အပစ်ရပ်ပြီလို့ အီရန်နဲ့ အစ္စရေးတို့ ပြောလာကြလို့ ထရမ့်ရဲ့စွန့်စားမှု အရာထင်ပြီလား

ဓာတ်ပုံ ရင်းမြစ်, The White House via Getty Images
- ရေးသားသူ, အန်သနီ ဇူချာ
- ရာထူးတာဝန်, မြောက်အမေရိက သတင်းထောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အစ္စရေးနဲ့ အီရန်ကြား ပိုဆိုးလာတဲ့ ပဋိပက္ခမှာ လောင်းကြေးထပ် စွန့်စားမှုဝင်လုပ်ခဲ့တဲ့အရာတစ်ခုဟာ အခုအထိတော့ အရာထင်နေဆဲလို့ မှတ်ယူနိုင်ပါတယ်။
အင်္ဂါနေ့ ညနေပိုင်းမှာတော့ နှစ်နိုင်ငံကြားမှာ အပစ်ခတ်ရပ်စဲရေးသဘောတူညီခဲ့ပြီး အဲဒါက ကြာရှည်ခံမယ့် ငြိမ်းချမ်းရေးကို ဦးတည်လိမ့်မယ်လို့ ထရမ့်က ကြေညာခဲ့ပါတယ်။
အစ္စရေးရော အီရန်ကပါ အပစ်ရပ်သဘောတူညီမှုကို တိတိကျကျ ထုတ်မပြောပေမဲ့ အမေရိကန် အဆိုပြုထားတာကြောင့် အပစ်ရပ်ထားမယ်လို့ အင်္ဂါနေ့ မနက်ပိုင်းမှာပဲ အသီးသီး ထုတ်ပြောကြပါတယ်။ အိမ်ဖြူတော်က အရာရှိတွေကတော့ ဒါဟာ သံတမန်ရေးအရ အောင်မြင်မှုလို့ တိုးတိုးတိတ်တိတ် ပြောနေကြပါတယ်။
တကယ်လို့ အမေရိကန်သမ္မတဟာ အမည်တပ်ခဲ့တဲ့ "၁၂ ရက်ကြာစစ်ပွဲ" ဟာ တကယ် အဆုံးသတ်ခဲ့တယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသကို လွှမ်းမိုးလုနီးဖြစ်လာနိုင်တဲ့ ပဋိပက္ခအစွန်းကနေ သိသာထင်ရှားတဲ့ ခြေလှမ်းတလှမ်းကို နောက်ပြန်ဆုတ်သွားစေနိုင်မှာပါ။
စနေနေ့က အီရန်နျူကလီးယားစက်ရုံနေရာတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုအပြီးမှာ အမေရိကန်ဘက်က အပစ်ရပ်ဖို့ ထပ်ပြီး ဖိအားပေးလာတာဖြစ်ပါတယ်။
"အစ္စရေးအနေနဲ့ အီရန်ပြည်သူတွေအပေါ် တရားလက်လွတ်ရမ်းကားမှုကို အီရန်စံတော်ချိန် မနက် ၄ နာရီထက် နောက်မကျဘဲ ရပ်တန့်ပါ" လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာယစ်အာဘတ်စ်အာရာချီ ကပြောခဲ့ပါတယ်။ " အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ဘက်က နောက်ထပ် တုံ့ပြန်မှုတွေကို ဆက်လုပ်ဖို့အတွက်ရည်ရွယ်ချက်မျိုးမရှိပါဘူး" လို့ ပြောပါတယ်။
အမေရိကန်အဆိုပြုတယ်လို့ ဆိုတဲ့ အပစ်ရပ်ကာလ ဒေသစံတော်ချိန် မနက် ၄ နာရီမတိုင်ခင်မှာ တီဟီရန်မှာ အစ္စရေးတိုက်ခိုက်မှုတွေ ရပ်တန့်သွားတယ်လို့ သတင်းတွေအရ သိရပါတယ်။ နှစ်ဖက်လုံးရဲ့ အရှိန်ပြင်းထန်နေတဲ့ အခြေအနေကနေ လျော့ကျတဲ့ ပုံစံမျိုးကတော့ ပေါ်လွင်ပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုကို လက်တုန့်ပြန်မယ့် အီရန်ရဲ့ ကတိကိုအကောင်အထည်ဖော်ခဲ့ပြီး ဒေသအတွင်းမှာ ဝရုန်းသုန်းကား အခြေအနေနောက်မှာတော့ ဒီအပစ်ရပ်မှုက နောက်ဆုံးတိုးတက်မှုအဖြစ်ထွက်ပေါ်လာတာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကာတာနိုင်ငံအတွင်းက အမေရိကန်ပစ်မှတ်အများအပြားကို ပစ်မှတ်ထားတဲ့ အီရန်ရဲ့ ဒုံးကျည်တွေကို ကာတာက ကြားဖြတ်ပစ်ချခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်နိုင်ငံသား ထိခိုက်မှုနဲ့ သေဆုံးမှုမရှိခဲ့ပါဘူး။
စနေနေ့ည အီရန်ကို တိုက်ခိုက်မှုအပြီးပြောတဲ့ ထရမ့်ရဲ့မိန်းခွန်းမှာတော့ အမေရိကန်အကျိုးစီးပွားတွေအပေါ် အီရန်ရဲ့ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို လိုတာထက်ပိုတဲ့အဖြေပါတဲ့တုံ့ပြန်မှုရမယ်လို့ ထရမ့်က သတိပေးပါတယ်။ လိုအပ်မယ်ဆိုရင် အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်ရဲ့ နောက်ထပ်ပစ်မှတ်တွေကို ဖျက်ဆီးနိုင်တယ်ဆိုတာကိုလည်း သူက ထပ်ပြောခဲ့ပါတယ်။
ကမ္ဘာကြီးကတော့ နောက်ထပ် ၂၄ နာရီအတွက် အီရန်က ဘာလုပ်လိမ့်မလဲဆိုတာကို စောင့်ကြည့်ခဲ့ ကြပါတယ်။ အီရန်က တစ်ကြိမ်လောက်လက်တုံ့ပြန်ခဲ့ချိန်မှာ အမေရိကန်က ဘာဆက်လုပ်မလဲဆိုပြီး အာရုံစိုက်ခဲ့ကြချိန်မှာပဲ ထရမ့်က အဲဒီလို ပြောခဲ့တာပါ။
"နျူကလီးယားနဲ့ဆိုင်တဲ့အရာတွေကို တစ်စစီဖျက်ခဲ့တာကို အီရန်ဘက်က အားနည်းစွာတုံ့ပြန်လိုက်ပါပြီ။ ဒါကိုလည်း ကျွန်တော်တို့ အစောပိုင်းကတည်းက မျှော်လင့်ထားပြီးသားပါ။ အဲဒီတုံ့ပြန်မှုကို ကျွန်တော်တို့ ထိထိရောက်ရောက် တန်ပြန်နိုင်ခဲ့ပါတယ်'' လို့ ထရမ့်က သူ့ရဲ့ Truth မီဒီယာမှာ တင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်ဟာ သူတို့စနစ်ထဲကနေ ရုန်းထွက်ခဲ့ပြီဖြစ်လို့ ဒေသအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး ဟန်ချက်ညီညီလုပ်ဆောင်နိုင်တော့မယ်လို့ သူက ပြောပါတယ်။
အီရန်က အပျက်အစီးတွေနဲ့ ပတ်သက်ပြီး အကန့်အသတ်နဲ့သာသိရပေမဲ့ အီရန်တို့အနေနဲ့ ညှိနှိုင်းရေးလမ်းကြောင်းပေါ် တက်လာဖို့ အလွန်စိတ်အားထက်သန်တာမျိုးရှိမယ်လို့ ထရမ့်က ထင်မြင်ထားပါတယ်။
ဒါပေမဲ့ နောက်ကွယ်မှာတော့ အပစ်အခတ်ရပ်စဲရေး အသေးစိတ်အချက်အလက်တွေကိုတော့ ကြားဝင်စေ့စပ်တဲ့ ကာတာနိုင်ငံက ညှိနှိုင်းသူတွေ၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ညာဟု တို့နဲ့ စကားပြောဆိုထားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
ထရမ့်ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုက အန္တရာယ်များလွန်းတဲ့ဗျူဟာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်လာနိုင်ခြေရှိတဲ့နောက်ဆက်တွဲအခြေအနေတစ်ခုဟာ အခုတော့ အရာထင်လာပြီလို့ ဆုနိုင်ပါတယ်။
ဒီလိုအချိုးအကွေ့မျိုးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတုန်းကလည်း မြင်ခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ထရမ့်က အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ခေါင်းဆောင် ဆိုလီမန်နီကို ဘဂ္ဂဒတ်မြို့မှာ လုပ်ကြံသတ်ဖြတ်ဖို့ထရမ့်က အမိန့်ပေးခဲ့ဖူးပါတယ်။
အီရတ်က အမေရိကန်စစ်အခြေစိုက်စခန်းတွေကို အီရန်ရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တုန်းကဆိုရင် အမေရိကန်စစ်သား ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် အမေရိကန်က လက်တုန့် ပြန်မှုအရှိန်မြှင့်ဖို့ မရွေးချယ်ခဲ့ပါဘူး။ ခေါင်းအေးအေးထားတတ်သူတွေက နောက်ဆုံးမှာတော့ အနိုင်ရတယ်လို့ ဆိုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်မီဒီယာတွေကတော့ အမေရိကန်တိုက်လေယာဉ်တွေက စနေနေ့မှာ အီရန်ကို ကြဲခဲ့တဲ့ ဗုံးအရေအတွက်အတိုင်း အီရန်ကလည်း အမေရိကန်စစ်စခန်းတွေကို ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပြောကြပါတယ်။
ဒုံးကျည်ပစ်လွှတ်မှုမတိုင်ခင် အီရန်က ကာတာအစိုးရကို ကြိုတင်အသိပေးမှုလုပ်ခဲ့ပြီး အဲဒီအတွက် ထရမ့်က ကျေးဇူးတင်ခဲ့ပါတယ်။ အီရန်အနေနဲ့ အရှိန်မြှင့်တိုက်တာထက် အချိုးကျကျလုပ်ဆောင်ခဲ့တာလို့ပြောပါတယ်။
ဒီနေ့ တစ်နေ့လုံးမှာ ထရမ့် အာရုံစိုက်တာက ရေနံစျေး၊ အမေရိကန်မီဒီယာတွေရဲ့သတင်းဖော်ပြမှုနဲ့ အီရန်ကို ပြည်ပနိုင်ငံတစ်နိုင်ငံက နျူကလီးယားလက်နက် ထောက်ပံ့ထားတယ်ဆိုတဲ့ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်ရဲ့အပြော ဖြစ်ပါတယ်။
အီရန်ရဲ့ ခြိမ်းခြောက်မှုတစ်ခုအတွက် အမေရိကန်စစ်တပ်ကို ပြင်ဆင်ထားတယ်လို့ ထရမ့်က စက်မှုထိပ်သီး ၇ နိုင်ငံအစည်းအဝေးလုပ်တဲ့ ကနေဒါကနေ ပြန်ရောက်တဲ့ တနင်္လာနေ့ညမှာ လေယာဥ်ပေါ် ကအဆင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
"သူ့တို့ကိုယ် သူတို့ဘယ်လိုကာကွယ်ရမလဲ သေချာသိကြသူတွေ ကျွန်တော်တို့မှာ ရှိပါတယ်" "ကျွန်တော်တို့တပ်ဖွဲ့တွေက အဆင်သင့်ပါပဲ" လို့ ပြောခဲ့ပါတယ်။
တဖက်မှာလည်း အီရန်အနေနဲ့ နောက်ထပ်တစ်ကျော့ တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အမေရိကန်တွေ သေဆုံးတာ၊ ပျက်စီးမှု သိသာတာတွေရှိလာမယ်ဆိုရင် ဒါကို တုံ့ပြန်ဖို့ ထရမ့်အတွက် ဖိအားတွေ ရှိလာမှာပါ။
တနင်္ဂနွေနေ့မှာတော့ အခုသမ္မတဟာ အရင်အမေရိကန်ခေါင်းဆောင်တွေလိုမဟုတ်ဘဲ သူ့ရဲ့ခြိမ်းခြောက်မှုတွေကို ထပ်ကြပ်မကွာရှိခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ဆိုတာက ထရမ့်ထောက်ခံသူ အချို့ စိုးရိမ်ကြတဲ့ ပဋိပက္ခထဲ အမေရိကန်ကိုယ်တိုင် ဝင်ပါသွားတဲ့အထိ ဖြစ်သွားမယ့် ရှည်ကြာလေးအီတဲ့ စစ်ရေးစစ်ရာထဲ ဝင်သွားနိုင်ခြေရှိတဲ့ စွန့်စားရမှုလည်း ရှိနေတာပါ။
ဒါပေမဲ့ လက်ရှိအခိုက်အတန့်မှာတော့ ထရမ့်ဟာ ပိုပြီးတိုက်ကြခိုက်ကြမယ့်လမ်းခွဲလေးတစ်ခုထဲ လျှိုဆင်းသွားချင်ပုံပေါ်နေပြီး အီရန် - အစ္စရေး နှစ်နိုင်ငံစလုံးကလည်း အဲဒီလမ်းကို အလိုက်သင့် လှမ်းလိုပုံ ပေါ်နေပါတယ်။











