ဖေ့စ်ဘုတ်တန်ဖိုး ဒေါ်လာဘီလျံ ၁၂ဝ ဆုံးရှုံး

နယူးယောက်မြို့ စတော့ ရှယ်ယာစျေးကွက် ဇူလိုင် ၂၆၊ ကြာသပတေးနေ့က အဖွင့်မှာ ဖေ့စ်ဘုတ် ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေ ၂ဝ ရာခိုင်နှုန်းနီးပါး ကျဆင်း သွားတာ တွေ့ရပါတယ်။
ဒါဟာ ဖေ့စ်ဘုတ် ကုမ္ပဏီရဲ့ စျေးကွက် တန်ဖိုး ဒေါ်လာ ဘီလျံ ၁၂ဝ ဝန်းကျင် ဆုံးရှုံး သွားတာ ဖြစ်ပါတယ်။
သတင်းတု သတင်းလိမ်တွေကို ကိုင်တွယ်ရေး၊ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ထိန်းသိမ်း ရေး ကိစ္စတွေမှာ ငွေ ပုံအော သုံးစွဲ နေရချိန်မှာ အခုလို ကုမ္ပဏီ တန်ဖိုး အကြီးအကျယ် ကျဆင်း သွားတာ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ကို အသုံးပြုပြီး စီးပွားရေး ကြော်ငြာတဲ့သူ အရေအတွက် တိုးတက်မှု နှေးလာတဲ့ အတွက် ကုမ္ပဏီရဲ့ ဝင်ငွေလည်း ထိခိုက် လာလိမ့်မယ်လို့ ဖေ့စ်ဘွတ်ခ်က ရင်းနှီးမြှုပ်နှံသူတွေကို သတိပေးထားပါတယ်။
အင်စတာဂရမ်နဲ့ ဝှပ်စ်အပ် တို့ကိုပါ ပိုင်တဲ့ ဖေ့စ်ဘုတ် ကုမ္ပဏီဟာ သူတို့ အမြတ်ငွေ ဟာ လတ်တလော ၃ လ တာ အတွင်း ၄၄ ရာခိုင်နှုန်း အထိ ကျဆင်းပြီး အမြတ်ငွေ ရမှု ပြန်လည် တိုးတက်ဖို့ နှစ်အတန်ကြာ အချိန်ယူရ နိုင်တယ်လို့ သုံးသပ် ထားပါတယ်။
ဖေ့စ်ဘုတ်လိုပဲ သတင်းတု သတင်းမှား ဖြန့်ဝေတဲ့ ပြဿနာ၊ သုံးစွဲသူတွေရဲ့ အချက်အလက်တွေ လုံခြုံရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ နောက်နာမည်ကြီး လူမှုကွန်ရက် ကုမ္ပဏီဖြစ်တဲ့ တွစ်တာလည်းပဲ အခု နောက်ဆုံး သုံးလမှာ အမြတ် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။





