အီရန် ဆန္ဒပြသူတွေကို သတ်ဖြတ်ရင် အမေရိကန် စွက်ဖက်မယ်လို့ ထရမ့်သတိပေး

အီရန်မှာ စီးပွားရေး အခြေအနေ ဆိုးလာလို့ ဆန္ဒပြပွဲတွေ ဖြစ်နေတာ ၆ ရက် ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အီရန်မှာ စီးပွားရေး အခြေအနေ ဆိုးလာလို့ ဆန္ဒပြပွဲတွေ ဖြစ်နေတာ ၆ ရက် ရှိနေ
    • ရေးသားသူ, ယာရိုဆလပ် လူးကစ်

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို သတ်ဖြတ်မှုအတွက် အီရန်အာဏာပိုင်တွေကို အမေရိကန်သမ္မတ ထရမ့်က သတိပေးလိုက်ပြီး အမေရိကန်က "လာကယ်မယ် " လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန်က "မောင်းတင်ပြီး အသင့် စောင့်နေကြောင်း "လူမှုကွန်ရက်မှာ ထရမ့်က ပြောကြားခဲ့ပေမယ့် အသေးစိတ်ကို ပြောမသွားပါဘူး။

အမေရိကန် စွက်ဖက်မှုကြောင့် ဒေသတွင်းမှာ ကသောင်းကနင်း ဖြစ်ကုန်မှာကို မစ္စတာ ထရမ့် သိသင့်တယ် ဆိုပြီး အီရန် ဘာသာရေး ခေါင်းဆောင်ကြီး အလီ ခါမေနီရဲ့ အကြီးတန်းအကြံပေးတယောက်က တုံ့ပြန်ခဲ့ပါတယ်။

အီရန်မှာ စီးပွားရေး အခြေအနေ ဆိုးလာလို့ ဆန္ဒပြပွဲတွေ ဖြစ်နေတာ ၆ ရက် ရှိနေပါပြီ။

တပတ်နီးပါးဖြစ်နေတဲ့ ဆန္ဒပြပွဲကြီးတွေအတွင်း အနည်းဆုံး ၈ ယောက် သတ်ဖြတ်ခံရကြောင်း သိရပါတယ်။

"အီရန်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လုပ်နေကျအတိုင်း အကြမ်းပတမ်း ပစ်ခတ် သတ်ဖြတ်ရင် အမေရိကန်က လာပြီး ကယ်တင်မယ် " ဆိုပြီး သောကြာနေ့က Truth Social ဝက်ဆိုက်မှာ သမ္မတထရမ့်က ရေးသားခဲ့ပါတယ်။

အမေရိကန်စွက်ဖက်မှုကြောင့် ဒေသတွင်းမှာ မတည်မငြိမ် ဖြစ်ပြီး အမေရိကန် အကျိုးစီးပွားတွေကို ထိခိုက်လိမ့်မယ်ဆိုပြီး ခါမေနီရဲ့ အကြံပေး အလီ လယ်ရီဂျာနီက ချက်ချင်း တုံ့ပြန် သတိပေးလိုက်ပါတယ်။

အမေရိကန်က အီရန်အာဏာပိုင်တွေအပေါ် ဘယ်လိုအရေးယူလာနိုင်သလဲ ဆိုတာကိုတော့ အမေရိကန်သမ္မတက ရှင်းရှင်းလင်းလင်း ရေးမသွားပါဘူး။

ဇွန်လတုန်းကလည်း ထရမ့်ရဲ့ အမိန့်နဲ့ အီရန်က အဏုမြူစက်ရုံတွေကို အမေရိကန်က ပစ်ခတ်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် အီရန်က အဏုမြူလက်နက် ထုတ်ဖို့ ကြံစည်နေတာကို သိသိသာသာ နှောင့်နှေးစေခဲ့ကြောင်း အမေရိကန် အာဏာပိုင်တွေက စောဒကတက်ကြပေမယ့် ဒါကို အီရန်ဘက်က ပယ်ချခဲ့ပါတယ်။

ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ကလည်း ကာတာမှာ ရှိတဲ့ အမေရိကန်စစ်စခန်းကြီးတခုကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

 ကားတွေ မီးရှို့ခံရတဲ့ ဗီဒီယိုတွေကိုလည်း လူမှုကွန်ရက်တွေမှာ တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကားတွေ မီးရှို့ခံရတဲ့ ဗီဒီယိုတွေကိုလည်း လူမှုကွန်ရက်တွေမှာ တွေ့ရ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အီရန်မှာ ကြာသပတေးနေ့ တနေ့တည်းမှာပဲ လူ ၆ ယောက် အသတ်ခံရကြောင်း သိရပါတယ်။

သေဆုံးသူတွေက ဆန္ဒပြသူတွေလား၊ လုံခြုံရေးတွေလား ဆိုတာကို အစိုးရတပိုင်း Fars သတင်းအေဂျင်စီက မဖော်ပြပါဘူး။

Lordegan မှာ အသတ်ခံရသူ နှစ်ယောက်က ဆန္ဒပြသူတွေ ဖြစ်ကြောင်း Hengaw လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ .

ဒီသေဆုံးမှုတွေအကြောင်း ဘီဘီစီက လွတ်လပ်စွာ အတည်မပြုနိုင်ပါဘူး။

ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေကြား ရင်ဆိုင်တိုးကြချိန်မှာ ကားတွေ မီးရှို့ခံရတဲ့ ဗီဒီယိုတွေကိုလည်း လူမှုကွန်ရက်တွေမှာ တွေ့ရပါတယ်။

ဘီဘီစီ ပါရှားဌာနကတော့ ကြာသပတေးနေ့က တဟီရန်နဲ့ တခြားမြို့ကြီးတွေမှာ ဖြစ်တဲ့ ဆန္ဒပြပွဲ ဗီဒီယိုတွေကို အတည်ပြုခဲ့ပါတယ်။

အီရန်အနောက်ပိုင်းက Kouhdasht မြို့မှာ ဗုဒ္ဓဟူးနေ့က လုံခြုံရေးတပ်သားအငယ်တယောက် သတ်ဖြတ်ခံရကြောင်း အာဏာပိုင်တွေက စောစောပိုင်းက ပြောကြားပါတယ်။

ဒါပေမဲ့လည်း ဒီအမျိုးသားဟာ ဆန္ဒပြသူတွေထဲက တယောက်ဖြစ်ပြီး လုံခြုံရေးတပ်တွေက ပစ်သတ်ခဲ့တာလို့ ဆန္ဒပြသူတွေဘက်က ပြောပါတယ်။

သောကြာနေ့မှာ ဒီအမျိုးသားကို မြေမြှုပ်သင်္ဂြိုဟ်ချိန်မှာ လူထောင်ချီ စုဝေးခဲ့ကြပါတယ်။ ယူနီဖောင်းဝတ် လက်နက်ကိုင်တွေက သူ့ရုပ်အလောင်းကို သယ်ဖို့ ကြိုးစားချိန်မှာ လူအုပ်က ဝင်လုပြီး မောင်းထုတ်ခဲ့ကြပါတယ်။

အီရန်မှာ ရီယယ် ငွေစျေး ထပ်ပြီး ထိုးကျနေလို့ တဟီရန်က စျေးဆိုင်ရှင်တွေ ဒေါသထွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီရန်မှာ ရီယယ် ငွေစျေး ထပ်ပြီး ထိုးကျနေလို့ တဟီရန်က စျေးဆိုင်ရှင်တွေ ဒေါသထွက်

အီရန်မှာ ရီယယ် ငွေစျေး ထပ်ပြီး ထိုးကျနေလို့ တဟီရန်က စျေးဆိုင်ရှင်တွေ ဒေါသထွက်ပြီး တနင်္ဂနွေနေ့ကစလို့ ဆန္ဒပြပွဲတွေ စတင်ခဲ့ပါတယ်။

အင်္ဂါနေ့မှာ တက္ကသိုလ်ကျောင်းသားတွေ ပူးပေါင်းလာပြီး မြို့ကြီးတော်တော်များများကို ပြန့်သွားခဲ့ပါတယ်။ အီရန် ဘာသာရေး ခေါင်းဆောင်တွေကိုလည်း လူတွေက ဆန့်ကျင် ကြွေးကြော်ကြပါတယ်။

အဲဒီကတည်းက ဆန္ဒပြသူတွေက ခါမေနီ အစိုးရ ဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။ တချို့ကဆိုရင် ဘုရင်စနစ် ပြန်လိုချင်တယ်လို့တောင် ပြောပါတယ်။

၂၀၂၂ က မာရှာ အမာနီ ဆိုတဲ့ အမျိုးသမီးငယ်ကို ခြုံထည် သေချာမပတ်လို့ ဆိုပြီး ဘာသာရေးရဲက ဖမ်းဆီးခဲ့ပြီးနောက် အချုပ်ခန်းမှာ သေဆုံးခဲ့မှုကြောင့် အုံကြွမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

ဒီတခါတော့ ဆန္ဒပြသူတွေဆီက "ဥပဒေနဲ့ညီတဲ့ တောင်းဆိုမှုတွေ " ကို နားထောင်မယ် ဆိုပြီး အီရန်သမ္မတ မာဆု ပဇက်ရှကီယန်းက ပြောကြားခဲ့ပါတယ်။

မတည်မငြိမ်ဖြစ်အောင် ကြိုးစားမှု မှန်သမျှ "ပြတ်ပြတ်သားသား တုံ့ပြန်မှု" နဲ့ ရင်ဆိုင်ရမယ် ဆိုပြီး အီရန် ရှေ့နေချုပ်က သတိပေးခဲ့ပါတယ်။