ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်မှာ ကလေးတွေ အွန်လိုင်းဂိမ်းကစားချိန် ကန့်သတ်
အသက် ၁၈နှစ်အောက် ကလေးတွေ တစ်နေ့ကို တစ်နာရီပဲ အွန်လိုင်းဂိမ်းကစားရတော့မှာ ဖြစ်ပြီး အဲဒီတစ်နာရီကလည်း သောကြာနေ့၊ စနေ တနင်္ဂနွေနဲ့ ကျောင်းပိတ်ရက်တွေမှာပဲ ကစားရမှာဖြစ်တယ်လို့ တရုတ်ဗီဒီယိုဂိမ်းကြီးကြပ်ရေးအဖွဲ့က ပြောပါတယ်။
အဲဒီ ကစားချိန်ကိုလည်း ည ၈နာရီက ၉ နာရီအတွင်းပဲ ခွင့်ပြုမယ်လို့ နိုင်ငံတော်ပုံနှိပ်နဲ့ထုတ်ဝေရေးကြီးကြပ်မှုအာဏာပိုင် အဖွဲ့က နိုင်ငံပိုင် ရှင်ဝါသတင်းဌာနကို ပြောပါတယ်။
ဂိမ်းထုတ်တဲ့ ကုမ္ပဏီတွေလည်း ဒီအချိန်ပြင်ပမှာ ကလေးတွေမကစားနိုင်အောင်လုပ်ဖို့ ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။
ဒီလအစောပိုင်းတုန်းကတော့ နိုင်ငံပိုင်မီဒီယာတစ်ခုက အွန်လိုင်းဂိမ်းတွေဟာ "စိတ်ဓာတ်ကိုမှိုင်းတိုက်နေတဲ့ ဘိန်းတွေ" လို့ ရည်ညွှန်းသုံးစွဲခဲ့ပါတယ်။
ကလေးတွေ ကစားခွင့်မရှိတဲ့ အချိန်မှာ ကစားနေတာမျိုးမဖြစ်ရအောင် ကုမ္ပဏီတွေဘက်က တင်းကျပ်မှုတွေ လုပ်ထားမထား စိစစ်မှုတွေကို တိုးပြီးစစ်ဆေးသွားမယ်လို့လည်း အာဏာပိုင်အဖွဲ့က ကြေညာပါတယ်။
အရင်တုန်းကတော့ ကလေးတွေတစ်နေ့ကို တစ်နာရီခွဲ ဂိမ်းကစားနိုင်ပြီးကျောင်းပိတ်ရက်တွေဆို သုံးနာရီအထိ ကစားခွင့်ပြုထားပါတယ်။
ဂိမ်းစွဲနေကြသူတွေ
တရုတ်မှာ ကလေးတွေနဲ့ လူငယ်တွေအကြား ဂိမ်းကစားတာကို အလွန်အကျွံ စွဲလမ်းနေမှုရဲ့ အကျိုးဆက်တွေကို စိုးရိမ်မှုတွေ တိုးနေကြတာ ကြာပါပြီ။
အခုလို တင်းကျပ်တဲ့ စည်းမျဉ်းတွေ မထုတ်ပြန်ခင်မှာပဲ နိုင်ငံပိုင် စီးပွားရေးသတင်းအချက်အလက်နေ့စဉ်သတင်းစာက လူငယ်တွေဟာ အွန်လိုင်းက ဂိမ်းတွေကို စွဲနေကြပြီး အဲဒီမတွက် သူတို့ရဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနယ်ပယ်တွေမှာ ထိခိုက်မှုတွေ ဖြစ်နေတယ်လို့ ရေးသားခဲ့ပါတယ်။
အဲဒီသတင်းပါလာပြီးတဲ့နောက်မှာ တရုတ်ရဲ့ အကြီးဆုံး ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီကြီးတချို့ရဲ့ အစုရှယ်ယာတန်ဘိုးတွေလည်း ထိုးကျသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ တရုတ်က ဂိမ်းကုမ္ပဏီကြီး Tencent က ကလေးတွေ ည ၁၀ နာရီက မနက် ၈ နာရီအတွင်း အွန်လိုင်းက ဂိမ်း မကစားနိုင်အောင် မျက်နှာကိုမှတ်မိပြီး ခွင့်ပြုတဲ့ ဆော့ဖ်ဝဲ ထည့်သွင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။
ကလေးငယ်တွေဟာ လူကြီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ယူသုံးပြီး အွန်လိုင်းပေါ်တက်၊ စည်းမျဉ်းတွေကို ရှောင်ပြီး ဂိမ်းကစားနေကြတယ်ဆိုတာတွေ သိလာရပြီးတဲ့နောက် တားဆီးနိုင်ဖို့ နည်းလမ်းတွေ ရှာလာကြရတာလည်း ဖြစ်ပါတယ်။