ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၂၈ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - အမေရိကန်က အီရန်ကိုစစ်ဆင်ပြီလို့ ထရမ့်ပြော
အမေရိကန်က အီရန်ကို ကြီးမားတဲ့စစ်ဆင်ရေးစတင်လိုက်ပြီး အီရန်ရဲ့ ဒုံးကျည်ထုတ်လုပ်ရေး လုပ်ငန်းစုကြီးတစ်ခုလုံးကို မြေလှန်ပစ်မယ်လို့ သမ္မတထရမ့်ကပြောပါတယ်။
အစ္စရေးက အီရန်ကိုဒီကနေ့မနက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တီဟီရန်မြို့လယ်မှာ ပေါက်ကွဲသံ တွေကြားခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပြီး အရေးပေါ်သတိပေးသံတွေ ထွက်ပေါ်ခဲ့ပါတယ်။
တီဟီရန်မြို့လယ်က အရေးကြီးနေရာတချို့ကို ဒုံးကျည်အမြောက်အမြား ကျရောက်ထိမှန်ခဲ့တယ်လို့ ဖားစ် (Fars) သတင်းအေဂျင်စီက ဖော်ပြပါတယ်။
အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုဟာ အီရန် နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့နဲ့ စစ်ပွဲကို ရှောင်လွှဲဖို့ အမေရိကန်နဲ့ အီရန်အကြား သံတမန်ရေးအရ ကြိုးပမ်းနေတဲ့ကာလအတွင်း ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
သမ္မတထရမ့်ဟာ ၂၀၀၃ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ အီရတ်ကျူးကျော်စစ်နောက်ပိုင်း အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးစစ်အင်အား ဖြည့်တင်းခဲ့တာဖြစ်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးကတ်ဇ် ကတော့ "ကြိုတင်ကာကွယ်တဲ့ တိုက်ခိုက်မှု" လို့ပြောပြီး "အစ္စရေးနိုင်ငံအပေါ် ကျရောက်နေတဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း အစ္စရေးက အီရန်ကို တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ၁၂ ရက်ကြာစစ်ပွဲ ဖြစ်ပွားခဲ့ဖူးပါတယ်။
အဲဒီတုန်းက အမေရိကန်က အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန် နျူကလီးယားအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
မန်းသံပုရာကန်ရေနံချက်စက်ရုံနဲ့ ကပစ ၂ ကို တိုက်ခိုက်ခဲ့တယ်လို့ NUG အထူးတပ်ဖွဲ့ပြော
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ထဲက မန်းသံပုရာကန်ရေနံချက်စက်ရုံနဲ့ အမှတ် ၂ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တို့ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်က အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS) ကနေ သတင်းထုတ်လာပါတယ်။
ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်နေတဲ့ ရုပ်သံကိုလည်း SOS က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မန်းသံပုရာကန် ရေနံချက်စက်ရုံထဲ ၁၀၇ မမ ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရေနံချက်စက်ရုံထဲက ဝန်ထမ်းလိုင်းခန်းနဲ့ စက်ရုံပတ်ဝန်းကျင်မှာ ထိမှန်မှုတွေရှိခဲ့တယ်လို့ SOS က ပြောပါတယ်။
အလားတူ ကပစ ၂ ဝင်းထဲကိုလည်း ၁၀၇ မမ ၁ လုံးကျရောက်ပေါက်ကွဲပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ တယ်လို့ SOS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရေနံချက်စက်ရုံနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ရေနံချက်စက်ရုံဝင်းတဝိုက်ကနေ ပေါက်ကွဲသံတချို့ကြားခဲ့ရပေမယ့် ရေနံချက်ကန်တွေကတော့ ထိခိုက်မှုမရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။
"တစ်ကန်ထိရင် မီးကကူးမှာပဲ၊ အခုကတော့ မီးလောင်တာ မတွေ့ရဘူး" လို့ သူကဆိုပါတယ်။
ကပစ ၂ စက်ရုံထဲ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့တယ်ဆိုတဲ့အခြေအနေတွေနဲ့ပတ်သက်လို့တော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ လပိုင်းကတည်းက မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ ၂ အနီးမှာရှိတဲ့ရွာတွေကို စစ်တပ်က တက်လိုက်၊ ဆုတ်လိုက်နဲ့ စစ်ကြောင်းထိုးနေတာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
SOS အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ဆင်ရေးအတွက် "မြေပြင်မှာ ကွင်းစဆင်းကတည်းက အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာ ၂လလောက်ရှိပြီ' လို့ ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ ရေနံချက်စက်ရုံနဲ့ ကပစ ၂ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
စစ်တပ်နဲ့ TNLA တို့ ကူမင်းဆွေးနွေးပွဲ အဖြေမထွက်
တအာင်းနဲ့ ကိုးကန့် ကူမင်းမှာ တွေ့ဆုံဖို့ရှိ
မြန်မာစစ်တပ်နဲ့ တအာင်းတပ်(TNLA) တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၇ ရက်အထိ တရုတ်ကြားဝင်မှုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ရလဒ်ထွက်ခဲ့တာမျိုးမရှိဘူးလို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ကနဦးသိရတဲ့အခြေအနေကို အတည်ပြုပါတယ်။
စစ်တပ်က ၁၀၂၇ စစ်ဆင်ရေးတွေအတွင်း TNLA သိမ်းပိုက်ခဲ့တဲ့ မြို့တွေကို ပြန်တောင်းခဲ့ပေမယ့် TNLA ဘက်က သဘောမတူတာကြောင့် ဆွေးနွေးပွဲမအောင်မြင်ခဲ့ဘူးလို့ သူကဆိုပါတယ်။
အဖွဲ့စုံရှိနေတဲ့ ကွတ်ခိုင်မြို့အပါအဝင် TNLA ထိန်းချုပ်မှုအောက်က နမ့်ခမ်း၊ နမ္မတူ၊ မန်တုံ စတဲ့မြို့တွေကို စစ်တပ်ကပြန်တောင်းနေတာလို့ သူက ထပ်ပြောပါတယ်။
ဆွေးနွေးပွဲမှာ နှစ်ဖက်တပ်ရဲ့ ဘယ်လိုရာထူးအဆင့်ရှိသူတွေ တက်ရောက်ခဲ့လဲဆိုတာကိုတော့ ဘီဘီစီက ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်တပ်နဲ့ TNLA တို့တွေ့ဆုံဆွေးနွေးတဲ့အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက TNLA ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။
တစ်ဖက်မှာလည်း ရှမ်းမြောက်၊ ကွတ်ခိုင်ဒေသမှာ ဖြစ်နေတဲ့ TNLA နဲ့ MNDAA တို့ မြောက်ပိုင်းညီနောင် ၂ ဖွဲ့ရဲ့ တင်းမာမှုအတွက်ကိုလည်း TNLA နဲ့ MNDAA တို့ ကူမင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်နဲ့ TNLA တို့ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာ တရုတ်ကမကထလုပ်မှုနဲ့ အပစ်ရပ်သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။
အပစ်ရပ်ချိန်တုန်းကလည်း TNLA ထိန်းချုပ်ဒေသတွေကို စစ်တပ်ဘက်က လေကြောင်းကြဲတာတွေ မလုပ်ရဘူးဆိုတဲ့အချက်နဲ့ TNLA က သူထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ် မြို့ ၂ မြို့တို့ကို စစ်တပ်လက်ထဲ လွှဲပေးခဲ့ပါတယ်။
ကိုးကန့်တပ် (MNDAA) နဲ့ စစ်တပ်တို့ အပစ်ရပ်ပြီးတဲ့နောက်မှာလည်း စစ်တပ်က ၁၀၂၇ စစ်ဆင်ရေးတွေအတွင်း လက်လွှတ်ခဲ့ရတဲ့ လားရှိုးမြို့အပါအဝင် သိန္နီအပါအဝင် ကိုးကန့်ထိန်းချုပ်ဒေသတွေကို ပြန်ပေးဖို့ အစည်းအဝေးအကြိမ်ကြိမ်လုပ်ပြီး တောင်းဆိုခဲ့ပါတယ်။
စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကိုတော့ ကိုးကန့်က စစ်တပ်လက်ထဲ ပြန်လွှဲပေးခဲ့ပါတယ်။
ဘိုလီဗီးယားမှာ ငွေစက္ကူတွေ တင်လာတဲ့ စစ်တပ်လေယာဉ်ပျက်ကျ
ဘိုလီဗီးယားနိုင်ငံအနောက်ပိုင်း အယ် အာတိုမြို့မှာ ဘိုလီဗီးယားလေတပ်ကုန်တင်လေယာဉ်တစ်စင်း ပျက်ကျတာကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။
ဆန်တာ ခရုဇ်မြို့ကနေ ထွက်ခွာလာတဲ့ လေယာဉ်ဟာ အယ် အာတို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်ချိန် ဒေသဆိုင်ရာစံတော်ချိန် ၁၈ နာရီ ၂၀ မိနစ်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။
လေယာဉ်ဟာ ပြေးလမ်းချော်ပြီး အနီးအနားက ယာဉ်သွားလမ်းပေါ်က မော်တော်ကားတွေကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။
သေဆုံးသူစာရင်းကိုဝန်ကြီးဌာနက မထုတ်ပြန်သေးဘဲ လေဆိပ်ကို ယာယီပိတ်ထားပါတယ်။
လေတပ်ပိုင် စီ-၁၃၀ ဟာကျူလီလေယာဉ်ဟာ ဘိုလီဗီးယားဗဟိုဘဏ်ကိုပို့ဖို့ ငွေစက္ကူတွေတင်လာတာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ဒီငွေစက္ကူတွေကိုသုံးရင် ရာဇဝတ်မှုမြောက်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
အများပြည်သူအနေနဲ့ အခင်းဖြစ်ပွားရာနေရာကို လာရောက်ခွင့်မပြုထားပါဘူး။
လေယာဉ်ပျက်ကျရာနေရာကို လူတွေရောက်လာပြီး ငွေစက္ကူတွေယူဖို့ကြိုးပမ်းခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားရာကို ရိုက်ကူးထားတဲ့ မှတ်တမ်းတွေအရ ပျက်ကျလေယာဉ်နဲ့ ထိခိုက်ပျက်စီးတဲ့ မော်တော်ယာဉ်တွေကို တွေ့ရပါတယ်။
SRA တပ်ပေါင်းစု နဲ့ NUG တွေ့
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဝန်ကြီးတွေနဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance)တို့ ပထမဆုံးတွေ့ဆုံပြီး ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
SRA တပ်ပေါင်းစုဟာ နယ်မြေဒေသအစုံက တော်လှန်ရေးတပ်တွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ စုဖွဲ့လိုက်တဲ့တပ်ပေါင်းစုဖြစ်ပြီး အဖွဲ့ဝင်တပ် ၁၉ ဖွဲ့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဒီတပ်ပေါင်းစုမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကွပ်ကဲမှုအောက်က တပ်ရင်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေတော့ မပါဝင်ပါဘူး။
NUG ကတော့ ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်တဲ့ SRA နဲ့ ဆွေးနွေးပွဲမှာ ကာကွယ်ရေးမူဝါဒတွေအပြင် စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
ဒါ့အပြင် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ SRA တပ်ပေါင်းစုတို့ကြား ရှေ့ဆက်ဆွေးနွေးမယ့် လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ခဲ့တယ်လို့ NUG က အသိပေးထားပါတယ်။
SRA အဖွဲ့ဝင်ဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ တာဝန်ခံ မောင်ဆောင်းခကလည်း သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ NUG နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အတည်ပြုထားပါတယ်။
NUG နဲ့တွေ့ဆုံမှုမှာ "SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာဆွေးနွေးဖြစ်ခဲ့ပါတယ်" လို့ မောင်ဆောင်းခက ရေးသားထားပါတယ်။ NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့သဘောထားကိုလည်း မေးမြန်းအတည်ပြုနိုင်ခဲ့တယ်လို့ သူကဖော်ပြပါတယ်။
NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့နဲ့ ကျေလည်တဲ့ ညီညွတ်ရေးကို အတူတကွတည်ဆောက်နိုင်ကြဖို့၊ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ မောင်ဆောင်းခက ပြောထားပါတယ်။
နှစ်ဖက်တွေ့ဆုံပွဲမှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ကြပြီး SRA ဘက်က ခေါင်းဆောင်တွေလည်း စုံစုံလင်လင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
LNG သုံး စက်မှုဇုန်တွေကို မီတာခ တစ်ယူနစ် ကျပ် ၉၀၀ အထိ တိုးကောက်မယ်
ပြည်တွင်းထဲက စက်မှုဇုန်တွေကို သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားတိုက်ရိုက်ပေးနေတဲ့ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေကို ၂၄ နာရီမီးပေးပြီး မီတာခ တစ်ယူနစ်ကို ကျပ် ၉၀၀ ကောက်သွားမယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။
သီလဝါစီးပွားရေးဇုန်ထဲက လုပ်ငန်းရှင်တချို့နဲ့ နီးစပ်သူတစ်ဦးကတော့ စစ်ကော်မရှင်ဘက်က လုပ်ငန်းရှင်တွေကို ဖေဖော်ဝါရီလအစပိုင်းကတည်းက အခုလို မီတာခ တိုးကောက်မယ့်အကြောင်း ကြိုတင်အသိပေးခဲ့တယ်လို့ ပြောပါတယ်။
"မီးများများသုံးလေ မီတာခနဲ့ မကိုက်လေဆိုတော့ ဆိုလာစနစ်ပဲ တွန်းလုပ်နေတယ်။ ဆိုလာကလည်း စက်ရုံတစ်ခုလုံးစာအတွက်ဆိုရင် အရင်းအနှီးက ကြီးလွန်းတော့ စက်ရုံတိုင်းမလုပ်နိုင်ဘူး"လို့ လုပ်ငန်းရှင်တစ်ဦးက ဆက်ရှင်းပြပါတယ်။
မီတာခ တိုးမကောက်ခင် အရင်ကတော့ သီလဝါစက်မှုဇုန်ထဲမှာ မီတာခက တစ်ယူနစ်ကို ကျပ် ၄၉၀ ဝန်းကျင်လောက်ပဲ ပေးရတယ်လို့ သီလဝါဇုန်ထဲက မြန်မာနဲ့ ဂျပန်ဖက်စပ်ကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
LNG မဟုတ်ဘဲ လက်ရှိဓာတ်အားပေးစက်ရုံတွေကနေ အများပြည်သူအပါအဝင် စက်မှုနဲ့စီးပွားရေးလုပ်ငန်းတွေကို ဖြန့်ဖြူးနေတဲ့ လျှပ်စစ်ဓာတ်အားအတွက် မီတာခတွေ (အိမ်သုံးအမျိုးအစားနဲ့ အိမ်သုံးမဟုတ်တဲ့ အမျိုးအစား) ကိုတော့ မူလအတိုင်း ဆက်ပြီးကောက်ခံမယ်လို့ စစ်ကော်မရှင်က အသိပေးပါတယ်။
အိမ်သုံးအမျိုးအစားအတွက်
- ၁ ကနေ ၅၀ ယူနစ်အထိ ၅၀ ကျပ်
- ၅၁ ကနေ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်
- ၁၀၁ ကနေ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်
- ၂၀၁ ယူနစ်နဲ့အထက် ၃၀၀ ကျပ်
အိမ်သုံးမဟုတ်တဲ့အမျိုးအစားအတွက်
- ၁ ကနေ ၅,၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်
- ၅,၀၀၁ ကနေ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်
- ၂၀,၀၀၁ ယူနစ်နဲ့အထက် ၅၀၀ ကျပ် စတဲ့ နှုန်းထားတွေအတိုင်း မီတာခကောက်ခံသွားမယ်လို့ သိရပါတယ်။