ဗိုလ်ချုပ်ကြီးလေးဦး အနှစ် ၆၀ နီးပါး အာဏာသိမ်းထားတဲ့ မြန်မာပြည်

လွတ်လပ်ရေးရတာ ၇၇ နှစ်ရှိပြီတဲ့ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ အုပ်ချုပ်ရေးကာလက အနှစ် ၆၀ ဝန်းကျင်အထိ ရှိနေပါတယ်။

၁၉၆၂ မှာ ပထမဆုံးအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၊ ၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ သူ့ကိုဆက်ခံသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။

ဒီ ၄ ဦးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တခြားသူတွေနဲ့မတူဘဲ ဒုချုပ်ကနေ တပ်ချုပ်ကို အာဏာပြန်သိမ်းတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးစောမောင်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်တစ်ဦးဖြစ်ပေမဲ့ ကျန်တဲ့ စစ်ခေါင်းဆောင်သုံးဦးနဲ့ နှိုင်းယှဥ်ရင် သူ့ရဲ့အာဏာသိမ်းအုပ်ချုပ်ရေးကာလက တိုတောင်းလွန်းလှပါတယ်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီး သုံးဦးရဲ့ဓာတ်ပုံတွေကို တိုင်းစစ်ဌာနချုပ်တွေမှာ တပ်မတော်ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓာတ်ပုံနဲ့ ယှဥ်တွဲချိတ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

သူတို့အာဏာတည်ဆောက်ခဲ့ပုံနဲ့ လာမယ့်ရွေးကောက်ပွဲအလွန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လိုအာဏာဆက်လက်တည်ဆောက်သွားနိုင်လဲ ဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ရှည်ကြာတဲ့ အာဏာ

မြန်မာပြည်ရဲ့ ပထမဆုံးအာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်ပြီး အာဏာသက်လည်း ၂၆ နှစ်အထိ အရှည်ကြာဆုံးဖြစ်ပါတယ်။

ရဲဘော်သုံးကျိပ်ဝင်အမည်က သခင်ရှုမောင်ဖြစ်ပြီး လွပ်လပ်ရေးကြိုးပမ်းမှုနဲ့ မြန်မာ့တပ်မတော်တည်ဆောက်မှုအပိုင်းတွေကြောင့် တပ်တွင်းမှာ လေးစားချစ်ခင်မှုရသူ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးဘက်မှာတော့ အာဏာသိမ်းမှုကြောင့် နာမည်ဆိုးပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ မှာ အာဏာစသိမ်းတယ်လို့ လူသိများပေမဲ့ ၁၉၅၈ မှာကတည်းက အာဏာရပါတီတွင်း အကွဲအပြဲတွေကို အကြောင်းပြုပြီး အဲဒီအချိန်က ဝန်ကြီးချုပ်ဦးနုဆီက အာဏာကို သူ့ဆီ လွှဲပေးအောင် အကျပ်ကိုင်ခဲ့တယ်လို့ သမိုင်းကြောင်းသိမှီသူတွေက ပြောကြပါတယ်။

ဒါကြောင့် ၁၉၅၈ မှာ တပ်က အာဏာလွှဲယူတာကိုလည်း အာဏာသိမ်းတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်ကြတာတွေ ရှိပါတယ်။

၁၉၆၀ မှာ ရွေးကောက်ပွဲကျင်းပပေးပြီး အာဏာပြန်လွှဲပေးခဲ့ပေမဲ့ ၁၉၆၂ မှာ အာဏာထပ်သိမ်းပြီး အာဏာစက်က ၂၆ နှစ်တိုင် ကြာပါတယ်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးဟာအာဏာကို အချိန်အကြာကြီးယူထားနိုင်ဖို့အတွက် ရာထူးအမျိုးမျိုးကိုလည်း ရယူခဲ့ပါတယ်။

တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၊ သမ္မတနဲ့ ဝန်ကြီးချုပ် ရာထူးတွေ ထည်လဲ သုံးစွဲခဲ့တာ တွေ့ရပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းကို ရင်းနှီးတဲ့ တပ်တပည့်တွေက "အဖေကြီး"လို့ ခေါ်လေ့ရှိပြီး မားဖီးယားပုံစံ ဂိုဏ်းခေါင်းဆောင် အုပ်ချုပ်ရေးကို တပ်ထဲ ယူလာသူလို့ သမိုင်းပညာရှင်တချို့က ပြောပါတယ်။

သူ့တပ်ရင်း ၄ က တပည့်တွေကို တပ်သားကနေ တပ်ချုပ်၊ ဝန်ကြီး၊ သမ္မတ စတဲ့ ထိပ်တန်းရာထူးတွေ ရအောင် စောင်မခဲ့တဲ့အတွက် တပည့်တွေကလည်း သူ့သြဇာကို မလွန်ဆန်ရဲကြပါဘူး။

ဒါကြောင့် သူက ဥက္ကဋ္ဌကြီးရာထူးနဲ့ သူ့လက်အောက်မှာ သမ္မတ ၄ ယောက်နဲ့ တပ်ချုပ် ၄ ယောက်အထိ ခန့်အပ်ခဲ့ပြီး သူတို့ရဲ့အထက်မှာ နေခဲ့နိုင်တာဖြစ်ပါတယ်။

ငွေစက္ကူတွေရုပ်သိမ်းတာ၊ ပြည်သူပိုင်သိမ်းတာ နဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ဗုံးခွဲဖျက်ဆီးတာစတဲ့ မျက်မှောက်ခေတ်အထိ ပြည်သူတွေမမေ့နိုင်တဲ့ ဖြစ်ရပ်တွေ ဦးနေဝင်းလက်ထက်မှာ ဖြစ်ခဲ့ပါတယ်။

ဆယ်စုနှစ် ၂ ခုကျော်ကြာရှိခဲ့တဲ့ သူ့အာဏာဟာ လူထုရဲ့အထွေအထွေအကျပ်အတည်းနဲ့ နှစ်ရှည်မကျေနပ်မှုတွေကြောင့် ၁၉၈၈ ခုနှစ်မှာ ချုပ်ငြိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ် နိဂုံးချုပ်ပါတယ်။

ဗိုလ်သန်းရွှေရဲ့ ၁၉ နှစ်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်တပ်ရော တိုင်းပြည်ကိုပါ ၁၉ နှစ်ကြာတဲ့ အထိ အုပ်စိုးခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းပြီးရင် အာဏာသက်တမ်းအရှည်ဆုံးဖြစ်ပါတယ်။

ဗိုလ်ချုပ်သန်းရွှေဟာ သူ့ရဲ့စီနီယာ ၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ဒုချုပ်ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ အာဏာသိမ်းပြီး ဖွဲ့ခဲ့တဲ့ နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ) မှာ ဗိုလ်ချုပ်ကြီးစောမောင်က ဥက္ကဋ္ဌ ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေက အဖွဲ့ဝင်၊ ဗိုလ်မှူးချုပ်ခင်ညွန့်က အတွင်းရေးမှူး(၁) ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲအလွန်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ အခြေအနေမတည်မငြိမ် ဖြစ်လာပြီး ၁၉၉၂ မှာ ကျန်းမာရေးအကြောင်းပြ အနားပေးခံရပါတယ်။

ဗိုလ်ချုပ်ကြီးသန်းရွှေက နဝတ ဥက္ကဋ္ဌ ဖြစ်လာပြီး မထင်မှတ်ဘဲ ၁၉ နှစ်ကြာ အာဏာရယူခဲ့ပါတယ်။

သူ့လက်ထက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၈၈၈၈ အရေးတော်ပုံနဲ့အတူ ကျော်ကြားခဲ့တဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ အတိုက်အခံတွေကို ထောင်သွင်းအကျဥ်းချခဲ့ပါတယ်။

အဲဒီထက်ပိုပြောစမှတ်ဖြစ်တာက အင်မတန်တန်ခိုးထွားတဲ့ ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ တပ်မတော်ထောက်လှမ်းရေး တစ်ဖွဲ့လုံးကို ၂၀၀၄ ခုနှစ်မှာ ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဗိုလ်ချုပ်ကြီးနေဝင်းလိုတော့ ရာထူး၊ ခေါင်းစဥ်များများစားစား မယူပါဘူး။ တပ်ချုပ်ရာထူးကိုပဲ ခိုင်ခိုင်မာမာရယူထားခဲ့ပြီး အာဏာတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှုးကြီးစောမောင်ရဲ့ နဝတဥက္ကဋ္ဌ နေရာကို ဆက်ခံပြီး ၁၉၉၇ မှာပဲ နဝတ ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လို့ အမည်ပြောင်းခဲ့ပါတယ်။

၁၉၉၇ အပြောင်းအလဲကတော့ အမည်ပြောင်းရုံသက်သက် မဟုတ်ပါဘူး။

တပ်မှာ သြဇာရှိတဲ့ ခေတ်ပြိုင်စစ်ဗိုလ်ချုပ်တွေကို တပ်နဲ့ကင်းကွာအောင် နိုင်ငံရေးရာထူးတွေ ပေးတာ၊ ဖယ်ရှားတာတွေ လုပ်ခဲ့ပြီး သူနဲ့ အသက်အရွယ်ကွာတဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေကို နေရာပေးခဲ့ပါတယ်။

နောင်မှာ သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဒုသမ္မတဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ဝန်ကြီးချုပ် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ဟာ ၁၉၉၇ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပွဲထုတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဖြစ်ပါတယ်။

အဘကြီး တစ်ခေတ်

ဦးနေဝင်းအာဏာစွန့်ချိန်မှာ အသက် ၇၇ နှစ် အရွယ် ဦးနေဝင်းနဲ့ သူ့ အစိုးရအဖွဲ့ဝင်တွေကြား အသက်ကွာခြားမှုက ၁ဝ နှစ်က အနှစ် ၂ဝ ထိ ရှိခဲ့သလို ဦးသန်းရွှေအာဏာစွန့်ချိန်မှာလည်း သူ့ကိုဆက်ခံတဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အသက် ၂၀ ကျော် ကွာပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက အဖေကြီးတစ်ခေတ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အဘကြီး တစ်ခေတ်ဖြစ်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ သူတို့ကို အဘ လို့ခေါ်တာကို နှစ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နီးစပ်တဲ့အသိုင်းအဝိုင်းက အဘကြီးလို့ ခေါ်ကြပါတယ်။

တချို့ရင်းနှီးတဲ့ တပည့်တွေကလည်း ဗိုလ်ချုပ်မှူးကြီးလို့ ခေါ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနားယူသွားတာတောင် သူ့တပည့်တွေက ဗိုလ်ချုပ်မှူးကြီးလို့ သူ့ကို နာမ်စားဆက်သုံးပါတယ်။

ဗိုလ်ချုပ်မှူးကြီး ၃ ဦးရှိတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဆိုလိုတာလား၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆိုလိုတာလား၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဆိုလိုတာလားလို့ ပြန်မေးတဲ့အခါ "ငါတို့မှာ ဗိုလ်ချုပ်မှူးကြီးက တစ်ယောက်ပဲ ရှိတယ်" လို့ ဦးသန်းရွှေကို ရည်ညွှန်းတဲ့အကြောင်း သူ့တပည့်ရင်းတစ်ယောက်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ပရိယာယ်များတဲ့ နိုင်ငံရေးသမားနဲ့ပိုတူပေမဲ့ အင်ဂျင်နီယာတစ်ယောက်လိုလည်း လမ်းဖောက်၊ တံတားဆောက် အားသန်ပါတယ်။

သူ့လက်ထက်မှာ နေပြည်တော်ကိုတည်ပြီး မြို့တော်ရွှေ့ခဲ့တာက ပြောစမှတ်ဖြစ်ပါတယ်။

စီးပွားရေးကိစ္စတွေကိုတော့ သူ့ရဲ့ဒုတိယလူ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးကို လွှဲအပ်ခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံခေါ်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အချိန်ယူဆွဲပြီး တစ်ချိန်တည်းမှာပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကို တည်ထောင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးတဲ့အခါ အသင်းကို ပါတီပြောင်းပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးကနေဖယ်ထုတ်ထားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မဟာဗျူဟာက တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကပဲ နှစ်ပေါင်း ၅၀ (အထွေထွေရွေးကောက်ပွဲ ၁၀ ခု) အထိ အနိုင်ရရှိစေရေးဖြစ်ပါတယ်။

ဒီအကြောင်းကို ဦးသန်းရွှေအစိုးရရဲ့ ရေတပ်ဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း (သမ္မတရုံးဝန်ကြီးဟောင်း) က သူနိုင်ငံရေးရာထူးက အနားယူပြီးတဲ့နောက်မှာ မီဒီယာတွေကိုဖြေကြားပြီး ဒီအကြောင်းကိုသိတဲ့နိုင်ငံရေးအကဲခတ်တွေကလည်း ဦးသန်းရွှေ ဒီလိုပြောခဲ့တာမှန်ကန်ကြောင်း ဘီဘီစီကိုအတည်ပြုပါတယ်။

ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကြာင့် တပ်က အာဏာသိမ်းမှုဟာ ၁၉၈၈ ခုနှစ်မှာနောက်ဆုံးဖြစ်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံရေးသင်တန်းပို့ချချက်တွေမှာ ပြောခဲ့တဲ့အကြာင်း သင်တန်းမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မထင်မှတ်တဲ့အနားယူမှုကို အာဏာရှင်တစ်ဦးရဲ့ အောင်မြင်စွာဆုတ်ခွာမှုလို့တင်စားမှုတွေရှိခဲ့ပေမဲ့ သူ့ရဲ့မဟာဗျူဟာကနေ လွဲချော်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူနားပြီး မကြာခင်မှာပဲ တပည့်တွေကြား (သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း) အကွဲအပြဲဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ရှုံးခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို NLD က ထပ်အနိုင်ရအပြီးမှာတော့ မဲမသမာမှုအကြောင်းပြပြီး စစ်တပ်က အာဏာထပ်သိမ်းပါတယ်။

ဦးနေဝင်းကို အားကျသူ

၂၀၂၁ မှာ အာဏာသိမ်းတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ်ကို ဦးဆောင်တာ ၁၄ နှစ်အထိ ရှိနေပြီး တိုင်းပြည်ကိုအုပ်ချုပ်တာ ၄ နှစ်ကျော်လာခဲ့ပါပြီ။

အရင်နဲ့မတူတာက ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းမှုလို့ ဝန်မခံဘဲ အာဏာထိန်းမှုလို့ပဲ သုံးပါတယ်။

အရင်စစ်အာဏာသိမ်းမှုတွေလို ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖျက်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်သုံးပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဆက်ခံသူဖြစ်ပေမဲ့ ဦးနေဝင်းရဲ့အတွေးအခေါ်တွေ ပိုလွှမ်းမိုးတယ် လို့ နေပြည်တော်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

သူ့ရဲ့ အစည်းအဝေးမိန့်ခွန်းတွေနဲ့ မူဝါဒတွေမှာလည်း ဒီအချက်ကို တွေ့နိုင်ပြီး ဆိုရှယ်လစ်ခေတ်အကြောင်း ပြန်ပြောင်းပြောဆိုတာ၊ သွင်းကုန်တွေပိတ်ပြီး ပို့ကုန်တိုးမြှင့်ဖို့ ညွှန်ကြားတာနဲ့ သမဝါယမစနစ်ကိုပြန်အသက်သွင်းတာတွေကို တွေ့နိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်တွင်းအာဏာတည်ဆောက်မှုမှာ ဦးနေဝင်းနဲ့ ဦးသန်းရွှေလိုပဲ ခေတ်ပြိုင်တွေကိုအနားပေးပြီး အသက်ကွာတဲ့ ဗိုလ်ချုပ်တွေကို ဆွဲတင်တာချင်းလည်း တူကြပါတယ်။

သူ့ကိုဆက်ခံမယ့်သူလို့ နာမည်ထွက်နေတဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ ၁၆ နှစ်ကွာပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရင်အာဏာသိမ်းစစ်ခေါင်းဆောင်တွေလိုပဲ ကောင်စီဖွဲ့ပြီး ဥက္ကဋ္ဌလုပ်ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေကျန်းမာရေးအရ အနားယူပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတတာဝန်ကိုပါ ရယူပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဦးနေဝင်းနဲ့ ဦးသန်းရွှေလို မနားဘဲ ရွေးကောက်ပွဲအလွန်မှာ အာဏာဆက်ယူဦးမယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

စစ်ကော်မရှင်လား နိုင်ငံ့ဥသျှောင်လား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်ချင်တဲ့ဆန္ဒဟာ အားလုံးသိတဲ့ လျှို့ဝှက်ချက်ဖြစ်နေပြီး အထူးအဆန်းတောင်မဟုတ်တော့ပါဘူး။

ဒါပေမဲ့ သမ္မတလုပ်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စွန့်ခဲ့ရမှာက သူ့အတွက် ဝန်လေးစရာ ဖြစ်နေပါတယ်။

အရေးပေါ်ကာလမှာ ဒီရာထူးနှစ်ခုကို သူတစ်ယောက်တည်းက ပူးတွဲကိုင်ထားပေမဲ့ ရွေးကောက်ပွဲအလွန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေရဲ့ ကန့်သတ်ချက်အရ ဒီလိုဆက်လုပ်ဖို့ ခက်ပါလိမ့်မယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာ နိုင်ငံ့ဝန်ထမ်းမဖြစ်စေရဆိုတဲ့ သတ်မှတ်ချက်ကြောင့် ဖြစ်ပါတယ်။

ဒါကိုကျော်လွှားနိုင်ဖို့ သူ ကြံစည်စိတ်ကူးလာနိုင်တာက ရာထူးအသစ် တီထွင်ဖန်တီးပြီး စစ်ဘက်အရပ်ဘက် နှစ်ခုလုံးကို ထိန်းချုပ်ဖို့ဖြစ်နိုင်တယ်လို့ စစ်ဘက်အရပ်ဘက် ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

တရုတ်မှာဆို "ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ" ရာထူးလို ဖြစ်ပြီး မြန်မာမှာဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူပြီးတဲ့နောက် စိတ်ကူးခဲ့ဖူးတဲ့ "နိုင်ငံ့ဥသျှောင်" နေရာမျိုးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်မှာ စစ်ကောင်စီရဲ့ အခန်းကဏ္ဍပြီးဆုံးသွားပြီးတဲ့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ပေါ်လာတဲ့အခါ ဒီအယူအဆက ပိုအားကောင်းလာပါတယ်။

စစ်ခေါင်းဆောင်ဟာ စစ်သေနာပတိချုပ်ဆိုတဲ့ အမည်ကို သဘောကျတယ်လို့ စစ်ရုံးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးကပြောပြီး ဒီနာမည်ကို ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာ သုံးခဲ့ဖူးပါတယ်။

သမ္မတ အထက်ကနေရာတွေ

အာဏာသိမ်းဓလေ့ထုံလွှမ်းနေတဲ့ မြန်မာ့နိုင်ငံရေးစနစ်မှာ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ ဖမ်းဆီး၊ ဖြုတ်ချမှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်လည်း သမ္မတ၊ ဝန်ကြီးချုပ်စတဲ့ ရာထူးတွေကို ပူးတွဲရယူခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။

ဒါကြောင့် အရပ်သားအစိုးရရဲ့ အမြင့်ဆုံးရာထူးတွေက စိတ်မချရသလို တပ်ချုပ်တွေအနေနဲ့ အရပ်သားအစိုးရရဲ့ထိန်းချုပ်မှုအောက်ကို အပြည့်အဝရောက်ခဲ့တဲ့ ကာလတွေက အလွန်တိုတောင်းပါတယ်။

သမ္မတအထက်မှာနေခဲ့သူတွေထဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ထင်ရှားပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကတော့ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရတာဖြစ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ဖန်တီးတာဖြစ်တဲ့အတွက် အခြေအနေချင်းကတော့ ကွာခြားပါတယ်။

ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကလည်း အရပ်ဘက်စစ်ဘက်နှစ်ခုလုံးကို ထိန်းချုပ်ခဲ့ကြသူတွေဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ၂၀၂၁ မှာ အာဏာသိမ်းပြီး အရပ်ဘက်စစ်ဘက်နှစ်ခုလုံးကိုထိန်းချုပ်ထားပါတယ်။

ဒါပေမဲ့ လာမယ့် ရွေးကောက်ပွဲပြီးရင်တော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတ နဲ့ တပ်ချုပ် ရာထူး နှစ်ခုထဲက တစ်ခုကို ရွေးရတော့မှာဖြစ်ပါတယ်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တာက ရွေးကောက်ပွဲအလွန် ရာထူးသစ်အတွက် ဝတ်စုံပြည့်လေ့ကျင့်မှုလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

စစ်ကော်မရှင် ဖွဲ့စည်းပုံကို ဆန်းစစ်ခြင်း

ရွေးကောက်ပွဲကျင်းပရေးအပါအဝင် နိုင်ငံရေးကိစ္စတွေအတွက် စစ်ကော်မရှင်ကို လူ ၁၀ ဦး နဲ့ဖွဲ့စည်းထားပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌ ဖြစ်ပါတယ်။

ဒီကော်မရှင်မှာ စစ်ခေါင်းဆောင်က ယာယီသမ္မတ(တာဝန်)ရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကိုပါ ပူးတွဲရယူထားပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒုတိယဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးညိုစော(အငြိမ်းစားဗိုလ်ချုပ်ကြီး)က အဖွဲ့ဝင်အဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဝန်ကြီးချုပ် ဖြစ်တုန်းက နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးက အုပ်ချုပ်ရေးအဖွဲ့မှာအမြင့်ဆုံးဖြစ်ခဲ့ပေမဲ့ ဒီကော်မရှင်မှာတော့ ဒုတပ်ချုပ်ရဲ့ အောက်ကိုရောက်သွားပါတယ်။

ဒါ့အပြင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းလည်း ဒီကော်မရှင်မှာ ပါလာတာ သတိပြုစရာဖြစ်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲအလွန်မှာ စစ်ခေါင်းဆောင်က သမ္မတနေရာကိုယူ ကော်မရှင်တစ်ခု ဖွဲ့စည်းပြီး တပ်ချုပ်ကို ကော်မရှင်ထဲ ထည့်ပြီး သူ့ထိန်းချုပ်မှုအောက်မှာထားတာမျိုး ဖြစ်လာနိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက တပ်ချုပ်ရဲ့ အထက်မှာရှိနေပေမဲ့ တပ်မတော်ကသာ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ရှိနေပြန်ပါတယ်။

သမ္မတဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကတဆင့် တပ်ချုပ်နဲ့ ဆက်ဆံရေးလမ်းကြောင်းရှိနေပေမဲ့ သမ္မတအနေနဲ့ တပ်ချုပ်ရဲ့ တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု အခွင့်အာဏာအပေါ် လွှမ်းမိုးမှုမှာ အကန့်အသတ် များစွာရှိနေတာကို တပ်ချုပ်ရာထူးမှာ ၁၅ နှစ်အထိ နေလာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသိဆုံးဖြစ်ပါတယ်။

ကြံ့ခိုင်ရေးနဲ့ NLD အစိုးရနှစ်ဆက်လုံးမှာ တပ်ချုပ်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သမ္မတအာဏာနဲ့ တပ်ချုပ်ရဲ့လုပ်ပိုင်ခွင့် ဘယ်လိုခြားနားလဲဆိုတဲ့အချက်ကို ကောင်းကောင်း နားလည်ပါတယ်။

ဒါ့ကြောင့် စစ်ကော်မရှင်လို အဖွဲ့တစ်ခုဖွဲ့ပြီး တပ်ချုပ်ကို သူ့သြဇာအောက်မှာ ထိန်းထားဖို့ ကြိုးစားလာနိုင်တယ်ဆိုတဲ့ ယူဆချက်တွေက အားကောင်းနေတာဖြစ်ပါတယ်။။

ဒီပုံစံမျိုးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း စဥ်းစားခဲ့ဖူးပြီး " နိုင်ငံ့ဥသျှောင်ရုံး" လို့ တောင် အမည်မှည့်ခဲ့ပါတယ်။

ကုမုဒြာခန်းမ သို့မဟုတ် ရုံးအမှတ် ၃၇

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ၂၀၁၁ ခုနှစ် နိုင်ငံရေးအကူးအပြောင်းက အများမြင်သလောက် မရိုးရှင်းခဲ့ဘဲ ကန့်လန့်ကာနောက်ကွယ်မှာ ဇာတ်လမ်းတချို့ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးသိန်းစိန်က သမ္မတ၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက လွှတ်တော်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တပ်ချုပ် စသဖြင့် အာဏာခွဲဝေခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက "နိုင်ငံ့ဥသျှောင်ရုံး"ကနေတဆင့် အရပ်ဘက်ရောစစ်ဘက်ကိုပါ ထိန်းချုပ်ဖို့ စီစဥ်ခဲ့ပါတယ်။

ဒီကိစ္စမှန်ကန်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တပည့်တချို့က ဘီဘီစီကို အတည်ပြုပါတယ်။

နိုင်ငံ့ဥသျှောင်ရုံး ဖွဲ့စည်းနိုင်ဖို့အတွက်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားချက်ရှိနေပြီး ပုဒ်မ ၂၁၇ ဖြစ်ပါတယ်။

ပုဒ်မ ၂၁၇ မှာ ပြည်ထောင်စုလွှတ်တော်ကနေ အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်၊ ဒါမှမဟုတ် အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးကို တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ပေးအပ်နိုင်တဲ့အဓိပ္ပာယ်မျိုး ပြဋ္ဌာန်းထားပါတယ်။

ဝန်ကြီးဌာန ၃၆ ခုကို ရုံးအမှတ် ၃၆ ခုအဖြစ် သတ်မှတ်ခဲ့ပေမဲ့ ရုံးအမှတ် ၃၇ ဆိုတဲ့ ရုံးတစ်ရုံးရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အိမ်ရှိရာ ခြောက်လုံးတန်းနဲ့ မလှမ်းမကမ်းမှာ ဖြစ်ပါတယ်။

အပြင်ကကြည့်ရင် တစ်ထပ်အဆောက်အအုံလို့ထင်ရပေမဲ့ သုံးထပ်ရှိပြီး မြေအောက်လိုဏ်ခေါင်း ကွန်ရက်တွေပါရှိတယ်လို့ ဆောက်လုပ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။

"နိုင်ငံ့ဥသျှောင်"အဖွဲ့မှာ တပ်ကအငြိမ်းစားယူသွားကြတဲ့ ထိပ်တန်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟောင်းတွေဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းတို့ ပါဝင်ကြပါတယ်။

ဒါပေမဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ဒီအဖွဲ့မှာမပါတော့ဘဲ "ဗိုလ်ချုပ်မှူးကြီးလည်း အနားယူသင့်ပါပြီ" လို့ အကြံပြုခဲ့ပြီးတဲ့နောက် "နိုင်ငံ့ဥသျှောင်"အဖွဲ့က အသက်မဝင်လာတော့တာလို့ ဝန်ကြီးဟောင်းတစ်ဦးက ပြောခဲ့ပါတယ်။

၂၀၁၁ အကူးအပြောင်းမှာ ပြည်တွင်းပြည်ပ မီဒီယာတွေမှာလည်း နိုင်ငံ့ဥသျှောင်အဖွဲ့အကြောင်း သတင်းတွေဖော်ပြခဲ့ကြပေမဲ့ အစိုးရသစ်နဲ့ လွှတ်တော်သစ်တွေပေါ်လာပြီးနောက်ပိုင်း ဒီအဖွဲ့သတင်းတွေက မှေးမှိန်ပျောက်ကွယ်သွားပါတော့တယ်။

လက်ရှိအချိန်မှာတော့ ရုံးအမှတ် ၃၇ ကို ကုမုဒြာခန်းမ လို့ အမည်ပြောင်းထားပါတယ်။

ကုမုဒြာခန်းမဟာ ပုံမှန်အားဖြင့် ငြိမ်သက်နေလေ့ရှိပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ပြန်အသုံးပြုလာပါတယ်။

အထူးသဖြင့် မတ် ၂၈ ရက် ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ လုံခြုံရေးတွေထူထူထပ်ထပ် ချထားတာနဲ့ ကားတွေအများကြီးရပ်ထားတာမျိုးတွေ့ရလေ့ရှိတယ်လို့ နေပြည်တော်မှာ နေထိုင်သူတွေက ပြောပါတယ်။

ဒီခန်းမကို ဦးသန်းရွှေ၊ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အသုံးပြုတဲ့အကြောင်း နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

မတ်လ ၂၈ ရက် ငလျင်ကြီးမှာ ကုမုဒြာခန်းမက အပျက်အစီးမရှိခဲ့လို့ အခုနောက်ပိုင်းမှာ စစ်ကော်မရှင်က ပုံမှန်အသုံးပြုလာတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ခေါင်းဆောင် ဘာဆက်လုပ်မလဲ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သူယုံကြည်ရတဲ့သူတစ်ဦးကို တပ်ချုပ်နေရာမှာထားခဲ့ပြီး သမ္မတလုပ်၊ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက တဆင့် ထိန်းချုပ်မယ်ဆိုရင်တော့ သမ္မတ ဦးသိန်းစိန်လက်ထက်က အုပ်ချုပ်ရေးပုံစံဖြစ်သွားမှာပါ။

သမ္မတမလုပ်ဘဲ ပုဒ်မ ၂၁၇ ကိုသုံးပြီး ကော်မရှင်တစ်ခုဖွဲ့၊ ကော်မရှင်ဥက္ကဋ္ဌနေရာကနေ သမ္မတနဲ့ တပ်ချုပ်ကို ကွပ်ကဲရင်တော့ ဦးသန်းရွှေမလုပ်ဖြစ်ခဲ့တဲ့ နိုင်ငံ့ဥသျှောင်ပုံစံဖြစ်လာမှာပါ။

သမ္မတလုပ်ပြီး ကော်မရှင်တစ်ခုဖွဲ့၊ တပ်ချုပ်ကိုပါ ကော်မရှင်ထဲထည့်ထားရင်တော့ လက်ရှိစစ်ကော်မရှင်လို ပုံစံဖြစ်လာမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ပြီး သမ္မတရော တပ်ချုပ်ရော နှစ်နေရာလုံးကို ယူမယ့် စဥ်းစားချက်မျိုးလည်း ရှိနိုင်ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဆန္ဒအပြင် လွှတ်တော်ရဲ့ သဘောတူညီချက်လည်း လိုအပ်မှာဖြစ်ပါတယ်။

တကယ်လို့သာ သမ္မတလုပ်ပြီး စစ်ဘက်ကိုပါ ချုပ်ကိုင်ထားရင် ရွေးကောက်ပွဲအလွန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထဲမှာ တစ်စုတစ်စည်းထဲရှိနေတဲ့ အာဏာကို ခွဲဝေသုံးစွဲလာလိမ့်မယ်လို့ မျှော်လင့်နေကြသူတွေ အငိုက်မိသွားစေမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဦးနေဝင်းနဲ့ ဦးသန်းရွှေလို ရာထူးကနေမမျှော်လင့်ဘဲ အနားယူသွားရင်တော့ ပိုအံ့သြစရာဖြစ်ပေမဲ့ ဒါကဖြစ်နိုင်ခြေနည်းတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။