ဖေ့စ်ဘွတ်ခ်ကြောင့် ကလေးတွေကို ထိခိုက်စေပြီး ဒီမိုကရေစီစနစ်ကို အားနည်းစေတယ်လို့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီဝန်ထမ်းဟောင်းပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖေ့စ်ဘွတ်ခ် ဆိုက်တွေနဲ့ အက်ပ်စ်တွေဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လူမှုအသိုင်းအဝိုင်းအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်စေတယ်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတဦးက အမေရိကန် ဆီးနိတ်လွှတ်တော် အမတ်တွေကို ထုတ်ဖော်ပြောပါတယ်။
အရင်က ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ ထုတ်ကုန်မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သူ အသက် ၃၇ နှစ်အရွယ် ဖရန်စစ်စ် ဟောင်ဂန် ဟာ အခုအခါ ကုမ္ပဏီရဲ့ အတွင်းရေးတွေကို ဖွင့်ချခဲ့ပြီး အမေရိကန် ဆီးနိတ်လွှတ်တော် ကြားနာစစ်ဆေးမှုတခုမှာ ဖေ့စ်ဘွတ်ကုမ္ပဏီကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောသွားခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီအပေါ် စိစစ်စစ်ဆေးမှုတွေ တိုးလာနေပြီး ကုမ္ပဏီရဲ့ စည်းမျဉ်းတွေပေါ်မှာလည်း ဝေဖန်မှုတွေ တနေ့တခြား များလာနေပါတယ်။
ကုမ္ပဏီတည်ထောင်သူ မာ့ခ် ဇပ်ကာဘာ့ဂ် ကတော့ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ စွပ်စွဲချက်တွေဟာ ကုမ္ပဏီရဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ဖီလာ ဆန့်ကျင်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဝန်ထမ်းတွေထံ လိပ်မူထားတဲ့ စာထဲမှာ မစ္စတာ ဇပ်ကာဘာ့ဂ်က စွပ်စွဲပြောဆိုမှု အတော်များများဟာ ယုတ္တိမရှိကြောင်းနဲ့ အန္တရာယ်ဖြစ်စေမယ့် အကြောင်းအရာတွေကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ ကြိုးပမ်း ပိတ်ပင်တားဆီးမှုတွေအကြောင်း ထောက်ပြသွားခဲ့ပါတယ်။
ဘေးကင်းလုံခြုံရေး၊ ကျန်းမာပျော်ရွှင်ရေး၊ စိတ်ကျန်းမာရေးလို ကိစ္စရပ်မျိုးတွေကို ကျွန်တော်တို့ အရမ်းကို အလေးထားပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်နဲ့ ရည်ရွယ်ချက်တွေကို မမှန်မကန် ဖော်ပြပြောဆိုနေတာတွေကို တွေ့ရတာ စိတ်မသက်သာစရာ ကောင်းတယ် လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အများတွေ့အောင် တင်ထားတဲ့ အဲဒီစာထဲမှာ မစ္စတာ ဇပ်ကာဘာ့ဂ် က ပြောထားပါတယ်။
ဖေ့စ်ဘွတ်ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဆိုရှယ်မီဒီယာဆိုက် ဖြစ်ပြီး သူတို့ကို အသုံးပြုသူ လစဉ် ၂ ဒဿမ ၇ ဘီလျံ ရှိတယ်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီက ပြောပါတယ်။
WhatsApp နဲ့ Instagram အပါအဝင် ဖေ့စ်ဘွတ်ရဲ့ တခြားစာမျက်နှာတွေကိုလည်း လူ သန်းရာပေါင်းများစွာ အသုံးပြုကြပါတယ်။
ဒါပေမဲ့ အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို အကာအကွယ်မပေးနိုင်တာကအစ၊ သတင်းအမှားတွေ မပျံ့အောင် တားဆီးဖို့ အလုံအလောက် မလုပ်ဆောင်နိုင်တာအဆုံး ရှုထောင့်မျိုးစုံကနေ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
မစ္စ ဟောင်ဂန်က ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်းက ဖေ့စ်ဘွတ်ခ်ရဲ့ အတွင်းရေး စာရွက်စာတမ်းအတော်များများကို Wall Street Journal သတင်းစာတိုက်ဆီ သူပို့ခဲ့တယ်လို့ တနင်္ဂနွေနေ့တုန်းက CBS သတင်းဌာနကို ပြောပါတယ်။
Wall Street Journal သတင်းစာက သူတို့ရထားတဲ့ အတွင်းရေး စာရွက်စာတမ်းတွေထဲမှာ Instagram ကလုပ်ခဲ့တဲ့ လေ့လာချက်အရ Instagram ဟာ မိန်းကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားတယ်လို့ သတင်းရေးသားခဲ့ပါတယ်။
အင်္ဂါနေ့ ကြားနာစစ်ဆေးမှုအတွင်းမှာ မစ္စ ဟောင်ဂန်က ဒီအကြောင်းအရာကို နောက်ထပ် ထွက်ဆိုသွားခဲ့တာပါ။
"ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ဘယ်လို လုံခြုံစိတ်ချအောင် လုပ်ရမလဲဆိုတာကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ ခေါင်းဆောင်ပိုင်းက သိပါတယ်။ ဒါပေမဲ့ သူတို့က သူတို့ အကျိုးအမြတ်ကို ရှေ့တန်းတင်ခဲ့တဲ့အတွက် လိုအပ်တဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ မလုပ်ခဲ့ဘူး"လို့ မစ္စ ဟောင်ဂန်က ပြောသွားပါတယ်။
ကိစ္စရပ်အတော်များများကို မာ့ခ် ဇပ်ကာဘာ့ဂ်က ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားတယ်လို့ မစ္စ ဟောင်ဂန်က ဝေဖန်ပြောခဲ့ပြီး လက်ရှိမှာ တခြားသူတွေထက် မာ့ခ် ဇပ်ကာဘာ့ဂ် မှာပဲ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
တနင်္လာနေ့က ကမ္ဘာတဝန်း ဖေ့စ်ဘွတ်ခ် ဝန်ဆောင်မှုတွေ အကြီးအကျယ် ဆိုင်းငံ့ ရပ်ဆိုင်း သွားခဲ့တာကို သူအရမ်း ဝမ်းသာမိတယ်လို့ မစ္စ ဟောင်ဂန်က ပြောပါတယ်။
"ဖေ့စ်ဘွတ် ဘာ့ကြောင့် ပြတ်တောက်ခဲ့သလဲ ဆိုတာ ကျွန်မမသိပေမဲ့ အမြင်သဘောထား ကွဲလွဲမှုတွေ ဖြစ်အောင် ၊ ဒီမိုကရေစီစနစ်တွေကို မတည်မငြိမ်ဖြစ်အောင်၊ အမျိုးသမီးကြီးငယ်တွေကို သူတို့ခန္ဓာကိုယ်ကို မနှစ်မြို့စေတဲ့ စိတ်တွေ ဖြစ်အောင် လုပ်နေတဲ့ ဖေ့စ်ဘွတ်ခ်ကို ၅ နာရီကျော် မသုံးကြရတဲ့အတွက်တော့ ကျွန်မ အရမ်းကို ဝမ်းသာမိပါတယ်"လို့ ဆိုပါတယ်။
ဒါကို ဖြေရှင်းရမယ့်နည်းက ကွန်ဂရက်လွှတ်တော်အဆင့် ကြီးကြပ်ဖို့ ဖြစ်ပြီး ခုချက်ချင်း လုပ်မှ ဖြစ်တော့မယ်လို့ မစ္စ ဟောင်ဂန်က ပြောပါတယ်။
မစ္စတာ ဇပ်ကာဘာ့ဂ်ကတော့ သူ့ဝန်ထမ်းတွေကို ရေးတဲ့ စာထဲမှာ အင်စတာဂရမ်အကြောင်း လေ့လာချက်အပေါ် ကောက်ချက်ချ လွဲနေကြတာ ဖြစ်ကြောင်းနဲ့ လူငယ်အတော်များများဟာ အင်စတာဂရမ် သုံးခြင်းအားဖြင့် အပြုသဘော ကောင်းတဲ့ အတွေ့အကြုံတွေ ရခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူ့အတွက်ကတော့ သူတို့ဖန်တီးခဲ့သမျှဟာ ကလေးတွေ လုံခြုံဖို့နဲ့ ကောင်းဖို့ ဆိုတဲ့ အချက်ဟာ သိပ်ကို အရေးကြီးတယ်လို့ မစ္စတာ ဇပ်ကာဘာ့ဂ်က ပြောပါတယ်။
တနင်္လာနေ့က ဖေ့စ်ဘွတ် ပြတ်တောက်သွားခဲ့တာနဲ့ ပတ်သက်လို့ မစ္စတာ ဇပ်ကာဘာ့ဂ် က "ကျွန်တော်တို့ ကုမ္ပဏီနဲ့ ပြိုင်ဘက် တခြားဝန်ဆောင်မှုလုပ်ငန်းတွေကို လူဘယ်နှစ်ယောက် ပြောင်းဖွင့်ကြသလဲ။ ဖေ့စ်ဘွတ်ကုမ္ပဏီက ငွေဘယ်လောက် နစ်နာသွားသလဲ ဆိုတာကို ကျွန်တော် ဒီလောက်ကြီး မစိုးရိမ်ပါဘူး။ ကျွန်တော် စိုးရိမ်တာက ကိုယ်ချစ်ခင်ရင်းနှီးသူတွေနဲ့ ဆက်သွယ်နိုင်ဖို့၊ စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းကို ထောက်ကူပံ့ပိုးပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ ဖေ့စ်ဘွတ်ခ် ဝန်ဆောင်မှုအပေါ်အားထားနေရသူတွေအတွက်သာ စိုးရိမ်မိတာပါ"
အင်္ဂါနေ့တုန်းက ရီပတ်ဘလီကန်ပါတီရော၊ ဒီမိုကရက်ပါတီရောကပါ ဆီးနိတ်လွှတ်တော် အမတ်တွေက ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှာ အပြောင်းအလဲတွေ လုပ်ဖို့ လိုတယ်ဆိုတာကို တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။ ဒါဟာ ဒီနိုင်ငံရေးပါတီ နှစ်ခုအကြား သဘောတူတဲ့ ရှားရှားပါးပါး ကိစ္စတစ်ခု ဖြစ်ပါတယ်။
"ဖေ့စ်ဘွတ်ခ်ကြောင့် ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုတွေအပေါ် ထိခိုက်ခဲ့ရမှုဟာ နောက်မျိုးဆက်တခုအထိ ဆက်ခြောက်လှန့်နေလိမ့်မယ်"လို့ ဒီမိုကရက်ပါတီဝင် ဆီးနိတ်လွှတ်တော်အမတ် ရစ်ချတ် ဘလူမန်သာလ် ကပြောပါတယ်။
ရီပတ်ဘလီကန်ပါတီဝင် ဆီးနိတ်လွှတ်တော်အမတ် ဒန် ဆူလီဗန် ကလည်း ဖေ့စ်ဘွတ်ခ်ကြောင့် ကလေးတွေအပေါ် ထိခိုက်မှုတွေ ဖြစ်စေတယ် ဆိုတာ ပေါ်ထွက်လာချိန်မှာ ကမ္ဘာသူကမ္ဘာသားတွေ အနေနဲ့ နောက်ကြောင်းကို ပြန်စဉ်းစားကြည့်ပြီး ငါတို့ ဘာတွေ တွေးနေခဲ့ကြသလဲဆိုပြီး ပြန်မေးမိကြလိမ့်မယ်လို့ ပြောပါတယ်။
မစ္စ ဟောင်ဂန် ထွက်ဆိုသွားတဲ့ ကိစ္စ အတော်များများမှာ ဖော်ညွှန်းပြောသွားတာတွေနဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက လက်မခံကြောင်း၊ ဒါပေမဲ့ အင်တာနက်ဆိုင်ရာ တပြေးညီ စည်းမျဉ်းတွေ စရေးဆွဲဖန်တီးဖို့ အချိန်ကျပြီ ဆိုတာကိုတော့ သဘောတူကြောင်း ကြားနာစစ်ဆေးမှုအပြီး ထုတ်ပြန်တဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
"အင်တာနက်ဆိုင်ရာ စည်းမျဉ်းတွေကို အသစ်ပြန်မရေးဆွဲတာ ၂၅ နှစ် ကြာသွားခဲ့ပြီ ဖြစ်ကြောင်း၊ လူမှုအသိုင်းအဝိုင်းဆိုင်ရာ ဆုံးဖြတ်ချက် စည်းမျဉ်းတွေကို လူမှုကွန်ရက်ကုမ္ပဏီတွေက ချမှတ်ဖို့ မျှော်လင့်နေမယ့်အစား ကွန်ဂရက်လွှတ်တော်က တာဝန်ယူ လုပ်ဆောင်ရမယ့် အချိန် ရောက်နေပြီ"လို့ အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဇပ်ကာဘာ့ဂ် တုန်လှုပ်သွား

မာ့ခ် ဇပ်ကာဘာ့ဂ်ရဲ့ ဘလော့ဂ်ထဲမှာ ရေးထားတဲ့ စာက ရှည်လျားပြီး ထဲထဲဝင်ဝင် ရှိတာ တွေ့ရပါတယ်။ သူ့စာထဲမှာ မစ္စ ဟောင်ဂန်ရဲ့ နာမည်ကိုတော့ ထည့်မပြောထားပါဘူး။ ဒါပေမဲ့ သူအတော်လေး တုန်လှုပ်သွားတာကတော့ သိသာနေပါတယ်။
သူ့ရဲ့ အဓိက အငြင်းပွားချက်က မစ္စ ဟောင်ဂန် ဖွင့်ချခဲ့တဲ့ အင်စတာဂရမ်အကြောင်း လေ့လာချက်အပေါ် မစ္စ ဟောင်ဂန်ရော မီဒီယာတွေကပါ ကောက်ချက်ချ လွဲနေကြတယ်ဆိုတာပါ။ အပြုသဘော မဆောင်တဲ့ အဲဒီ ကုမ္ပဏီတွင်း လေ့လာချက်ကိုပဲ လိုသလို ကောက်ယူပြီး အပြုသဘောဆောင်တဲ့ နိဂုံး အကြံပြုချက်တွေကိုတော့ ဖယ်ထုတ်ထားခဲ့တယ်လို့ မာ့ခ် ဇပ်ကာဘာ့ခ်က ပြောပါတယ်။
စိတ်ဝင်စားစရာ ကောင်းတာက ဒီဖြစ်ရပ်ကြောင့် ကုမ္ပဏီတွေရဲ့ ဌာနတွင်းလေ့လာချက်တွေအပေါ် အကြီးအကျယ် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ မာ့ခ် ဇပ်ကာဘာ့ခ်က ယူဆနေပြီး ဆိုးကျိုးဖော်ပြတဲ့ လေ့လာချက် ကောက်ချက်တွေ တချိန်မှာ ပေါက်ကြား ပေါ်ထွက်လာမှာကို သူက စိုးရိမ်နေတာပါ။
ဒါပေမဲ့လည်း ဒါကို ဖြေရှင်းဖို့ နည်းက လွယ်ပါတယ်။ လေ့လာချက် အချက်အလက်တွေကို ထုတ်ပြန်ပေးရမှာပါ။
ဖေ့စ်ဘွတ်ခ်နဲ့ တခြားဆိုရှယ်မီဒီယာ ကုမ္ပဏီတွေအနေနဲ့ ဌာနတွင်း လေ့လာချက်တွေ လုပ်စရာ မလိုပါဘူး။ သူတို့ရဲ့ အချက်အလက်တွေကို သီးခြားလွတ်လပ်စွာ လေ့လာ သုံးသပ်ခိုင်းလို့ ရပါတယ်။
မျှမျှတတ ပြောရမယ်ဆိုရင် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ လေ့လာသုံးသပ်သူတွေကို အချက်အလက်တချို့တော့ ကြည့်ခွင့် ပြုထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပြောရမယ်ဆိုရင် ဖေ့စ်ဘွတ်ခ်ကြောင့် လူမှုအသိုင်းအဝိုင်းအပေါ် ထိခိုက်မှုတွေကို အပြည့်အဝ သုံးသပ်နိုင်တဲ့ သုံးစွဲသူ ဘက်ပေါင်းစုံ ပေတံကြီးက ဖေ့စ်ဘွတ်ခ်မှာပဲ ရှိနေတာ ဖြစ်ပါတယ်။
သူ့ရဲ့ အငြင်းပွားမှုတွေက အရမ်းကို ရိုးလွန်းလှပါတယ်။ လူတွေ ဒေါသထွက်အောင် သူတို့ ကုမ္ပဏီက ဘာ့ကြောင့် လုပ်မလဲလို့ သူက ပြန်မေးခဲ့ပါတယ်။
ဟုတ်ပါတယ်။ သူတို့ မလုပ်တာ သေချာပါတယ်။ ဒါပေမဲ့ ရီစရာပဲဖြစ်ဖြစ် အချစ်ပဲဖြစ်ဖြစ် ဒေါသပဲဖြစ်ဖြစ် စိတ်ခံစားမှုတွေ ကြွလာအောင် ဆွပေးတဲ့ ဆိုရှယ်မီဒီယာကြောင့် ထိတွေ့ပြောဆိုမှုတွေ ပိုဖြစ်လာတယ်ဆိုတဲ့ အချက်ကတော့ အကြိမ်ကြိမ် သက်သေပြနိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။
ဇပ်ကာဘာ့ခ်အနေနဲ့က ဖေ့စ်ဘွတ်ခ်ဟာ ကောင်းကျိုးအတွက် အင်အားစုတခုဆိုတာကို သူ့ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလဲ ယုံကြည်ထားပါတယ်။ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီအကြောင်း ကြားနာစစ်ဆေးနေတဲ့ ဆီးနိတ်လွှတ်တော်အမတ်တွေထဲမှာတော့ သူယုံကြည်သလို လိုက်ယုံမယ့်သူတွေ တဖြည်းဖြည်း ပိုနည်းလာနေပြီ ဖြစ်ပါတယ်။








