ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ

ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲအကြောင်းကိုပဲ လူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့ လူပြောနည်းပါတယ်။

ဒီထဲမှာ အလားအလာအရှိဆုံးကတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။

DSA-38 ဆင်းတွေထဲကနေ တပ်ချုပ်ဖြစ်လာဖို့ အခွင့်အရေးနည်းပေမဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နဲ့ အရာရှိချုပ်နေရာတွေကို လွှမ်းမိုးထားနိုင်လို့ဖြစ်ပါတယ်။

လက်ရှိမှာကိုပဲ အပတ်စဥ် ၃၈ ဆင်းတွေထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ငါးဦးအထိ ရှိနေပါတယ်။

ရွေးကောက်ပွဲနဲ့ တပ်အပြောင်းအရွှေ့အစဥ်အလာ

ရွေးကောက်ပွဲကာလနဲ့ တပ်ရာထူးအပြောင်းအရွှေ့တွေဟာ ဆက်စပ်နေပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းက အများဆုံးဖြစ်ပါတယ်။

အဲ့ဒီအချိန် ၂၀၁၀ တုန်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှာ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို နဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်တို့ကလွဲလို့ ကျန်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေအားလုံးနီးပါးကို ပြည်ခိုင်ဖြိုးပါတီက‌နေ ရွေးကောက်ပွဲဝင်ခိုင်းခဲ့တာပါ။

ဗိုလ်ချုပ်ကြီးတွေဟာ အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲကို ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီး သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌနေရာတွေကစလို့ ထိပ်တန်းနေရာတွေအားလုံးလိုလိုကို ချုပ်ကိုင်ခဲ့ကြပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကလည်း ညှိကွပ်ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီးတချို့ကို အနားပေးခဲ့ပါတယ်။

NLD အစိုးရ အာဏာရသွားတဲ့အတွက် ဗိုလ်ချုပ်ကြီးတွေဟာ အစိုးရအဖွဲ့ထဲမပါလာတော့ဘဲ လွှတ်တော်ထဲမှာပဲ အတိုက်အခံအမတ်တွေအဖြစ် အချိန်ကုန်ဆုံးခဲ့ကြပါတယ်။

၂၀၂၅ ရွေးကောက်ပွဲမှာလည်း ဗိုလ်ချုပ်ကြီးတွေ ရွေးကောက်ပွဲဝင်ကြပြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲကို ရောက်လာကြဖို့ရှိပါတယ်။

ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတလုပ်မယ်လို့ ရေပန်းစားနေပြီး ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းလည်း အစိုးရအဖွဲ့ဘက်ပါလာရင် လစ်လပ်သွားမယ့် တပ်ထိပ်တန်းရာထူးတွေ ပေါ်လာမှာဖြစ်ပါတယ်။

သာတီအိတ် အာမီ (38th Army)

ရွေးကောက်ပွဲအလွန်မှာ အလားအလာအရှိဆုံးကတော့ ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦးအထိရှိနေတဲ့

38th Army ဖြစ်ပါတယ်။

စစ်တက္ကသိုလ်အပတ်စဥ် တစ်ခုတည်းကနေ ရာထူးကြီးရသူတွေများတတ်တဲ့ အပတ်စဥ်တွေကို 22nd Army၊ 32nd Army၊ 38th Army စသဖြင့် တင်စားခေါ်ဝေါ်ကြပါတယ်။

ဥပမာ စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်းတွေဆိုရင် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အငြိမ်းစားယူသွားကြပြီဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ စွမ်းအင်ဝန်ကြီးဟောင်း ဗိုလ်ချုပ်ဇေယျာအောင်တို့ဖြစ်ကြပါတယ်။

လက်ရှိ ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုန်းနဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ကလည်း အပတ်စဥ် ၂၂ ဆင်းတွေပါ။

DSA-38 ဆင်းတွေအကြောင်းပြန်ဆက်ရရင် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းကို တပ်မှာအရေးကြီးတဲ့နေရာတစ်ခုဖြစ်တဲ့ စစ်ရေးချုပ်ရာထူးကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ခန့်လိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က သစ်တောဝန်ကြီးဖြစ်ခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရရဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဦးသိန်းအောင်ရဲ့ သား ဖြစ်ပါတယ်။

သူဟာ စစ်ထောက်ချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာတွေကို တာဝန်ယူခဲ့ရပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်ပါတယ်။

အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကလည်း အပတ်စဥ် ၃၈ ဆင်း ဖြစ်ပါတယ်။

စစ်ဆင်ရေးအထူးအဖွဲ့နယ်မြေတွေထဲမှာ ကစထ ၅ က အရေးအကြီးဆုံးဖြစ်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်အပြင် မန္တလေးနဲ့ တောင်ငူအခြေစိုက် စစ်တိုင်းနှစ်ခုကိုပါ တွဲကိုင်ထားရတာပါ။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးဟာ ဟိုင်ဂင်ဆွေးနွေးပွဲတွေကတဆင့် တရုတ်နဲ့ထိတွေ့နေသလို

အိန္ဒိယတပ်မတော်ခေါင်းဆောင်တွေဆီကိုလည်း ချစ်ကြည်ရေးခရီးသွားရောက်ထားသူဖြစ်ပါတယ်။

ဒါ့အပြင် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်ကလည်း

အပတ်စဥ် ၃၈ ဆင်း ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ အညာရဲ့စစ်ရေးခွင်ဖြစ်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကနေ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဖြစ်လာသူ ဖြစ်ပါတယ်။

"သူတို့ သုံးယောက်ထဲမှာ ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းက ဦးမင်းအောင်လှိုင်နဲ့ အရင်းနှီးဆုံးပဲ" လို့ အပတ်စဥ် ၃၈ နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်ယူတုန်းက ကိုယ်ရေးအရာရှိလုပ်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်က ဒုချုပ်ရာထူးနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ရာထူးတွေအတွက် အလားအလာရှိသူတွေအဖြစ် စစ်ရုံးမှာ ထင်ကြေးပေးခံထားရပါတယ်။

နောက်ထပ်အရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့ စစ်ရာထူးခန့်ချုပ် ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းကလည်း အပတ်စဥ် ၃၈ ဆင်း ဖြစ်ပါတယ်။

လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ကိုထိုက်ကလည်း အပတ်စဥ် ၃၈ ဆင်းဖြစ်ပါတယ်။

သာတီတူး အာမီ (32 Army)

အပတ်စဥ် ၃၂ ဆင်းတွေထဲမှာ မနှစ်ကအထိ ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦး ရှိနေပေမဲ့ ရွေးကောက်ပွဲကာလမှာတော့ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။

ကယားဝန်ကြီးချုပ် ဦးဇော်မျိုးတင်ကို စစ်ဘက်ကိုပြန်ခေါ်ပြီး စစ်ထောက်ချုပ်ရာထူးပေးခဲ့သလို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ကိုပါ ပူးတွဲကိုင်ခိုင်းထားပါတယ်။

ဝန်ကြီးချုပ်ဦးညိုစောနှစ်ရှည်ကိုင်ခဲ့တဲ့ MEC ကိုပါ ကိုင်ခိုင်းတဲ့အတွက် ဒုတိယဗိုလ်ချုပ်ကြီးဇော်မျိုးတင်ရဲ့ အခန်းကဏ္ဍကမသေးပါဘူး

ဒါပေမဲ့ အငြိမ်းစားပေးခံရတဲ့ အပတ်စဥ် ၃၂ ဆင်းတွေလည်းရှိနေပါတယ်။

စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နဲ့ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်တို့ကို တပ်ကအနားပေးပြီး သံအမတ်ကြီးတွေအဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။

ဦးမျိုးမိုးအောင်က ရုရှား နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဖြစ်လာပြီး ဦးဇော်ဝင်းမြင့်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်လာပါတယ်။

စစ်တက္ကသိုလ်အပတ်စဥ် ၃၂ ဆင်းထဲကဆိုရင် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နဲ့ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး တို့လည်း ကျန်နေပါသေးတယ်။

ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး က အမေရိကန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဖြစ်လာလိမ့်မယ် ရေပန်းစားနေပါတယ်။

အပတ်စဥ် ၃၅ ဆင်း ဖြစ်တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသာ လေ့လာသူ တော်တော်များများက ထင်ကြေးပေးနေကြတဲ့အတိုင်း တပ်ချုပ်ဖြစ်လာခဲ့ရင် အပတ်စဥ် ၃၂ ဆင်းတွေဟာ တပ်ချုပ်ထက် စီနီယာကျတဲ့ဗိုလ်ချုပ်ကြီးတွေဖြစ်လို့ အခုလိုအနားပေးနေတာ လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

စောင့်ကြည့်ရမယ့် နောက်ထပ်ဗိုလ်ချုပ်ကြီးတွေ

အလားအလာရှိသူတွေအကြောင်းပြောရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်ဘက်လက်ထောက် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေကိုလည်း ထည့်စဥ်းစားကြပါတယ်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်တာဝန်ကိုပါ ပူးတွဲယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲ့ အလားအလာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

"စစ်ဘက်လက်ထောက်က တပ်ထဲဘဲကျန်ခဲ့ကျန်ခဲ့ အစိုးရဘက်ပဲ ပါလာပါလာ နေရာကောင်းရဖို့ပဲများပါတယ်" လို့ နေပြည်တော်က စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကစထ-၄ မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အပတ်စဥ် ၃၆ ဆင်းဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဦးတို့ အပတ်စဥ် ၃၈ ထက် စီနီယာကျသူဖြစ်ပါတယ်။

ကစထ-၁ မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်က အပတ်စဥ် ၃၇ ဆင်းဖြစ်ပြီး ပြည်ထဲရေးဒုဝန်ကြီး၊ ဒုရဲချုပ်လုပ်ခဲ့ဖူးတဲ့အတွက် ပြည်ထဲရေးရာထူးကို မျှော်လင့်နိုင်ပါတယ်။

တစ်ဖက်မှာလည်း စစ်ဦးစီးအရာရှိချုပ်(လေ)၊ လေကြောင်းရန်အရာရှိချုပ်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နဲ့ မြန်မာ့စီးပွားရေးဦးပိုင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးတို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အငြိမ်းစားပေးခံလိုက်ရပါတယ်။

စစ်ဗိုလ်ချုပ်တွေဟာ ရွေးကောက်ပွဲအလွန်မှာ ရာထူးတက်လမ်းကိုမျှော်လင့်နေသလို အနားပေးခံရနိုင်ခြေရှိတာကိုလည်း တွေးထားကြတယ် လို့ စစ်ရုံးကသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။