်း လိုအပ်မှာဖြစ်ပြီး ပဉ္စမမြောက် မျိုးဆက် ဆက်သွယ်ရေး ကွန်ရက် 5G စနစ် တွင်ကျယ်လာရင် အဲဒီ အခြေအနေရောက်လာနိုင်ပါတယ်။

လက်ရှိ အနေအထားမှာ မက်တာဗာ့စ် ပေါ်လာမယ့် အခြေအနေက အစပိုင်း ခြေလှမ်းလှမ်းရုံ အဆင့်မှာပဲ ရှိသေးပေမယ့် နောက်ပိုင်း ဆယ်စုနှစ်နဲ့ ချီတဲ့ ကာလတွေမှာတော့ နည်းပညာကုမ္ပဏီတွေ အပြိုင်အဆိုင် ဖြစ်လာမယ့် ပုံရိပ်ယောင် ကမ္ဘာတစ်ခု ဖြစ်လာနိုင်ပါတယ်။