တရုတ်ရဲ့ နည်းပညာမြင့် စစ်လက်နက်တွေက ပြိုင်ဘက် အမေရိကန် နဲ့ ရုရှား တို့ထက် အားသာနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ခေတ်သစ် လက်နက်ဆန်း ထုတ်လုပ်မှုတွေမှာ တရုတ်၊ အမေရိကန်နဲ့ ရုရှား နိုင်ငံတို့ အားပြိုင်နေကြတာ ဖြစ်ပါတယ်။
ပြည်တွင်း က အားပြိုင်မှု တွေ၊ ပထဝီ နိုင်ငံရေး ဆိုင်ရာ အားပြိုင်မှုတွေ၊ ရေပြင် ပိုင်နက် အငြင်းပွားမှုတွေ ကြုံတွေ့ နေရတဲ့ တရုတ် အနေနဲ့ သူ့ရဲ့ တပ်မတော် ကို ၁၉၉၀ ခုနှစ် အစောပိုင်းမှာ စတင်ပြီး ခေတ်မီဆန်းသစ် တဲ့ လက်နက်ဆန်း တပ်ဆင်မှုတွေကို လုပ်လာခဲ့တာပါ။
သမ္မတ ရှီဂျင်ပင်း လက်ထက်မှာ ဆိုရင် တရုတ် နိုင်ငံ ဟာ အလျင် အမြန်ပဲ သူ့ရဲ့ ပြိုင်ဘက် နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ ရုရှား တို့ နဲ့ တန်းတူ နီးပါး စစ်ရေး အင်အား ကြီး နိုင်ငံ တခု အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ်။
တရုတ် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဟာ ဂဏန်း နှစ်လုံးစာ လျော့နည်း နှေးကွေး ခဲ့ပေမယ့် စစ်ဘက်ဆိုင်ရာ ဘဏ္ဍာရေး စီမံကိန်းတွေကို တော့ လျော့ချ ခဲ့ခြင်း မရှိပါဘူး။
ခေတ်မီ လက်နက် တွေ တည်ဆောက်မယ့် ကာကွယ်ရေး စီမံချက် ၅ နှစ် အတွက် ရန်ပုံငွေကို သီးသန့်ခွဲ ထားတယ်လို့ အမေရိကန် ကာကွယ်ရေး အေဂျင်စီ က ပြောပါတယ်။
တရုတ် ရဲ့ စစ်ရေး စီမံချက်၊ စီးပွားရေး စီမံချက်တွေ မှာ ရှေ့တန်း ရောက်နေမှု တွေ၊ ခေတ်ပေါ် နည်းပညာ တွေ ပိုင်ဆိုင် ထားမှုကြောင့် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA အနေနဲ့ ခေတ်မီ ဆန်းသစ်တဲ့ လက်နက် တွေကို ပိုင်ဆိုင်နိုင်ပြီလို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။
တချို့ လက်နက်ဆန်းတီထွင်မှုတွေမှာ ဆိုရင် တရုတ် နိုင်ငံ အနေနဲ့ ယနေ့ခေတ် စစ်ရေး အားပြိုင်မှုတွေထက်ကို ရှေ့တန်း ရောက်နေပြီလို့ ဆိုပါတယ်။ အခုဆိုရင် တရုတ် တပ်မတော် အနေနဲ့ ခေတ်မီ ပြီး နိုင်ငံတကာ နဲ့ ယှဉ်ပြိုင်ရင် အားသာ တဲ့ အချက် ၃ ချက် ကို ရယူ ပိုင်ဆိုင် ထားနိုင်ခဲ့ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁။ ရေတပ်စွမ်းအား
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ တုန်း က လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ပုံတွေ အရ ဆိုရင် တရုတ် အနေနဲ့ ဟိုက်ပါဆိုးနစ် အသံထက် မြန်တဲ့ လက်နက်ကြီးတွေ တင်ဆောင် ပစ်ခတ် နိုင်ငံ စစ်သင်္ဘောကြီးတွေကို ပိုင်ဆိုင်နေပါပြီ။
အဲဒီ စစ်သင်္ဘောကြီးကနေ လျှပ်စစ်သံလိုက် စွမ်းအင်ကို အသုံးပြုပြီး အလွန် လျင်မြန်တဲ့ နှုန်းနဲ့ ပစ်ခတ် နိုင်တဲ့ Railgun တွေ တင်ဆောင် ထားနိုင်ပါတယ်။
အဆိုပါ Railgun တွေဟာ လျှပ်စစ် သံလိုက် စွမ်းအင် သုံးထားပြီး ၁၂၄ မိုင် အကွာ က ပစ်မှတ်ကို တစက္ကန့် ကို ၁ မိုင်ခွဲ အမြန်နှုန်း နဲ့ ပစ်ခတ် နိုင်ပါတယ်။
စီအန်ဘီစီ သတင်းဌာနရဲ့ ထုတ်ပြန်ချက် အရ ဆိုရင်တော့ အဲဒီ လက်နက်ဟာ ၂၀၂၅ ခုနှစ် အစောပိုင်းမှာ အသင့် အသုံးပြု နိုင်တဲ့ အနေအထား ရောက်မယ်လို့ ဆိုပါတယ်။
အမေရိကန်၊ ရုရှား နဲ့ အီရန် နိုင်ငံ တို့ဟာ မြေပြင် ကနေ ပစ်ခတ် နိုင်တဲ့ Railgun တွေကို ထုတ်လုပ်ဖို့ စိတ်ဝင်စား နေချိန်မှာ တရုတ် နိုင်ငံက သင်္ဘောပေါ်မှာ တင်ဆောင် ပစ်ခတ် နိုင်တဲ့ Railgun ကို ပထမ ဆုံး ထုတ်လုပ် ဖို့ ကြိုးစားနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post, 1
လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ဓါတ်ပုံ ကို ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုချက် ရယူ နိုင်ခြင်း မရှိပေမယ့် တရုတ် အနေနဲ့ ဒီလက်နက်ကြီး ကို ပင်လယ်ပြင် တနေရာမှာ စမ်းသပ် ပစ်ခတ် ခဲ့တာကို မြင်တွေ့ရပါတယ်။
အဆိုပါ ခေတ်မီ လက်နက်ကြီး ကို တရုတ် ရဲ့ ပြည်တွင်း ထုတ် တန်ချိန် တစ်သောင်း ကျော် ရှိတဲ့ ဖျက်သင်္ဘော ၀၅၅ မှာ တပ်ဆင် အသုံးပြု နိုင်တယ်လို့ Global time သတင်းစာကြီး က ဖော်ပြပါတယ်။
စစ်ရေး သုံးသပ်သူလည်း ဖြစ် တရုတ် နိုင်ငံက အမြောက်တပ်ရင်း မှာ တာဝန် ထမ်းဆောင် ခဲ့ဖူးသူလည်း ဖြစ်တဲ့ ဆုန် ကျုံပင်း က တရုတ် အနေနဲ့ လျှပ်စစ် သံလိုက် စွမ်းအင်သုံး လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်း နေတဲ့ အမေရိကန် ကို မျက်ခြေမပျက် စောင့်ကြည့်နေတယ်လို့ တရုတ် သတင်းစာ ဖြစ်တဲ့ South China Morning Post ကို ပြောကြား ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U.S Navy
၂။ အသံထက် မြန်တဲ့ ဒုံးကျည် လက်နက်
၂၀၁၈ ခုနှစ်၊ ဩဂုတ် လတုန်း က တရုတ်ဟာ ကမ္ဘာပေါ် က ဘယ် မစ်ဆိုင်း ဒုံးကျည် ကာကွယ်ရေး စနစ် ကို မဆို ဖြိုခွင်း နိုင်တဲ့ အသံထက် မြန်တဲ့ လေယာဉ်တွေကို စမ်းသပ် ခဲ့ကြောင်း South China Morning Post သတင်းမှာ ဖော်ပြ ခဲ့ပါတယ်။
ဝေ့ဗ်ရိုက်ဒါ လို့ ခေါ်တဲ့ လေယာဉ် အမျိုးအစား ဟာ လေထဲမှာ ပျံဝဲ နေစဉ် မှာ လျှပ်စစ်လှိုင်း တမျိုး ကို ထုတ်လုပ်ပြီးတော့ လေထဲမှာ အသံတိတ်၊ အသံထက် မြန်တဲ့ နှုန်းနဲ့ ပျံသန်း နိုင်ပါတယ်။
ရှင်းခုန်း ၂ လို့ တရုတ် က အမည်ပေးထားတဲ့ ဝေ့ဗ်ရိုက်ဒါ ဟာ အမြင့် ၃၀ ကီလိုမီတာ ကို အမြန်နှုန်း တစ်နာရီ ကို ၇၃၄၄ ကီလိုမီတာ နှုန်း နဲ့ ပျံသန်း ရောက်ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီ ရှင်းခုန်း ၂ ဟာ တရုတ် ရဲ့ ပထမဆုံး အသံထက်မြန်တဲ့ နှုန်းနဲ့ ပျံသန်း နိုင်တဲ့ အသံတိတ် လေယာဉ် အမျိုးအစားတော့ မဟုတ်ပါဘူး။ တရုတ်ဟာ ဒီနည်းပညာ ကို ၂၀၁၄ ခုနှစ် မှာကတည်း က စမ်းသပ် နေခဲ့တာ ဖြစ်ပါတယ်။
တရုတ် တနိုင်ငံ တည်း ကပဲ ဒီနည်းပညာ ကို စစ်ရေးမှာ အသုံးချဖို့ ကြိုးပမ်း နေတာ မဟုတ်ပါဘူး။ အမေရိကန် နဲ့ ရုရှား နိုင်ငံ တို့ဟာလည်း ဟိုက်ပါဆိုးနစ် နည်းပညာ အသုံးပြု တဲ့ လက်နက်တွေ ထုတ်လုပ် နိုင်ဖို့ တီထွင် ကြံဆ နေ ပါတယ်။
ပြီးပြည့်စုံတဲ့ ရှင်းခုန်း ၂ ကို တည်ဆောက် နိုင်ခဲ့ပြီ ဆိုရင် ဒုံးကျည် ထိပ်ဖူး တပ်ဆင် နိုင်မယ့် အပြင် မစ်ဆိုင်း ဒုံးကျည် ကာကွယ်ရေး စနစ် ကို ထိုးဖောက်ပြီး တိုက်ခိုက်မှုတွေ လုပ်နိုင်မယ်လို့ South China Morning Post တရုတ် သတင်းစာ က ဖော်ပြ ပါတယ်။
ဘေကျင်း အခြေစိုက် စစ်ရေး လေ့လာသူ ကျောက် ချန်မင်း ရဲ့ ပြောကြား ချက် အရ တရုတ် အနေနဲ့ နျူကလီးယား ထိပ်ဖူး တပ်ဆင် အသုံးပြုမှာ မဟုတ်ဘဲ နိုင်ငံတကာ က အသုံးပြုတဲ့ ဒုံးကျည် ထိပ်ဖူး တွေကို တပ်ဆင် မှာ လို့ ဆိုပါတယ်။
ဒီလက်နက်တွေကို အသုံးပြု နိုင်ဖို့ နောက်ထပ် သုံးနှစ် ကနေ ၅ နှစ် အထိ အချိန်ယူ ရနိုင်တယ်လို့ လည်း သူက ထပ်လောင်း ပြောဆို ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို တရုတ်နိုင်ငံက ခေတ်မီ ဆန်းသစ်တဲ့ ဟိုက်ပါဆိုးနစ် လက်နက်တွေ ထုတ်လုပ် နိုင်ခဲ့တာ ကြောင့် လက်နက် တီထွင်မှု မှာ အမေရိကန် ဟာ နောက်ကျ ကျန်ရစ် ခဲ့ပြီလို့ ပစိဖိတ် သမုဒ္ဒရာပိုင်း ဆိုင်ရာ အမေရိကန် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟယ်ရီ ဟားရစ် က အထက် လွှတ်တော် မှာ ပြောကြား ခဲ့ပါတယ်။
တရုတ် နိုင်ငံက ပစ်ခတ် လိုက်တဲ့ ဒုံးကျည် ဟာ အမေရိကန် စစ်သင်္ဘော တစ်စင်းကို ထိခိုက်မိပြီးမှ ရေဒါစနစ် က သိရှိ နိုင်တဲ့ အခြေအနေ မျိုး အထိ ကို ရောက်နေပြီလို့လည်း သူက သတိပေး ပြောဆို ခဲ့ပါတယ်။
ဟိုက်ပါဆိုးနစ် လက်နက် တွေကို အမေရိကန် အနေနဲ့လည်း တက်တက်ကြွကြွ ထုတ်လုပ်ဖို့ လိုအပ်ကြောင်း သူက တိုက်တွန်း ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်တုန်း က DF -17 လို့ အမည်ပေးထားတဲ့ ဒေါင်ဖန် နွယ်ဝင် ဟိုက်ပါ ဆိုးနစ် ဒုံးကျည် ကို ထုတ်လုပ် နိုင်ခဲ့ကြောင်း တရုတ် က ကြေညာပါတယ်။ အဲဒီ ဒုံးကျည် ဟာ ကီလိုမီတာ ၁၈၀၀ ကနေ ၂၀၀၀ အကွာအဝေး ကို ပစ်ခတ် တိုက်ခိုက် နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
၃။ တရုတ်ထုတ် 'ဗုံးတွေအားလုံးရဲ့ မိခင်'
အမေရိကန် ရဲ့ MOAB ထုထည်ကြီးမားတဲ့ ဝေဟင် ဗုံးကြီးလိုပဲ တရုတ် ဟာလည်း သူ့ နိုင်ငံထုတ် ဗုံးတကာ တို့ ရဲ့ မိခင်ကြီး ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ တုန်း က စမ်းသပ် ဖောက်ခွဲ ခဲ့ပါတယ်။
တရုတ် စစ်ရေး ဆိုင်ရာ တွေကို မြှင့်တင်ရေး လုပ်ဆောင်နေတဲ့ ရုပ်သံ ထဲမှာ စစ်လက်နက် ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ NORINCO က ထုတ်တဲ့ ဗုံးကြီး ကို H-6K လေယာဉ် နဲ့ တင်ဆောင်ပြီး ဝေဟင် ကနေ ကြဲချ ဖောက်ခွဲ ပြခဲ့တာပါ။
ဗုံး စမ်းသပ် ဖောက်ခွဲမှု အတွင်းမှာ ပေါက်ကွဲမှု ကြီးကြီးမားမား ဖြစ်ပေါ် ခဲ့တာတွေကို အဲဒီရုပ်သံ ထဲမှာ တွေ့ ရပါတယ်။ ဒါပေမယ့် အဲဒီ ဗုံးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်တာတော့ မရှိပါဘူး။
ဒီဗုံးကြီးက အရွယ်အစား ကြီးမားတဲ့ အတွက် H-6k ဗုံးကြဲ လေယာဉ် တစ်စီး ကို တခု သာ တင်ဆောင် နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗုံးကြီးဟာ တရုတ် ရဲ့ နျူကလီးယား လက်နက် မဟုတ်တဲ့ အင်အား အကြီးဆုံး လက်နက် ကြီး ဖြစ်တယ် လို့လည်း ရှင်ဟွာ သတင်းဌာန က ဖော်ပြ ခဲ့ပါတယ်။
''ဗုံးအားလုံးရဲ့ မိခင်'' လို့ တင်စားခေါ်ကြတဲ့ တရုတ်ရဲ့ ဗုံးကြီးဟာ အမေရိကန် ရဲ့ MOAB နဲ့ နှိုင်းယှဉ် မယ်ဆိုရင် အရွယ်အစား အနည်းငယ် သေးငယ် တယ်လို့ စစ်ရေး လေ့လာသူ ဝေဒေါင်ကျူ က ပြောပါတယ်။
တရုတ်ထုတ် ဗုံးကြီး က ၅ မီတာ ကနေ ၆ မီတာ လောက်ပဲ ရှိမယ်လို့ သူက တွက်ချက် ခန့်မှန်းပါတယ်။ အမေရိကန် တို့ရဲ့ ဗုံး မိခင်ကြီးကတော့ ၁၀ မီတာ (၃၂ ပေ) ရှိပါတယ်။ နောက်ပြီး တရုတ် ထုတ် ဗုံးကြီး က ပိုမို ပေါ့ပါး တယ်လို့လည်း သူက ဝေဒေါင်ကျူ က ပြောပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post, 2
အရွယ်အစား သေးငယ်ပြီး အနည်းငယ် ပေါ့ပါး တာကြောင့် ဗုံး ကို သယ်ယူ ပို့ဆောင်ရေးမှာ အားသာချက် ရှိနိုင်တယ်လို့လည်း တရုတ် စစ်ရေး လေ့လာသူ က ပြောပါတယ်။
ဖျက်အားပြင်း တဲ့ ဒီဗုံးကြီးဟာ ကွန်ကရစ် အကာအရံတွေ၊ စစ်ရေး အထောက်အကူပြု အဆောက်အဦတွေကို ဦးတည် တိုက်ခိုက် တဲ့ နေရာမှာ အသုံးပြု နိုင် ပါတယ်။
၂၀၁၇ ခုနှစ် တုန်း က အာဖဂန်နစ္စတန် နိုင်ငံက အစ္စလာမ်မစ် IS အစွန်းရောက် သမားတွေ ပုန်းခို နေထိုင် ခဲ့တဲ့ ဂူလမ်းကြောင်းကြီး ကို ဖောက်ခွဲ ဖျက်ဆီး ရာမှာ အမေရိကန် တို့ဟာ MOAB ဗုံးကြီး ကို အသုံးပြုခဲ့ပါတယ်။
ရုရှား နိုင်ငံဟာလည်း အလားတူ ဖျက်အားပြင်း တဲ့ ဗုံးကြီးကို စမ်းသပ်မှုတွေ လုပ်ခဲ့ပါသေးတယ်။ တရုတ်နဲ့ အမေရိကန် တို့လိုပဲ ဖျက်အားပြင်းတဲ့ ဗုံးကြီး ကို ''ဗုံးအားလုံး တို့ရဲ့ ဖခင်ကြီး'' အဖြစ် ခေါ်ဆိုပါတယ်။
ဒါပေမယ့် ရုရှား တို့ ရဲ့ ဗုံး ကြီးက အမေရိကန် တို့ရဲ့ ဗုံးလိုပဲ ပစ်ချ တဲ့ အချိန်မှာ လျှပ်စစ် သံလိုက် ကို ထုတ်လွှတ်တဲ့ အစား မီးတောက်မီးလျှံကြီး ကို ဖြစ်ပေါ် စေပါတယ်။









