ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စင်္ကာပူထက်ကျယ်တဲ့မြန်မာ့မြေရှားလုပ်ကွက်တွေ အိန္ဒိယ စိတ်ဝင်စားနေလား
တရုတ်ရဲ့မြေရှားသတ္တု တင်ပို့မှု ကန့်သတ်ချက်တွေကြောင့် ၂၀၂၅ ခုနှစ်အစောပိုင်းလတွေဟာ မြေရှားသတ္တုသုံးနေရတဲ့ အိန္ဒိယရဲ့ကားနဲ့ အီလက်ထရောနစ်ပစ္စည်းထုတ် ကဏ္ဍအတွက် အကျပ် ရိုက်စရာဖြစ်ခဲ့ပါတယ်။
အိန္ဒိယဟာ သူ့ရဲ့မြေရှားလိုအပ်ချက်အတွက် တရုတ်မဟုတ်တဲ့ တခြားရင်းမြစ်ကို ရှာဖွေဖို့ဖြစ်လာပါတယ်။
ဒီအခြေအနေမှာ မြေရှားအပါအဝင် အရေးကြီးတဲ့ဓာတ်သတ္တု အရင်းအမြစ်အသစ်တွေ ရှာဖွေဖို့ National Critical Mineral Mission ဆိုတဲ့အဖွဲ့ကို ဧပြီလထဲမှာပဲ အိန္ဒိယအစိုးရက ဖွဲ့စည်းလိုက်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီရဲ့ သြဂုတ်လ တရုတ်ပြည်ခရီးစဉ်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန် မြေရှားသတ္တုတူးဖော်ရေး ပူးပေါင်းမှုတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့တာကလည်း သတိထားမိစရာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း အောက်တိုဘာလထဲမှာတော့ တရုတ်က အိန္ဒိယအပေါ် မြေရှားရောင်းချတာကို တနည်းတဖုံ ဖြေလျော့တဲ့အနေနဲ့ အိန္ဒိယကုမ္ပဏီအချို့ကို မြေရှားလိုင်စင်ချပေးခဲ့တယ်လို့ BBC Monitoring အဖွဲ့က ရေးပါတယ်။
အိန္ဒိယ မီဒီယာတွေကတော့ ဒါဟာ မြေရှားအကျပ်ရိုက်တဲ့အိန္ဒိယအတွက် ''စိတ်သက်သာဖို့ရာ'' အကြောင်းဖန်တယ်လို့ သတင်းရေးကြပါတယ်။
တဖက်မှာလည်း အိန္ဒိယဟာ မြေရှားရင်းမြစ်အတွက် မြန်မာက နေပြည်တော် မဟုတ်တဲ့ မြေရှားထိန်းချုပ်အဖွဲ့တွေနဲ့စကားပြောဆိုတာတွေရှိနေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တွေက ပြောပါတယ်။
မြေရှားသတ္တုတူးဖော်ရေးပူးပေါင်းဆောင်ရွက်မှုအပိုင်းကို စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း အိန္ဒိယဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးတင်ပါတယ်။
တရုတ်မှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆွေးနွေးပွဲ မတိုင်ခင် ဩဂုတ် ၃၁ ရက်က သီးခြားတွေ့ဆုံမှုမှာ ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီတွေ့ဆုံမှုအကြောင်း စစ်ကောင်မရှင်ဘက်က ထုတ်ပြန်ချက်မှာတော့ မြေရှားသတ္တုကိစ္စအကြောင်း မပြောထားပါဘူး။
ဒါဟာ အိန္ဒိယက မြန်မာ့မြေရှားကို စိတ်ဝင်စားတဲ့အကြောင်း အိန္ဒိယအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ပြောလာတာဖြစ်ပါတယ်။
နောက်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက အိန္ဒိယအစိုးရပိုင် IREL (India) Limited ကုမ္ပဏီ နဲ့ အစိုးရထောက်ပံ့ပေးထားတဲ့ ပုဂ္ဂလိကပိုင် Midwest Advanced Materials ကုမ္ပဏီတို့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ကချင်ပြည်နယ် က မြေရှားစံနမူနာ တချို့ ယူသွားခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးသတင်းအရင်းအမြစ် နဲ့ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
အိန္ဒိယဟာ မြန်မာ့မြေရှားနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်နဲ့ တရားဝင်တွေ့ဆုံမှုအပြင် ကချင်ပြည်နယ် မှာ မြေရှားရယူနိုင်ဖို့ကိုလည်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာပါ။
အမေရိကန်အပါအဝင်ပြည်ပနိုင်ငံတွေဟာ သန့်စင်ပြီး မြေရှားတွေကို တရုတ်ဆီက တင်သွင်းတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မြေရှားသန့်စင်နိုင်တဲ့ နည်းပညာမရှိတာကြောင့် တရုတ်ကိုသာ ကုန်ကြမ်းပို့နေရတယ်လို့ ကချင်ဒေသခံတွေက ပြောကြပါတယ်။
"လောလောဆယ်မှာ ဝယ်ပေးတဲ့သူက တရုတ်ပဲရှိတာ၊ တခြားနိုင်ငံတွေ ဆက်စပ်ဖို့လည်း အဝေးကြီးဆိုတော့ နယ်စပ်အနီးဆုံးက တရုတ်နိုင်ငံပဲရှိတာကိုး" လို့ KIA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အမေရိကန်၊ တရုတ်၊ အိန္ဒိယ - မြန်မာ့မြေရှားပိုင်ရှင် အသစ်ရှိလာမလား
တရုတ်မြေရှားထက် မြန်မာ့မြေရှားကို ရွေးချယ်ပေးဖို့ အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်အထိ နားပေါက်အောင် ဆွဲဆောင်စည်းရုံးတဲ့သတင်းတွေ မကြာသေးခင်ကပဲ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါတယ်။
ဒီသတင်းတွေထွက်လာပြီးရက်ပိုင်းအကြာမှာပဲ တရုတ်က ကချင်ဘက်မှာ မြေရှားတူးနေတဲ့ တရုတ်ကုမ္ပဏီတွေအတွက်ပဲ လိုအပ်တဲ့ စက်သုံးဆီ ပမာဏထုတ်ပေးပြီး အဲဒီထက် ပိုရင်သယ်ယူခွင့်မပေးတော့ပါဘူး။
ကချင်အဖွဲ့အစည်းတွေကလည်း ဒါကို ဖြေလျှော့ပေးဖို့ ကူမင်းမှာ ဆွေးနွေးခဲ့ကြရတယ်လို့ ဒီအကြောင်းသိရှိထားသူတစ်ဦးက ပြောပါတယ်။
တရုတ်အပေါ် နယ်စပ်ကုန်သွယ်ရေးမှာ မှီခိုနေရတဲ့ KIA အတွက်တော့ ဒီအခြေအနေဟာ သတိထားကိုင်တွယ်ရမယ်ဆိုတာ မီးမောင်းထိုးပြနေတာပါ။
အခု အမေရိကန်အစိုးရကို အဆိုပြုမှုမှာ အစိုးရအရာရှိတွေက နားထောင်ရုံသာ ရှိခဲ့ပြီး မြန်မာမြေရှားနဲ့ ပတ်သက်လို့ ဆုံးဖြတ်မှု တစ်စုံတရာ မရှိခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဘီဘီစီက စကားပြောခဲ့တဲ့ မြေရှားစောင့်ကြည့်သူတွေ၊ ကချင်နိုင်ငံရေးလေ့လာသူတွေကတော့ ဒါဟာ ဖြစ်နိုင်ခြေနည်းတယ်လို့ တညီတညွတ်တည်းပြောကြပါတယ်။
အမေရိကန်အနေနဲ့ KIA ထိန်းချုပ်ထားတဲ့ မြေရှားကို ယူမယ်ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်း (OECD) က တားမြစ်ထားတဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုကို ထောက်ပံ့ရာရောက်နိုင်တယ်လို့ သုတေသီ ကိုအမရသီဟက ရေးသားပါတယ်။
ဩဂုတ် ၁ ရက်က Stimson Center အတွက် ရေးသားတဲ့ " မြန်မာမြေရှားအဆိုပြုချက် မအောင်မြင်နိုင်တဲ့ အကြောင်းအရင်း ၄ ချက်" ဆိုတဲ့ သူ့ရဲ့ဆောင်းပါးမှာ ရေးသားထားတာပါ။
ကချင်နိုင်ငံရေးလေ့လာသူ အမ် ကောလ ကတော့ "အမေရိကန်က လုပ်ချင်ရင် G to G(အစိုးရချင်း)ပဲ လုပ်လို့ရမယ်။ တခြားနည်းလမ်းဆိုရင် ယူကရိန်း-ရုရှားစစ်ပွဲလို ငြိမ်းချမ်းရေးခေါင်းစဉ် နဲ့ ကြားဝင်ပေးမှသာရမယ်"လို့ ပြောပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း အမေရိကန်အစိုးရကို အဆိုပြုတာဟာ KIA နဲ့ သက်ဆိုင်မှုမရှိကြောင်း ဘီဘီစီကိုပြောပါတယ်။
နောက်ပြီး မြန်မာ့မြေရှား အမေရိကန်အထိ သယ်ယူဖို့ဆိုတာကလည်း လမ်းကြောင်းအခြေအနေအရ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
ဒါပေမယ့် အိန္ဒိယအထိပေါက်တဲ့ လီဒိုလမ်း နဲ့ ပူတာအိုလမ်းဟောင်း ကိုတော့ ညွှန်းဆိုမှုတချို့ရှိပါတယ်။
လီဒိုလမ်းမကြီးဟာ အင်္ဂလိပ်ခေတ်က ဖောက်လုပ်ခဲ့ပြီး ကချင်ပြည်နယ်၊ ဗန်းမော်၊ မြစ်ကြီးနားကနေ အိန္ဒိယအထိ ပေါက်ပါတယ်။
အိန္ဒိယဘက်ကလည်း လီဒိုလမ်းကြီးကို ပြန်ပြင်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
ဒီလိုသတင်းတွေ ထွက်လာပြီးတဲ့နောက် စက်တင်ဘာလက စစ်ခေါင်းဆောင် ရဲ့ တရုတ်ခရီးစဉ်မှာ လီဒိုလမ်းမကြီးတလျှောက်ဖြတ်သန်းသွားတဲ့ ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် အဝေးပြေးလမ်းမကြီး စီမံကိန်း ကို တရုတ်က စစ်ကော်မရှင် နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ISP အဖွဲ့ရဲ့တရုတ်လေ့လာရေးက တာဝန်ရှိသူတစ်ဦးကတေ့ာ "နိုင်ငံတကာ supply chain မှာရော၊ နိုင်ငံ ဆက်ဆံရေး၊ ကမ္ဘာ့စျေးကွက်မှာပါပြောအားသာတဲ့မြေရှားကို အင်အားကြီး တခြားနိုင်ငံတစ်ခုကို ရောင်းခွင့်ပေးတာ၊ တနည်းအားဖြင့် ခွဲဝေပေးဖို့ဆိုတာ တရုတ်အတွက် ဖြစ်နိုင်ခြေနည်းတယ်" လို့ သုံးသပ်ပါတယ်။
အမေရိကန်ဟာ ပိုင်ဆိုင်မှုပဋိပက္ခကြားက ထုတ်ယူနေရတဲ့မြန်မာ့မြေရှားကို လက်လှမ်းမီရေး သတိထားနေတာကိုလည်း ရန်ကုန်မြို့ အမေရိကန်သံရုံးက မကြာသေးခင်တုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြင်နိုင်ပါတယ်။
အမေရိကန်သံရုံး စီးပွားရေးဌာနက နောက်ဆုံးထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ မြန်မာမှာ စီးပွားရေးလုပ်ကိုင်တဲ့အခါ နာမည် ဂုဏ်သတင်းနဲ့ တခြားစွန့်စားရနိုင်ခြေတွေရှိတဲ့ လုပ်ငန်း နယ်ပယ်တွေမှာ မြေရှားကိုလည်း သတိပေး ထည့်ထားတာတွေ့ရပါတယ်။
တရုတ်လုပ်ငန်းရှင်တွေနဲ့ KIA ဝေခွဲမှု ပဋိပက္ခ
နှစ် ၃၀ အုပ်ချုပ်ခဲ့တဲ့ ကချင်ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းထိန်းချုပ်ရာ ကချင်အထူးဒေသ ၁ ပန်ဝါကို သိမ်းပိုက်ပြီးတဲ့နောက် ကချင်နယ်စပ်ဒေသတွေက မြေရှားထွက်တဲ့နေရာအားလုံးကို KIA က စီမံကွပ်ကဲနေပါတယ်။
နယ်မြေဒေသတွေကို ထိန်းချုပ်ကြီးစိုးနိုင်ပေမယ့် စီးပွားရေးပိုင်းမှာတော့ တရုတ်အပေါ် မှီခိုနေရတယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။
ပန်ဝါကို KIA ထိန်းချုပ်ပြီးတဲ့နောက် တရုတ်ဘက်က နယ်စပ်ဂိတ်တွေကိုပိတ်ခဲ့ပြီး မြေရှားတင်ပို့မှုတွေ ရပ်တန့်ခဲ့ပါတယ်။
KIA ဘက်ကလည်း လိုင်ဇာအပါအဝင် နယ်စပ်ဂိတ်တချို့ကို တန်ပြန်ပိတ်ဆို့ခဲ့ပါတယ်။
ဒီလိုပိတ်ဆို့မှုတွေဟာ ကမ္ဘာ့မြေရှားဈေးကွက်ကိုပါ ရိုက်ခတ်မှုရှိခဲ့ကြောင်း တရုတ်သတင်းဌာန Global Times က ရေးသားပါတယ်။
နယ်စပ်ဒေသတွေဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ၊ ဆော့လော် နဲ့ ဖီမော်ဒေသတွေမှာ မြေရှားအများဆုံး ထုတ်လုပ်ပါတယ်။
အခု ကချင်နယ်စပ်ဒေသတွေမှာ လည်ပတ်နေတဲ့ မြေရှားလုပ်ကွက်တွေဟာ အရင် ဦးဇခုန်တိန့်ယိန်း လက်ထက်ကတည်းက သဘောတူညီမှုတွေအတိုင်း ပြန်လည်ပတ်ကြတယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။
KIA က ကချင်အထူးဒေသ ၁ ကို ပြန်ပြီးစီမံခန့်ခွဲတဲ့အခါ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခွန်ကိစ္စဆွေးနွေးခဲ့ကြပါတယ်။
ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်စဉ်ကတည်းက ရှိနှင့်ပြီးသား မြေယာပိုင်ဆိုင်မှုတွေဟာ KIA အုပ်ချုပ်တဲ့အချိန်မှာ အကျိုးအမြတ်ခွဲဝေမှုပြဿနာတွေ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် KIA နဲ့ တရုတ်လုပ်ငန်းရှင်တွေအကြား အကျိုးအမြတ် ခွဲဝေမှု ပြဿနာတွေ ကြုံခဲ့ရတယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
တရုတ်မြေရှားလုပ်ငန်းရှင်တွေက မူလဝယ်ပြီးသားနေရာကို မဆုံးရှုံးချင်တာကြောင့် အသစ်အုပ်ချုပ်သူ KIA ရဲ့ သတ်မှတ်မယ့် အခွန်ကို ပေးဆောင်မယ်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သူက ပြောပါတယ်။
KIA ကို အခွန် ၂၀ ရာခိုင်နှုန်း ငွေသားပေးဆောင်မယ်လို့ ပြောခဲ့တာပါ။
"မြေရှားပဲ ယူမယ်။ ပိုက်ဆံမယူဘူး" လို့ KIA က ပြောခဲ့ပေမယ့် တရုတ်လုပ်ငန်းရှင်တွေက လက်မခံဘူးလို့ ဒီညှိနှိုင်းမှုအကြောင်း ကို KIA သတင်းအရင်းအမြစ်တစ်ဦးက ပြန်ပြောပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ KIA က အခွန် ၂၀ ရာခိုင်နှုန်း ငွေသားကိုပဲ လက်ခံလိုက်တယ်လို့ သိရပါတယ်။
တရုတ်ဟာ ကချင်ပြည်နယ်က မြေရှားကို တခြားသူလက်ထဲ ပါသွားမှာကို လုံးဝ မလိုလားတာ ကြောင့် အခုလို အခွန်ကို မြေရှားပေးမယ့်အစား ငွေသားပဲ ပေးဖို့ ပြောဆိုခဲ့တာပါ။
"ထုတ်ရင်သူတို့ကိုပဲရောင်းပေးရမှာ။ သူများကို မရောင်းပေးရဘူးဆိုတဲ့ ပုံစံမျိုးတော့ ပြောတာတော့ရှိတယ်။ ထုတ်တဲ့ ပစ္စည်းပေါ်မှာလည်းပဲ ငွေသားမဟုတ်ဘဲနဲ့ ပစ္စည်းကို ၂၀ ရာခိုင်နှုန်းပေးရမယ်ဆိုပြီးပြောတာကို လုံးဝလက်မခံဘူး။ မြေရှားကို အပြင်မှာ လုံးဝ မထုတ်ခိုင်းစေချင်တာ။ ကျသင့်တဲ့ အခွန်ကိုလည်း ငွေသားနဲ့ ပဲ ပေးမယ်ဆိုပြီး လုပ်တာ" လို့ KIA နဲ့ နီးစပ်သူက ပြောပါတယ်။
ပန်ဝါမြို့မှာ တော့ မြေရှားလုပ်ကွက်အဟောင်းတွေ ပြန်လည်ပတ်နေပြီး အရင်လို ကုန်ကားသံ တညံညံ ဝင်ချည်၊ ထွက်ချည်လုပ်နေကြကြောင်း ပန်ဝါမြို့ခံတစ်ဦးက ပြောပါတယ်။
"တရုတ်ဘက်ကနေ မြေရှားအတွက် မြေဩဇာတွေ ဝင်လာတယ်။ မြေရှားတွေ ပြန်ထွက်သွားတယ်" လို့ သူကပြောပါတယ်။
"တရုတ်ဘက်က သီးနှံတွေ၊ ကုန်ပစ္စည်းပို့တာတွေရှိတယ်။ မြန်မာဘက်က ပြန်ပို့တာကတော့ မြေရှားပဲ" လို့ သူကဆက်ပြောပါတယ်။
ပန်ဝါမြို့ရဲ့ အရှေ့အရပ်ကလွဲလို့ အရပ်သုံးမျက်နှာက မြေရှားလုပ်ကွက်ဟောင်းတွေ ပြန်လုပ်နေကြ ပြီလို့ဆိုပါတယ်။
တရုတ်လုပ်ငန်းရှင်တွေ နဲ့ အတူလုပ်တဲ့ ပန်ဝါက ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေကတော့ တရုတ်ပြည်ကနေ ပဲ မြေရှားလုပ်ကွက်တွေကို စီမံနေတယ်လို့ သိရပါတယ်။
လုပ်ငန်းတွေ ပြန်စလာပေမယ့် လုပ်အားခတွေကတော့ အရင်ကထက် နည်းတယ်လို့ မြေရှားလုပ်ကွက်မှာ လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
"ထမင်းချက်တောင်မှ အရင်က တရုတ်ယွမ် ၃၅၀၀ ရတယ်။ အခုက ၂၅၀၀ ပဲရတယ်။ သတ္ထုတူးတဲ့လုပ်အားခတွေကလည်း အရင်ကထက်နည်းတယ်" လို့ ပြောပါတယ်။
မြေရှားလုပ်ကွက်တွေ အရင်လိုပြန်လည်ပတ်လာတာနဲ့ အမျှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ လည်း ပိုပြီးရှိလာတာကြောင့် ဒေသခံတွေက KIA ထံကို ကန့်ကွက်စာတွေ ပို့ထားတယ်လို့ ပန်ဝါဒေသခံက ပြောပါတယ်။
မြေရှားနဲ့ ပြည်တွင်းပဋိပက္ခ
မြေရှားသတ္ထုမှာ ဒြပ်စင် ၁၇ မျိုးရှိပါတယ်။ ၇ မျိုးကတော့ လေးလံမြေရှား ဒြပ်စင်တွေဖြစ်ပါတယ်။
မြန်မာကနေ တရုတ်ကို တင်ပို့မှုအများစုဟာ Terbium (Tb) နဲ့ dysprosium (Dy) လို့ ခေါ်တဲ့ လေးလံမြေရှားဒြပ်စင်တွေဖြစ်တယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။
လေအားလျှပ်စစ်ထုတ်တဲ့စက်တွေ၊ လျှပ်စစ်ကားတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေမှာ သုံးပါတယ်။
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း မြေရှားသတ္တုတရားမ၀င် တင်ပို့ရောင်းချတာကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံဝင်ငွေရခဲ့တယ်လို့ Global Witness အဖွဲ့က ၂၀၂၄ မေလ မှာထုတ်ပြန်ပါတယ်။
၂၀၁၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ၁၂ နှစ်တာအတွင်း မြေရှားလုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်း ရှိတယ်လို့ မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ထုတ်ပြန်ထားပါတယ်။
အဲဒီထဲက လုပ်ကွက် ၂၄၀ ကျော်ဟာ အာဏာသိမ်းမှုလေးနှစ် နီးပါးကာလမှာ အသစ်တိုးလားတယ်လို့ ISP Myanmar က ဖော်ပြပါတယ်။
လုပ်ကွက်ပေါင်း ၃၇၀ ရဲ့ ကျယ်ပြောမှုဟာလည်း စင်ကာပူနိုင်ငံထက်ကို ပိုပြီးကြီးမားတယ်လို့ ဆိုပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းယွန်းဒေသမှာလည်း မြေရှားသတ္ထုတူးဖော်တဲ့လုပ်ကွက်တွေ ၂၀၂၄ နှစ်လယ်ပိုင်းလောက်မှ စပြီး လည်ပတ်လာနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)ကပြောပါတယ်။
မိုင်းယွန်း၊ မြေရှားသတ္တုတွင်းတွေကနေ နမ့်ခုတ်မြစ်အတွင်းကို စွန့်ထုတ်နေတဲ့အဆိပ်တွေဟာ ရွှေတွင်းတွေကြောင့် ရှိနှင့်ပြီးသား ညီညမ်းမှုတွေထက် ပိုဆိုးရွားနိုင်တယ်လို့ဖော်ပြပါတယ်။ အဲဒီနေရာဟာ ထိုင်းနယ်စပ်နဲ့လည်း နီးတော့ ထိုင်းအာဏာပိုင်တွေကလည်း မြစ်ထဲ အဆိပ်အတောက်တွေ့ရှိမှုတွေနဲ့ ပတ်သက်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
မြေရှားသတ္ထုတူးဖော်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပြည်တွင်းပဋိပက္ခနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
"Conflict Economy ဖြစ်နေလို့၊ ဗုံးပေါလအော လုပ်လို့ရနေလို့ KIA က Income ရနေတာ။ တရားဝင်ကြီးတူးမယ်၊ OECD Guidline တွေ Compliance တွေ လိုက်နာမယ်ဆိုရင် အခုတူးတဲ့ ဈေးထက် ၆ ဆ ကနေ ၈ ထိ ပိုကုန်သွားမှာ" ကိုအမရသီဟက ပြောပါတယ်။
အခုလို တရားမဝင်တူးဖော်မှုတွေရှိနေလို့သာ တရုတ်နိုင်ငံက ထုတ်နေတဲ့ လျှပ်စစ်မော်တော်ကားတွေ၊ ဘက်ထရီတွေအထိပါ စျေးသက်သက်သာသာနဲ့ ကမ္ဘာ့ဈေးကွက်အတွင်းမှာ ရနေတာလို့ သူက ဆက်ပြောပါတယ်။
တရုတ်က ပြီးခဲ့တဲ့နှစ်တွေအတွင်း လာအိုနဲ့ မလေးရှားနိုင်ငံတွေမှာ မြေရှားအရင်းအမြစ်တွေရှာဖွေခဲ့ပြီး အဲ့ဒီနိုင်ငံတွေကနေ လေးလံမြေရှား တင်သွင်းမှုတွေကို ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီနှစ်နိုင်ငံက တင်သွင်းမှုတွေဟာ မြန်မာနဲ့ယှဉ်ရင် ဖွဲနဲ့ ဆန်ကွဲသာသာ သာရှိတယ်လို့ Global Witness က ထုတ်ပြန်ထားပါတယ်။