အသံထက်မြန်တဲ့ တရုတ်ဒုံးကျည်- စစ်လက်နက်ပြိုင်ဆိုင်မှုအသစ် အစပျိုးလာတော့မလား

တရုတ်ထုတ် ဟိုက်ပါဆောနစ်ဂလိုက်ဒါတွေကို ၂၀၁၉ ဘေဂျင်း စစ်ရေးပြအခမ်းအနားတစ်မှာ ပြသခဲ့
ဓာတ်ပုံ ပုံစာ, တရုတ်ထုတ် ဟိုက်ပါဆောနစ်ဂလိုက်ဒါတွေကို ၂၀၁၉ ဘေဂျင်း စစ်ရေးပြအခမ်းအနားတစ်မှာ ပြသခဲ့

အသံထက် ၅ဆ မြန်နှုန်းရှိပြီး နျူကလီးယားတပ်ဆင်နိုင်တဲ့ ဒုံးကျည်ကို တရုတ်က စမ်းသပ်ပြလိုက်တာဟာ အမေရိကန်ဘက်က အံ့အားသင့်သွားစေတဲ့ ကြီးမားတဲ့ အပြောင်းအလဲလို့ ဖွင့်ဆိုလာကြပါတယ်။

ဒါဆိုရင် ဒီကိစ္စက ဘယ်လောက်အရေးကြီးလဲဆိုတာ အက်စစ်တာ တက္ကသိုလ် မဟာဗျူဟာနဲ့ လုံခြုံရေးဌာနက ‌ဂျော်နသန်မားကပ်စ် မေးမြန်းထားတာကို ပြန်လည် တင်ဆက်ပေးလိုက် ပါတယ်။

ပစ်မှတ်ဆီကို မရောက်ခင် ကမ္ဘာကို ပတ်ပြီးသွားတဲ့ ဒုံးကျည်တစ်စင်းကို အာကာသထဲ တရုတ်စစ်တပ်က နွေရာသီမှာ နှစ်ခါ လွှတ်တင်ခဲ့ပါတယ်။

ပထမတစ်ကြိမ်မှာ ပစ်မှတ်ကို ၂၄ မိုင်လောက် လွဲသွားတယ်လို့ ဒီအကြောင်း စုံစမ်းသတင်းရေးသားနေတဲ့ ဖိုင်နန်ရှယ်တိုင်း FT သတင်းစာက ထုတ်ဖော်လိုက်ပါတယ်။

အမေရိကန် နိုင်ငံရေးသမားတွေနဲ့ ကမ္ဘာ့ မျက်မှောက်ရေးရာသုံးသပ်သူတွေက တရုတ်ရဲ့ နည်းပညာတိုးတက်လာမှုကို အံ့သြသွားကြချိန်မှာတော့ တရုတ်ဘက်က ဒါကို လျင်လျင်မြန်မြန် ငြင်းဆန်ခဲ့ပြီး တကယ်တော့ အဲဒါဟာ ပြန်အသုံးပြုလို့ရတဲ့ အာကာသယာဥ် စမ်းသပ်မှုသာ ဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတွေကလည်း တခြားမီဒီယာတစ်ခုကို အတည် ပြုပြောထားပြီးသားဖြစ်တဲ့အတွက် တရုတ်ရဲ့ ငြင်းဆိုမှုဟာ "ဝေဝါးသွားအောင်လုပ်တာ" ဖြစ်တယ် လို့ အမေရိကန်၊ ကယ်လီဖိုးနီးယားအခြေစိုက် မွန်ထရီမြို့က မစ်ဒယ်ဘရီ နိုင်ငံတကာလေ့လာရေးဌာန၊ အရှေ့အာရှ နျူကလီးယားမပြန့်ပွားရေးအစီအစဥ်က ညွှန်ကြားရေးမှူး ဂျက်ဖရီလူးဝစ်က ပြောပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ ကမ္ဘာပတ်လမ်းကြောင်းပတ်ဒုံးစနစ် FOB စမ်းသပ်မှုဟာ နည်းပညာအရ ဖြစ်နိုင်ခြေရော မဟာဗျူဟာအရ အကြောင်းပြချက်ရော တရုတ်အတွက် ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

presentational grey line

ICBMs နဲ့ FOBS ဆိုတာ ဘာလဲ

  • ICBM တိုက်ချင်းပစ်ဒုံးကျည်ဆိုတာ တာဝေးပစ်ဒုံး ဖြစ်ပြီး ကမ္ဘာ့လေထုကို ကျော်လွန်ထွက်သွားပြီးမှ လေထုထဲပြန်ဝင်လာပြီး ပစ်မှတ်ကို ပစ်ခတ်တာပါ။ ပစ်မှတ်ဆီကို သွားရာမှာ ကတော့ပုံလမ်းကြောင်းအတိုင်း သွားပါတယ်။
  • Fractional Orbital Bombardment System လို့ခေါ်တဲ့ FOB ကမ္ဘာပတ်လမ်းကြောင်းပတ်ဒုံးစနစ်ကတော့ ဒုံးကျည်တွေကို ကမ္ဘာပတ်လမ်းကြောင်းအတိုင်း ကမ္ဘာကို တစ်စိတ်တစ်ပိုင်းပတ်သွားစေပြီးမှ ပစ်မှတ်ကို မထင်မှတ်ထားတဲ့နေရာကနေ ဝင်ပစ်တာပါ။

ဒါပေမဲ့ FT သတင်းစာက ပြောတာရော တရုတ်ဘက်က ငြင်းဆန်တာရော နှစ်ခုလုံးက မှန်နေနိုင်ပါတယ်လို့ ဖီလားဒဲလ်ဖီးယားအခြေစိုက် နိုင်ငံခြားရေးမူဝါဒဌာန သုတေသနအဖွဲ့ ညွှန်ကြားရေးမှူး အာရွန်စတိုင်းက ပြောပါတယ်။

"သူတို့ပြောတဲ့ ပြန်သုံးလို့ရတဲ့ အာကာသယာဥ်ဆိုတာ ဟိုက်ပါဆောနစ် ဂလိုက်ဒါ- အသံထက်မြန်တဲ့ စက်မဲ့လေယာဥ်ပါ။ အဲ့ဒီဟာက ဆင်းသက်ရုံပါပဲ။ ပြန်အသုံးပြုနိုင်တဲ့ အာကာသယာဥ်နဲ့တူတဲ့ အဲဒီလိုမျိုး ဂလိုက်ဒါကို FOB စနစ်ကနေ ပစ်လွှတ်ပါတယ်။ အဲဒါကြောင့် အဲဒီနှစ်ခုက သိသိသာသာ သိပ်မကွာဘူးလို့ ထင်ပါတယ်။ "

တကယ်ဆိုရင်လည်း လတ်တလောကာလတွေအတွင်းမှာ တရုတ်ရဲ့ အဲဒီလို စမ်းသပ်မှုမျိုး ရှိနိုင်တယ်လို့ တရုတ်ရဲ့ လက်နက်နည်းပညာဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး အမေရိကန် ထိပ်တန်းအာဏာပိုင်တွေက တစ်စွန်းတစ်စ ပြောထားပါတယ်။

ဒုံးကျည်လမ်းကြောင်းများ

တကယ်တော့ ကမ္ဘာပတ်လမ်းကြောင်းပတ်ဒုံးစနစ်က အသစ်အဆန်း မဟုတ်ပါဘူး။

ဒီလိုလုပ်ဖို့ အတွေးအခေါ်ကို စစ်အေးခတ်မှာ ဆိုဗီယက်ပြည်ထောင်စုက စလုပ်ခဲ့တာဖြစ်ပြီး အခုတော့ တရုတ်က ဒါကို ဆန်းသစ်ပြီး ပြန်အသက်သွင်းဖို့ ကြိုးစားနေတာလို့ ပြောနိုင်ပါတယ်။

ဒုံးကျည်ဟာ ကမ္ဘာပတ်လမ်းကြောင်း တစ်စိတ်တစ်ပိုင်းကို ပတ်လာပြီးမှ ပစ်မှတ်ကို မထင်မှတ်ထားတဲ့ နေရာကနေ ဝင်တိုက်ဖို့ ရည်ရွယ်တဲ့ အကြံအစည်ပါ။

တရုတ်က လုပ်ခဲ့တာကတော့ FOBS နည်းပညာနဲ့ အသံထက်မြန်တဲ့ ဂလိုက်ဒါယာဥ်ကို စနစ်သစ်အဖြစ် ပေါင်းစပ်ထားပုံရပါတယ်။

ဂလိုက်ဒါဟာ ကမ္ဘာ့လေထု အပြင်စွန်းပိုင်းကနေ ပတ်၊ ရေဒါနဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်တွေကို ရှောင်ပြီး လေဟုန်စီးပျံသန်းသွားတဲ့ စနစ်ကို အသုံးပြုထားပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီစနစ်ကို သုံးတာပါလဲ။

"ခေတ်မီနျူကလီးယားတပ်ဖွဲ့တွေနဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်တွေသုံးပြီး အမေရိကန်က သူတို့ရဲ့ နျူ ကလီးယားလက်နက်တွေကို ဟန့်တားမှာကို တရုတ်က စိုးရိမ်ပါတယ်။ တကယ်လို့ အမေရိကန်က တရုတ်ကို စတိုက်ရင်တော့ အလက်စကာမှာရှိတဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်က တရုတ်ရဲ့ နျူကလီးယားလက်နက်တွေကို ကိုင်တွယ်ထိန်းချုပ်မှာပါ "လို့ ဂျက်ဖရီလူးဝစ်က ထပ်ပြောပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံကြီးတွေက ဟိုက်ပါဆောနစ်စနစ်ကို တိုးတက်အောင် လုပ်နေကြပေမဲ့ အမြင်တွေ မတူကြပါဘူး။ အဲဒါတွေလုပ် နေကြတာက အခြားသူတွေကို ယုံမှားသံသယစိတ်တွေ ပိုဖြစ်လာစေပြီး လက်နက်ပြိုင်ဆိုင်မှုကိုလည်း ပိုအားပေးသလို ဖြစ်လာနေတယ်လို့ အာရွန်စတိန်းက ပြောပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတွေဘက်က အမြင်က ဟိုက်ပါဆောနစ်စနစ်ကိုသုံးပြီး ဒုံးကျည်ကာကွယ်ရေး စနစ်ကို အနိုင်ယူကျော်ဖြတ်နိုင်လိမ့်မယ်လို့ မြင်ထားပါတယ်။

ဒါပေမယ့် သူတို့ အမြင်နဲ့ မတူတဲ့ အမေရိကန်ဘက်က ဒီစနစ်ကို အသုံးချပြီး ခက်ခဲတဲ့ပစ်မှတ်မျိုးတွေလို့ဆိုတဲ့ သမားရိုးကျနဲ့ နျူကလီးယားလက်နက်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်တာပါ။

လတ်တလော တရုတ်ရဲ့ စမ်းသပ်မှုဟာ ၁၉၅၀ ကျော် ကုန်ခါနီးနှစ်တွေတုန်းက ဆိုဗီယက်ပြည်ထောင်စုက ပထမဆုံး ဂြိုဟ်တု လွှတ်တင်လိုက်တာကို အမေရိကန်က အံ့အားသင့် ထိတ်လန့်သွားတာနဲ့ တူတယ်လို့ အမေရိကန်ရဲ့ နျူကလီးယား လက်နက်ခေတ်မီရေး အားပေးသူတချို့က မြင်ကြပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူတချို့ကတော့ သဘောမတူကြသလို တရုတ်က ခြိမ်းခြောက်မှုအသစ် လုပ်လာနေတယ်ဆိုတဲ့ အချက်ကိုလည်း သဘောမတူကြပါဘူး။

၁၉၈၀ ကျော်နှစ်တွေကတည်းက အမေရိကန်ဟာ တရုတ်ရဲ့ နျူကလီးယားတိုက်ခိုက်မှုတွေ ခံရနိုင်ခြေရှိနေခဲ့တာလို့ ကာနေဂျီ နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့က ဂျိမ်းစ်အက်တန်က ပြောပါတယ်။

ဒါပေမဲ့ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ စီမံကိန်းတွေက အမေရိကန်ဒုံးကျည်ကာကွယ်ရေး စနစ်တွေကို ကျော်လွှားနိုင်ဖို့ အားသွန်ခွန်စိုက် လုပ်နေကြတာကြောင့် လက်နက်ထိန်းချုပ်ရေး စာချုပ်တွေဟာ အမေရိကန်အတွက် အကျိုးရှိရဲ့လားဆိုတာ ပြန်စဥ်းစားသင့်တယ်လို့ သူက ပြောပါတယ်။

အမေရိကန်အနေနဲ့ အခုအချိန်မှာအရေးကြီးတဲ့ မှန်ကန်တဲ့ ကောက်ချက်တွေချနိုင်ဖို့ လိုတယ်လို့ မစ္စတာလူးဝစ်က အလေးပေး ပြောပါတယ်။

ဒါက 9/11 နောက်ဆက်တွဲ ကြောက်လန့်အားငယ်မှုတွေလိုမျိုး ဖြစ်လာမှာကို စိုးရိမ်ပါတယ်။ နိုင်ငံခြားရေး မူဝါဒ အမှားတွေကနေ ကျွန်တော်တို့ကို လုံခြုံမှု ပိုအားနည်းသွားစေမယ့် လမ်းပေါ်ရောက်သွားမှာမျိုးကို စိုးရိမ်မိတာလို့ ဆိုပါတယ်။

"တကယ်ဆိုရင် ဒုံးကျည်ဖျက်သိမ်းရေး ABM စာချုပ်ကနေ ကျွန်တော်တို့ နုတ်ထွက်လာတာက တရုတ်ကို လက်နက်ထုတ်လုပ်မှုကို ကိစ္စ ထိန်းချုပ်ဖို့ ပိုခက်ခဲ သွားစေပါတယ်။ "

အမေရိကန်နဲ့ ရန်သူတော်ဖြစ်လာနိုင်တဲ့ နိုင်ငံတွေကလည်း သူတို့ လက်နက်တွေ ခေတ်မီရေးနဲ့ နျူကလီးယားလက်နက်တွေ အဆင့်မြှင့်ရေးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြပါတယ်။

ရုရှားရဲ့ Avangard အသံထက်မြန်တဲ့ ဒုံးလက်နက်

ဓာတ်ပုံ ရင်းမြစ်, TASS

ဓာတ်ပုံ ပုံစာ, ရုရှားရဲ့ Avangard အသံထက်မြန်တဲ့ ဒုံးလက်နက်

တရုတ်ရဲ့ လက်နက်ပိုင်ဆိုင်မှုအခြေအနေဟာ အမေရိကန်ကိုခြိမ်းခြောက်နိုင်တဲ့ အဆင့် မရောက်သေးပေမယ့် အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ သမားရိုးကျ တာဝေးပစ် လက်နက်စနစ်တွေက တရုတ်ကို ပိုကြီးမားတဲ့၊ အမျိုးစုံတဲ့ နျူကလီးယားလက်နက်တွေကို ပိုတိုးထုတ်အောင် တွန်းပို့နေသလို ဖြစ်နေပါတယ်။

မြောက်ကိုရီးယားကလည်း သူတို့ပိုင်ဆိုင်တဲ့ နျူကလီးယားလက်နက်တွေကို ပိုခေတ်မီလာဖို့ နဲ့ သန့်စင်တာတွေလုပ်နေတဲ့အတွက် အနာဂတ်သံခင်းတမန်ခင်းကို တွန်းအားပေးလုပ်ဖို့လိုတယ်လို့ ကာနေဂျီနိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့က အန်ကစ်ပန်ဒါက ပြောပါတယ်။

"အမေရိကန်က နျူကလီးယားလက်နက်ထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးအမေရိကန်က မျှမျှတတ တန်းတူရည်တူ ဆက်ဆံဖို့ သူတို့က တောင်းဆိုခဲ့တယ်။ ဘယ်တုန်းကနဲ့မှမတူတဲ့ နျူကလီးယား လက်နက်တွေ ထုတ်လုပ်လာပြီး ဒုံးကျည်လက်နက် ထုတ်လုပ်နိုင်စွမ်းက လေးစား အသိအမှတ်ပြုခံရဖို့ လမ်းကြောင်း တစ်ခုလို ဖြစ်နေတယ်။ "

ဟိုက်ပါဆောနစ်ဒုံးကျည်ပစ်လွှတ်တာကို ဗီဒီယိုကတဆင့် ပူတင်နဲ့ သူ့ရဲ့ စစ်တပ်ခေါင်းဆောင်တွေကြည့်ရှုနေကြစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟိုက်ပါဆောနစ်ဒုံးကျည်ပစ်လွှတ်တာကို ဗီဒီယိုကတဆင့် ပူတင်နဲ့ သူ့ရဲ့ စစ်တပ်ခေါင်းဆောင်တွေကြည့်ရှုနေကြစဥ်

သမ္မတ ဂျိုးဘိုင်ဒန် အစိုးရအတွက် နျူကလီးယားလက်နက်ကိစ္စက ခေါင်းကိုက်စရာ ကိစ္စတစ်ခုဖြစ်လာနေတာ သေချာပါတယ်။

စစ်အေးခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ လက်ရှိ ရှိနေတဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေဟာလည်း ပြိုပျက်ကုန်ပါပြီ။ ရုရှားနဲ့ တရုတ်တို့ရဲ့ အားပြိုင်မှုက လည်း လျော့မသွားပါဘူး။

အန်ကစ်ပန်ဒါရဲ့ အမြင်ကတော့ လက်နက်အပြိုင်အဆိုင်တိုးထုတ်နေတာတွေကို ပိတ်ဆို့နှေးကွေးသွားအောင်လုပ်ဖို့နဲ့ အမေရိကန်က လုပ်နိုင်တာတစ်ခုတည်းကတော့ စစ်အေးတိုက်ပွဲကာလတုန်းက လုပ်ခဲ့သလိုမျိုး မဟာဗျူဟာ ဒုံးကျည်ကာကွယ်ရေးစနစ်ကို အကန့်အသတ်လုပ်ဖို့ ဆွေးနွေးဖို့ညှိနှိုင်းဖို့လိုတယ် ဆိုတာဖြစ်ပါတယ်။

"ဒုံးကျည်ကာကွယ်ရေးကိစ္စကို ဆွေးနွေးပွဲထဲရောက်လာစေတာက အမေရိကန်ကို တရုတ်နဲ့ ရုရှားဆီက အဓိပ္ပာယ်ရှိတဲ့ အလျှော့အတင်းတွေ လုပ်နိုင်စေမယ်။ အဲဒါက သူတို့တွေကို အကုန်အကျများ၊ ရှုပ်ထွေးပြီး အန္တရာယ်ရှိတဲ့ နျူကလီးယားလက်နက်တွေဆီကနေ လမ်းလွှဲနိုင်အောင်လည်း လုပ်နိုင်လိမ့်မယ်"လို့ သူက ပြောပါတယ်။

ဂျိုနသန် မားကပ်စ်ဟာ ယူကေနိုင်ငံ အက်စ်တာတက္ကသိုလ်က မဟာဗျူဟာနဲ့လုံခြုံရေးဌာနရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။