အစ္စရေးနဲ့ အီရန်စစ်ပွဲ - အဆိုးဝါးဆုံးဖြစ်နိုင်ခြေတွေက ဘာတွေလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဂျိမ်းစ် လန်ဒေး
- ရာထူးတာဝန်, သံတမန်ရေးရာ သတင်းထောက်
လက်ရှိ အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံအကြားက တိုက်ခိုက်မှုဟာ ကန့်သတ် တိုက်ပွဲပုံစံ ဖြစ်နေဆဲပါ။ ဒီတိုက်ပွဲ မကျယ်ပြန့်သွားအောင် ထိန်းသိမ်းဖို့ ကုလသမဂ္ဂအပါအဝင် အားလုံးက တိုက်တွန်းနေကြပါတယ်။
ဒါပေမဲ့ ဒီအပြောတွေကို သူတို့ဘက်က မကြားနိုင်ဘူးဆိုရင်ရော၊ တိုက်ခိုက်မှုတွေ ကျယ်ပြန့်လာပြီး တင်းသထက်တင်းမာလာရင်ရော၊
ဖြစ်လာနိုင်ခြေရှိတဲ့ အဆိုးရွားဆုံး အခင်းအကျင်းတချို့ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အမေရိကန်ပါ ဒရွတ်တိုက် ပါလာနိုင်ခြေ
အမေရိကန်အနေနဲ့ အခုကိစ္စမှာ သူတို့ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ငြင်းဆိုထားပေမဲ့လည်း အမေရိကန်တပ်ဖွဲ့တွေက ထောက်ခံပေးပြီး အစ္စရေးတိုက်ခိုက်မှုအတွက် အနည်းဆုံးတော့ နည်းပညာထောက်ပံ့မှုကို ပေးခဲ့တယ်လို့ အီရန်ဘက်က ယုံကြည်နေပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းတလွှားက အမေရိကန် ပစ်မှတ်တွေ အထူးသဖြင့် အီရတ်က အထူးတပ်ဖွဲ့စခန်းတွေ၊ ပင်လယ်ကွေ့က စစ်စခန်းတွေနဲ့ ဒေသတွင်း သံတမန်ရေးရာလုပ်ငန်းတွေစတဲ့ အမေရိကန်ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်ပါတယ်။
တဖက်မှာလည်း အီရန်ဟာ ဒေသတွင်းမှာ သူကျောထောက်နောက်ခံပေးထားတဲ့ ဟားမတ်စ်နဲ့ ဟစ််ဇ်ဘိုလာတို့လို အစွယ်အပွားတပ်ဖွဲ့တွေရှိနေပြန်ပါတယ်။ လက်ရှိမှာ ဒီအဖွဲ့တွေ အရောင်မှိန်နေတယ်လို့ဆိုပေမဲ့ အီရတ်နိုင်ငံမှာရှိတဲ့ သူကျောက်ထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ လက်နက်လည်းမြဲ၊ ရှိရင်းစွဲအားအတိုင်း ဆက်ရှိနေဆဲပါ။
အမေရိကန်ဟာ အဲဒီလို တိုက်ခိုက်မှုတွေ လုပ်လာနိုင်ခြေကို စိုးရိမ်သလို ဌာနဆိုင်ရာဝန်ထမ်းအချို့ကိုလည်း ပြန်ခေါ်ထားတာရှိပါတယ်။ အမေရိကန်ကတော့ အီရန်အနေနဲ့ အမေရိကန်အပေါ်ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်မယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေကို မေ့ထားလို့ မရဘူးဆိုတဲ့အကြောင်း လူသိရှင်ကြား သတင်းစကားပါးပါတယ်။
ဒီတော့ တဲလ်အဗီ ဒါမှမဟုတ် တစ်နေရာရာမှာ အမေရိကန်နိုင်ငံသားတစ်ယောက် သေဆုံးခဲ့တယ်ဆိုရင် ဘာဆက်ဖြစ်လာနိုင်ပါသလဲ။
အဲဒီအခါ သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်လည်း ဝင်ပါရဖို့အထိ ဖြစ်လာနိုင်ပါတယ်။ အီရန်ကိုအနိုင်ရရေးမှာ အထောက်အကူဖြစ်အောင် အမေရိကန်ကို အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက ဆွဲသွင်းချင်နေတာလို့ စွပ်စွဲခံနေရတာ ကြာနေပါပြီ။
စစ်ရေးအကဲခတ်တွေကတော့ အီရန်တို့ရဲ့နျူကလီးယား စက်ရုံတွေ အတွင်းပိုင်း မြေအောက်ထဲအထိ ထိုးဖောက်နိုင်တဲ့ ဘန်ကာဖျက် ဗုံးတွေနဲ့ ဗုံးကြဲလေယာဉ်တွဟာ အမေရိကန်မှာပဲ ရှိတာလို့ ပြောကြပါတယ်။
ထရမ့်ကတော့ အရှေ့အလယ်ပိုင်းမှာ ''အတောမသတ်တဲ့စစ်ပွဲ'' ဘယ်လို စစ်ပွဲမျိုးကို မဆို ပါဝင်မှာ မဟုတ်ဘူးလို့ သူ့ မဲဆန္ဒရှင်တွေကို ကတိပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ပါတီဖြစ်တဲ့ ရီဘတ်ဘလီကန်ပါတီဝင် အများစုကတော့ အစ္စရေးအစိုးရကို ထောက်ခံတာ၊ နောက်ပြီး တဟီရန်မှာ အုပ်စိုးသူ ပြောင်းလဲရေးကြိုးစားချိန်တန်ပြီဆိုတဲ့ အမြင်ကို လည်း ထောက်ခံပါတယ်။
ဒါပေမဲ့လည်း အမေရိကန်အနေနဲ့ တိုက်ရေး ခိုက်ရေးမှာ ပါဝင်လာတယ်ဆိုရင် ကာလရှည်ကြာပြီး ပျက်စီးကိန်းဆိုက်နိုင်ခြေမြင့် စမ်းသပ်ချက်ဖြစ်လာမှာပါ။
ပင်လယ်ကွေ့ နိုင်ငံတွေလည်း ပါဝင်လာနိုင်ခြေရှိ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အီရန်အနေနဲ့ အစ္စရေးရဲ့ကောင်းမွန်စွာ ကာကွယ်ပြင်ဆင်ထားတဲ့ စစ်တပ်နဲ့ အခြားပစ်မှတ် တွေကို ပျက်အောင် မလုပ်နိုင်ဘူးဆိုရင် အီရန်ဟာ သူ့ ဒုံးကျည်တွေကို ပင်လယ်ကွေ့ထဲမှာ ဟာကွက်ရှိတဲ့နေရာတွေကို ခြေဦးလှည့်လာနိုင်ပါတယ်။
အထူးသဖြင့် သူ့ရန်သူလို့ မှတ်ယူထားတဲ့နိုင်ငံတွေကို ကူညီ ပံ့ပိုးနေတယ်လို့ အီရန်က ယူဆတဲ့ ပင်လယ်ကွေ့ထဲက နိုင်ငံတွေဆီ ဖြစ်ပါတယ်။
ဒေသအတွင်းမှာလည်း ပစ်မှတ်ထားနိုင်စရာ စွမ်းအင်နဲ့ အခြေခံအဆောက်အဦတွေက အများအပြားရှိနေတာပါ။ ၂၀၁၉ ခုနှစ်မှာ ဆော်ဒီအာရေးဗျ ရေနံတွင်းတွေကို တိုက်ခိုက်မှုနဲ့ အီရန်ရဲ့ အစွယ်အပွား ဟူသီ သူပုန်တွေက ၂၀၂၂ ခုနှစ်မှာ ယူအေအီးနိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ခိုက်တာတွေရဲ့နောက်ကွယ်မှာ အီရန်ရှိနေတယ်လို့ စွပ်စွဲခံထားရတာပါ။
အဲဒီနောက်ပိုင်းမှာတော့ ဒေသအတွင်းက အချို့နိုင်ငံတွေနဲ့ အီရန်အကြားမှာ ရင်ကြားစေ့တာတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနိုင်ငံတွေဟာ အမေရိကန်လေတပ်စခန်းတွေကို နိုင်ငံထဲမှာ ဖွင့်ခွင့်ပေးထားကြပါတယ်။ တချို့နိုင်ငံတွေဆိုရင် ပြီးခဲ့တဲ့နှစ်တုန်းက အီရန်ရဲ့ အစ္စရေးကို တိုက်ခိုက်မှုမှာ အစ္စရေးဘက်ကနေ နောက်ကွယ်က ကူညီခဲ့ကြတာတောင် ရှိခဲ့ပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေ တိုက်ခိုက်ခံရရင် အမေရိကန်ရဲ့စစ်လေယာဥ်တွေက အစ္စရေးလိုပဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြောင်းဖန်လာနိုင်ခြေရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန်ရဲ့ နျူစွမ်းရည်ကို ပျက်အောင်ဖျက်ဖို့ရာ အစ္စရေး မစွမ်းနိုင်ဘူးဆိုရင်
အစ္စရေးရဲ့တိုက်ခိုက်မှုတွေ မအောင်မြင်ဘူးဆိုရင်ရော။ အီရန်ရဲ့နျူကလီယားစက်ရုံတွေဟာ မြေအောက် နက်နက်မှာရှိပြီး ကာကွယ်မှု ကောင်းကောင်းလုပ်ထားတယ်ဆိုရင်ရော။ ယူရေနီယံ ၆၀ ရာခိုင်နှုန်း ကြွယ်ဝစွာပါဝင်တဲ့ ၄၀၀ ကီလိုဂရမ် ပမာဏဟာ နျူကလီးယားလောင်စာဖြစ်ပြီး လက်နက်ထုတ်လို့ရတဲ့အဆင့်ရောက်ဖို့ အဆင့်အနည်းငယ်ပဲ လိုတော့တဲ့ အီရန်ရဲ့ ကီလို ဂရမ် ၄၀၀ လောက်ရှိတဲ့ သန့်စင် ယူရေနီယံတွေဟာ ဗုံး ၁၀ လုံးစာလောက်ဖြစ်သွားပြီး အဲဒါတွေကို မဖျက်ဆီးနိုင်ဘူး ဆိုရင်ရော ...
အဲဒီယူရေနီယံတွေကို လျှို့လျှို့ဝှက်ဝှက်လုပ်ထားတဲ့ မိုင်းတွင်းနက်နက်တွေထဲမှာ သိမ်းထားတယ်လို့ ယူဆကြပါတယ်။ အစ္စရေးဟာ နျူကလီးယား သိပ္ပံပညာရှင်အချို့ကို သတ်နိုင်မယ်ဆိုပေမဲ့ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ ကျွမ်းကျင်လိမ္မာမှုကိုတော့ ဘယ်ဗုံးကမှ ဖျက်ဆီးဖို့ မဖြစ်နိုင်ပါဘူး။
အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ နောင်မှာ တိုက်ခိုက်မှုတွေ ဆက်မလုပ်နိုင်အောင် အခုကတည်းက နျူကလီးယားစွမ်းဆောင်ရည် ကောင်းမှဖြစ်တော့မယ်လို့ အီရန် ခေါင်းဆောင်ပိုင်းကို အတွေးရောက်သွား စေနိုင်တယ်ဆိုရင်ရော။
အီရန်မှာ စားပွဲဝိုင်းထဲ ဝင်ထိုင်လာတဲ့ စစ်ဘက်ခေါင်းဆောင်အသစ်တွေက ခေါင်းပိုမာပြီး သူ့တို့ရှေ့က လူတွေလောက် တွေးတွေးချင့်ချင့် မလုပ်ဘူးဆိုရင်ရော။
ဒါဟာ အစ္စအရေးအတွက် နောက်ထပ် တိုက်ခိုက်မှုတွေလုပ်အောင် တွန်းပို့နိုင်ခြေရှိပါတယ်။ ဒေသတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်လာဖို့လည်း အကြောင်း ဖန်လာနိုင်ပါတယ်။ အစ္စရေးဟာ သူ့ရဲ့ ဗျူဟာအတွက် ကြမ်းတမ်းတဲ့ဗျူဟာအဆင့် ရှိနေပါတယ်။ အဲဒါကို အစ္စရေးက ''မြက်ရိတ်တယ်'' လို့ ခေါ်ပါတယ်။
ကမ္ဘာ့စီးပွားရေးလှိုင်း ဘောင်ဘင်ခတ်နိုင်
အခုဆို ရေနံစျေးတွေဟာ မိုးထိအောင် မြင့်တက်နေပါတယ်။
တကယ်လို့ အီရန်ဟာ ဟော့မုဇ် ရေလက်ကြားကို ပိတ်ဖို့ကြိုးစားပြီး ရေနံတွေ စီးဆင်းမှုကို နောက်ထပ် ကန့်သတ်တာတွေ လုပ်မယ်ဆိုရင်ရော။
အာရေးဗျကျွန်းအခြားတဖက်မှာရော၊ ယီမင်ထဲက ဟူသီသူပုန်တွေက ပင်လယ်နီထဲက သင်္ဘော တွေကိုအရင်ကထက် ၂ ဆ တိုးပြီး တိုက်ခိုက်ရင်ရော ဘာဖြစ်လာမလဲ။ ဟူသီတွေဟာ ကြိုတင်မှန်းဆလို့မရတာနဲ့ အန္တရာယ်များတဲ့အဖွဲ့ လို့ မှတ်ယူခံရတဲ့ သမိုင်းကြောင်းရှိပြီး အီရန်ရဲ့ အစွယ်အပွား လက်နက်ကိုင်ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအများစုဟာ လူနေမှုကုန်ကျစရိတ်မြင့်မားမှုဒဏ်ကို ကျောကော့နေအောင် ခံနေရတဲ့အခြေအနေပါ။ ရေနံစျေးတက်တာဟာ ကမ္ဘာ့စီးပွားရေးစနစ်မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အခွန်တိုးကောက်လို့ဖြစ်တဲ့ ပွတ်တိုက်သံတွေကို ပိုအသံညံလာစေမယ့် ငွေကြေးဖောင်းပွမှုကို ဦးတည်သွားစေမှာဖြစ်ပါတယ်။
မေ့ထားဖို့မသင့်တာကတော့ ရေနံစျေးတက်လို့ အမြတ်ထွက်သူက သမ္မတ ပူတင်ဖြစ်ပါတယ်။ ရေနံစျေးတက်လာမယ်ဆိုရင် သမ္မတ ပူတင်ဟာ ယူကရိန်းကို တိုက်နေတဲ့သူ့ရဲ့စစ်ပွဲအတွက် ဒေါ်လာ သန်းထောင်ချီကို ရရှိမှာဖြစ်ပါတယ်။
အီရန်မှာ အုပ်စိုးသူတွေဆင်းပြီး အာဏာလေဟာနယ်ဖြစ်
အီရန်အစ္စလာမ္မစ် တော်လှန်ရေး အာဏာရှင်ပြိုကျဖို့ ကာလရှည်ဖိအားပေးနေတဲ့ အစ္စရေးက အနိုင်ရခဲ့ရင် ဘာဖြစ်မလဲ။
နေတန်ညာဟုကတော့ အီရန်ရဲ့ နျူကလီးယားစွမ်းရည်ကို ဖျက်ဆီးဖို့ဟာ သူ့ရဲ့ မန္တိမ ရည်မှန်းချက်လို့ ပြောပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံး ပြောထားတဲ့ သူ့ကြေညာချက်အရဆိုရင် သူ့ရဲ့ ရည်မှန်းချက်ထဲမှာ အီရန်က အုပ်စိုးသူ အပြောင်းအလဲဖြစ်ရေးလည်း ပါဝင်လာပါတယ်။
သူကတော့ သူ့ရဲ့တိုက်ခိုက်မှုဟာ ရက်စက်ဖိနှိပ်တဲ့ အုပ်စိုးသူလက်အောက်ကနေ လွတ်လပ်မှု ဆောင်ကျဉ်းနိုင်ရေးအတွက် အီရန်နိုင်ငံသားတွေအတွက် လမ်းရှင်းပေးတာလို့ ဆိုပါတယ်။
အီရန်အစိုးရကိုဖြတ်ချနိုင်ခဲ့ရင်တော့ ဒေသအတွင်းကအချို့ကို ဆွဲဆောင်နိုင်တာမျိုးဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် အစ္စရေးနိုင်ငံသားအချို့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဏာလေဟာနယ်ကို ဘာနဲ့ဖြည့်နိုင်ပါမလဲ။ ကြိုတင်မမြင်နိုင်တဲ့ ဘာအကျိုးဆက်က ရှိလာလိမ့်မလား။ အီရန်အတွင်း ပြည်တွင်းပဋိပက္ခက ဘယ်လိုပုံစံမျိုးဖြစ်လာနိုင်မလဲဆိုတာတွေလည်း မေးခွန်းတွေ ထွက်လာပါတယ်။
အီရတ်နဲ့ လစ်ဗျားတို့မှာ ဗဟိုချုပ်ကိုင်မှုပြင်းထန်တဲ့ အစိုးရဖယ်ရှားခံရပြီးနောက် ဘာဖြစ်ခဲ့လဲဆို တာနဲ့ ချိန်ထိုး ကြည့်နိုင်ပါတယ်။
လာမယ့်ရက်တွေထဲ ပဋိပက္ခကဘယ်လိုမျိုးတိုးပွားလာမယ်ဆိုတာ ''များ''တွေအပေါ်မှာ မူတည်နေပါတယ်။
ပြီးတော့ အီရန်က ဘယ်လို ပြန်လည် လက်တုံ့ပြန်မလဲ။ အစ္စရေးကို အမေရိကန်က ဘယ်လို ထိန်းကျောင်းမလဲဆိုတာတွေလည်း နောက်ဆက်တွဲ မေးခွန်းတွေပါ။
ဒီတော့ ဖြစ်လာနိုင်ခြေရှိတဲ့ ''များ'' အဖြေဟာ အပေါ်က မေးခွန်းတွေကနေ ထွက်လာမယ့် အဖြေအပေါ် အများကြီး မူတည်နေပါတယ်။











