ဦးဇခုန်တိန့်ယိန်း - စစ်ဘုရင်တစ်ဦး ကျရှုံးခြင်း

မြန်မာနိုင်ငံလို သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ရှိနေပြီး လက်နက်ကိုင်အဖွဲ့တွေ များလွန်းတဲ့ နိုင်ငံမှာ နယ်မြေပိုင်စိုး မင်းမူတဲ့ စစ်ဘုရင်မျိုးတွေ ပေါ်ပေါက်လာတာ မဆန်းပါဘူး။

ဒါပေမဲ့ စစ်ဘုရင်တစ်ဦးရဲ့ နှစ်ပေါင်း ၃၀ လောက် တည်ဆောက်ထားတဲ့ အင်ပါယာကြီးတစ်ခု အချိန်တစ်ပတ်အတွင်းမှာ မြန်မြန်ဆန်ဆန် လက်လွှတ်ဆုံးရှုံးသွားတာကတော့ အံ့အားသင့်စရာကောင်းလှပါတယ်။

‘ဦးဇခုန်တိန့်ယိန်း’ လို့ ပြောလိုက်တာနဲ့ ပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်ခေါင်းဆောင်၊ တပ်မတော်နဲ့ မဟာမိတ်၊ ကမ္ဘာ့မြေရှားသတ္တုတွင်းတွေကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားပြီး ‘အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာသူ၊ သြဇာအာဏာကြီးမားသူ’ လို့ သိကြပါတယ်။

သူ ထိန်းချုပ်ထားတဲ့ တရုတ်မြန်မာနယ်စပ်က ကချင်အထူးဒေသ (၁) ဟာ ဆီးနှင်းတွေ ၁၂ ရာသီ ဖုံးလွှမ်းနေပြီး သယံဇာတကြွယ်ဝတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။

အခုတော့ ကချင်အထူးဒေသ (၁) မှာ ကံပိုင်တည်ကလွဲလို့ ပန်ဝါ၊ ချီဖွေနဲ့ ဆော့လော်အပါအဝင် နေရာအများစုကို ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ)က ၂၀၂၄ စက်တင်ဘာကစလို့ သိမ်းပိုက်လိုက်ပါပြီ။

ဒါဟာ ၁၉၉၀ ပြည့်နှစ်တွေနောက်ပိုင်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တွေထဲက အင်အားကြီးနယ်ခြားစောင့်တပ်ဖွဲ့ ပထမဆုံး ပြိုလဲကျရှုံးတာဖြစ်သလို ဒီဒေသကို အုပ်စိုးသူ ဦးဇခုန်တိန့်ယိန်းလည်း တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

လက်နက်ကိုင်စစ်သားဘဝကို KIA မှာ စတင်ခဲ့သူ

ဦးဇခုန်တိန့်ယိန်းကို ကချင်ပြည်နယ်မြောက်ဖျားပိုင်းက ဝေးလံခေါင်ဖျားတဲ့ ကန်ဖန် (နောင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၁၀၁ စစ်ဒေသထဲမှာ ပါဝင်လာမယ့်)​ ဒေသမှာ ၁၉၄၀ ပြည့်နှစ်က မွေးဖွားခဲ့ပါတယ်။

လချိတ် (ခ) လရှီ တိုင်းရင်းသားမျိုးနွယ်ဝင် 'ငေါ့ချမ်း' ဆိုတဲ့ လူမျိုးစုငယ်လေးထဲကနေ ပေါက်ဖွားလာတဲ့ သူဟာ ငယ်စဥ်က ဆင်းရဲနွမ်းပါးပါတယ်။

သူ့မွေးဇာတိ ကန်ဖန် ဟာ ၁၉၆၀ မှာ မြန်မာတရုတ် နယ်စပ်ကို ပြန်တိုင်းတာသတ်မှတ်ချိန်မှာ တရုတ်ဘက်ကို ပေးလိုက်ရတဲ့ ဒေသတွေထဲမှာပါဝင်ပြီး သူ့ကို မြန်မာဘက်ခြမ်းက ကန်ဖန်မှာ မွေးခဲ့တာပါ။

အမြင့်ပေ တစ်သောင်းကျော်တဲ့ အီမောဘွမ် ရေခဲတောင်ကြီးတဝိုက် လချိတ်/လရှီ၊ လဝေါ်နဲ့ ငေါ့ချမ်း လူမျိုးစု တွေ နေထိုင်တဲ့ ရွာကြီးတွေရှိပြီး သူ့ဇာတိရပ်ရွာဟာ လမ်းပန်းဆက်သွယ်ရေးလည်း အလွန်ခက်ခဲပါတယ်။

ဒါပေမဲ့ အောက်ခြေကနေ ကြိုးစားရုန်းကန်ခဲ့ရပြီး ခရစ်ယာန်မစ်ရှင် သာသာပြုကျောင်းတွေရဲ့ အထောက်အပံ့နဲ့ ရန်ကုန်က ဘီအိုစီ ကောလိပ်မှာ အင်ဂျင်နီယာကျောင်းသားအဖြစ် ပညာသင်ကြားတဲ့အထိ ထွန်းပေါက်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ် ဆဲဗင်းဂျူလိုင် အရေးအခင်းဖြစ်ချိန် မြစ်ကြီးနားကို ပြန်လာခဲ့ပြီး ကျောင်းဆရာ လုပ်ခဲ့ပါသေးတယ်။

ကျောင်းဆရာဘဝနဲ့ ကချင်လွတ်လပ်ရေးတပ် KIA အတွက် မြေအောက်လှုပ်ရှားမှုတွေပါတွဲလုပ်ရင်း လက်နက်ချအလင်းဝင်သူတချို့ရဲ့ ဖော်ထုတ်မှုကြောင့် မြစ်ကြီးနားမှာ သူဆက်နေလို့မရဘဲ ၁၉၆၃ ခုနှစ်မှာ တောခိုသွားပြီး KIA တပ်ဖွဲ့ဝင် ဖြစ်လာပါတယ်။

အသက် ၂၃ နှစ်အရွယ် လူငယ်ပညာတတ်ဖြစ်လို့ အဲဒီအချိန်က KIA ခေါင်းဆောင် လထော်ဇော်ထူးရဲ့ အားကိုးယုံကြည်ခြင်းကို ခံရပြီး သူ့ကို စည်းရုံးရေးလုပ်ငန်းစဥ်တွေမှာ လထော်ဇော်ထူးက တာဝန်ပေးခဲ့တယ်လို့ မောင်မောင်စိုး ရေးတဲ့ 'နှင်းဆီနီနီအိပ်မက်များ' စာအုပ်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်တက္ကသိုလ် အရန်လေ့ကျင်ရေးတပ်ရင်းမှာ စစ်သင်တန်းတက်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်းအတွက် မြစ်ကြီးနား-တနိုင်းလမ်းမှာရှိတဲ့ ဒွန်ဘန်ရွာက KIA စခန်းမှာ စစ်သင်တန်းတက်ရတာ အခက်အခဲမရှိခဲ့ဘူးလို့ စာရေးသူ မောင်မောင်စိုးက ရေးပါတယ်။

စစ်ရေးနဲ့ အုပ်ချုပ်ရေးမှာ ထူးချွန်တာကြောင့် အဲဒီကာလတွေတုန်းက တပ်ခွဲတွေအထိသာ အမြင့်ဆုံးဖွဲ့စည်းထားနိုင်သေးတဲ့ KIA မှာ တပ်ခွဲမှူး (စစ်ကြောင်းမှူး) ဖြစ်လာခဲ့ပါတယ်။

KIA တပ်ခွဲမှူးအဖြစ်နဲ့ မြစ်ကြီးနား အထက်ပိုင်း၊ မေခနဲ့မလိခ မြစ်ကြားက တြိဂံဒေသကို စီမံအုပ်ချုပ်ရပြီး အဲဒီဒေသတွေမှာ စစ်အခြေစိုက်စခန်း အခိုင်အမာတည်ဆောက်နိုင်ခဲ့ပါတယ်။

“KIA ထဲမှာ သူက တော်တော်လေး ပြောင်ပြောင်မြောက်မြောက်နဲ့ ကြိုးစားလုပ်ဆောင်ခဲ့တာတွေရှိတယ်။ မိုးညှင်း၊ မိုးကောင်းဘက်မှာ KIA ခေါင်းဆောင်ကြီးတွေ ဇော်ထူးတို့ ဇော်ဒန်တို့ကို အစိုးရတပ်က လိုက်တိုက်လို့ အဲဒီလူတွေ ထွက်ပြေးရတော့ အကုန်လုံးက တြိဂံဒေသက ဗိုလ်ဇခုန်တိန့်ယိန်းရဲ့ အခြေပြုစခန်းမှာပဲ လာခိုလှုံရတာ။ သူက အဲဒီအချိန်မှာ အောက်ခြေအရာရှိလေးပေါ့။ ဦးဇော်ထူးတို့၊ ဇော်ဒန်တို့က တကယ့်ခေါင်းဆောင်တွေ။ အဲဒီလူတွေကို ဦးဇခုန်တိန့်ယိန်းက ကယ်ဆယ်လိုက်ရတဲ့ အခြေအနေပေ့ါ။ ပြောချင်တာက သူ အဲဒီလိုမျိုး KIA ထဲမှာတုန်းက ကြိုးကြိုးစားစားလုပ်ခဲ့တဲ့ သမိုင်းအစဥ်အလာတွေရှိတယ်" လို့ ဦးဇခုန့်တိန်းယိန်း အုပ်ချုပ်မှုအောက်က ပန်ဝါဒေသမှာ နှစ်အတော်ကြာနေထိုင်ခဲ့တဲ့ နိုင်ငံရေးသုတေသီတစ်ဦးက ပြောပါတယ်။

KIA နဲ့ ဘယ်လိုလမ်းခွဲခဲ့လဲ

စစ်ရေးအရ အားကိုးရတဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပေမဲ့ တရုတ်အစိုးရရဲ့ ချိတ်ဆက်မှုနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ KIAတို့ ၁၉၆၇ ခုနှစ် ဆွေးနွေးပွဲမှာ 'တွဲရေးခွဲရေး' သဘောထားကွဲလွဲမှုတွေရှိလာချိန်၊ KIA အတွင်း လူမျိုးရေးပြဿနာတွေ ရှိလာချိန်မှာ သူနဲ့ KIA တို့ လမ်းခွဲဖို့ဖြစ်လာခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ တရုတ်အစိုးရရဲ့ ကမကထပြုမှုနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ KIA ခေါင်းဆောင် လထော်ဇော်ထူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကို ဦးဇခုန်တိန့်ယိန်းရဲ့ တပ်ခွဲစစ်ကြောင်းက လုံခြုံရေးရယူပြီး လိုက်ပါခဲ့ပါတယ်။ ခေါင်းဆောင်တွေက တရုတ်ပြည်အတွင်းထဲ ဝင်ရောက်ဆွေးနွေးခဲ့ပြီး ဦးဇခုန်တိန့်ယိန်းတို့ စစ်ကြောင်းက တရုတ်ပြည် ထိန်ချုံးမြို့မှာ စောင့်ဆိုင်းကျန်နေရစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲအပြီး ခေါင်းဆောင်အဖွဲ့နဲ့အပြန်ခရီးမှာ လထော်ဇော်ထူးနဲ့ ဇခုန်တိန့်ယိန်းတို့ သဘောထားစကွဲခဲ့ပါတယ်။

"တရုတ်က အဲဒီတုန်းက KIA ကို ဆရာဗသိန်းတင် (ဗကပ ဥက္ကဋ္ဌ)နဲ့ တွေ့ပေးခဲ့တယ်။ ဒါပေမဲ့ 'ဗကပ က ဘာသာမဲ့တွေ မပေါင်းနိုင်ဘူး' ဆိုပြီး ဖြစ်ကြတယ်။ ဦးဇခုန်တိန့်ယိန်းတို့ကကျတော့ ဗကပနဲ့ ပေါင်းချင်တယ်။ အဲဒီမှာ ကေအိုင်အေနဲ့အယူအဆ နည်းနည်းစကွဲတယ်" လို့ ပန်ဝါဒေသမှာ ဦးဇခုန်တိန့်ယိန်းအုပ်ချုပ်မှုအောက် နေထိုင်ခဲ့တဲ့ ဗကပ ပါတီဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ KIA မှာ လူမျိုးစုကြား သဘောထားကွဲလွဲမှုတွေ စရှိလာခဲ့ပါတယ်။ KIA မှာ ဂျိန်းဖော အပါအဝင် ကချင်မျိုးနွယ်စုတိုင်းရင်းသားတွေပါဝင်ပေမဲ့ ခေါင်းဆောင်ပိုင်းတော်တော်များများက ဂျိန်းဖော(မျိုးနွယ်စု) တွေဖြစ်ပြီး ဦးဇခုန်တိန့်ယိန်းက လချိတ်မျိုးနွယ်စုထဲမှာမှ 'ငေါ့ချမ်း' လို့ ခေါ်တဲ့ လူမျိုးစုအုပ်စုငယ်ထဲက ဖြစ်ပါတယ်။ အခုဆို အဲဒီငေါ့ချမ်းလူမျိုးစုတွေနေထိုင်တဲ့ ရွာဟာ ရွာသုံးရွာလောက်ပဲရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။

၁၉၆၈ နှစ်ဆန်းပိုင်းမှာ အဲဒီ ပြဿနာတွေကြောင့် ဦးဇခုန်တိန့်ယိန်းနဲ့ သူ့လို နောက်ထပ်လူမျိုးစုငယ်ဖြစ်တဲ့ မရူမျိုးနွယ်ဝင် KIA တပ်ခွဲမှူး လယောက်ဇလွန်း တို့ တပ်ခွဲနှစ်ခု ပေါင်းပြီး KIA က ခွဲထွက်ခဲ့ပါတယ်။

"ခွဲထွက်လာပြီး နေစရာမရှိတော့ သူတို့နှစ်ဖွဲ့ တရုတ်ပြည်ထဲ ဝင်သွားကြတယ်။ တရုတ်ကလည်း ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ကို ပြည်တွင်းပြန်ထိုးသွင်းဖို့အစီအစဥ်ရှိတော့ သူတို့ကို ဗကပ နဲ့ တွေ့ပေးလိုက်တယ်။ ဗကပမှာ သင်တန်းတက်ပြီး သူတို့တပ်ခွဲနှစ်ခုလုံးက ကွန်မြူနစ်တွေဖြစ်သွားကြတယ်။ ဇခုန်တိန့်ယိန်းက ခေါင်းဆောင်၊ လယောက်ဇလွန်းက ဒုခေါင်းဆောင်ပေ့ါ" လို့ ဦးဇခုန်တိန့်ယိန်းအကြောင်း သိမီခဲ့တဲ့ နောက်ထပ် ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

အမှတ် ၁၀၁ စစ်ဒေသ ဗကပ တပ်မှူးဘဝ

၁၉၆၈ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီမှာ သင်တန်းတက်ခဲ့ပြီးတစ်နှစ်အကြာ ၁၉၆၉ ခုနှစ်မှာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ဗကပ တပ်ခွဲနှစ်ခုဟာ တရုတ်-မြန်မာနယ်စပ်မျဥ်းကိုဖြတ်လို့ ပန်ဝါမြို့နဲ့ ကံပိုင်တည် မြို့တွေကို ဝင်ရောက်လာခဲ့ပါတယ်။

အင်အားသုံးရာကျော်ပါဝင်တဲ့ သူ့တပ်ခွဲနှစ်ခုနဲ့ အဲဒီမြို့နှစ်မြို့မှာ စစ်အခြေစိုက်စခန်းတွေ စတင်တည်ဆောက်ခဲ့ပြီး ဒါဟာ နောင် 'ကချင်အထူးဒေသ ၁' ဖြစ်လာမယ့်ဒေသတွေကို အုပ်ချုပ်ထိန်း ချုပ်ဖို့ ကနဦး ခြေလှမ်းဖြစ်ခဲ့ပါတယ်။

"ကံပိုင်တည်၊ ဖီမော်နဲ့ ပန်ဝါမှာ စခန်းတွေဆောက်တယ်။ အဲဒီနေရာတွေက နဂိုက KIA နည်းနည်းပါးပါး လှုပ်ရှားတယ်။ ဒါပေမဲ့ သူတို့ဝင်လာတော့ သူတို့ရသွားတာပေါ့လေ။ နောက်ဆုံး ဗကပ ပါတီပျက်တဲ့ ၁၉၈၉ ကနေ နှစ်နှစ်ဆယ်ကျော်လောက် ဦးဇခုန်တိန့်ယိန်းက အဲဒီနေရာတွေကို သူ့ရဲ့အခြေခံဒေသအဖြစ် ရယူထားလိုက်နိုင်ခဲ့ပါတယ်" လို့ နိုင်ငံရေးသုတေသီက ပြောပါတယ်။

၁၀၁ စစ်ဒေသတပ်မှူးအဖြစ်နဲ့ အစိုးရတပ်နဲ့ တိုက်ခဲ့တဲ့တိုက်ပွဲတွေထဲ 'ထော့ကော်တိုက်ပွဲ' ဟာ နာမည်ကျော်ပါတယ်။

"အဲဒီတုန်းက သူ့တပ်က အစိုးရစစ်တပ်ရဲ့တပ်ရင်းတစ်ရင်းလုံးပြုတ်သွားအောင် တိုက်လိုက်တာ။ ဗမာစစ်တပ်က တပ်ရင်းမှူးတွေ ဘာတွေပါ အကုန်မိတာ။ ၁၉၇၉ နှစ်ကုန်လောက်ဖြစ်တာ။ ဗကပက ရိုက်ခဲ့တဲ့ 'ငြှိမ်းမရတဲ့ မီးတောက်မီးလျှံ'ဆိုတဲ့ ရုပ်ရှင်ထဲမှာတောင် အဲဒီတိုက်ပွဲကိုထည့်ရိုက်ခဲ့တာ။ အဲဒီရုပ်ရှင်မှာ ဗမာစစ်တပ် တပ်ရင်းမှူးတွေ လက်ထိပ်ခတ်ပြီး ဖမ်းခေါ်လာတာတွေတောင် ထည့်ရိုက်ခဲ့တာ" လို့ နိုင်ငံရေးသုတေသီက ပြောပြပါတယ်။

၁၉၆၉ ခုနှစ်ကနေ ဗမာပြည်ကွန်မြူနစ်ပါတီပျက်သွားတဲ့ ၁၉၈၉ ခုနှစ်ထိ ၁၀၁ စစ်ဒေသကို နှစ် ၂၀ နီးပါး အုပ်စိုးခဲ့တဲ့ ဦးဇခုန်တိန့်ယိန်းဟာ သူ့ဒေသကို မြေပုံမလိုဘဲ အလွတ်ရတဲ့အထိ ကျွမ်းကျင်နှံ့စပ်ပါတယ်။ တိုက်ရည်ခိုက်ရည်ကလည်း ကောင်းခဲ့တာကြောင့် လူထုကိုစည်းရုံးနိုင်ပြီး စစ်ဘုရင်တစ်ဦး သြဇာအာဏာကို ဆယ်စုနှစ်တွေနဲ့ချီ ထူထောင်နိုင်ခဲ့ပါတယ်။

"အဲဒီဒေသမှာ အပ်ကျတာက အစ သူမသိရဘူး ဆိုတာမရှိဘူး။ အဲဒီလောက်ထိ လူထုအပေါ် သြဇာညောင်းခဲ့တာ။ ကွန်မြူနစ်တွေဖြစ်ကုန်ပြီး ကွန်မြူနစ်လို အုပ်ချုပ်တယ်ဆိုပေမဲ့ အဲဒီမှာက လချိတ်/လရှီ၊ လဝေါ်ရွာတွေ များတယ်။ လူမျိုးနွယ်စုလည်းတူတော့ သူ့ကို အရမ်းထောက်ခံခဲ့ကြတာ" လို့ ဦးဇခုန်တိန့်ယိန်းရဲ့ တစ်ခေတ်အကြောင်း ဘီဘီစီသတင်းရင်းမြစ်က ပြောပြပါတယ်။

သူနဲ့အတူ KIA တပ်ရင်း ၄ ကနေ ခွဲထွက်လာတဲ့ မရူမျိုးနွယ် ဦးလယောက်ဇလွန်းကတော့ ၁၀၁ စစ်ဒေသရဲ့ ဒုခေါင်းဆောင်အနေနဲ့ ပန်ဝါမှာ ရှိခဲ့ပေမဲ့ ၁၉၉၁ နောက်ပိုင်းမှာ ဦးဇခုန်တိန့်ယိန်းနဲ့ သဘောထားကွဲလွဲမှုတွေ ရှိလာတဲ့နောက် ပန်ဝါကနေ ထွက်ခွာခဲ့ပါတယ်။

စစ်ရေးနဲ့ အုပ်ချုပ်ရေးလှုပ်ရှားမှုတွေ ဆက်မရှိတော့ဘဲ မြစ်ကြီးနားမှာပဲ​ ပြန်လည်နေထိုင်ပြီး အခုထိ သက်ရှိထင်ရှားရှိနေသေးတယ်လို့ သိရှိသူတွေက ပြောပါတယ်။

အချမ်းသာဆုံး စစ်ဘုရင်တစ်ဦး ဘယ်လိုဖြစ်လာသလဲ

ဗမာပြည်ကွန်မြူနစ်ပါတီ ၁၉၈၉ ခုနှစ်မှာ ပျက်တဲ့အခါ အဲဒီပါတီကနေခွဲထွက်တဲ့ လူမျိုးစု လက်နက်ကိုင်တပ်မှူးတွေထဲမှာ ဦးဇခုန်တိန့်ယိန်းလည်း ပါဝင်ပါတယ်။

ပါတီကနေ ခွဲထွက်ပြီးတဲ့နောက် သူဟာ နဝတ စစ်အစိုးရ အတွင်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့်နဲ့ ငြိမ်းချမ်းရေးဆွေနွေး၊ အပစ်ရပ်ခဲ့လို့ ၁၉၉၀ မှာ တရုတ်-မြန်မာနယ်စပ်မျဥ်းပေါ်က ပန်ဝါ၊ ချီဖွေ၊ ဆော့လော်၊ ကံပိုင်တည်နဲ့ ဝိုင်းမော် မြို့နယ်တွေကို စစ်အစိုးရက ကချင်အထူးဒေသ ၁ လို့ သတ်မှတ်ပေးခဲ့ပါတယ်။

"၁၉၉၀ မှာ သူက ဗိုလ်ခင်ညွန့်နဲ့မြစ်ကြီးနားမှာ ဆွေးနွေးတယ်။ ပြီးတော့ သူအုပ်ချုပ်တဲ့ ဗကပ ၁၀၁ စစ်ဒေသကို ဒီမိုကရေစီသစ်တပ်မတော်-ကချင် (New Democracy Army Kachin- NDAK) ဆိုပြီး ပြောင်းဖွဲ့လိုက်တယ်။ ဖွဲ့ပြီး အပစ်ရပ်လိုက်တော့ နဝတအစိုးရက အဲဒီ ၁၀၁ စစ်ဒေသ ကို 'ကချင်အထူးဒေသ ၁' ဆိုပြီး သတ်မှတ်ပေးလိုက်တာပေါ့။ ဗကပ ကနေ ခွဲထွက်တဲ့အဖွဲ့တွေထဲမှာ သူ့လို စစ်တပ်နဲ့ဆွေးနွေးခဲ့တဲ့ ကိုးကန့် (လက်ရှိ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင့်ဖခင် ဖုန်ကြားရှင်တပ်) က ရှမ်းအထူးဒေသ ၁ ၊ ဝ (UWSA) က ရှမ်းအထူးဒေသ ၂၊ မိုင်းလား (NDAA) က ရှမ်းအထူးဒေသ ၄၊ ဇခုန်တိန့်ယိန်းတို့က 'ကချင်အထူးဒေသ ၁' ဆိုပြီး လေးခုကွဲထွက်သွားတာပေါ့” လို့ ဘီဘီစီသတင်းရင်းမြစ်က ရှင်းပြပါတယ်။

အပစ်ရပ်ပြီး အထူးဒေသကို သူ့ကိုယ်ပိုင်တပ်နဲ့ နှစ် ၂၀ အကြာအုပ်ချုပ်ခဲ့ပြီးတဲ့နောက် ၂၀၀၉ ခုနှစ်မှာ စစ်တပ်က အဲဒီအထူးဒေသတွေက လက်နက်ကိုင်တပ်တွေအားလုံး စစ်တပ်လက်အောက် ခံ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ ပြောင်းဖွဲ့ဖို့ ဖိအားပေးလာပါတယ်။

ဦးဇခုန်တိန့်ယိန်းက NDAK ကို နယ်ခြားစောင့်တပ်ပြောင်းဖွဲ့ဖို့ လက်ခံလိုက်ပြီး သူ့လက်အောက်က လက်နက်ကိုင်တပ်တွေဟာ စစ်တပ်လက်အောက်ခံ အမှတ် ၁၀၀၁ ၊ ၁၀၀၂ နဲ့ ၁၀၀၃ နယ်ခြားစောင့်တပ်တွေ ဖြစ်လာခဲ့ပါတယ်။

သူ့ဒေသမှာ သူ့သြဇာဆက်တည်ရေးအတွက် စစ်တပ်နဲ့ထိပ်တိုက်တွေ့တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘဲ စစ်အစိုးရအကူအညီကိုတောင် ရယူပြီး သူ့နယ်မှာ စီးပွားရေးအင်ပါယာကို ချဲ့ထွင်ခဲ့ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ပြည်မ အုပ်ချုပ်ရေးနဲ့အလှမ်းဝေးတဲ့၊ သစ်တောသယံဇာတကြွယ်ဝတဲ့အဲဒီဒေသမှာ ဒေသဖွံ့ဖြိုးရေးခေါင်းစဥ်အောက်ကနေ ဦးဇခုန်တိန့်ယိန်းရဲ့ စီးပွားရေးအင်ပါယာဟာလည်း အလွန်ကျယ်ပြန့်လာခဲ့ပါတယ်။

အထူးဒေသ (၁) ထဲကနေ တရုတ်နိုင်ငံဘက်ကို သစ်တွေ အလွန်အကျွံခုတ်ပြီး ရောင်းချခဲ့လို့ တောပြုန်းမြေပြိုပြီး ရာသီ ဥတု ဖောက်ပြန်မှုတွေရှိခဲ့တယ်လို့ ကချင်ဒေသ သဘာဝပတ်ဝန်းကျင် စောင့်ကြည့် အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။

"သစ်တောတွေ အရမ်းရောင်းလွန်းလို့ ပန်ဝါမှာအိမ်ဆောက်ဖို့ သစ်တောင်မရှိတော့တဲ့အထိ ဖြစ်ခဲ့တာ။ ဒေသဖွံ့ဖြိုးရေးဆိုပြီးလုပ်ပေမဲ့ ဒေသမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမားမကျန်ရစ်ဘူး။ သစ်တောပြုန်းတော့ ရာသီဥတုက ဖောက်ပြန်တယ်။ ရေကြီး၊ မြေပြို၊ လမ်းပျက်တယ်။ ၂၀၁၀ မှာ နယ်ခြားစောင့်တပ်ဆိုပြီး ပြန်ဖွဲ့တော့ အဲဒီတပ်တွေအထိုင်ချတဲ့နေရာက လယ်မြေယာမြေတွေ၊ အိုးအိမ်တွေ ထပ်သိမ်းခံရပြန်ရော" လို့ ပန်ဝါဒေသခံတစ်ဦးက ပြောပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပန်ဝါဒေသနဲ့ ဦးဇခုန်တိန့်ယိန်းမိသားစုဟာ မူးယစ်ဆေးနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နဲ့ နာမည်ကျော်ပြီး ကချင်ပြည်နယ်အခြေစိုက်မူးယစ်ဆေး ဆန့်ကျင်တဲ့ ပန်ဂျက်ဆန် အဖွဲ့နဲ့ လည်း ပန်ဝါဒေသမှာ ထိတွေ့မှုတွေ ဖြစ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ မိသားစုဟာ မူးယစ်ဆေးဝါးနဲ့ လုံးဝမပတ်သက်ဘဲ​ ကောလာဟလတွေသာဖြစ်ကြောင်း ၂၀၂၀ နှစ်ဦးပိုင်းတုန်းက သူ့ လက်ထောက် တပ်မှူးကြီးတစ်ဦးက ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ဖြေကြားထားပါတယ်။

ဦးဇခုန်တိန့်ယိန်းရဲ့ အဓိကဝင်ငွေဟာ ၂၀၀၇ ခုနှစ်မတိုင်ခင်က သစ်တောခုတ်ထွင်ရောင်းချမှုဖြစ်တယ်လို့ ပန်ဝါမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နေထိုင်ဖူးသူတွေနဲ့ နိုင်ငံရေးသမားတွေကပြောပါတယ်။

၂၀၀၈ ခုနှစ်မှာ ပန်ဝါနဲ့ ချီဖွေမှာ မြေရှားသတ္တု စတင်တွေ့ရှိခဲ့တဲ့နောက်မှာတော့ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းလုပ်တဲ့ အဲဒီသတ္တုတွင်းတွေကနေ နှစ်စဥ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ဝင်ငွေတွေရခဲ့လို့ ဦးဇခုန်တိန့်ယိန်းရဲ့ဘဏ္ဍာတိုက်မှာ ငွေတွေ တိုးပြီးရင်းတိုးပွားလာခဲ့ပါတယ်။

နိုင်ငံတကာက အာရုံစိုက်ခံရတဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ခရိုနီသဌေးကြီးတွေစာရင်းထဲ ဦးဇခုန်တိန့်ယိန်းလို စစ်ဘုရင်တစ်ဦး ရောက်သွားဖို့ မြေရှားသတ္တုတွင်းတွေက တွန်းပို့ခဲ့ပါတယ်။ ပန်ဝါက မြေရှားသတ္တုတွင်းကြီးတွေဟာ တရုတ်နိုင်ငံအတွက် အကြီးဆုံး မြေရှားစျေးကွက်ကြီးဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံဘက်က လုပ်ငန်းရှင်တွေလည်း သတ္တုတူးဖော်ရေးမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြပါတယ်။

၂၀၁၅ နောက်ပိုင်း ဒီမြေရှားသတ္တုတွင်းတွေက ပေးတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုးကျိုး၊ သတ္တုတွင်းလုပ်သားတွေရဲ့ ကျန်းမာရေးနဲ့အသက်အန္တရာယ်ထိခိုက်စေတဲ့ ဆိုးကျိုးတွေအကြောင်း သတင်းတွေ၊ လေ့လာတင်ပြချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဒီလေးနှစ်နီးပါးအတွင်းမှာတင် ချီဖွေနဲ့ပန်ဝါက မြေရှားသတ္တုတွင်းပြိုကျမှုတွေ သုံးကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး လူဆယ်နဲ့ချီလည်း သေဆုံးခဲ့ပါတယ်။

ဦးဇခုန်တိန့်ယိန်းနဲ့ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင်တို့ ဒါရိုက်တာအဖွဲ့အဖြစ် ပါဝင်တဲ့ မြန်မာမျိုးကိုကို ကုမ္ပဏီကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများမှတ်ပုံတင် ဦးစီးဌာန (DICA) မှာ မှတ်ပုံတင်ထားပါတယ်။

အဲဒီမှာသူတို့နှစ်ဦးအပြင် ဒါရိုက်တာအဖွဲ့ဝင်တွေအဖြစ် ဒေါ်ခေါင်နန်၊ ဒေါ်သန်းသန်းဦးနဲ့ ဦးခင်ဇော်ဦး ဆိုပြီးနောက်ထပ်သုံးဦး ပါဝင်ပါတယ်။

အဲဒီကုမ္ပဏီနာမည်မှာ 'မြန်မာ မျိုးကိုကို ဆေးကုသမှုနှင့်ဆိုင်သော ပစ္စည်းကိရိယာ ကုမ္ပဏီလီမိတက်' လို့ ဖော်ပြထားပေမဲ့ ကုမ္ပဏီရဲ့ အဓိက လုပ်ငန်းတာဝန်တွေဆိုပြီးဖော်ပြထားရာမှာ သတ္တုတွင်းတူးဖော်မှုလုပ်ငန်းတွေ ပါဝင်နေတာကို DICA စာရင်းအရ တွေ့ရပါတယ်။

"၂၀၀၈-၂၀၀၉ လောက်မှာ သူ့ဒေသမှာ မြေရှားစတွေ့တယ်။ တကယ်တမ်း အဲဒီလုပ်ကွက်တွေကိုစချပေးတာ သတ္တုတွင်းဝန်ကြီးဌာန ဆိုပေမဲ့ သူတို့ (ဦးဇခုန်တိန့်ယိန်းနဲ့ မြန်မာစစ်တပ်) ပဲရတာပါပဲ။ ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အေး တို့ ကိုယ်တိုင် ပန်ဝါကို သွားကြည့်ပြီး သဘောတူပြီးချကြတာ။ သူတို့လည်းရ ဦးပိုင်လည်းရပေါ့" လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာမျိုးကိုကိုကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်ထဲက ဦးခင်ဇော်ဦး ဆိုတာဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်ကို ၂၀၁၀ မှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ဇော်ဦးလို့ ပြောကြတာတွေရှိပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုလို့မရခဲ့ပါဘူး။

ဘီဘီစီက ရရှိထားတဲ့ အဲဒီကုမ္ပဏီအချက်အလက်တွေဟာ ၂၀၂၃ ခုနှစ်အတွင်းက ဖြစ်ပြီး လက်ရှိမှာတော့ အဲဒီလို ကုမ္ပဏီတစ်ခုချင်းစီရဲ့အသေးစိတ်အချက်အလက်တွေကို DICA က သူတို့ ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားထားလိုက်ပြီဖြစ်ပါတယ်။

ကြံ့ခိုင်ရေးအမတ်ဟောင်း လက်ရှိ နေပြည်တော် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးလှဆွေ (ဘူးလက်လှဆွေ) က DICA က စာရင်းဇယားအချက်အလက်တွေကို မသမာသူတွေက ပစ်မှတ်ထားတယ်ဆိုပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မေးမြန်းခဲ့တဲ့နောက်ပိုင်းကစလို့ ကုမ္ပဏီတွေရဲ့အသေးစိတ်အချက်အလက်တွေကို DICA ဘက်က ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

ဆန့်ကျင်ဖက် မျက်နှာနှစ်ဖက်နဲ့လူ

ကချင်အထူးဒေသ ၁ ရဲ့ မူးယစ်ဆေးဝါးပြဿနာတွေနဲ့ ဘိန်းစိုက်ပျိုးမှုတွေ၊ ရွှေ၊ ကျောက်စိမ်းနဲ့ မြေရှားသတ္တုလို တွင်းထွက်သယံဇာတ၊ သစ်တောသယံဇာတတွေကို အလွန်အကျွံထုတ်ယူရောင်းချပြီး စီးပွားရေးအင်ပါယာထူထောင်မှုတွေကြောင့် ဦးဇခုန်တိန့်ယိန်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားသလို စစ်အစိုးရအဆက်ဆက်နဲ့ ပလဲနံပသင့်အောင်နေတာကြောင့် သူ့အပေါ်ကို အဆိုးမြင်တာတွေ ရှိကြပါတယ်။

ဒါပေမဲ့ ကချင်အထူးဒေသ (၁) မှာ ဒေသဖွံ့ဖြိုးရေးခေါင်းစဥ်အောက်က လုပ်ပေးခဲ့တာတွေရှိပြီး စစ်မဖြစ်ဘဲ နှစ် သုံးဆယ်ကျော်နေထိုင်ခဲ့ရတာကို ထောက်ခံတဲ့ ဒေသခံတချို့လည်း ရှိနေပါတယ်။ သူ့လက်ထက်မှာ ရေခဲတောင်ပတ်လည်ဝိုင်းပြီး ၁၂ ရာသီနှင်းဖုံးနေတဲ့အထူးဒေသ ၁ မှာ ဒေသခံတွေ လယ်ယာလုပ်ငန်းနဲ့ တရုတ်ဘက်နဲ့ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် ကုန်စည်ရောင်းဝယ်ရေးတွေ လုပ်ကိုင်နိုင်ခဲ့ကြပါတယ်။

"ကျွန်တော်တို့က ဘာပဲဖြစ်ဖြစ် ကချင်အထူးဒေသ (၁) မှာ နှစ်ပေါင်း ၃၀ကျော်နေလာခဲ့တော့ ကချင်အထူးဒေသ (၁) တစ်ခုလုံးကြီး မရှိတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ မူးယစ်ဆေးဝါး ပေါများတဲ့ ဒေသဖြစ်နေတာဆိုတော့ တစ်ပတ်အတွင်း သိမ်းခံလိုက်ရတာက အဲဒီအားနည်းချက်တွေမှာ မူတည်မလားပေါ့နော်" လို့ ပန်ဝါဒေသခံတစ်ယောက်က ပြောပါတယ်။

ဦးဇခုန်တိန့်ယိန်းက ကချင် အထူးဒေသ(၁) ကို တိုက်ခိုက်ဖျက်စီးဖို့ ဝင်လာတဲ့ KIA နဲ့ PDF တွေကို ယတိပြတ်ခုခံချေမှုန်းရမယ်ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှာ စာထုတ်ခဲ့ပါတယ်။

ဒါဟာ ကေအိုင်အေက သူတို့ဌာနချုပ်နဲ့အနီးတဝိုက်ကို ရန်စ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်ခြိမ်းခြောက်တာတွေလုပ်လာလို့ ခုလိုစစ်မိန့်ပေးတာဖြစ်ပြီး ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေနဲ့ တပ်မတာ်တို့ ပူးပေါင်းပြီး တိုက်ခိုက်သွားမယ်လို့ ဦးဇခုန်တိန့်ယိန်းရဲ့ ထာဝရငြိမ်းချမ်းရေးဌာနချုပ်က တာဝန်ရှိသူတစ်ဦးက ကနဦးတုန်းက ဘီဘီစီကိုပြောကြားထားခဲ့ပါတယ်။

သုံးလအတွင်း စစ်ရေးတင်းမာမှုတွေရှိခဲ့တဲ့နောက် စက်တင်ဘာလဆန်းပိုင်းမှာ ဒီအမိန့်ဟာ မထုတ်ပြန်သင့်တဲ့ စစ်မိန့်လို့ KIA ဗိုလ်ချုပ်ဂွန်မော်က ပြောခဲ့ပါတယ်။

အဲဒီနောက် နှစ်ဖက် စစ်ရေးအမြင့်ဆုံးဖြစ်လာခဲ့ပြီး စက်တင်ဘာလ ၂၉ ကနေ အောက်တိုဘာ ၄ ရက်အထိ တစ်ပတ် တိုက်ပွဲအတွင်း ချီဖွေနဲ့ဆော့လောမြို့တွေကို ကေအိုင်အေက မြန်မြန်ဆန်ဆန်သိမ်းယူခဲ့ပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေပေါင်းတိုက်တဲ့ကြားကနေ ဦးဇခုန်တိန့်ယိန်းဟာ လက်ကျန် ပန်ဝါမြို့အနီးက နယ်ခြားစောင့်တပ် ၁၀၀၁ ကိုပါ နိုဝင်ဘာ ၁ ရက်နေ့မှာ ထပ်မံဆုံးရှုံးလိုက်ရတဲ့နောက် အထူးဒေသ ၁ တစ်ခုလုံး KIA အောက်ရောက်ခဲ့ရသလို ပန်ဝါမှာရှိတဲ့ ဦးဇခုန်တိန့်ယိန်းနေအိမ်ကိုလည်း KIA က ချိပ်ပိတ်ခဲ့ပါတယ်။

လက်ရှိတော့ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ဂိတ်ပိတ်သွားပြီး ကုန်သွယ်မှု ရပ်သွားတာနဲ့အတူ တရုတ်လုပ်ငန်းရှင်တွေပိုင်တဲ့ မြေရှားတူးဖော်ရေး လုပ်ငန်းတွေလည်းရပ်သွားပြီး အဲဒီလုပ်ငန်းတွေကိုမှီခိုနေရတဲ့ ဈေးအရောင်းအဝယ်နဲ့ တည်ဆောက်ရေး အပိုင်းတွေလည်း ရပ်သွားပြီဖြစ်ပါတယ်။

ဦးဇခုန့်တိန်ယိန်းဟာ သူရဲ့ ထိန်းချုပ်နယ်မြေတွေ အတွင်းမှာ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက် တံတားဆောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ကံပိုင်တည်နဲ့ ဆဒုံးလမ်း ဖွင့်ခဲ့ပြီး ချီဖွေကနေ ဆော့လော်အသွား လမ်းဖောက်လုပ်ခဲ့သလို ဖီမော်နဲ့ တရုတ်နယ်စပ်ထိ လမ်းတွေဖောက်ခဲ့ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ လမ်းတွေဖောက်ခဲ့တဲ့အထဲမှာ လဂွေနယ်စပ် ကုန်သွယ်ရေးလမ်းလည်းပါဝင်ပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူပြီးနောက် ကိုယ်ပိုင်အကျိုးစီးပွား လုပ်ဆောင်ချက်တွေ များလာပြီး လူထုထောက်ခံမှု စတင် ကျဆင်းလာရာကနေ အခုဆိုရင် နယ်မြေအားလုံး လက်လွှတ်လိုက်ရတဲ့ အခြေအနေအထိ ရောက်လာတာလို့ ကချင် နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

“သူက KIA တပ်မှူးလုပ်တုန်းကလည်း ထက်မြက်တယ်။ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်းမှာလည်း သြဇာကြီးတယ်။ အဲဒီနောက်ပိုင်းမှာတော့ စီးပွားရေးအတွက် သူ့မိသားစု အသိုက်အဝန်းအတွက် ပိုလုပ်ဆောင်တဲ့ သဘောမျိုးဖြစ်တော့ ပြည်သူနဲ့ ကင်းကွာလာတာပေါ့” လို့ ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ဥက္ကဋ္ဌဟောင်းတစ်ဦးက ပြောပါတယ်။

ဦးဇခုန့်တိန်ယိန်း လက်အောက်မှာ နေထိုင်ခဲ့ဖူးသူ တချို့ဒေသခံတွေကတော့ ထာ၀ရ ငြိမ်းချမ်းရေး ယူထားတဲ့ ကချင်အထူး‌ဒေသ (၁) နယ်မြေကို ကေအိုင်အေက ထိုးစစ်နဲ့ နယ်မြေသိမ်းလိုက်တဲ့အပေါ် မတူညီတဲ့ရှုထောင့်ကနေ ဝေဖန်တာရှိခဲ့ပါတယ်။

အဲဒီထဲမှာ ကေအိုင်အေက အထူးဒေသ (၁) ကို တိုက်ပွဲဖော်ဆောင်သိမ်းယူတာကို ရှုံ့ချကြောင်း လချိတ်အပါအဝင် ငေါ့ချန်းမျိုးနွယ်စုတွေ စုပြီး စက်တင်ဘာ ၁၄ ရက်က သဘောထားထုတ်ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ် လချိတ် လူမျိုးစုအဖွဲ့အစည်းတစ်ခုကတော့ ကေအိုင်အေ ထိုးစစ်ကိုထောက်ခံကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ဘုရင်တဖြစ်လဲ လွှတ်တော်အမတ်

သူ့ဒေသထဲကို ပြည်မက နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးတွေ ဝင်မလာနိုင်အောင်လည်း ပြောင်းလဲသွားတဲ့ ပြည်မနိုင်ငံရေးအခင်းအကျင်းမှာ ဦးဇခုန်တိန့်ယိန်းက ပါဝင်ကစားခဲ့ပါတယ်။

၂၀၀၉ မှာ သူ့တပ်တွေကို စစ်တပ်လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ပြီး ပါတီထောင်ရွေးကောက်ပွဲ ဝင်ဖို့ နအဖ စစ်အစိုးရ ကမ်းလှမ်းချက်ကို သူလက်ခံခဲ့ပါတယ်။

ဒါကြောင့် သူဟာ ကချင်ပြည်နယ် အမှတ် (၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကို တစ်သီးပုဂ္ဂလ အဖြစ် ဝင်ပြိုင်၊ အနိုင်ရပြီး နေပြည်တော်လွှတ်တော်ထဲ ရောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးသမားတွေဟာ လက်နက်ကိုင်တပ်တွေနဲ့ ကင်းရှင်းရမယ် ဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသတွေဟာလည်း သူ့ဒေသမှာတော့ သက်ရောက်မှုမရှိသလိုဖြစ်ခဲ့ရပါတယ်။

သူ့ရဲ့ NDAK တပ်တွေဟာ မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် ပြောင်းဖွဲ့လိုက်လို့ သူ့ရဲ့တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ ပြောနိုင်ပေမဲ့ ကချင်အထူးဒေသ (၁) မှာ သူ့ရဲ့ စစ်ရေးသြဇာကို ဘယ်သူကမှ ဝင်စွက်ဖက်လို့မရတာလည်း သိသာမြင်သာတဲ့အချက်ပါ။

၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဦးဇခုန်တိန့်ယိန်းက တစ်သီးပုဂ္ဂလ ဝင်ပြိုင်ခဲ့ပြီး သူ့သားအကြီး ဦးဇခုန်ယိန်းဆောင်က စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ကနေ ပြည်နယ်လွှတ်တော်အမတ် ဝင်ပြိုင်ပြီး နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့ကြတာပါ။

ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ သူ ပယ်ဖျက်ခံခဲ့ရပါတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း ဦးဇခုန်တိန့်ယိန်းက သူအုပ်ချုပ်တဲ့ဒေသမှာ ဘယ်သူမှ မဲဆွယ်စည်းရုံးရေး မလုပ်ရဘူး ဆိုတဲ့ တားမြစ်စာ ထုတ်ပြန်ခဲ့တာ၊ မဲဆွယ်စည်းရုံးရေးလာတဲ့ NLD ကိုယ်စားလှယ်အဖွဲ့ကို လက်နက်ကိုင်အဖွဲ့က ရိုက်နှက်ခြိမ်းခြောက်တာ စတဲ့ တရားမဲ့ပြုကျင့်မှုတွေ လုပ်တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ကို ကချင်အထူးဒေသ (၁) မဲဆန္ဒနယ်မှာ ဝင်ပြိုင်တဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးယောန နဲ့ ဆော့လောမှာ ဝင်ပြိုင်တဲ့ NLD ပါတီက ဦးစံဝေခေါင်လွန်းတို့ တိုင်ကြားလို့ ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာလည်း ဦးဇခုန်တိန့်ယိန်းရဲ့ သား ဦးဇခုန်ယိန်းဆောင် ဦးဆောင်ပြီး 'ဒီမိုကရေစီပါတီသစ်-ကချင်' (New Democracy Party Kachin-NDP K) ဆိုတဲ့နိုင်ငံရေးပါတီထောင်ပြီး ဦးဇခုန်တိန့်ယိန်းက နာယက၊ ဦးဇခုန်ယိန်းဆောင်က ဒုဥက္ကဋ္ဌ အဖြစ် ပါဝင်ခဲ့ပါတယ်။

အသက် ၈၀ ရှိပြီဖြစ်လို့ အဲဒီရွေးကောက်ပွဲမှာ သူမပါတော့ပေမဲ့ သူ့သားကြီး ဦးဇခုန်ယိန်းဆောင်က ချီဖွေမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်၂ ကနေဝင်ရောက်ယှဥ်ပြိုင်အနိုင်ရခဲ့ပါတယ်။

ဦးဇခုန်တိန့်ယိန်း စစ်ရှုံးရတဲ့အချက် ၅ ချက်

အသက်အရွယ်ကြီးရင့်လာတဲ့ စစ်ဘုရင်တစ်ဦး မီးဇာကုန်ဆီခန်းချိန်မှာပဲ သူ့သြဇာအာဏာလည်း ကျဆင်းရသလို ဒေသကိုပါ လက်လွှတ်ခဲ့ရတာဟာ အဓိက အချက် ၅ ချက်ကြောင့် လို့ နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေရော သူနဲ့အတူတွဲတာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေက ဘီဘီစီကို ပြောပါတယ်။

"ပထမတစ်ချက်ကတော့ ဒေသဖွံ့ဖြိုးရေးထက် မိသားစု ကောင်းစားရေးကို လုပ်ခဲ့လို့ ကြာလာတာနဲ့အမျှ လူထုထောက်ခံမှုကျဆင်းတယ်။ ဒုတိယတစ်ချက်ကတော့ သူ့သားတွေက စီးပွားရေးသမားတွေပဲ ဖြစ်လာတယ်။ သူ့သားအကြီး ရွေးကောက်ပွဲဝင်ပြိုင်နိုင်တယ်ဆိုတာလည်း ရပ်တည်ချက်အရ မဟုတ်ဘဲ ပြည်မနိုင်ငံရေးအတွက် လိုက်လျောညီထွေလုပ်တာမျိုးပဲ။ သူက တိုက်ပြီးခိုက်ပြီးမှ လူထုကို စည်းရုံးခဲ့တော့ သူ့ Dynasty (မင်းဆက်) ကို ကောင်းကောင်းထူထောင်ထားနိုင်တယ်။ သူ့သားတွေကျတော့ သူ့လောက်မှ သြဇာမညောင်းတာ" လို့ ဦးဇခုန်တိန့်ယိန်းနဲ့ ဒီနှစ်တွေအတွင်းတွေ့ဆုံခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တတိယတစ်ချက် ကတော့ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်နဲ့ ဆက်လက်တွဲပြီး ပြည်မ စစ်ရေး နိုင်ငံရေးအပြောင်းအလဲကို လိုက်ပါလာခြင်းမရှိတော့တာကလည်း ခုလို သူ့ဒေသကို ဆုံးရှုံးရဖို့ဖြစ်လာတယ်လို့ ဆိုပါတယ်။

"အခု စစ်တပ်ကလည်း သူ့ကို အရင်လို မကူနိုင်တော့ဘူး။ သူကိုယ်တိုင်လည်း ကျန်းမာရေးမကောင်းတာ ကြာပြီ။ လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်လောက်တည်းက နားက လုံးဝ မကြားရတော့ဘူး။ နားကြားအကူကိရိယာတပ်လည်း မရတော့ဘူး။ မှတ်ဥာဏ်လည်း မကောင်းတော့ဘူး။ သူ့ဆီသွားတဲ့သူတွေ ပြန်ပြောတာတော့ ဘာမှ မမှတ်မိတော့ဘူး။ သူ ပြောချင်တာတွေပြောနေတော့တာတဲ့" လို့ ဦးဇခုန်တိန့်ယိန်းနဲ့ ဒီနှစ်တွေအတွင်းတွေ့ဆုံခဲ့သူတွေထံကနေ သိရတာကို ဘီဘီစီရဲ့သတင်းရင်းမြစ်က ပြောပြပါတယ်။

စတုတ္ထအချက် ကတော့ နယ်ခြားစောင့်တပ်တွေ ဖွဲ့ထားတဲ့ကြားက ၂၀၁၂ မှာ ပြည်သူ့စစ်ဖွဲ့မယ်ဆိုပြီး ပန်ဝါနဲ့ချီဖွေမှာ စစ်မှုမထမ်းမနေရ စစ်သားစုဆောင်းမှုတွေကလည်း လူထု ထောက်ခံမှုကို ကျဆင်းစေခဲ့ပါတယ်။ ကေအိုင်အေတပ်တွေနဲ့ ၂၀၁၂ မှာ ပြန်ရင်ဆိုင်လိုက်ရတဲ့အခါ ဦးဇခုန်တိန့်ယိန်းဟာ ပန်ဝါမှာ ပြည်သူ့စစ် ဆိုပြီး ထပ်ဖွဲ့ပြီး တစ်အိမ်တစ်ယောက် မဝင်မနေရအနေနဲ့ အင်အား စုဆာင်းခဲ့ပါတယ်။ တစ်ချို့အိမ်တွေဆိုရင် တစ်အိမ် နှစ်ယောက်နှုန်းအထိ ပြည်သူ့စစ် တာဝန်ထမ်းဆောင်ရတဲ့ အနေအထားမျိုး ပန်ဝါဒေသမှာ ရှိခဲ့ပါတယ်။

"တကယ်က KIA က အထူးဒေသ ပန်ဝါကို အခုမှ တိုက်တာမဟုတ်ဘူး။ ဦးသိန်းစိန်လက်ထက် ကချင် တကျော့ပြန်စစ်ပွဲမှာ အထူးဒေသ (၁) ထဲက လုပီနဲ့ စင်ကြိုင်ရွာတွေကို KIA က ထိုးစစ်ဆင်ခဲ့ပေမဲ့ ဦးဇခုန်တိန့်ယိန်းဘက်ကနေ စစ်တပ်က စစ်ကူရော လေကြောင်းပစ်ကူပါပေးခဲ့လို့ ပန်ဝါကို မသိမ်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပန်ဝါက ဒေသတချို့ကို အဲဒီချိန်တည်းက KIA က စရခဲ့တာ" လို့ ပန်ဝါမှာနေထိုင်ခဲ့တဲ့ နိုင်ငံရေးသုတေသီက ပြောပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီလက်နက်ကိုင်တိုက်ပွဲတွေမတိုက်ရသလို ပန်ဝါဒေသက မူးယစ်ဆေးပြဿနာတွေကြောင့် သူ့နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေမှာ မူးယစ်ဆေးစွဲသူတွေနဲ့ တိုက်ရည်ခိုက်ရည်ကျဆင်းပြီး တိုက်လိုခိုက်လိုစိတ်မရှိတာတွေကလည်း ဦးဇခုန်တိန့်ယိန်းကျရှုံးရတဲ့ နောက်ထပ် အရေးပါတဲ့အချက်တစ်ချက်လို့ ယူဆမှုတွေရှိပါတယ်။

“ဒီနယ်ခြားစောင့်တပ်တွေဟာ ငြိမ်းချမ်းရေးယူပြီးကတည်းကနေ သူတို့စစ်ရေးအတွေ့အကြုံ ဘာတစ်ခုမှ မရှိဘူး။ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက်ကြောင့်မို့ ကေအိုင်အေက ထိုးစစ်ဆင်တဲ့အခါမှာ စနစ်တကျ ခုခံ တိုက်ခိုက်နိုင်စွမ်း မရှိဘူး။ ဒါကြောင့် အဓိက ရှုံးနိမ့်သွားရတာလို့ မြင်တယ်” လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုရှဘက ပြောပါတယ်။

လက်ရှိမှာတော့ ဦးဇခုန်တိန့်ယိန်းနဲ့ မိသားစုဝင်တွေဟာ ပန်ဝါကနေ ခြေလှမ်းလိုက်ရုံနဲ့ ရောက်တဲ့ ရောက်တဲ့ တရုတ်နိုင်ငံဘက်ခြမ်း ထိန်ချုံးမြို့က သူ့နေအိမ်မှာ နေထိုင်နေကြတယ်လို့ သိရှိထားရပါတယ်။