လူပျိုအကျပ်အတည်း၊ ကျန်ရစ်အမျိုးသမီးတွေနဲ့ကွန်ဒုံးခွန်- တွက်ကိန်းမှားတဲ့တရုတ်ရဲ့ ကလေးမွေးနှုန်းတက်ရေးကြိုးပမ်းမှု

ဖတ်ရန်အချိန်: မိနစ် ၁၁

တရုတ်နှစ်သစ်ကူးကို နိုင်ငံတလွှားက သန်းနဲ့ချီတဲ့ ပြည်သူတွေ ဆင်နွှဲနေကြပါတယ်။ ခုထိ အိမ်ထောင်မကျသေးလို့ မြေးမွေးမပေးနိုင်သေးတဲ့ လူပျိုအပျို တချို့ အတွက်တော့ ဒီအချိန်က မိဘတွေ ဆူလို့ နားပူရမယ့်အချိန် ဖြစ်ပါတယ်။

ကလေးမမွေးတဲ့ကိစ္စက တရုတ်နဲ့ အရှေ့အာရှတလွှားမှာ ပြောစရာ ကိစ္စကြီး ဖြစ်နေပြီး အာဏာပိုင်တွေအတွက် ခေါင်းခဲစရာ ကိစ္စကြီး ဖြစ်နေပါတယ်။

တရုတ်ပြည်ရဲ့ မွေးနှုန်းက အနိမ့်ဆုံးအဆင့်သစ်ကို ကျဆင်းနေကြောင်း တရုတ်အစိုးရက အရင်လက ထုတ်ပြန်ခဲ့ပြီးနောက် သတင်းဖြစ်ခဲ့ပြန်ပါတယ်။

၁၉၄၉ က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက်ပိုင်း ဒါက အနိမ့်ဆုံးအဆင့် ရောက်ခဲ့ပြီး လူတထောင်မှ ကလေး ၅ .၆၃ ပဲ မွေးနှုန်း ရှိပါတယ်။

၂၀၂၅ က မွေးဖွားမှု ၇.၉၂ သန်းပဲ ရှိကြောင်း ဇန်နဝါရီလက ထုတ်တဲ့ တရုတ် အစိုးရ စာရင်းအင်းဗျူရိုက ထုတ်ပြန်ပါတယ်။ နောက်ပြီး သေနှုန်းက မွေးနှုန်းထက် ပိုများတာက ၄ နှစ်ဆက်တိုက် ရှိနေပြီး လူဦးရေက ၃.၄ သန်းနီးပါး ကျဆင်းခဲ့ပြီ ဖြစ်ပါတယ်။

တရုတ်လူဦးရေက ဆက်ပြီး ကျဆင်းမယ်လို့လည်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ယူဆပါတယ်။ ဒီရာစုနှစ်ကုန်မှာ တရုတ်လက်ရှိ လူဦးရေရဲ့ ထက်ဝက်ကျော်ထိ ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အရင် အနှစ် ၂၀ လောက်တုန်းက အထင်အမြင်နဲ့ တခြားစီပါပဲ။ ၂၀၃၃ ထိ လူဦးရေ ဆက်တိုးပြီး တဘီလျံခွဲထိ ရောက်မယ်လို့ တရုတ်အာဏာပိုင်တွေက ခန့်မှန်းခဲ့ကြတာပါ။ လူဦးရေ ထိပ်ဆုံးထိ တက်တာက ၁၂ နှစ် စောဖြစ်ခဲ့ပြီး ဒီခန့်မှန်းချက်ထက် လူသန်း၁၀၀ နီးပါး လျော့နေပါတယ်။

ကမ္ဘာ့လူဦးရေ အများဆုံး တရုတ်ပြည်က လူဦးရေ စီမံသူတွေ ဘယ်လို လမ်းကြောင်းလွဲခဲ့ကြသလဲ။

ကလေးမွေးနှုန်းတက်အောင် ကြိုးစားမှု

၁၉၇၀ ပြည့်လွန်နှောင်းပိုင်း တရုတ်ပြည် လူဦးရေ တစ်ဘီလျံ ရောက်တဲ့အချိန်က စီးပွားရေး တိုးတက်မှုမှာ ထိခိုက်မှာကို တရုတ်အစိုးရ ပူပန်ခဲ့ပါတယ်။

၁၉၇၉ မှာ တိန့်ရှောင်ဖိန်အစိုးရက မိသားတစုကို ကလေးတယောက်ပဲ ယူခွင့်ပြုတဲ့ မူဝါဒ ချမှတ်ခဲ့ပါတယ်။

ဒီမူ လိုက်နာသူတွေကို ငွေရေးကြေးရေးနဲ့ အလုပ်ရရှိမှု အခွင့်အလမ်းတွေ စီစဉ်ပေးတာ၊ သန္ဓေတားဆေးတွေ အလွယ်တကူ ရအောင် စီစဉ်ပေးတာနဲ့ ဒီစည်းမျဉ်းတွေကို ချိုးဖောက်သူတွေကို ပြစ်ဒဏ်ချတာတွေနဲ့ အောင်မြင်အောင် ဖော်ဆောင်ခဲ့ပါတယ်။

တချို့အချိန်တွေမှာတော့ အတင်းအကျပ် ကိုယ်ဝန်ဖျက်ချတာနဲ့ အစုအဝေးလိုက် သားကြောဖြတ်တာလို ခြိမ်းခြောက်တဲ့ နည်းလမ်းတွေကို ကျင့်သုံးခဲ့ပါတယ်။

ဒီမူရဲ့ ကနဦး ရည်မှန်းချက်တွေ အတော်အောင်မြင်ခဲ့ပြီး ကလေးသန်း ၄၀၀ မွေးဖွားမှုကို တားဆီးခဲ့ကြောင်း တရုတ်အစိုးရက ခန့်မှန်းပါတယ်။ ဒါပေမဲ့လည်း ဒီမူကြောင့် မျိုးဆက်တွေကြား ညီမျှမှုကို သိသိသာသာ ထိခိုက်ခဲ့ပါတယ်။

လူငယ်အလုပ်သမားဦးရေ ကျဆင်းပြီး အခွန်ပေးသူနဲ့ အငြိမ်းစားဦးရေကြား အချိုးအစားက ဆက်ပြီး ကျဆင်းနေတဲ့အတွက် သက်ကြီးရွယ်အို ဦးရေက စီးပွားရေးကို နှေးကွေးစေလိမ့်မယ်လို့ တဖြည်းဖြည်းနဲ့ ပြောင်းပြီး စိုးရိမ်လာကြပါတယ်။

မွေးနှုန်းကျဆင်းမှုက ယာယီသာ ဖြစ်တယ်ဆိုပြီး နှစ်တွေနဲ့ချီကာ တရုတ်လူဦးရေ စီမံသူတွေ ယူဆခဲ့ကြပါတယ်။ ဒီကန့်သတ်မှုတွေကို ပြန်ရုပ်ပေးလိုက်ရင် အိမ်ထောင်စုံတွဲတွေမှာ ကလေးတွေ ပိုမွေးလာလိမ့်မယ်လို့လည်း ထင်မြင်ခဲ့ကြတာပါ။

မွေးနှုန်းကျဆင်းတာဟာ ပြန်ကန်ပြီး တက်လာနိုင်ခြေ ကြီးကြီးမားမား ရှိကြောင်း ၂၀၀၇ က ထုတ်ပြီး ပညာရှင် ၃၀၀ ကျော် ပါဝင်ပြုစုတဲ့ လူဦးရေ မဟာဗျူဟာအစီရင်ခံစာက စောဒကတက်ခဲ့ပါတယ်။ နောက်ပြီး မွေးနှုန်းကျနေတာတောင်မှ မွေးဖွားမှု ကန့်သတ်တာတွေကို မြန်မြန် ဖြေလျှော့ မပေးဖို့လည်း သတိပေးခဲ့ပါတယ်။

၂၀၁၆ မှာ မိသားတစုကို ကလေးနှစ်ယောက် ယူခွင့်ပြုတဲ့ မူကို စတင်ချိန်မှာတော့ မွေးနှုန်းက တက်မလာတော့ပါဘူး။ ၂၀၂၁ မှာ တအိမ်ထောင် ကလေး သုံးယောက် ယူခွင့်ပြုချိန်မှာလည်း ဒီလိုပဲ သိသာတဲ့ သက်ရောက်မှု မရှိတော့ပါဘူး။

'ဖြည်းဖြည်းချင်း ကျဆင်း'

တရုတ်ပြည်မှာ တအိမ်ထောင် ကလေးတယောက်မူကို မပြဋ္ဌာန်းခင်ကတည်းက မွေးနှုန်းက ဖြည်းဖြည်းချင်း ကျဆင်းနေခဲ့ပြီးဖြစ်ကြောင်း လန်ဒန် ဘုရင့်ကောလိပ် လောင် တရုတ် သိပ္ပံက တရုတ်လေ့လာရေး ပါမောက္ခနဲ့ ညွှန်ကြားရေးမှူး ကယ်ရီဘရောင်းက ယူဆပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေကစပြီး တအိမ်ထောင် ကလေးတယောက် မူဝါဒနဲ့ မဆိုင်ဘဲ စီးပွားရေးနဲ့ တခြားအကြောင်းတွေကြောင့် ကလေးတယောက်၊ နှစ်ယောက်လောက်ပဲ ယူဖို့ တရုတ်ပြည်သူတွေ ပိုပြီး ဆုံးဖြတ်လာကြတယ်လို့ သူက ယုံကြည်ပါတယ်။

ကမ္ဘာ့နေရာအနှံ့ ဒီလို ပြောင်းလဲမှုတွေကို တွေ့ခဲ့ရပေမယ့် တရုတ်ပြည်ရဲ့ ပြောင်းလဲမှုက တအားမြန်တယ်လို့ သူက ဆိုပါတယ်။

လူမှုစီးပွားအပြောင်းအလဲတွေရဲ့ မြန်နှုန်းကြားမှာ တရုတ်အစိုးရ မှားသွားတယ်လို့ ပါမောက္ခ ဘရောင်းက ယူဆပါတယ်။ လူဦးရေဆိုင်ရာ မူဝါဒ သက်ရောက်မှုတွေကို တွေ့ဖို့ ဆယ်စုနှစ်တွေနဲ့ချီ စောင့်ရပေမယ့်လည်း စီးပွားရေးကြောင့် လပိုင်း နှစ်ပိုင်းအတွင်းမှာပဲ အမြန်အဆန် ပြောင်းလဲနိုင်လို့ ဖြစ်ပါတယ်။

ကျားမ အချိုးအစား ကွာဟမှု

တအိမ်ထောင် ကလေးတယောက်မူကြောင့် တရုတ်လူဦးရေ ကျားမ အချိုးအစားမှာ သိသာအောင် သက်ရောက်ခဲ့ပါတယ်။

အသက်ကြီးလာရင် တဦးတည်းသော ကလေးကိုပဲ မှီခိုလို့ ရနိုင်မယ်လို့ သိထားကြတဲ့ မိဘတွေက မိန်းကလေး ကိုယ်ဝန်တွေကို ဖျက်ချနိုင်တဲ့အတွက် ကျားမ အချိုးအစား ပျက်ယွင်းခဲ့ပါတယ်။

ဒါကြောင့် "လူပျို အကျပ်အတည်း " ဆိုက်ပြီး သန်းနဲ့ချီတဲ့ "ပိုလျှံ " အမျိုးသားတွေမှာ အိမ်ထောင်ပြုဖို့ သတို့သမီး ရှာမရနိုင် ဖြစ်ခဲ့ကြပါတယ်။

အဆင့်မြင့် ပညာရေး ရနိုင်မှု ပိုကျယ်ပြန့်လာတဲ့အတွက် အိမ်ထောင်ရေး စျေးကွက် ပုံပြောင်းသွားပြီး တက္ကသိုလ် ပညာရေး မရတဲ့ အမျိုးသားတွေအတွက် တကယ် ရုန်းကန်ရပါတယ်။ နောက်ပြီး တက္ကသိုလ်သွားတဲ့ အမျိုးသမီးဦးရေက အမျိုးသားထက် များပါတယ်။

ဒါကြောင့်ပဲ အိမ်ထောင်ဘက်ကို မရှာနိုင်တဲ့ အမျိုးသားတွေကို " ရွက်ကြွေကိုင်း အမျိုးသားတွေ " ဆိုတဲ့ ခိုင်းနှိုင်းမှုပေါ်ပေါက်လာကြောင်း ပါမောက္ခ ဘရောင်းက ရှင်းပြပါတယ်။ အသီးမတင်တဲ့ သစ်ကိုင်းလိုပဲ ကလေးမရတဲ့သူတွေလို့ တင်စားပြောဆိုတာလို့လည်း ရှင်းပြပါတယ်။

တခြားဘက်မှာလည်း ပညာကောင်းကောင်းတတ်တဲ့ အမျိုးသမီးတွေကလည်း အသက်ကြီးမှ အိမ်ထောင်ပြုဖို့ စဉ်းစားတာတွေနဲ့ လုံးဝမပြုတော့တာတွေ ဖြစ်လာပါတယ်။

အမျိုးသမီးတွေ လက်ထပ်ဖို့ တိုက်တွန်းတဲ့အနေနဲ့ တရုတ်အစိုးရ မီဒီယာက 'ကျန်ရစ် အမျိုးသမီးတွေ ' ဆိုပြီး စတင် ပုတ်ခတ် ညွှန်းဆိုခဲ့ပါတယ်။

ဒါဟာ အင်မတန် ခွဲခြားနှိမ်ချတဲ့ စကားလုံးဖြစ်ပြီး အသက်အရွယ်ကြောင့်နဲ့ အလုပ်ကို ဦးစားပေးပြီး အိမ်ထောင်မပြုကြတဲ့ အမျိုးသမီးတွေကို ခွဲခြားတဲ့ အသုံးအနှုန်း ဖြစ်ကြောင်း ပါမောက္ခ ဘရောင်းက ပြောပါတယ်။

၂၀၂၃ မှာတော့ အသက် ၂၅ နှစ်ကနေ ၂၉ နှစ်ကြား လက်မထပ်တဲ့ အမျိုးသမီးဦးရေက ၄၃ ရာခိုင်နှုန်းထိ ရှိလာပြီး ကလေးမွေးနိုင်တဲ့ အခွင့်အရေးကို လျော့ကျသွားစေသလို မွေးနှုန်းကိုလည်း ကျဆင်းစေခဲ့ပါတယ်။

ကလေး ဆုကြေးတွေ

ကလေးမွေးနှုန်း ကျဆင်းမှုကို ထိန်းချုပ်ဖို့ တရုတ်အစိုးရက နည်းမျိုးစုံသုံးခဲ့ပါတယ်။ ဒီထဲမှာ အသက် သုံးနှစ်အောက် ကလေးတိုင်းအတွက် ဒေါ်လာ ၅ဝဝ ကူညီတဲ့အစီအစဉ်လည်း ပါပါတယ်။

တချို့နည်းတွေက အငြင်းပွားစရာတွေ ရှိပါတယ်။ ဥပမာ သန္ဓေတားပစ္စည်းတွေကို ဒီနှစ် ၁၃ ရာခိုင်နှုန်း အခွန်ကောက်ပြီး ဒီထဲမှာ ကွန်ဒုံး၊ သန္ဓေတားဆေးနဲ့ ကိရိယာတွေ ပါပါတယ်။ ဒီလို အခွန်တိုးလို့ မလိုချင်ပဲ ကလေးရမှုနဲ့ HIV ကူးစက်မှု မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒီလို ဆွဲဆောင်တိုက်တွန်းမှုတွေ လုပ်ပေမယ့်လည်း အမူအကျင့်တွေက ပြောင်းဖို့ခက်ပါတယ်။ ကလေးပြုစုပျိုးထောင်ရတဲ့ စရိတ်ကြီးမြင့်မှုကလည်း ကလေးမယူချင်တဲ့ အကြောင်းထဲမှာ ပါတယ်လို့ တရုတ်လူငယ်အများအပြားက ပြောဆိုကြပါတယ်။

ဘေဂျင်းက မီလီဆိုတဲ့ အမည်လွှဲပြောင်းထားတဲ့ အမျိုးသမီးက လေကြောင်း ထိန်းသိမ်းရေး အရာရှိ ဖြစ်ပါတယ်။ သူနဲ့ အမျိုးသားတို့ ပထမဆုံး ကလေးကို အရင် ဆယ်နှစ်က မွေးခဲ့ကြပါတယ်။

ဒုတိယ ကလေး လိုချင်ပေမယ့် စိတ်ကို ပြောင်းလိုက်ကြောင်း သူက ဘီဘီစီကို ပြောပါတယ်။

ကိုဗစ်ကပ်ဘေးအတွင်း သူ့အမေရော ယောက္ခမပါ မလာနိုင်တဲ့အပြင် အမျိုးသားကလည်း အလုပ်နဲ့ ပုံမှန် ခရီးထွက်ရကြောင်း၊ ဒါကြောင့် ကလေး ကျောင်းပို့တာနဲ့ စာသင်တာတွေ အကုန်လုံး သူ လုပ်ရကြောင်း ပြောပါတယ်။

သူ့အလုပ်ရှင်က နားလည်ပေးပြီး အလုပ်ချိန် အရွှေ့အပြောင်း လုပ်ခွင့် ပေးပေမယ့် ဒါမျိုး အခွင့်အရေး ထပ်တောင်းဆိုဖို့ ဝန်လေးတယ်လို့လည်း မီလီက ပြောပါတယ်။

နာမည်လွှဲပြောင်းထားတဲ့ လီဟုန်ဖေးကတော့ တရုတ်ပြည် အနောက်တောင်ပိုင်း ချုံချင့်မြို့မှာ ဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင် ဖြစ်ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေ တုန်းက အာဏာပိုင်တွေ လာစစ်ဆေးရင် သူ့ညီကို မိသားစုက ဝှက်ထားခဲ့ရတာကို သူ မှတ်မိပါတယ်။

လီက အခု အသက် ၄၀ ကျော်ပါပြီ။ လက်ထပ်ထားတာလည်း ဆယ်နှစ်ကျော် ရှိပြီး ကိုဗစ်ကာလထဲမှာ သမီးတယောက် ရခဲ့ပါတယ်။

ဒုတိယကလေး ထပ်ယူဖို့ သူတို့ မောင်နှံ စဉ်းစားခဲ့ကြပေမယ့် ငွေကြေးပိုင်းမှာ ဖိအားရှိနေပါတယ်။

ဒါကြောင့် လူဦးရေ အပြောင်းအလဲ ဖြစ်ဖို့ တရုတ် အစိုးရရဲ့ ကြိုးစားမှု မအောင်မြင်တာ အံ့သြစရာ မဟုတ်ကြောင်း ပါမောက္ခ ဘရောင်းက ပြောပါတယ်။

တရုတ်ပြည်နဲ့ ကမ္ဘာအတွက် ဘယ်လို သဘောဆောင်သလဲ။

အမျိုးသမီးတဦးမှာ ကလေးတယောက်ပဲ မွေးနှုန်းရှိတဲ့ တရုတ်ပြည်ဟာ ကမ္ဘာမှာ မွေးနှုန်း အနိမ့်ကျဆုံး နိုင်ငံတခု ဖြစ်ပါတယ်။

ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး ရှိတဲ့ နိုင်ငံကြီးမှာ ဒီလို လူဦးရေ ကျုံ့ဆင်းမှုကြောင့် လူမှုစီးပွားရေးသက်ရောက်မှုတွေ ရှိပါတယ်။ လုပ်သားအင်အားကို ပျက်ပြားစေပြီး စားသုံးသူ ဝယ်လိုအားကို လျော့ကျစေပါတယ်။

နောက်ပြီး တရုတ် လူဦးရေ ကျဆင်းမှုကြောင့် ကမ္ဘာ့စီးပွားရေးမှာလည်း လှိုင်းဂယက်တွေ သက်ရောက်နိုင်ပြီး တခြားနိုင်ငံတွေမှာ ကုန်စျေးနှုန်းကြီးလာတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒေသတွင်းနဲ့ တခြားနေရာတွေက အလားတူ မွေးနှုန်းကျနေတဲ့ နိုင်ငံတွေမှာတော့ တယောက်ချင်း ကြွယ်ဝမှုက တရုတ်ပြည်ထက် များပါတယ်။ ဒါကြောင့် သက်ကြီးဦးရေ တိုးလာမှုကို ခန့်ခွဲရာမှာ အဲဒီအစိုးရတွေက ပိုပြီး အားသာပါတယ်။

တရုတ်ပြည်အတွက် အန္တရာယ်ကတော့ မချမ်းသာသေးခင်မှာ အသက်ကြီးလာတာပါ။

တရုတ်အစိုးရရဲ့ လူမှုသိပ္ပံ အကယ်ဒမီစကားအရ အငြိမ်းစားလစာ ကုန်သွားရင် တိုးလာနေတဲ့ သက်ကြီးပိုင်း လူဦးရေကို စောင့်ရှောက်ဖို့ စရိတ် ရှာဖို့ အချိန်မရ ဖြစ်သွားနိုင်ပါတယ်။

တရုတ်ပြည်ရဲ့ လူဦးရေ ပြဿနာတွေကို အချိန်မီ ဖြေရှင်းနိုင်မယ်လို့ ပါမောက္ခ ဘရောင်းကတော့ သတိထားပြီး အကောင်းမြင်ကြည့်ခဲ့ပါတယ်။

နည်းပညာသုံးပြီး သူတို့ ကြိုးစားနိုင်သလို ဒီပြဿနာတွေကို ပြေလည်အောင် တရုတ်ပြည်မှာ မူဝါဒ တွန်းအားမျိုးစုံ ရှိပါတယ်လို့ သူက ဆိုပါတယ်။

ဒီဆောင်းပါးကို ဘီဘီစီ သတင်း တရုတ်ဘာသာအစီအစဉ်က ရေးသားပြီး ကယ်လီအန်း၊ ဆီလ်ဗီယာ ချန်းနဲ့ ဘရစ် ယစ်တို့ အားဖြည့် ပေးကြသလို မတ် ရှီးနဲ့ ဆုမင်းဟွမ်တို့ တည်းဖြတ်ပေးပါတယ်။