အမေရိကန် စစ်အင်အား တိုးမြှင့်ပြီး အီရန်ကို သဘောတူညီချက်လုပ်ဖို့ ဖိအားပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, မက်စ် မတ်ဇာ
- ဖတ်ရန်အချိန်: မိနစ် ၆
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် စစ်ရေး အရေးယူမှုအသစ်တွေ လုပ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာ အီရန်အနေနဲ့ အမေရိကန်နဲ့ သဘောတူညီချက်တစ်ခု လုပ်တာဟာ "အင်မတန် အမြော်အမြင်ရှိတာဖြစ်မယ်" လို့ အိမ်ဖြူတော်က သတိပေးလိုက်ပါတယ်။
တီဟီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး သံတမန်နည်းအရ ဖြေရှင်းနိုင်ဖို့ သမ္မတ ထရမ့်က မျှော်လင့်နေဆဲဖြစ်တယ်လို့လည်း ပြန်ကြားရေးအရာရှိချုပ် ကယ်ရိုလိုင်း လစ်ဗစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်ရဲ့ ဒုတိယမြောက် စစ်သင်္ဘောတစ်စင်း အဲဒီဒေသတွင်းကို သွားနေချိန်နဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်တဲ့ အမေရိကန်-အီရန် ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ပေါ်လာပြီး တစ်ရက်အကြာမှာ သူက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။
သမ္မတထရမ့်ဟာ တိုက်ခိုက်ရေးအတွက် ရွေးစရာ နည်းလမ်းတွေကို အကြံပေးတွေနဲ့ ဆွေးနွေးခဲ့ပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အစောဆုံးအနေနဲ့ လာမယ့် စနေနေ့မှာတင် ဖြစ်ပွားနိုင်တယ်လို့ အမေရိကန် မီဒီယာတွေက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကလည်း အမေရိကန်စစ်တပ်က အီရန်ရဲ့ နျူကလီးယား အဆောက်အအုံ သုံးခုကို တိုက်ခိုက်ခဲ့ပါသေးတယ်။
တိုက်မတိုက် ဆိုတာကိုတော့ ထရမ့်က အတည်ပြု ဆုံးဖြတ်ချက် မချရသေးဘဲ လက်ရှိ ဆွေးနွေးမှုတွေကလည်း အမြဲပြောင်းလဲနေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက် စီဘီအက်စ် သတင်းဌာနကို သတင်းရင်းမြစ်တွေက ပြောပါတယ်။
အီရန်ကို တိုက်ဖို့ "ခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ အချက်အလက်တွေ အများကြီးရှိတယ်" လို့ လစ်ဗစ်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
"အီရန်အနေနဲ့ သမ္မတထရမ့်နဲ့ အစိုးရအဖွဲ့နဲ့ သဘောတူညီချက်တစ်ခု ရယူတာဟာ အလွန် အမြော်အမြင်ရှိရာ ရောက်ပါလိမ့်မယ်" လို့ ဇွန်လက အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို ရည်ညွှန်းပြီး သူက ထပ်ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ လုပ်ခဲ့တဲ့ အင်္ဂါနေ့က ကြားခံဆွေးနွေးမှုတွေကနေ သိသာထင်ရှားတဲ့ ရလဒ် ထွက်မလာခဲ့ပေမဲ့ နှစ်ဖက်စလုံးက မှန်ကန်တဲ့ ဦးတည်ချက်ဆီကို လှမ်းနိုင်ခဲ့တဲ့ သဘောမျိုး ပြခဲ့ကြပါတယ်။
တီဟီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ကြိုးပမ်းမယ့် အဓိက "အခြေခံမူတွေ" အပေါ် အမေရိကန်နဲ့ နားလည်မှု ရထားပြီလို့ အီရန်က ပြောပါတယ်။
ဒါပေမဲ့ လုပ်ရမှာတွေ အများကြီး ကျန်နေသေးတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီက ထပ်ပြောပါတယ်။
အမေရိကန်ကတော့ "တိုးတက်မှုရှိခဲ့တယ်" လို့ ပြောပါတယ်။
ဆွေးနွေးပွဲမှာ ကြားဝင်စေ့စပ်ပေးနေတဲ့ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အယ်လ်ဘူဆိုက်ဒီကတော့ ဘုံရည်မှန်းချက်တွေနဲ့ အလုပ်သဘောဆိုင်ရာ ကိစ္စရပ်တွေမှာ "ကောင်းမွန်တဲ့ တိုးတက်မှုတွေနဲ့အတူ နိဂုံးချုပ်နိုင်ခဲ့တယ်" လို့ ဆိုပါတယ်။
ဂျနီဗာ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ အမေရိကန်နဲ့ အီရန်ဟာ အဓိကကျတဲ့ တချို့ကိစ္စတွေမှာ "အများကြီးကွာဟ" နေတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိချုပ်က ပြောကြားခဲ့ပါတယ်။
"မနေ့က အစိုးရအဖွဲ့နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ပြောကြားချက်အရ တိုးတက်မှု အနည်းငယ်ရှိတယ်ဆိုတာ ကြားကြရမှာပါ။ ဒါပေမဲ့ ကိစ္စတချို့မှာတော့ ကျွန်မတို့ အများကြီး ကွာဟနေပါသေးတယ်" လို့ လစ်ဗစ်က ဆိုပါတယ်။
"အီရန်ဘက်က နောက်ထပ် သီတင်းပတ် အနည်းငယ်အတွင်းမှာ ကျွန်မတို့ဆီကို ပိုပြည့်စုံတဲ့ အချက်အလက်တွေနဲ့ ပြန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် သမ္မတအနေနဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆက်စောင့်ကြည့်သွားမှာပါ။"
အမေရိကန်ရဲ့ ဆုံးဖြတ်ချက်မှာ အစ္စရေး ပါဝင်ပတ်သက်တာ ရှိ၊ မရှိ ဆိုတာကိုတော့ လစ်ဗစ်က ဖြေဖို့ ငြင်းခဲ့ပါတယ်။
ဒီသီတင်းပတ် အစောပိုင်းမှာတော့ အီရန်က တီဟီရန်ရဲ့ နျူကလီးယား အစီအစဉ်အပေါ် အငြင်းပွားမှုကို ဖြေရှင်းဖို့ အဓိက "အခြေခံမူတွေ" ကို အမေရိကန်နဲ့ နားလည်မှု ရခဲ့တယ်လို့ ပြောပါတယ်။
အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းနိုင်ရေးအပေါ်မှာပဲ ဆွေးနွေးမှုတွေကို အဓိကထားလိုတယ်လို့ အီရန်က ပြောထားပေမဲ့ အမေရိကန်ကတော့ အီရန်ရဲ့ ဒုံးကျည် ထုတ်လုပ်မှု အစီအစဉ်ကိုလည်း ဘယ်ဆွေးနွေးပွဲမှာမဆို ထည့်သွင်းဆွေးနွေးလိုတယ်လို့ အရင်ကတည်းက ပြောထားပါတယ်။
အမေရိကန်နဲ့ ဥရောပ မဟာမိတ်နိုင်ငံတွေက အီရန်ဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ဦးတည်နေတယ်လို့ သံသယရှိနေကြပြီး တီဟီရန်ဘက်ကတော့ ဒါကို အမြဲတမ်း ငြင်းပါတယ်။

အမေရိကန်က အီရန်အနီးက ရေပြင်တွေမှာ စစ်ရေးအင်အား တိုးမြှင့်နေပါတယ်။
ဂြိုဟ်တု ဓာတ်ပုံတွေအရ အီရန်ကလည်း အရေးကြီးတဲ့ စစ်စခန်းတွေကို အခိုင်အမာ ပြင်ဆင်နေတာ တွေ့ရပါတယ်။
ဖျက်သင်္ဘောတွေနဲ့ တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာ ပါဝင်တဲ့ အမေရိကန်ရဲ့ ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်း လေယာဉ်တင် သင်္ဘောဟာ အီရန်အနီးမှာ ရှိနေတယ်လို့ ဘီဘီစီ လေ့လာစူးစမ်းမှုတွေက အတည်ပြုထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောဖြစ်တဲ့ ယူအက်စ်အက်စ် ဂျရတ် အာ ဖို့ဒ်ကို လည်း အမေရိကန်က အရှေ့အလယ်ပိုင်းကို စေလွှတ်ထားတယ်လို့ သတင်းရထားပါတယ်။ အဲဒီသင်္ဘောဟာ နောက်သုံးပတ်အတွင်း ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။
အဲဒီဒေသတွင်းကို စေလွှတ်ထားတဲ့ အမေရိကန် စစ်အင်အားတွေ အားလုံးဟာ မတ်လလယ်လောက်မှာ သတ်မှတ်နေရာတွေကို ရောက်ရှိနေရာယူပြီး ဖြစ်လိမ့်မယ်လို့ အမေရိကန် အရာရှိတစ်ဦးနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦးက စီဘီအက်စ် သတင်းဌာနကို ပြောပါတယ်။
အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကတော့ အင်္ဂါနေ့က X လူမှုကွန်ရက်ပေါ်မှာ ဖို့ဒ် စစ်သင်္ဘောကြီး သမုဒ္ဒရာအောက်မှာ နစ်မြုပ်နေတဲ့၊ အေအိုင်နဲ့ ဖန်တီးထားတဲ့ ပုံတစ်ပုံကို တင်ခဲ့ပါတယ်။
"အမေရိကန်က အီရန်ဆီကို စစ်သင်္ဘောတစ်စင်း စေလွှတ်လိုက်တယ်လို့ အမေရိကန်သမ္မတက ခဏခဏ ပြောနေပါတယ်။ ဟုတ်ပါတယ်၊ စစ်သင်္ဘောဆိုတာ အန္တရာယ်ရှိတဲ့ စစ်လက်နက်ပါပဲ" လို့ ခါမေနီရဲ့ ပို့စ်မှာ ရေးထားပါတယ်။
"ဒါပေမဲ့ စစ်သင်္ဘောထက် ပိုပြီး အန္တရာယ်ရှိတာကတော့ အဲဒီစစ်သင်္ဘောကို ပင်လယ်အောက်ကို နှစ်မြုပ်ပစ်နိုင်တဲ့ လက်နက်ပဲ ဖြစ်ပါတယ်။"
ခါမေနီက အမေရိကန်ဟာ ဆွေးနွေးပွဲရလဒ်တွေကို ကြိုသတ်မှတ်ဖို့ ကြိုးစားနေတယ်လို့လည်း စွပ်စွဲခဲ့ပြီး အဲဒါဟာ "မှားယွင်း မိုက်မဲတဲ့ လုပ်ရပ်" ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC ကလည်း အမေရိကန်ရဲ့ စစ်ရေးတိုးမြှင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ အိုမန်နဲ့ အီရန်ကြား ပင်လယ်ကွေ့မှာရှိတဲ့ ဟော်မုဇ် ရေလက်ကြားမှာ ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့က လုပ်ခဲ့ပါတယ်။
အဲဒီ ရေလက်ကြားဟာ အရေးပါတဲ့ နိုင်ငံတကာ ရေကြောင်းလမ်းဖြစ်ပြီး အာရပ် ပင်လယ်ကွေ့ နိုင်ငံတွေကနေ ရေနံတင်ပို့ရာ အဓိက လမ်းကြောင်းလည်း ဖြစ်ပါတယ်။








