မြေရှား - ဒေါ်လာဘီလျံချီတန်တဲ့ နယ်မြေသိမ်းပိုက်မှု

    • ရေးသားသူ, မင်းသစ်
    • ရာထူးတာဝန်, ဘီဘီစီ(မြန်မာပိုင်း)

မြန်မာပြည်မြောက်ဖျားက ကချင်အထူးဒေသ(၁)ကို ကေအိုင်အေရဲ့ သိမ်းပိုက်မှုဟာ ဒေါ်လာဘီလျှံချီတန်တဲ့ နယ်မြေသိမ်းပိုက်မှုတစ်ခုလို့တောင် တင်စားကြပါတယ်။

ကမ္ဘာအနှံ့အပြားက လျှပ်စစ်ကားတွေ၊ စမတ်ဖုန်းတွေမှာ ကုန်ကြမ်းအဖြစ်အသုံးပြုတဲ့ မြေရှားသတ္တုသိုက်ဟာ ဒီဒေသမှာရှိပြီး စင်္ကာပူနိုင်ငံအရွယ်အစားထက်ကြီးမားတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ထုတ်ပြန်ထားပါတယ်။

နှစ်စဥ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ အမြတ်အစွန်းရှိနေတဲ့ တရုတ်-မြန်မာနယ်စပ် ပန်ဝါမြေရှားသတ္တုသိုက် ရဲ့ ပိုင်ရှင်သစ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဖြစ်လာပါတယ်။

ကချင်အထူးဒေသ(၁)မှာရှိတဲ့ မြေရှားလုပ်ကွက်ပေါင်း ၃၀၀ နီးပါးကို KIA အနေနဲ့ ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေကပါ စောင့်ကြည့်နေကြပြီး ကမ္ဘာ့မြေရှားစျေးကွက်အတွက်ပါ ရိုက်ခတ်မှုတွေ ရှိလာပါတယ်။

ပန်ဝါမြေရှားသတ္တုသိုက်ကို ကေအိုင်အေ ဘယ်လိုကိုယ်တွယ်မလဲ

မြန်မာကလာတဲ့ မြေရှားသတ္တုတွေကို လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ လေအား လျှပ်စစ်ထုတ်လုပ်ရေး တာဘိုင်စက်တွေမှာသုံးတဲ့ တာရှည်ခံသံလိုက်တွေမှာ အဓိကအသုံးပြုနေတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း မြေရှားသတ္တုတရားမ၀င်တင်ပို့ရောင်းချတာကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ဝင်ငွေရခဲ့တယ်လို့ Global Witness အဖွဲ့ က ၂၀၂၄ မေလ မှာထုတ်ပြန်ပါတယ်။

ကချင်အထူးဒေသ(၁)ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း နှစ်ပေါင်း ၃၀ ကျော်ထိန်းချုပ်ထားတဲ့ ပန်ဝါပြည်သူ့စစ်ဌာနချုပ်ကို KIA သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေရဲ့ ရာနဲ့ချီတဲ့ မြေရှားသတ္တုလုပ်ကွက်တွေကိုပါ KIA က ရလိုက်တာဖြစ်ပါတယ်။

KIA က ပန်ဝါဒေသကို ထိန်းချုပ်လိုက်ပြီးနောက်ပိုင်းမှာတော့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအားလုံးနီးပါးကို ပိတ်ထားလိုက်ရပါတယ်။

တရုတ်နိုင်ငံသား မြေရှားလုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေအားလုံးနီးပါးဟာလည်း တရုတ်ပြည်ဘက်ကို ပြန်သွားကြပြီဖြစ်ပါတယ်။

"တရုတ်က သူတို့လူကို ပြန်လက်ခံတယ်။ တရုတ်ရဲနဲ့ စစ်သားတွေလည်း ဂိတ်မှာလုံခြုံရေးယူထားတယ်။ သူတို့လူတွေကုန်ပြီဆိုတာနဲ့။ ဂိတ်သံတံခါးကို အပြီးပိတ်လိုက်တာ" လို့ ပန်ဝါဒေသခံတစ်ဦး က ဘီဘီစီ က ပြောပါတယ်။

ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေရပ်ဆိုင်းထားရလို့ ကမ္ဘာ့မြေရှားသတ္တုစျေးကွက်တန်ဖိုးမြင့်တက်သွားနိုင်တယ်လို့ တရုတ်သတင်းစာ Global Times က ရေးပါတယ်။

တစ်ကမ္ဘာလုံးက မြေရှားထုတ်လုပ်မှုပမာဏရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာကလာတာလို့လည်းသတ္တုဈေးကွက်လေ့လာသူ မစ္စတာ Wu chenhui က Global Times ကို ပြောထားပါတယ်။

တစ်ဖက်မှာလည်း ပန်ဝါမြေရှားသတ္တုသိုက်နဲ့ပတ်သက်ပြီး KIA အတွက် ကြီးမားတဲ့ စိန်ခေါ် မှုတွေလည်းရှိနေပြန်ပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေဟာ တရုတ်နိုင်ငံအတွင်း မှာ အသုံးပြုလို့မရတဲ့ မြေရှားသတ္တုတူးဖော်တဲ့ နည်းတွေကို ပန်ဝါဒေသမှာသုံးနေတာလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။

တရုတ်နိုင်ငံထဲမှာ မြေရှားထုတ်ရင် သဘာဝပတ်ဝန်းကျင်အတွက် ပြန်ပြီးအစားထိုးလုပ်ပေးရတာတွေ အများကြီးရှိတာဖြစ်လို့ ပန်ဝါထဲမှာ လာလုပ်နေကြတာလို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်အခြေစိုက် ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဧည့်ပညာရှင် ဦးဝင်းမျိုးသူ က ဘီဘီစီ ကိုပြောပါတယ်။

“တရုတ်ဘက်က ပန်ဝါမှာမြေရှားထုတ်တဲ့နည်းမျိုးကိုခွင့်မပြုဘူး။ တရုတ်နိုင်ငံအတွင်းမှာ မြေရှားထုတ်တဲ့ စည်းကမ်းချက်တွေကို မြှင့်ထားတယ်။ ဒါကြောင့် မြန်မာဘက်မှာ လက်လွတ် စပယ် လာလုပ်နေတာ။ တရုတ်သတ္တုထုတ်တဲ့ပုံစံကို KIA ထိန်းချုပ်ဖို့ခက်ခဲလိမ့်မယ်”လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။

တချိန်တည်းမှာပဲ ပန်ဝါမြေရှားသတ္တုတွင်းတွေကနေ ရေဒီယိုသတ္တိကြွပစ္စည်းတွေထွက်နေတယ်လို့လည်း သတ္တုတွင်း ပညာရှင်တွေက မှတ်ချက်တွေလည်းရှိနေပါတယ်။

“ဆိုးတာက ရေဒီယိုသတ္တိကြွတွေထွက်တာပေါ့။ စက်မရှိသေးလို့ အတိအကျတိုင်းလို့ မရသေးဘူး။ ဒါပေမဲ့ ထွက်တာကတော့ သေချာတယ်။ ဒါကြောင့်မလို့ အဲဒီဒေသကထွက်တဲ့ သီးနှံတွေကို တရုတ်ဘက်က မဝယ်တော့ဘူး"လို့ အမည်မဖော်လိုတဲ့ ဘူမိဗေဒပညာရှင်တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ရေဒီယိုသတ္တိကြွပြဿနာဟာ နှစ်ပေါင်းများစွာ ရှင်းရမယ့်ကိစ္စဖြစ်ပြီး နည်းပညာအရကော၊ စီမံခန့်ခွဲမှုအရပါ ဖြေရှင်းအဖို့အတွက် ကေအိုင်အေ အတွက်စိန်ခေါ်မှု ကြီးလိမ့်မယ်လို့လည်း သူက ဆက်သုံးသပ် ပြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ကတော့ လက်ရှိအချိန်မှာ ကချင်အထူးဒေသ(၁)ထဲမှာ မြေရှားတူးဖော်ရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်ထားခဲ့ကြသလဲဆိုတဲ့ အချက်အလက်တွေကို အရင်သိအောင် ကြိုးစားနေတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

ပန်ဝါမှာ တရုတ်မြေရှားတူးနည်းက တောင်တွေကို အဆိပ်ခတ်တာ

တရုတ်မြေရှားတူးဖော်တဲ့နည်းဟာ တောင်တွေကို အပေါက်တွေဖေါက်ပြီး ဒေါင်လိုက်နဲ့ ကန့်လန့်ဖြတ် ပိုက်လိုင်းတွေကိုထိုးသွင်းသွယ်တန်းထားတာပါ။

အပေါ်ဘက်ကနေ ကာဗွန်နိတ် ဓာတုအရည်တွေ လောင်းချလိုက်လို့ ပြန်ကျလာတဲ့ ရေတွေကို ပိုက်တွေနဲ့ သွယ်တန်းပြီး ဘေးမှာကန်တူးပြီး အနည်ထိုင်ထားတာဖြစ်ပါတယ်။

အဲဒီကန်ထဲကိုလည်း ဓာတုပစ္စည်းတွေထပ်ထည့်သွင်းတော့မှ မြေရှားပုံဆောင်ခဲ စဖြစ်လာတာဖြစ်ပြီး ထင်းနဲ့မီးထပ်ဖုတ်ရသေးတာကြောင့် သစ်တောပြုန်းတီးမှုများတယ်လို့လည်း သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ထောက်ပြကြပါတယ်။

“ပန်ဝါမှာ တရုတ်မြေရှားတူးတဲ့နည်းက တောင်တွေကို အဆိပ်ခတ်တာ” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူ က ဘီဘီစီ ကို မှတ်ချက်ပေးပါတယ်။

ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုထုတ်လုပ်မှု တန် ၃၅၀၀၀ အတွက် နှစ်စဉ် ၅၀ ကီလိုဂရမ် မြေဩဇာအိတ် ၁၇.၅ သန်း တရုတ်ဘက်ကနေသွင်းရတယ်လို့ အာဏာသိမ်းပြီးနောက် အမည်ဖော်ပြလို့မရတော့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဘီဘီစီ ကို ပြောပါတယ်။

ဒါဟာ မြန်မာနိုင်ငံစိုက်ပျိုးဧရိယာစုစုပေါင်းရဲ့ တဝက်ကျော် စိုက်ပျိုးရေးမှာသုံးလို့ရတဲ့ မြေသြဇာ ပမာဏဖြစ်တယ်လို့လည်း သူတို့ရဲ့ မြေရှားသုတေသန ရလဒ်တွေအပေါ်အခြေခံပြီး သုံးသပ်ပြပါတယ်။

တဖက်မှာလည်း မြေရှားတူးဖော်ရေးကန်တွေက ထွက်တဲ့ရေတွေကို ဒီအတိုင်းစွန့်ပစ်လိုက်လို့ မြစ်ရေညစ်ညမ်းတာတွေ နောက်ဆက်တွဲဆက်ဖြစ်တယ်လို့လည်း သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ထောက်ပြကြပါတယ်။

"ရေတွေကကျတော့ ဒီအတိုင်းပဲ မြစ်ထဲကိုသွန်ချလိုက်တာလေ။ အဲဒီရေတွေကို ပြန်သန့်စင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ တခြားနိုင်ငံမှာတော့ သတ္တုတွင်းတွေလုပ်တဲ့နေရာကို သီးသန့်မြို့သတ်မှတ်ပြီး ရေဆိုးတွေကို သီးသန့်ဆည်တစ်ခုဆောက်ပြီး ထားကြတာလို့" သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

"အဲဒီလို ကုန်ကျစရိတ်များတာနဲ့ နည်းပညာရှုပ်ထွေးတာ ဘယ်လိုသွားလုပ်နိုင်မှာလဲ။ လုပ်မယ်ဆိုလည်း စပြီးမြေရှားလုပ်ကတည်းက စနစ်တကျစလုပ်ထားရမှာ။ ပွင့်ပွင့်လင်းလင်းပြောရရင် မလုပ်နိုင်ဘူးပေါ့" လို့လည်း ဦးဝင်းမျိုးသူ က ပြောပါတယ်။

၂၀၂၄ ဇွန်လ အတွင်းကလည်း ပန်ဝါဒေသက မြေရှားသတ္တုတွင်းတစ်ခုမှာ မြေပြိုကျလို့ လူဆယ်နဲ့ချီ ပျောက်ဆုံးခဲ့ပါတယ်။

ကေအိုင်အေ မြေရှားလုပ်ရင် နည်းပညာပေးမယ်လို့ တရုတ်ကမ်းလှမ်း

KIA ထိန်းချုပ်ရာဒေသမှာလည်း အရင်ကတည်းက မြေရှားသတ္တုတူးဖော်တာတွေ ရှိခဲ့ပြီး နေရာတွေ ပိုတိုးလာတယ်လို့ Global Witness အဖွဲ့ က ဆိုပါတယ်။

ကချင်လွတ်လပ်ရေးကောင်စီ (KIC) ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ကတော့ KIA ထိန်းချုပ်နေရာတွေမှာ မြေရှားတူးဖော်တာ အနည်းငယ်သာရှိပြီး တိကျပြီးစနစ်ကျတဲ့ မူဝါဒချမှတ်နိုင်ဖို့ အဖွဲ့ဖွဲ့ပြီး ကြိုးပမ်းနေတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

" အရင်ကတည်းက ဒါကို ကျွန်တော်တို့ စနစ်တကျမလုပ်နိုင်ခဲ့ဘူး။ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေက ကြိုတင်သဘောတူညီမှုရပြီး ကျွန်တော်တို့ဆီ ခွင့်တောင်းတာရှိသလို ကျွန်တော်တို့လည်း လိုအပ်ချက်အရ တချို့ နေရာတွေကို စီမံကိန်းအနေနဲ့ လုပ်တာရှိတယ်။ အဓိက ကတော့ တူးဖော်ရေးစနစ်မှာ သေချာမလုပ်တတ်တဲ့ နည်းပညာပြဿနာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

အထူးသဖြင့် ရံပုံငွေရရှိရေး အရေးပေါ် အလောတကြီးလုပ်တဲ့နေရာမှာ စနစ်မကျတာတွေရှိတယ် လို့ လည်း KIO/KIA ရဲ့ မြေရှားသတ္တုတူးဖော်ရေး မူဝါဒနဲ့ ပတ်သက်ပြီး သူက ပြောပြပါတယ်။

တဖက်မှာလည်း KIA ရဲ့ မြေရှားသတ္တုလုပ်ငန်းတွေမှာ မြေရှားသတ္တုတူးဖော်တဲ့ နည်းပညာ မျှဝေပေးမယ်ဆိုပြီး တရုတ်အစိုးရက KIA ကိုကမ်းလှမ်းခဲ့တာမျိုးလည်းရှိခဲ့ပါတယ်။

''တရုတ်အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် အစည်းအ‌ဝေးခေါ်ပြီး စနစ်မကျတာတွေကို အကူအညီပေးနိုင်တယ်လို့ ကမ်းလှမ်းတာရှိပါတယ်။ ဆက်ပြီးဆွေးနွေးနိုင်တဲ့ အဆင့်ကိုမရောက်သေးဘူး" လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် က ပြောပါတယ်။

တဆက်တည်းမှာပဲ မြေရှားကြောင့် ပန်ဝါဒေသမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုပိုများနေပြီး KIA ထိန်းချုပ်နေရာမှာတော့ သိပ်မဆိုးသေးတာကြောင့် စနစ်တကျ လုပ်ကိုင်ဖို့တရုတ် အစိုးရက အကြံပေးတာတွေရှိခဲ့တယ်လို့ KIA တာဝန်ရှိသူတွေက ပြောပါတယ်။

KIA ထိန်းချုပ်နေရာတွေထဲက မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေအပေါ် ဒေသခံတွေက ကန့်ကွက်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

KIO/KIA ဘက်ကတော့ သူတို့ထိန်းချုပ်နေရာမှာ မြေရှားလုပ်ကွက်အနည်းငယ်သာရှိပြီး ဒေသခံတွေကန့်ကွက်တဲ့ မြေရှားလုပ်ကွက်တွေဆိုရင် ရပ်နားထားတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

၂၀၂၂ ခုနစ်က မံစီနဲ့ မိုးမောက်မြို့နယ်တွေထဲ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို ဒေသခံထောင်နဲ့ချီက ကန့်ကွက်လို့ စီမံကိန်းရပ်နားလိုက်ရပါတယ်။

မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေဟာစနစ်မကျပေမဲ့ သက်တမ်းမကုန်သေးတဲ့အတွက် ပြောရခက်တဲ့ အခြေအနေမျိုးလည်း ကြုံရပါတယ်။

KIO/KIA ထိန်းချုပ်နေရာနဲ့ ပန်ဝါဒေသမှာရှိတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အားလုံးနီးပါးဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း တရုတ်လုပ်ငန်းရှင်တွေနဲ့ တရုတ်အစိုးရရဲ့ မြေရှားမူဝါဒဟာ လက်တွေ့မှာ ကွဲပြားမှုတွေရှိနေပါတယ်။

"သူတို့ဆီမှာလည်း တရုတ်အစိုးရကခွင့်ပြုတာမဟုတ်ဘဲ လုပ်ငန်းရှင်တွေက ဒေသခံတွေနဲ့ တဖက်အဖွဲ့အစည်းတွေ ဥပမာ NDAK၊ ကျွန်တော်တို့ KIO တို့နဲ့ညှိနှိုင်းပြီးလုပ်တဲ့အခါကျတော့ တရုတ်အစိုးရဆီမှာ တရားဝင်သလားဆိုတော့ တရားတော့မဝင်ဘူး။ ဒါပေမဲ့ သူတို့လုပ်ငန်းရှင်တွေက လုပ်နေတဲ့အခါကျတော့ တရုတ်အစိုးက နည်းလမ်းရှာပေးတဲ့သဘောဖြစ်တယ်" လို့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် က ပြောပြပါတယ်။

မြန်မာနဲ့ ကမ္ဘာ့မြေရှားစျေးကွက်

ကမ္ဘာကိုမြေရှားသတ္တုတင်ပို့တဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံက နံပါတ် ၁ ဖြစ်ပြီး စျေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကိုထိန်းချုပ်ထားတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန(USGS) က ထုတ်ပြန်ပါတယ်။

မြန်မာကတော့ ကမ္ဘာမှာ နံပါတ် ၄ ချိတ်ပါတယ်။

တစ်ဖက်မှာလည်း ကမ္ဘာ့မြေရှားသတ္တုစျေးကွက်ကို ထိန်းချုပ်ထားတဲ့ တရုတ်နိုင်ငံကလာတဲ့ မြေရှားသတ္တုအများစုဟာ မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းတဲ့ မြေရှားတွေဖြစ်တယ်လို့ ထောက်ပြကြတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေလည်း ရှိပါတယ်။

မြေရှားသတ္တု Rare Earth အနေနဲ့ သတ်မှတ်ထားတဲ့ ဒြပ်စင်အုပ်စု ၁၇ မျိုး ရှိပါတယ်။

မြန်မာကလာတဲ့ မြေရှားသတ္တုတွေကို လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ လေအား လျှပ်စစ်ထုတ်လုပ်ရေး တာဘိုင်စက်တွေမှာသုံးတဲ့ တာရှည်ခံသံလိုက်တွေမှာ အဓိကအသုံးပြုနေတာဖြစ်ပါတယ်။

ဒါအပြင် အဆင့်မြင့် ကာကွယ်ရေးပစ္စည်းတွေထုတ်လုပ်တဲ့နေရာတွေမှာပါ အသုံးပြုလို့ရတဲ့ "Dysprosium" နဲ့ "Terbium" မြေရှားသတ္တုနှစ်မျိုးလုံးကို ကချင်ကနေ တရုတ်ဘက်ကို တင်ပို့တာလို့ ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာနေထိုင်တဲ့ မြေရှားသတ္တုသုတေသနလုပ်သူ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာတင် ကချင်ပြည်နယ်ထဲကနေ တရုတ်နိုင်ငံကို မြေရှားသတ္တုတန်ချိန် ၄၁၇၀၀ အထိ တရားမဝင်တင်ပို့ခဲ့ပြီး ဒါဟာ တရုတ်ကို မြေရှားသတ္တုစပို့တဲ့ ၇ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့တာလို့ Global Witness အဖွဲ့က ပြောပါတယ်။

ပန်ဝါဒေသမှာရှိတဲ့ မြေရှားတူးဖော်ရေးလုပ်ကွက်တွေ ပြီးခဲ့တဲ့နှစ်က ၄၀ ရာခိုင်နှုန်းကျော်တိုးလာတယ်လို့လည်း ကမ္ဘာ့မြေရှားသတ္တုစျေးကွက်အရွေ့ကို လေ့လာစောင့်ကြည့်နေတဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ပြောပါတယ်။

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွေထဲကို ကိုယ်တိုင်ရောက်ခဲ့ဖူးတဲ့ ပန်ဝါဒေသခံတစ်ဦးကတော့ “အားလုံးက တရုတ်လုပ်ငန်းရှင်တွေပဲ။ နယ်စပ်ဂိတ်ကနေ ဆိုင်ကယ်မောင်းလို့ ၁၅မိနစ် အကြာလောက်ကနေစပြီး တောင်ကြောတွေပေါ်မှာလုပ်ကြတာ။ တရုတ်တွေက တောင်တွေကို အမှတ် (၁)၊အမှတ်(၂)ဆိုပြီး နာမည်တွေပေးထားကြတာ" လို့ ဘီဘီစီ ကိုပြောပါတယ်။

ချင်းမိုင်-မြေရှား ဆွေးနွေးပွဲ

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ တရားဝင်မှတ်ပုံတင်ထားပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုက “ကချင်ပြည်နယ်ဂေဟကပ်ဆိုက်မှု- မြေရှားသတ္တု၊ ကမ္ဘာ့သန့်ရှင်းစွမ်းအင်အရွေ့ နှင့် တရုတ်နိုင်ငံ” ဆိုတဲ့ခေါင်းစဥ်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ၂၀၂၃ နှစ်ကုန်ပိုင်းက ဆွေးနွေးပွဲလုပ်ခဲ့ကြပါတယ်။

ချင်းမိုင်-မြေရှား ဆွေးနွေးပွဲကို ကချင်အထူးဒေသ(၁) ပန်ဝါဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မြေရှားသတ္တုတွင်းတွေမှာလုပ်ခဲ့ကြသူတွေ၊ မြန်မာနဲ့ နိုင်ငံတကာက သတ္တုတူးဖော်ရေးကျွမ်းကျင်ပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ဒါအပြင် KIA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိသူတွေကိုပါ ချင်းမိုင်ကိုဖိတ်ပြီး ကချင်မြေကထွက်တဲ့ မြေရှားသတ္တုစျေးကွက်ရဲ့ နောက်ကွယ်ကကြိုးကိုင်ခြယ်လှယ်နေကြသူတွေကို ဖော်ထုတ် သုတေသန လုပ်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအားလုံးဟာ မြန်မာကုမ္ပဏီအမည်ခံပြီး တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေက တရားမဝင်လာရောက်ရင်းနှီးမြှုပ်နှံကြတာလို့ ချင်းမိုင်မြေရှား ဖိုရမ်တက်ရောက်လာကြသူတွေက ပြောကြပါတယ်။

တရုတ်လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုအားနည်းနေတာကို အခွင့်ကောင်းယူပြီး လက်နက်ကိုင်တပ်တွေထိန်းချုပ်ထားတဲ့ နေရာတွေမှာ တရုတ်လူမျိုးမြေရှားသတ္တုပညာရှင်တွေနဲ့ ၊ အလုပ်သမားကိုခေါ်ယူပြီး တရားမဝင် မြေရှားသတ္တုတူးဖော်နေတယ်လို့ ချင်းမိုင်-မြေရှား ဆွေးနွေးပွဲတက်လာကြတဲ့ ပန်ဝါဒေသခံတွေက ပြောပါတယ်။

မြန်မာ့ မြေရှားစျေးကွက်ကို ဘယ်သူချုပ်ကိုင်ထားလဲ

တရုတ်လုပ်ငန်းရှင်တွေဟာ ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်ဒီမိုကရေစီ တပ်မတော်သစ်(NDA-K) ဌာနချုပ်ရှိတဲ့ ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတာဖြစ်ပါတယ်။

တရုတ်မြေရှားလုပ်ငန်းရှင်တွေကို ဦးဇခုန်တိန့်ယိန်းနဲ့ သူရဲ့သားသမီးတွေအပြင် စီးပွားရေးအရဆက်နွှယ် ပတ်သက်နေသူတွေက မြန်မာနာမည်ခံကုမ္ပဏီတွေထောင်ပေးပြီး သူထိန်းချုပ်ထားတဲ့ နေရာတွေမှာ မြေရှားတူးခွင့်ပြုခဲ့တာလို့ ပန်ဝါဒေသခံတွေက ပြောကြပါတယ်။

ဦးဇခုန်တိန့်ယိန်းဟာ မြေရှားသတ္တုနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ ဒေါ်တိန်းရင်၊ NDA-K ဒုဥက္ကဋ္ဌ ဦးဝါလောနဲ့ ဦးလီဝေဘရမ်လမ် တို့ ၃ ဦးကို အဓိက တာဝန်ပေးထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အရေးကြီးတဲ့ စီးပွားရေးပြောဆိုဆက်သွယ်တာတွေကို သူ့သားတွေဖြစ်တဲ့ ဦးဇခုန်ယိန်းချန်၊ ဦးဇခုန်ယိန်းတိန့်၊ ဦးဇခုန်ယိန်းဆောင်နဲ့ ဦးဇခုန်ယိန်းမော် တို့ (၄) ဦးကိုသာ ခိုင်းစေလေ့ရှိတယ်လို့ မြစ်ကြီးနားမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဘီဘီစီ ကမေးမြန်းခဲ့တဲ့ ပန်ဝါဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ တရုတ်နိုင်ငံဘက်ကို မြေရှားသတ္တုတွေ တရားမဝင်တင်ပို့နေတဲ့ ကုမ္ပဏီတွေထဲမှာ ပန်ဝါမြို့မှာ အခြေစိုက်တဲ့ “မြန်မာမျိုးကိုကို” ကုမ္ပဏီက အကြီးဆုံး ဖြစ်တယ်လို့ပြောပါတယ်။

“မြန်မာမျိုးကိုကို” ကုမ္ပဏီဟာ “Bawm Myan”, “Chang Yin Khu”, “San Lin Int”, “Sin Kying Group of Company”၊ “Jinghpaw Maye” စတဲ့ ကုမ္ပဏီ ၅ ခုထက်မနည်းနဲ့ ချိတ်ဆက်ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို မြေရှားသတ္တုတူးဖော်ခွင့်ပြုတာနဲ့ တင်ပို့ရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့ ချင်းမိုင် မြေရှားဆွေးနွေးပွဲကို လာတက်တဲ့ ပန်ဝါဒေသခံတွေ က ပြောပါတယ်။

မြန်မာမျိုးကိုကို ကုမ္ပဏီကို ဦးဇခုန်တိန့်ယိန်းနဲ့ သူရဲ့သားတွေက ပိုင်ဆိုင်ပြီး Myanmar Myo Ko Ko Medical Instrument Co Ltd. အပါအဝင် လိုင်စင်ကျထားတဲ့ လုပ်ငန်း ၁၁ ခုလောက် ရှိတယ်လို့ “လက်နက်၊ပါဝါ၊ငွေ” ခေါင်းစဥ်နဲ့ Frontier Myanmar မီဒီယာ က ရေးသားခဲ့ပါတယ်။

ဒါအပြင် “San Lin Int” ကုမ္ပဏီကိုလည်း ဦးဇခုန်တိန့်ယိန်းရဲ့သားနှစ်ဖြစ်တဲ့ ဦးဇခုန်ယိန်းတိန့်နဲ့ ဦးဇခုန်ယိန်းဆောင်တို့က ပိုင်ဆိုင်ပါတယ်။

အလားတူ Bawm Myang နဲ့ Sin Kyaing ကုမ္ပဏီတွေကိုလည်း ဦးဇခုန်တိန့်ယိန်းရဲ့သားနှစ်ဦးကပဲ ပိုင်ဆိုင်တာဖြစ်တယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ “မြန်မာမျိုးကိုကို" နဲ့ “San Lin Int”ကုမ္ပဏီနှစ်ခုကို တရားမဝင် မြေရှားတူးဖော်ရေးလုပ်ငန်းတွေ နေရာနားမှာရှိတဲ့ ၁၁၄ ဧကအကျယ်သတ္တုတူးဖော်ရေးလုပ်ကွက် ၅ ခုကို ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတဝန်ကြီး H လအောင် က ချပေးခဲ့တယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်အခြေစိုက် လွတ်လပ်တဲ့အာရှအသံ(RFA) သတင်းဌာနက အဲဒီအချိန်တုန်းက ရေးခဲ့ပါတယ်။

NLD အစိုးရလက်ထက်က သယံဇာတဝန်ကြီး Hလအောင်ဟာ အခုလက်ရှိ စစ်ကောင်စီ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ ညီအကိုတော်စပ်သူလည်း ဖြစ်ပါတယ်။

ကချင်အထူးဒေသ(၁) ချီဖွေမြို့နယ်ထဲက ပန်ဝါနဲ့ ဖီမော်ဒေသတွေကထွက်တဲ့ မြေရှားသတ္တုတွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်က တရားဝင်နဲ့တရားမဝင် ဂိတ်နှစ်မျိုးလုံးကိုသုံးပြီး ထိန်ချုံးမြို့နဲ့ ဝူရုံးမြို့တွေကို ပို့ဆောင်ကြတာ ဖြစ်ပါတယ်။

အဲဒီကနေမှတင်ဆင့် တရုတ်နိုင်ငံ စီချွမ် (Sichuan)၊ ကွမ်စီ(Guangxi)၊ ကန်တုံ (Guangdong) ပြည်နယ်တွေမှာရှိတဲ့ မြေရှားသတ္တု သန့်စင်စက်ရုံကို ရောက်သွားတာလို့ ချင်းမိုင်-မြေရှား ဆွေးနွေးပွဲလာတက်တဲ့ ပန်ဝါဒေသခံတွေက ပြောပါတယ်။

တရုတ်မြောက်ပိုင်းမြေရှားအဖွဲ့ နဲ့ တရုတ်မြေရှားအဖွဲ့(REGCC) တို့ဟာ မြန်မာနိုင်ငံက မြေရှားသတ္တုတွေတင်သွင်းနေတယ်လို့လည်း သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness အဖွဲ့ရဲ့ ၂၀၂၄ မေလ ထုတ်ပြန်ထားပါတယ်။

သဘာ၀သယံဇာတ အရင်းအမြစ် တူးဖော်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး နိုင်ငံတကာအဖွဲ့ (EITI) ရဲ့ ၂၀၁၆-၁၇ ထုတ်ပြန်ချက်ထဲမှာတော့ ကချင်ပြည်နယ် ထဲမှာ လိုင်စင်ရထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း ၁၄၈ ခုရှိနေပြီး တဝက်ကျော်ဟာ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ချီဖွေနဲ့ ဆော့လော် မြို့နယ်တွေထဲမှာဖြစ်တယ်လို့ ပြောထားပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားတာမရှိဘဲ သတ္တုရှာဖွေရေးတွေလုပ်နေတဲ့ ကုမ္ပဏီတွေ ချီဖွေနဲ့ပန်ဝါမှာ ဆယ်နဲ့ချီ ရှိတယ်လို့ ထောက်ပြကြသူတွေလည်း ရှိပါတယ်။

ကျောက်စိမ်းနဲ့ မြေရှားသူဌေးကြီး ဦးဇခုန်တိန့်ယိန်း

တရုတ်ကို မြေရှားပို့တာနဲ့ တူးဖော်ခွင့်ပေးတာတွေကနေ ဦးဇခုန်တိန့်ယိန်း ဟာ နှစ်စဥ် အမေရိကန်ဒေါ်လာသန်းဆယ်ချီရတယ်လို့ ချင်းမိုင် မြေရှား ဆွေးနွေးပွဲတက်ရောက်လာကြတဲ့ ပန်ဝါဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြပါတယ်။

မြေရှားကနေရတဲ့ ဝင်ငွေတွေနဲ့ ပြည်သူ့စစ်တပ်နဲ့နယ်ခြားစောင့်တပ်တွေကို ထောက်ပံ့တာတွေအပြင် သူထိန်းချုပ်ထားတဲ့မြို့တွေရဲ့ ဖွံ့ဖြိုးရေးတွေပါလုပ်တယ်လို့လည်း ပြောကြပါတယ်။

“အရင်က ကျောက်စိမ်းအကြီးအကျယ်လုပ်တယ်။ ၂၀၁၆ ကနေစပြီး မြေရှားစျေးကွက်အရမ်းကောင်း လာတော့ သူအလုပ်ပိုဖြစ်သွားတယ်” လို့ မြစ်ကြီးနားမြို့ခံ မြေရှားသုတေသန လုပ်နေသူတစ်ဦး က ပြောပါတယ်။

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်မှာရှိတဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ နေအိမ်နားမှာ နေထိုင်သူတစ်ဦးကတော့ ဦးဇခုန်တိန့်ယိန်းဟာ သား ၄ ဦးထဲမှာ သားအလတ်ဖြစ်တဲ့ ဦးဇခုန်ယိန်းဆောင် ကို အားအကိုးဆုံးပဲ လို့ ပြောပါတယ်။

"နိုင်ငံရေး၊စီးပွားရေးနှစ်ခုလုံးကို ဦးဆောင်ခိုင်းထားတယ်" လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ ဦးဇခုန်တိန့်ယိန်းက အမျိုးသား လွှတ်တော် တသီးပုဂ္ဂလကိုယ်စားလှယ်၊ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင်ကတော့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) ချီဖွေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂) ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ၂ ဦးစလုံး ၂ ကြိမ်ဆက်တိုက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အရောက်မှာတော့ ဒီမိုကရေစီပါတီသစ် (ကချင်) အမည်နဲ့ နိုင်ငံရေးပါတီ ထူးထောင်ခဲ့ပြီး ဦးဇခုန်တိန့်ယိန်းက နာယက၊ ဦးဇခုန်ယိန်းဆောင် က ဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီတွေတကျော့ပြန် မှတ်ပုံတင်ချိန်မှာလည်း ဒီမိုကရေစီပါတီသစ် (ကချင်)ပါတီကို မှတ်ပုံပြန်တင်ခဲ့ပါတယ်။

တချိန်က ဦးဇခုန်တိန့်ယိမ်းဟာ KIA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး KIA ကနေခွဲထွက်ပြီး NDA-K တပ်ဖွဲ့ကို ထူထောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းတွေမှာတော့ အရင်မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးယူခဲ့သလို ပြည်သူ့စစ်တပ်တွေကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ဇွန်လက အထူးဒေသ(၁)ကို ဝင်လာတဲ့ KIA နဲ့ PDF တွေကို ခုခံချေမှုန်းဖို့ သူ့ရဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀ဝ၁၊ ၁၀ဝ၂ နဲ့ ၁၀ဝ၃ အပါအဝင် ပြည်သူ့စစ်တွေကိုပါ ဦးဇခုန်တိန့်ယိမ်း က စစ်မိန့်ပေးခဲ့ပြီးနောက် KIA နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

၃ လကြာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက် ဦးဇခုန်တိန့်ယိန်း ရဲ့ ပန်ဝါစစ်ဌာနချုပ်အပါအဝင် ကချင်အထူးဒေသ(၁) ထဲမှာရှိတဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ရပ်တွေအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီးချိန်မှာတော့ ဦးဇခုန်တိန့်ယိန်း ရဲ့ နှစ်ပေါင်း ၃၀ သြဇာအာဏာထူထောင်ခန်းဟာချုပ်ငြိမ်းလုနီးပါးဖြစ်သွားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးထားတဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ ပန်ဝါမြို့နေအိမ်ကိုပါ KIA က ချိတ်ပိတ်ခဲ့ပါတယ်။

စစ်ရေး၊ နိုင်ငံရေး၊ တရုတ်ဖိအားကြားက ကေအိုင်အေ အတွက် ပန်ဝါမြေရှားပုစ္ဆာသစ်

လက်ရှိအချိန်မှာတော့ ပန်ဝါဒေသမှာရှိတဲ့ တရုတ်နိုင်ငံသားမြေရှားစီးပွားရေးလုပ်ရှင်တွေဟာ ဒေါ်လာသန်းနဲ့ချီအမြတ်အစွန်း ရှိတဲ့မြေရှားသတ္တုလုပ်ငန်းနဲ့ပတ်သက်ပြီး ခွင့်ပြုချက်ရဖို့ ပိုင်ရှင်သစ်ဖြစ်လာတဲ့ KIA နဲ့ စကားပြောရတော့မှာဖြစ်ပါတယ်။

ပန်ဝါမြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စီမံကိန်းချထားတာမရှိသေးပေမဲ့ ကောင်းမွန်တဲ့ စနစ်တွေနဲ့ အများအကျိုးရှိအောင် လုပ်နိုင်မယ်ဆို ဆက်လုပ်သွားမှာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဘီဘီစီ ကို ပြောပါတယ်။

မြေရှားသတ္တုတူးဖော်ရေးကြောင့် ရေမသန့်တော့တာ၊ မြေအဆိပ်သင့်တဲ့ ပြဿနာ၊ သစ်တောပြုန်းတီးတဲ့ ပြဿနာ စတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေဆက်ရှိနေဦးမယ်လို့ သုံးသပ်ကြသူတွေလည်း ရှိပါတယ်။

"တစ်ခုမျှော်လင့်စရာရှိတာကတော့ ကေအိုင်အေ ရသွားတော့ လေ့လွင့်မှုတချို့ရှိနိုင်ပေမဲ့ လွတ်မြောက်ရေးတိုက်ပွဲမှာသုံးနေတော့ ဇခုန်တို့ထက်စာရင်တော့ ပိုပြီးစနစ်ကျမယ်လို့တော့ မျှော်လင့်လို့ရတယ်။ တနည်းအားဖြင့် ကေအိုင်အေရဲ့ တော်လှန်ရေးကို ငွေရေးကြေးရေး ပိုတောင့်တင်းသွားစေနိုင်တယ်လို့" သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူ က ဘီဘီစီ ကိုပြောပါတယ်။

တဖက်မှာလည်း KIA ဟာ ပန်ဝါဒေသအပါအဝင် ကချင်အထူးဒေသ (၁)ရဲ့ နေရာတော်တော်များများကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် တရုတ်က နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ပါတယ်။

မြေရှားသတ္တုတွင်းတွေမှာသုံးတဲ့ တရုတ်ဘက်ကလာတဲ့ ဓာတ်မြေသြဇာတင်ပို့မှုတင်မကဘဲ ဆေးဝါးနဲ့လူသုံးကုန်ပစ္စည်းတွေအပါအဝင် လောင်စာဆီတင်သွင်းတာကိုပါ တရုတ်ဘက်က ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

" စစ်ကောင်စီကို တရုတ်က ကာကွယ်လက်ခံထားပေမဲ့ စစ်ကောင်စီရဲ့ စစ်ရေးရှုံးနိမ့်မှုက ဒီထက်ပိုပြီး ကျယ်ပြန့်လာပြီဆိုရင် အဲဒီအခြေအနေတွေပြောင်းလဲသွားပါလိမ့်မယ်" လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင် က ဘီဘီစီ ကိုပြောပါတယ်။

တဖက်မှာလည်း နှစ်ဖက်လုံးနစ်နာနေတဲ့ကိစ္စကို ဖြေရှင်းဖို့ ဟိုင်ဂင်အစည်းအဝေးလို့ နောက်တစ်ကြိမ်ထပ်ပြီးတော့ တရုတ်ဘက်က ကြိုးစားလာနိုင်ပြီး ဒီတစ်ခါပိုပြီးတော့ ကျယ်ပြန့်များပြားတဲ့ အင်အားစုတွေပါဝင်လာနိုင်တယ်လို့ နိုင်ငံရေး စစ်ရေး အကဲခပ်တွေရဲ့ သုံးသပ်ချက်တွေရှိပါတယ်။

KIA ကတော့ နယ်စပ်ဂိတ်ပိတ်တဲ့ကိစ္စကို တရုတ်နဲ့ ဆွေနွေးဖို့ အခုအချိန်အထိ အခြေအနေမပေးသေးဘူးလို့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောပါတယ်။

"ကျွန်တော်တို့လည်း အခြေအနေကို သုံးသပ်နေတယ်။ သူတို့ဘက်ကလည်း ပိတ်တယ်ဆိုတာက တရားဝင်ကြေငြာပြီးပိတ်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ပိတ်လိုက်တယ်။ အဝင်အထွက်တွေလုပ်လို့မရဘူး။ သူတို့လမ်းတွေဘာတွေပြင်မယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တော့ ကျွန်တော်တို့က အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

တဖက်မှာလည်း တရုတ်အစိုးရရဲ့ ကိုယ်စားလှယ်တွေနဲ့ KIA တွေ့ဆုံချိန်မှာ တရုတ်နယ်စပ်တည်ငြိမ်ဖို့ နဲ့ မြောက်ပိုင်းမှာတိုက်ပွဲရပ်ဖို့ တရုတ်ကတောင်းဆိုသလို နယ်စပ်ဂိတ်တွေကို ပိတ်ပစ်တာဟာလည်း KIA အတွက် တရုတ်ရဲ့ ဖိအားလို့ ကချင်ခေါင်းဆောင်တွေက ရှုမြင်ပါတယ်။

ဒါပေမဲ့ KIA အနေနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲတွေ ဆက်တိုက်သွားမယ် လို့ တရုတ်ကို တုန့်ပြန်ခဲ့တယ်လို့လည်း KIO/KIA ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ဘီဘီစီ ကို ပြောပါတယ်။

"တရုတ်အစိုးရပြောတဲ့ တည်ငြိမ်ရေးကို ကျွန်တော်တို့က မူအရ လက်ခံနိုင်ပေမဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ရှောင်လွှဲလို့မရတဲ့ တိုက်ပွဲတွေတိုက်နေရတယ်” ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဘီဘီစီ ကို ပြောပါတယ်။