ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
‘‘မြေရှားသတ္တုတူးတဲ့နည်းစနစ်တွေကို ... ကူညီနိုင်တယ်လို့ တရုတ်က ကမ်းလှမ်းတာမျိုးရှိပါတယ်’’ – KIC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်
မြန်မာပြည်မြောက်ဖျားက ကချင်အထူးဒေသ(၁)ကို ကေအိုင်အေရဲ့ သိမ်းပိုက်မှုဟာ ဒေါ်လာဘီလျံချီတန်တဲ့ နယ်မြေသိမ်းပိုက်မှုလို့ တင်စားကြသူတွေ ရှိပါတယ်။ ကမ္ဘာအနှံ့အပြားက လျှပ်စစ်ကားတွေ၊ စမတ်ဖုန်းတွေမှာ ကုန်ကြမ်းအဖြစ်အသုံးပြုတဲ့ မြေရှားသတ္တုသိုက်ဟာ ဒီဒေသမှာရှိပြီး စင်္ကာပူနိုင်ငံအရွယ်အစားထက် ကြီးမားတယ်လို့တောင် သဘာဝပတ်ဝန်းကျင်အရေး လေ့လာစောင့်ကြည့်တဲ့ နိုင်ငံတကာအဖွဲ့စည်းတွေက သုံးသပ်ထားကြပါတယ်။
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း မြေရှားသတ္တုတရားမ၀င် တင်ပို့ရောင်းချတာကနေ အမေရိကန် ဒေါ်လာ ၁.၄ ဘီလျံ ဝင်ငွေရခဲ့တယ်လို့ Global Witness အဖွဲ့ က ၂၀၂၄ မေလမှာ ထုတ်ပြန်ပါတယ်။ အဲဒီထဲက ရာနှုန်းပြည့်နီးပါးဟာ တရုတ်-မြန်မာနယ်စပ် ပန်ဝါဒေသအပါအဝင် ကချင်အထူးဒေသ(၁) ထဲကနေ လာတဲ့မြေရှားတွေဖြစ်တယ်လို့လည်း မြေရှားသတ္တုစျေးကွက် အကဲခတ်တွေက ပြောပါတယ်။
မြေရှားလုပ်ကွက်ပေါင်း ၃၀၀ နီးပါး ရှိနေတဲ့ ပန်ဝါဒေသအပါအဝင် ကချင်ပြည်နယ်ထဲမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ မြေရှားသတ္တုမူဝါဒက ဘယ်လိုမျိုးပါလဲ။ ကချင်အထူးဒေသ(၁)ထဲက တရုတ်နိုင်ငံသား မြေရှားသတ္တုလုပ်ငန်းရှင်တွေအပေါ်မှာရော ဘယ်လိုကိုင်တွယ်သွားဖို့ KIA အနေနဲ့ စဥ်းစားချက်ရှိနေပါသလဲ။
မြေရှားတူးလို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများတယ်ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေရဲ့ ထောက်ပြချက်တွေကိုရော KIA က ဘယ်လိုဖြေရှင်းသွားဖို့ရှိပါလဲ၊ ... စတဲ့အချက်တွေကို KIO/KIA ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော် အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကို ဘီဘီစီသတင်းထောက် ကိုမင်းသစ်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ ဦးဇခုန်တိန့်ယိန်းက နှစ်ပေါင်း ၃၀ နီးပါးထိန်းချုပ်ထားတဲ့ ပန်ဝါဒေသအပါအဝင် ကချင်အထူးဒေသ(၁) နေရာတော်တော်များများကို KIA က ရလိုက်ပြီပေါ့လေ။ အဲဒီတော့ လက်ရှိအခြေအနေမှာ KIA အနေနဲ့ ကချင်အထူးဒေသ(၁) တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရနိုင်ပြီလား။
ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်။ ။ အထူးဒေသ(၁)လို့ပြောရင် နယ်မြေသတ်မှတ်မှုက တော်တော်ကျယ် ပြန့်ပါတယ်။ ဝိုင်းမော်မြို့နယ်ရဲ့ အထက် နယ်စပ်ဘက်မှာလည်း သူတို့အခြေပြုထားတာ ရှိပါတယ်။ နေရာတော်တော်များများကို ကျွန်တော်တို့က ထိန်းချုပ်ထားနိုင်ပါပြီ။ ကန်ပိုက်တီ(ကံပိုင်တည်) ကိုတော့ ကျွန်တော်တို့ ဝင်သိမ်းတာမျိုးမရှိဘူး။ ဒါပေမဲ့ အနီးကပ် ရင်ဆိုင်ထားတယ်။ ပန်ဝါကိုတော့ ကျွန်တော်တို့ ထိန်းချုပ်ထားတယ်။ အထက်ဘက်မှာ ကျန်နေသေးတဲ့အဖွဲ့တွေကိုလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့အတွက် ဆက်ညှိနှိုင်းနေဆဲဖြစ်ပါတယ်။
ဘီဘီစီ။ ။ ပန်ဝါမှာက မြေရှားသတ္တုနဲ့ပတ်သက်ပြီး အမေရိကန် ဒေါ်လာသန်းနဲ့ချီ အမြတ်အစွန်းရှိနေတဲ့ ရာနဲ့ချီတဲ့သတ္တုတွင်းတွေ ရှိနေတာပေါ့။ အရင်ကတော့ ဒါတွေအားလုံးနီးပါးကို ဦးဇခုန်တိန့်ယိန်း မိသားစုတွေကပဲ စီမံနေတာလို့ ကျွန်တော်တို့ နားလည်ပါတယ်။ အခု KIA က ထိန်းချုပ်ပြီလို့ ဗိုလ်ချုပ်ကြီးက ပြောပါတယ်။ ဒီတော့ ပန်ဝါဒေသအပါအဝင် ကချင်အထူးဒေသ(၁)ထဲမှာရှိတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ဘယ်လို အစီအမံတွေနဲ့ ကိုယ်တွယ်ဖို့ KIA အနေနဲ့ စဥ်းစားချက်ရှိပါသလဲ။ ရပ်ထားမလား၊ ဆက်လုပ်သွားမလား။
ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်။ ။ အခုအချိန်ထိတော့ ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်ချက်မချသေး ပါဘူး။ ဆုံးဖြတ်ချက် ချနိုင်လောက်တဲ့ အဆင့်လည်း မရောက်သေးပါဘူး။ ဒါပေမဲ့ သတ္တုဆိုတာတော့ တကယ်ပဲ စနစ်တကျလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ စနစ်တကျဘယ်လိုလုပ်မလဲ။ အထူးဒေသ(၁)မှာအရင် ဘယ်လိုလုပ်ထားသလဲဆိုတာ အချက်အလက်တွေကို အရင်သိအောင် ကြိုးစားနေတာဖြစ်ပါတယ်။
ကျွန်တော်တို့မှာစီမံကိန်းတွေချထားတာတော့မရှိသေးပါဘူး။ ဒါပေမဲ့ ဒီတွင်းထွက်သယံဇာတကို ကောင်းမွန်တဲ့ထိန်းသိမ်းရေးစနစ်တွေနဲ့ အများအကျိုးရှိအောင် စနစ်တတကျလုပ်နိုင်မယ်ဆို လုပ်သွားမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ တဖက်မှာလည်း KIA ထိန်းချုပ်နေရာထဲမှာ မြေရှားသတ္တုတူးဖော်တာတွေရှိတယ်လို့ မြေရှားနဲ့ ပတ်သက်ပြီးစောင့်ကြည့်ရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပြချက်တွေရှိနေပါတယ်။ တခါ ဒေသခံတွေ ကန့်ကွက်လို့ တချို့မြေရှားတွင်းတွေကို ရပ်ထားရတယ်လို့လည်း ကျွန်တော်တို့ သိရှိထားပါတယ်။ ဒီတော့ KIA ရဲ့ မြေရှားသတ္တုတူးဖော်ရေးမူဝါဒက ဘယ်လိုရှိနေပါသလဲ။
ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်။ ။ ပန်ဝါဒေသမပါဘဲနဲ့ ကျွန်တော်တို့ KIA ရဲ့တချို့နေရာတွေမှာ လုပ်နေတာရှိပါတယ်။ ဒါပေမဲ့ သိပ်မများပါဘူး။ တချို့နေရာတွေတော့ ရပ်ထားတာရှိပါတယ်။ ရပ်ထားတာကလည်း ၂ မျိုးပေါ့။ ဒေသခံပြည်သူလူထုက သဘောမတူလို့ ရပ်ထားတာရှိတယ်။ တချို့နေရာတွေကျတော့ တူးဖော်ရေးလုပ်နေတဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ အခက်အခဲအမျိုးမျိုးကြောင့် ရပ်ထားတာတွေရှိပါတယ်။
နောက်တစ်ခုက ဒေသခံတွေ ကန့်ကွက်တာရှိပါတယ်။ အဲဒီကန့်ကွက်တဲ့နေရာတွေမှာ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ဒေသခံတွေရဲ့ သဘောတူညီချက်နဲ့ ကုမ္ပဏီတွေက ကျွန်တော်တို့ KIO/KIA စီးပွားရေးဌာနကို လျှောက်လွှာတင်ပြီး လုပ်တာတွေလည်း ရှိပါတယ်။ တချို့နေရာတွေမှာ ဒေသခံတွေက သဘောတူညီတယ်ဆိုပေမဲ့ စနစ်မကျတာတွေဖြစ်လာတဲ့အခါမှာ ဒေသခံတွေကိုယ်တိုင်က မလုပ်သင့်ဘူးဆိုပြီး ပြန်ပြီးကန့်ကွက်လာတဲ့နေရာတွေလည်း ရှိပါတယ်။ ခြုံပြီးပြောရရင် တချို့နေရာတွေမှာလုပ်တယ် သိပ်မများဘူး။ တချို့နေရာတွေမှာ ဒေသခံတွေရဲ့ သဘောတူညီချက်နဲ့လုပ်ပေမဲ့လည်း ဒေသခံတွေရဲ့ ဆန္ဒအရပြန်ပြီး ကန့်ကွက်ရင်တော့ ရပ်ထားတယ်။
မူဝါဒအနေနဲ့ ကျွန်တော်တို့ တိကျပြီးစနစ်ကျတဲ့ မူဝါဒ ကျွန်တော်တို့မချနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်ထဲက ဒီဟာကို ကျွန်တော်တို့ စနစ်တကျမလုပ်နိုင်ခဲ့ဘူး။ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေက ကြိုတင် သဘောတူညီမှုရပြီး ကျွန်တော်တို့ဆီကို ခွင့်တောင်းတာရှိသလို ကျွန်တော်တို့လည်း လိုအပ်ချက်အရ တချို့ နေရာတွေကို စီမံကိန်းတွေအနေနဲ့ လုပ်တာရှိတယ်။
အဓိကကတော့ ဒီတူးဖော်ရေးစနစ်မှာ သေသေချာချာမလုပ်တတ်တဲ့ နည်းပညာပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကို ဘယ်လို ဆက်ပြီးကိုင်တွယ်ရမလဲဆိုတာကို နည်းလမ်းရှာနေတာဖြစ်တယ်။ ကျွန်တော်တို့ အခုလိုအခက်အခဲဖြစ်တဲ့အချိန်မှာ အထူးသဖြင့် ကျွန်တော်တို့ ရန်ပုံငွေရရှိရေးအတွက် အရေးပေါ် အလောတကြီးလုပ်တဲ့နေရာတွေမှာ တချို့ စနစ်မကျတာတွေလည်း ရှိပါတယ်။ မြေရှားသတ္တုနဲ့ပတ်သက်တဲ့ မူဝါဒချနိုင်ဖို့ အဖွဲ့ဖွဲ့ပြီး ဆက်ပြီးကြိုးပမ်းနေပါတယ်။
ဘီဘီစီ။ ။ ပန်ဝါဒေသအပါအဝင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းရှင်တွေ အားလုံးနီးပါးက တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ သူတို့တူးဖော်တဲ့နည်းစနစ်တွေက သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အရမ်းများတယ်၊ နောက်ပြီး တရုတ်နိုင်ငံမှာတောင် မခွင့်ပြုတဲ့ နည်းတွေနဲ့ တူးဖော်နေတာလို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေရဲ့ ထောက်ပြချက်တွေလည်း ရှိနေပါတယ်။ KIO/KIA အနေနဲ့ တရုတ်မြေရှားလုပ်ငန်းရှင်တွေအပေါ် ဘယ်လိုကိုင်တွယ်သွားဖို့ စဥ်းစားချက်မျိုးရှိပါသလဲ။
ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်။ ။ ကျွန်တော်တို့ နည်းလမ်းရှာနေဆဲဖြစ်ပါတယ်။ မြေရှားသတ္တုတူးတဲ့ နည်းစနစ်တွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင်ကျွန်တော်တို့ကို အစည်းအဝေးမှာ ၂ ကြိမ် ၃ ကြိမ်ပြောပါတယ်။ ခင်ဗျားတို့ဘက်မှာ စနစ်မကျတာတွေရှိတယ်။ အဲဒီတော့ တကယ်စနစ်တကျလုပ်မယ်ဆိုရင် သူတို့ အကူအညီပေးနိုင်တယ်လို့ ကမ်းလှမ်းတာမျိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်ပြီးမှ ဆွေးနွေးနိုင်တဲ့ အဆင့်ကိုမရောက်သေးပါဘူး။
ပန်ဝါဘက်မှာတော့ ပိုပြီးများတာပေါ့။ ပိုပြီးများတော့ သူတို့လည်းပြောတယ်။ အဲဒီဒေသမှာတော့ ပတ်ဝန်းကျင် ပျက်စီးတာတွေ တော်တော်များများ ဖြစ်နေတယ်။ ခင်ဗျားတို့ရဲ့ ဒေသမှာတော့ အဲဒီလောက် မဆိုးသေးဘူးဆိုတော့ စနစ်တကျ ထိန်းသိမ်းဖို့တယ်လို့ ကျွန်တော်တို့ကို သူတို့ အကြံပြုတာရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က တစ်ခါတလေမှာ အလွယ်ပြောတာပေါ့၊ တရုတ်လုပ်ငန်းရှင်တွေလို့ပြောတဲ့အခါမှာ တရုတ်အစိုးရရဲ့မူဝါဒနဲ့ လက်တွေ့မှာ နည်းနည်းကွဲပြားတာရှိပါတယ်။
သူတို့ဆီမှာလည်း တရုတ်အစိုးရက ခွင့်ပြုတာမဟုတ်ဘဲ လုပ်ငန်းရှင်တွေက ဒေသခံတွေနဲ့ တဖက်အဖွဲ့အစည်းတွေ ဥပမာ NDA-K၊ ကျွန်တော်တို့ KIOလို ဌာနတွေနဲ့ညှိနိုင်းပြီး လုပ်တဲ့အခါမှကျတော့ တရုတ်အစိုးရဆီမှာ တရားဝင်သလားဆိုတော့ တရားတော့မဝင်ဘူး ဒါပေမဲ့ သူတို့ရဲ့လုပ်ငန်းရှင်တွေက လုပ်နေတဲ့အခါကျတော့ တရုတ်အစိုးက နည်းလမ်းရှာပေးတဲ့သဘောဖြစ်တယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့ပတ်သက်ပြီး သူတို့ အကြံပြုတာမျိုးလည်းရှိတယ်။ ကျွန်တော်တို့ကလည်း အရင်လုပ်လက်စ စနစ်တွေကို ဘယ်လိုပြုပြင်မလဲ၊ နောက်ဘယ်လိုပေးမလဲ(ဆိုတာမျိုးပေါ့)။ တချို့ခွင့်ပြုမိန့်တွေက ၃ နှစ်၊ ၄ နှစ်ဖြစ်တဲ့အခါကျတော့ သက်တမ်းမကုန်တဲ့သေးအခါ ကျွန်တော်တို့က ပြောရတာ ခက်ပါတယ်။
ဘီဘီစီ။ ။ KIO/KIA မှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒတွေ ချမှတ်ထားတာရှိမယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး KIA ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒတွေနဲ့ ထိပ်တိုက်တိုးတာမျိုးတွေရော ကြုံတွေ့ရဖူးပါသလား။
ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်။ ။ ကျွန်တော်တို့ရဲ့ မူဝါဒတွေနဲ့ ဆန့်ကျင်ဘက်တွေ အများကြီးရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ရော၊ ကျွန်တော်တို့ရဲ့ သစ်တောထိန်းသိမ်းရေးတွေရော၊ ကျန်းမာရေးအခြေအနေရော အကုန်လုံးပေါ့။ ကျွန်တော်တို့ မူဝါဒနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နေရာတော်တော်များများရှိပါတယ်။ အဲဒီတော့ တော်တော်လေးမကိုက်ညီတဲ့နေရာတွေဆိုရင် ကျွန်တော်တို့က ပိတ်ထားပါတယ်။