သူရဦးတင်ဦး၊ NLD နာယကနဲ့ တပ်ချုပ်ဟောင်း

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

စစ်သားဘဝကို အသက်တိုတတ်တယ်၊ ကြမ်းတမ်းတယ်လို့ ယူဆကြပေမယ့် အသက်ရှည် တဲ့ စစ်သားအိုကြီးတွေလည်း ရှိပါတယ်။ မြန်မာပြည်လို အနှစ် (၇ဝ) ကျော်အတွင်း ပြည်တွင်းစစ်၊ ပြည်ပရန်တွေ ဆက်တိုက် ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံမျိုး၊ နှစ်စဉ် စစ်ဘေးကြောင့် လူ့အသက်တွေ အများကြီး ဆုံးရှုံးတတ်တဲ့ နိုင်ငံမျိုးမှာတော့ ဒီလို ဘိုးသက်ရှည် စစ်သည်တွေက စစ်ရဲ့ခါးသီးမှုတွေကို ပြန်ပြောပြမယ့် သက်သေတွေသဖွယ် ကျန်နေ တတ်ပါတယ်။

ဒီထဲက ထင်ရှားသူတဦးကတော့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးပါ။ သူ့ကို စစ်ရဲ့သက်သေအပြင် မြန်မာပြည် နိုင်ငံရေးသမိုင်းနဲ့ တပ်မတော်ကဏ္ဍမှာ အရေးပါတဲ့ သရုပ်ဆောင်တယောက်အဖြစ် ရှုမြင် ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး တင်ဦးဟာ အသက် (၉ဝ) ကျော်ထိ မြန်မာပြည် နိုင်ငံရေးမှာ ပါဝင်သွားသူ ဖြစ်ပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ သူ့ရဲ့ ရုပ်ပုံတွေကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေနဲ့အတူ မဲဆွယ် စည်းရုံးခဲ့တာကိုလည်း တွေ့ရပါတယ်။ ဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်တို့နဲ့အတူ NLD ပါတီရဲ့ ရတနာသုံးပါး စာရင်းဝင် ဖြစ်တယ်ဆိုပြီး သူနဲ့ နိုင်ငံရေးအတူ လုပ်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဝင်းထိန်က သံသရာတစ်ကွေ့ စာအုပ်မှာ ရေးသားခဲ့ပါတယ်။

အငယ်ဆုံး တပ်ချုပ်

ဦးတင်ဦးရဲ့ ဘဝကို ပြောကြတဲ့အခါ သူ့ရဲ့ စစ်သားဘဝနဲ့ နိုင်ငံရေးသမားဘဝကို ပိုင်းခြားပြောတတ်ကြပါတယ်။ စစ်သားဘဝကို ပြောကြရင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးတက်မြန်ခဲ့တဲ့ သူ့ရဲ့ အစွမ်းကို ပြောစမှတ် ရှိကြသလို မွန်းတည့်ချိန်မှာ နေဝင်ခဲ့တဲ့ သူ့ရဲ့ စစ်သားဘဝကိုလည်း သတိပြုမိကြပါတယ်။

ပုသိမ်ဇာတိ ၁၉၂၇ ခုနှစ်ဖွား မောင်တင်ဦးဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးနိုးကြားတဲ့ ဆယ်ကျော်သက် လူငယ်တွေ ထုံးစံအတိုင်း စစ်အတွင်းမှာ (၁၆) နှစ်သားနဲ့ တပ်သားအဆင့်ကနေ စစ်ထဲ ဝင်လာခဲ့ပြီး အလုပ်သင်ဗိုလ် ဖြစ်လာခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေးကိုလည်း တိုင်း (၄) ပဲခူးရိုးမမှာ ဗိုလ်မှူးကြီးလှဟန်တို့နဲ့အတူ ဆင်နွှဲခဲ့ပါတယ်။

စစ်ပြီးခေတ်မှာတော့ ကောလိပ်ကျောင်း ဆက်မတက်ဘဲ တပ်မှာပဲ ရာထူးအဆင့်ဆင့်တက်ပြီး ထမ်းရွက်ခဲ့ပါတယ်။ (၂၃) နှစ်မှာ ဗိုလ်မှူး၊ (၃၃) နှစ်မှာ တပ်မဟာမှူးနဲ့ ဗိုလ်မှူးကြီး၊ (၃၆) နှစ်မှာ အနောက်တောင် တိုင်းမှူး၊ (၄၅) နှစ်မှာ ဗိုလ်မှူးချုပ်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၊ (၄၇) နှစ်မှာတော့ ကာကွယ်ရေးဝန်ကြီး၊ ဦးစီးချုပ်နဲ့ ဗိုလ်ချုပ်ကြီး ရာထူးတွေကို ရရှိခဲ့ပါတယ်။ အဲဒီခေတ်က မြန်မာပြည်မှာ အာဏာအရှိဆုံး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းက ဗိုလ်ချုပ်ကြီးတင်ဦးကို သားလိုသဘောထားပြီး ဗိုလ်ချုပ်ကြီးကလည်း ဦးနေဝင်းကို ဖခင်လို လေးစားတယ်လို့ တပ်အသိုင်းအဝိုင်းမှာ ပြောစမှတ် ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦးဟာ တရုတ်ဖြူကျူးကျော်စစ်ကို တွန်းလှန်တဲ့ ရန်ကြီးအောင် စစ်ဆင်ရေးမှာ ပေခုနစ်ထောင်ကျော်မြင့်တဲ့ ထိုင်းနယ်စပ် တောင်ပေါ်က တရုတ်ဖြူ စခန်းကို သိမ်းပြီး မြန်မာအလံစိုက်နိုင်ခဲ့လို့ သူရဘွဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။ ၁၉၅၈ ရခိုင်မှာ မူဂျာဟစ်သူပုန်တွေကို တိုက်ထုတ်ခဲ့ပြီးနောက် ၁၉၅၉ မှာ သမ္မတဟောင်း ဒေါက်တာဘဦးရဲ့ နှမဝမ်းကွဲ ဒေါက်တာ တင်မိုးဝေနဲ့ ဦးတင်ဦး လက်ထပ်ပြီး သားနှစ်ယောက် ထွန်းကား ခဲ့ပါတယ်။ ဒီလို ဘဝအောင်မြင်မှုတွေ ရခဲ့ပေမယ့်လည်း အသက် (၅ဝ) မပြည့်ခင်မှာပဲ လောကဓံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဇနီးဖြစ်သူက လူကြီးမိသားစုတွေ လိုက်နာရမယ့် စည်းမျဉ်းတွေ ပျက်ကွက်လို့ ဆိုပြီး ၁၉၇၆ မှာ ဦးတင်ဦး နှစ် (၃ဝ) ကျော် ထမ်းဆောင်ခဲ့တဲ့ တပ်ကနေ အနားပေး ခံခဲ့ရတာ ဖြစ်ကြောင်း မြဝင်းရဲ့ တပ်မတော်ခေါင်းဆောင်များ သမိုင်းအကျဉ်း မှာ ပါရှိပါတယ်။ ဦးတင်ဦး အိမ်ဆောက်ရာမှာ လိုတဲ့ အိမ်သာသုံး ကြွေပြားတွေကို ပြည်ပစစ်သံမှူးတွေဆီက မှာလို့ ဆိုပြီး အကြောင်းပြ ပေမယ့် နိုင်ငံခြားပစ္စည်းရှားတဲ့ အဲဒီအချိန်က အစိုးရလူကြီးမိသားစုတွေ ဒီလို မှာနေကျပဲလို့ ဦးဝင်းထိန်က ရေးပါတယ်။

အုန်းကျော်မြင့်အမှု

မွေးရာပါ နှလုံးရောဂါခံစားရတဲ့ သားငယ်ကို ဗြိတိန်မှာ ဆေးသွားကုပေးရင်း ဆုံးလာတဲ့အတွက် ရန်ကုန်မှာ နာရေးလုပ်ပြီးစမှာပဲ သူ့ကို တပ်က အနားပေး လိုက်တာလို့လည်း ဦးဝင်းထိန်က ရေးပါတယ်။ အဲဒီအချိန်က သမ္မတဖြစ်နေတဲ့ ဦးနေဝင်းဟာ ဦးတင်ဦး စိတ်ထိခိုက်နေတဲ့အချိန်မှာ တမင်ရွေးပြီး ဖြုတ်တာလို့လည်း သူက ဆိုပါတယ်။ ၁၉၇၄-၇၅ တဝိုက်က ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမား အရေးအခင်းတွေမှာ ဆန္ဒပြသူတွေက ဗိုလ်ချုပ်ကြီးတင်ဦး ကျန်းမာပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ၊ နေဝင်း စန်းယု ကျဆုံးပါစေ ဆိုပြီး ကြွေးကြော်ခဲ့ကြတဲ့အတွက် ဦးနေဝင်းက နေရာလုမှာစိုးလို့ ဖယ်ရှားတာလို့လည်း ဦးဝင်းထိန်က ဆိုပါတယ်။ နောက် အရေးအခင်းတခုအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အချိန်မှာ ဦးနေဝင်းရဲ့သား ဖြိုးဝေဝင်းကို စစ်သားတွေက ဆံပင်ညှပ်ပစ်တဲ့အတွက် ဦးနေဝင်းက ဦးတင်ဦးကို စိတ်ဆိုးတယ်လို့လည်း ဦးဝင်းထိန်က ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု စာအုပ်မှာ ရေးပါတယ်။

နောက် ဒီလိုရာထူးပြုတ်တာဟာ အဲဒီအချိန်က နိုင်ငံတော်ကောင်စီအတွင်းရေးမှူး ဦးစန်းယုနဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်တင်ဦးခေါ် မျက်မှန်ကြီးတို့ လက်ချက် ဆိုပြီး ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့ အရာရှိငယ် တစုရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းရေး လှုပ်ရှားမှု တလအတွင်းမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီကြံစည်မှုမှာ ဦးတင်ဦး မပါပေမယ့် ဗိုလ်ကြီးအုန်းကျော်မြင့်က လာတွေ့တာကို သတင်းမပို့ဘဲ ထိန်ချန်တယ်ဆိုပြီး ၁၉၇၇ မှာ ထောင် ခုနစ်နှစ် ချခံရပါတယ်။ ဦးနေဝင်းကြိုက်တဲ့ဟင်းကအစ သိပြီး ဦးနေဝင်းခရီးစဉ်တွေမှာ သေချာ ဂရုစိုက်တတ်တဲ့ ဦးတင်ဦးနဲ့ ဦးနေဝင်းကြား ဘယ်သူတွေက ကြားစကားတွေ ပြောမှန်းမသိဘဲ ပြဿနာပေါ်ခဲ့ ကြတယ်လို့လည်း မောင်ဆွေသက်က သားအဖလို ကြည်ညိုခဲ့ ဆောင်းပါးမှာ မှတ်ချက်ချပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ပြန်ထွက်လာသူ

၁၉၈ဝ မှာ သာသနာတော် သန့်ရှင်းရေးလုပ်ပြီးလို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေး သမားတွေကို လွှတ်ပေးတဲ့အခါ ဦးတင်ဦးပြန်လွတ်လာပါတယ်။ ဒါပေမဲ့ ပင်စင်နဲ့ ခံစားခွင့် ဘာမှ မရခဲ့ပါဘူး။ ရှေ့နေစာမေးပွဲဖြေပြီး ရှေ့နေလုပ်ဖို့ သူ စဉ်းစားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ၁၉၈၈ လှုပ်ရှားမှုကြီး ပေါ်ပေါက်လာတဲ့အတွက် နိုင်ငံရေးနယ်ထဲ သူရောက်ခဲ့ပြန်ပါတယ်။

ဆန္ဒပြနေတဲ့ ရဟန်းသံဃာတော်နဲ့ လုပ်သားပြည်သူ ကျောင်းသူကျောင်းသားတွေကို စာနာစိတ်အပြည့်နဲ့ ထောက်ခံတယ်ဆိုပြီး ဦးတင်ဦးက ကြေညာချက်ထုတ်ပါတယ်။ အဲဒီအခါ ဆန္ဒပြအဖွဲ့အစည်းတွေက သူ့ဆီလာပြီး အကြံယူတာတွေ ရှိလာသလို တပြိုင်တည်းလိုလို လှုပ်ရှားလာကြတဲ့ မျိုးချစ်တပ်မှူးဟောင်းများအဖွဲ့ကလည်း သူ့ကို ပြည်သူ့ထောက်ခံမှု ရသူအဖြစ် ခေါင်းဆောင်တင်ခဲ့ကြပါတယ်။

တပ်ထဲမှာကတည်းက အဟောအပြောကောင်းသူ၊ လူချစ်လူခင်များသူ၊ သွက်လက်တက်ကြွပြီး လူငယ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူလို့ ထင်ရှားတဲ့ ဦးတင်ဦးဟာ ဒီတခါမှာတော့ ရန်ကုန်ဆေးရုံကြီးစင်မြင့်ပေါ်ကစပြီး နိုင်ငံရေးသမားဘဝကို ရောက်ရှိခဲ့ ပါတယ်။ အရေးအခင်းကာလမှာပဲ ရန်ကုန်ဆေးတက္ကသိုလ် (၁) မှာ ဦးနု၊ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ရန်နိုင်စတဲ့လူကြီးတွေကို ကြားဖြတ်အစိုးရဖွဲ့ရေးအတွက် အထွေထွေသပိတ်ကော်မတီက တောင်းဆိုခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့လည်း သိရပါတယ်။ ဦးနုစင်ပြိုင်အစိုးရမှာ သူ့ကိုအသိမပေးဘဲ ကာကွယ်ရေးဝန်ကြီးခန့်တာကိုလည်း ဦးတင်ဦး လက်မခံခဲ့ပါဘူး။ ၁၉၈၈ စက်တင်ဘာလ အာဏာသိမ်းခါနီး ကုန်သွယ်ရေးရုံးမှာ ပိတ်မိနေတဲ့ စစ်သားတွေကို ကယ်ထုတ်ဖို့ ကြိုးစားရာမှာ သွေးဆူနေတဲ့ အရပ်သားလူအုပ် ခြိမ်းခြောက် ခံရတဲ့အထိ ဦးတင်ဦးတို့ စွန့်စားခဲ့ရပါတယ်။ ဒိုင်နာ ကားခေါင်မိုးပေါ် တက်ပြီး လူအုပ်ကို စကားပြောနေတဲ့ ဦးတင်ဦးတယောက် ဂျင်ဂလိနဲ့ ချိန်ပြီး ခြိမ်းခြောက် ခံရတယ်လို့ အတူလိုက်ပါသွားခဲ့တဲ့ ဦးဝင်းထိန်က ရေးပါတယ်။

အောင်စုတင်နဲ့ အဖိနှိပ်ခံခရီးရှည်

အရေးအခင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခဲ့တဲ့ ဦးတင်ဦးဟာ စစ်အစိုးရသစ်အောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မှတ်ပုံတင်တဲ့အခါမှာလည်း ဒုတိယဥက္ကဋ္ဌအဖြစ် သူပါခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးအောင်ကြီးနဲ့ သူတို့ကွဲကြပြီးနောက်မှာတော့ သူ့ကို ဥက္ကဋ္ဌအဖြစ်တင်မြှောက်ခဲ့ပြီး ၁၉၈၉ မှာ အကျယ်ချုပ်ကျချိန်အထိ တာဝန်ယူ ခဲ့ပါတယ်။ စစ်အစိုးရနှစ်ဆက်အောက်မှာ NLD ရင်ဆိုင်ခဲ့ရတဲ့ ဖိနှိပ်မှုတွေ တလျှောက် တပ်မှူးဟောင်းတချို့ အကြောင်းစုံနဲ့ ပါတီက ဝေးကွာသွားကြပေမယ့် ဦးတင်ဦး၊ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကတော့ တောက်လျှောက်ပါဝင်ခဲ့ကြပါတယ်။ ၁၉၉၅- ၉၆ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ့ဟောပြောပွဲ တွေမှာလည်း သူနဲ့ ဦးကြည်မောင်တို့ ပါဝင်ဟောပြောခဲ့ကြပါတယ်။ ဒီလို ဆောင်ရွက်ခဲ့တဲ့အတွက် ၁၉၈၉ ကနေ ၁၉၉၅ အထိ အကျဉ်းကျခံခဲ့ရသလို ၁၉၉၂ မှာ ထောင်ကပြန်လွှတ်ပေးမယ်ဆိုပြီး ထောင်ဗူးဝရောက်မှ ထောင်ထဲပြန်ခေါ်သွားတာ ခံရတယ်လို့လည်း ခင်ခင်ဝင်းရဲ့ ရေဆန်လမ်းမှအိမ်အပြန် စာအုပ်မှာ ပါရှိပါတယ်။

၁၉၉၆ မှာတော့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးကြည်မောင်တို့ပါတဲ့ ယာဉ်တန်းကို စွမ်းအားရှင် လူအုပ်နဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ ၂ဝဝဝ ပြည့်နှစ်မှာတော့ ကော့မှူး၊ ကွမ်းခြံကုန်းဘက်အသွား ဒလက အထွက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တားဆီးခံရပြီး တပတ်အကြာမှာ ချုပ်နှောင်ပြီး အိမ်ကို အတင်းအကျပ် ပြန်ပို့ခံခဲ့ရပါတယ်။ နောက် ၂ဝဝ၁ မှာ ရန်ကုန်ဘူတာကြီးမှာ မန္တလေး အသွား ဒေါ်အောင်ဆန်းစုကြည်နဲ့တခါ ဟန့်တားခံရပြန်ပြီး ရဲမွန်တပ်စခန်းမှာ အချုပ်ခံရသလို ၂ဝဝ၂ အထိ နေအိမ်အကျယ်ချုပ်ကျခဲ့ပါတယ်။

၂ဝဝ၃ ဒီပဲယင်းအဓိကရုဏ်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ယာဉ်တန်းကို လူအုပ်ကြီးက ဝိုင်းတိုက်ခိုက်ခဲ့တုန်းက မှာလည်း (၇၆) နှစ်အရွယ် ဦးတင်ဦး အသက်ဘေးက လွတ်အောင် ဖိနပ်မပါဘဲ ပြေးခဲ့ရပါတယ်။ ၂ဝဝ၃ ကနေ ၂ဝဝ၄ အထိ ကလေးထောင်မှာ အထိန်းသိမ်း ခံခဲ့ရပါတယ်။ အဲဒီနောက် ၂ဝ၁ဝ အထိ ရန်ကုန်မှာ နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရသလို အကျယ်ချုပ်က လွတ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ပြန်မလွတ်ခင်အထိ သူနဲ့ ဦးဝင်းတင်တို့ NLD ကို မယိမ်းမယိုင်အောင် ထိန်းမတ်ခဲ့ကြပါတယ်။ အထူးသဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ NLD ပါဝင်ရေးနဲ့ မှတ်ပုံတင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်မှာကြားချက်နဲ့အညီ မဝင်ဘဲ တင်းခံရာမှာ ခေါင်းဆောင်ခဲ့ပါတယ်။ ၂ဝ၁၃ မှာတော့ သူ့ကို ပါတီနာယကအဖြစ် ရွေးချယ်ခဲ့ပြီး ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မဲဆွယ်စည်းရုံးတာတွေ လုပ်ခဲ့ပါတယ်။

ပြည်သူကို တပ်ထက်ချစ်သူ

သူရဦးတင်ဦးကို နိုင်ငံရေးသမားတယောက်ထက် နိုင်ငံပြု ပုဂ္ဂိုလ်တယောက်အနေနဲ့ပဲ နိုင်ငံရေးလောကက ရှုမြင်ကြပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ အရည်အချင်းတွေဖြစ်တဲ့ ရိုးဂုဏ်နဲ့ ခေါင်းဆောင်အပေါ် နာခံမှုတွေ ကြောင့်လည်း သူဟာ တပ်မတော်နဲ့ NLD မှာ အရေးပါ အရာရောက်ခဲ့ပါတယ်။ အဟောအပြောကောင်းမှုနဲ့ အသက်ကြီးတဲ့တိုင်အောင် ဒီမိုကရေစီ ရေးမှာ မဆုတ်မနစ်ပါဝင်မှုတွေကြောင့်လည်း ဦးတင်ဦးကို ထောက်ခံ ကြည်ညိုသူ များခဲ့ပါတယ်။

၁၉၈၉ ခုနှစ်က သူ့ကို တပ်မတော်ပြိုကွဲအောင်ကြံစည်မှုနဲ့ စစ်ခုံရုံးတင်တုန်းက သူက တပ်မတော်ကို ငါချစ်တယ်၊ ဒါပေမဲ့ ပြည်သူကို တပ်မတော်ထက် ပိုချစ်တယ်လို့ ပြောခဲ့ကြောင်း ဧရာဝတီမဂ္ဂဇင်းပါ တပ်မတော်သူရဲကောင်းများ ဆောင်းပါးမှာ ဖော်ပြပါတယ်။ ဒါကြောင့် ဦးတင်ဦးကို ပြည်သူချစ်တဲ့ ဗိုလ်ချုပ်ကြီးအဖြစ် မြန်မာသတင်းစာမျက်နှာတွေမှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

တဘက်မှာတော့ ဦးတင်ဦးဟာ စစ်အစိုးရအောက်မှာ အမှုထမ်းခဲ့သူပီပီ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးအုံကြွမှုတွေကို တိုက်ခိုက်ဖြိုခွဲရာမှာ ပါဝင်ဦးဆောင်ခဲ့ရပါတယ်။ သူ အလယ်ပိုင်း တိုင်းမှူးဘဝမှာ ပဲခူးရိုးမက ဗကပ ဌာနချုပ်ကို သိမ်းပိုက်ချေမှုန်းခဲ့သလို ရခိုင်မှာ ဆန်ပြဿနာကြောင့် အဓိကရုဏ်းဖြစ်တဲ့အခါမှာ သူ့ရဲ့ကိုင်တွယ်ပုံကိုတော့ ဥက္ကဋ္ဌကြီးကို အဖေကြီး ခေါ်တဲ့သူက ရခိုင်မှာ ပက်ပက်စက်စက်လုပ်ခဲ့၊ သတ်ခဲ့ဖြတ်ခဲ့ တာတွေကို ရခိုင်တွေက သတိရနေတုန်းပဲဆိုပြီး မြင့်သန်းက တိုင်းရင်းသူတိုင်းရင်းသား လူမျိုးစုတွေ ဘက်ကလည်း ကြည့်ဖို့လည်းသင့်တာပဲ ဆောင်းပါးမှာ ဝေဖန်ခဲ့ပါတယ်။

ဒါကြောင့် ဦးနေဝင်း အရေးယူတာသာ မခံခဲ့ရရင် နိုင်ငံအကြီးအကဲနဲ့ သူ့နေရာဆက်ခံသူထိ ဖြစ်လာနိုင်တဲ့ ဦးတင်ဦး ပြည်သူဘက်က ရပ်ခဲ့ပါမလားဆိုပြီး သံသယဝင်သူတွေလည်း ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးခရီးမှာတော့ ဦးနေဝင်းနဲ့ တပ်မတော်ဘက်ကို ဦးတင်ဦး ပြန်လည်တိမ်းညွတ်ခဲ့တာ မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒီအတွက် ၂ဝ၁ဝ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် ဦးတင်ဦးကို တပ်မတော်အရာရှိဟောင်းကြီးတွေ ဂါရဝပြုပွဲမှာ မဖိတ်ကြားဘဲ ချန်လှပ်ထားခဲ့ပါတယ်။ ၂ဝ၂ဝ မှာ မကျင်းပဖြစ်လိုက်တဲ့ စိန်ရတုတပ်မတော်နေ့ အခမ်းအနားကျမှ သူ့ကို ဖိတ်ကြားခဲ့တာကိုလည်း တွေ့ရပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက် အရင်အကြိမ်တွေလို ဦးတင်ဦး နိုင်ငံရေးမှာ ဝင်ပါဆောင်ရွက်နိုင်ခြင်း မရှိတော့ပါဘူး။ အသက် ၉ဝ ကျော်မှာ လေဖြတ်ပြီး စကားမပြောနိုင်တော့တာပါ။

၂၀၂၃ ဇွန်လ ၈ ရက်မှာတော့ သဘာဝတရားရိပ်သာ ဆရာတော်က NLD နာယက ဦးတင်ဦးကို သွားတွေ့ပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးကို စွန့်လွှတ်ရင် စစ်တပ် အခြေအနေပြောင်းနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီတွေ့ဆုံမှုကြောင့် လူမှုကွန်ရက်မှာ ပြောစရာဖြစ်ခဲ့ပြီး ဦးတင်ဦးအိမ်မှာလည်း ဧည့်တွေ့ဆုံမှု ရပ်နားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မေလကုန်ပိုင်းမှာ ရုတ်တရက် ဆေးရုံတင်လိုက်ရပြီးတဲ့နောက် ဇွန် ၁ ရက် မနက်ပိုင်း မှာတော့ သူရဦးတင်ဦး ဟာ ရှုပ်ထွေးပွေလီလှတဲ့ မြန်မာ့နိုင်ငံရေးကို အပြီးတိုင်ကျောခိုင်းစွန့်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။

ဦးတင်ဦးဟာ ပုသိမ်ကျောင်းသားဘဝကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ NLD နာယကဘဝထိ မြန်မာ့နိုင်ငံရေးနဲ့အတူ ကူးခတ်ခဲ့တဲ့ နိုင်ငံရေးသမားစစ်သားတဦးဖြစ်ပါတယ်။