ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အိုင်စီဂျေ တရားရုံး - ရက်စွဲမှတ်တမ်း
နောက်ဆုံးသိရတဲ့ အချက်အလက်တွေကို ဇန်နဝါရီ ၁၀ ရက်မှာ ဖြည့်စွက်ထားပါတယ်။
၂၀၁၉ ခုနှစ်မှာ မြန်မာအပေါ် အာဖရိကတိုက်က နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတရားရုံး ICJ မှာ အကြီးလေးဆုံးပြစ်မှုတစ်ခုဖြစ်တဲ့ Genocide လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒီအမှု ဘယ်လို စတင်ဖြစ်ပေါ်ပြီး ဘယ်လိုဆက်လက်ကြားနာစစ်ဆေးခဲ့ကြလဲဆိုတာ နေ့စွဲအလိုက် ဖော်ပြပေးလိုက်ပါတယ်။
၁၉ ဒီဇင်ဘာ ၂၀၂၅ - လူမျိုးတုံးသတ်ဖြတ်မှုအတွက် နှစ်ဖက် နှုတ်ဖြင့်လျှောက်လဲကြားနာမှုတွေကို ၂၀၂၆ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကျင်းပမယ်လို့ တရားရုံး ထုတ်ပြန်။
- ပထမကြားနာမှုအဖြစ် ဇန်နဝါရီ ၁၂ ကနေ ၁၅ ထိ ဂမ်ဘီယာဘက်က လျှောက်လဲရမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ ကနေ ၂၀ ထိ မြန်မာဘက်က လျှောက်လဲရမှာဖြစ်။
- ဇန်နဝါရီ ၂၁ ကနေ ၂၃ ထိ သက်သေတွေကို တံခါးပိတ် စစ်ဆေးဖို့ရှိ။
- ဒုတိယကြားနာမှုအဖြစ် ဇန်နဝါရီ ၂၆ နဲ့ ၂၇ မှာ ဂမ်ဘီယာက လျှောက်လဲပြီး မြန်မာက ဇန်နဝါရီ ၂၈ နဲ့ ၂၈ မှာ လျှောက်လဲရမှာ ဖြစ်။
၂၉ ဇူလိုင် ၂၀၂၅ - ဆလိုဗေးနီးယား၊ ကွန်ဂို၊ ဘယ်လ်ဂျီယမ်၊ အိုင်ယာလန်နိုင်ငံတို့ရဲ့ ကြားဝင်ပူးပေါင်းပါဝင်သွားမယ့် ကိစ္စကို လက်ခံကြောင်း တရားရုံး ဆုံးဖြတ်။
၃ ဇူလိုင် ၂၀၂၄ - အိုင်စီဂျေအမှုမှာ မော်လ်ဒိုက်နဲ့ ပူးတွဲနိုင်ငံတွေ တင်သွင်းထားတဲ့ ကြားဝင်ပူးပေါင်းပါဝင်မယ့်ကိစ္စကို လက်ခံကြောင်း တရားရုံးဆုံးဖြတ်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဆလိုဗေးနီးယား၊ ကွန်ဂို၊ ဘယ်လ်ဂျီယမ်၊ အိုင်ယာလန်တို့လည်း အလားတူ တင်သွင်း။ ဒီနိုင်ငံတွေရဲ့ ကြေညာချက်တွေကို တရားရုံးက ဂမ်ဘီယာနဲ့ မြန်မာဆီ ပေးပို့ခဲ့ပြီး စာဖြင့်တုံ့ပြန်ရန် ပြောခဲ့။ အဲဒီနောက် မြန်မာဘက်က ကန့်ကွက်ခဲ့ပြီး ဂမ်ဘီယာဘက်က လက်ခံသင့်ကြောင်း ပြော။ အဲဒီနောက် နိုင်ငံအသီးသီးအနေနဲ့ သတ်မှတ်ရက်အတွင်း စာဖြင့်တုံ့ပြန်လျှောက်လဲဖို့ တရားရုံးအမိန့်ထုတ်။
၂၃ မေ ၂၀၂၄ - ဂမ်ဘီယာက စာနဲ့ လျှောက်လဲချက်ကို တရားရုံးထံ တင်သွင်းလိုက်ကြောင်း ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့က ဘီဘီစီကို အတည်ပြု။
၁၆ နိုဝင်ဘာ ၂၀၂၃ - အိုင်စီဂျေအမှုမှာ ကနေဒါ၊ ဗြိတိန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ မော်လ်ဒိုက်နိုင်ငံတို့က ကြားဝင်ပူးပေါင်းပါဝင်သွားမယ်လို့ တင်သွင်းကြောင်း တရားရုံးက ထုတ်ပြန်။
၁၆ အောက်တိုဘာ ၂၀၂၃ - ဒီအမှုနဲ့ပတ်သက်ပြီး စာနဲ့ လျှောက်လဲချက်ကို ဂမ်ဘီယာအနေနဲ့ ၁၆ မေ ၂၀၂၄ မှာ တင်သွင်းဖို့ နဲ့ မြန်မာအနေနဲ့ ၁၆ ဒီဇင်ဘာ ၂၀၂၄ မှာ တင်သွင်းရမယ်လို့ တရားရုံးအမိန့် ထုတ်ပြန်။
၁၂ မေ ၂၀၂၃ - မြန်မာဘက်က အချိန်နောက်ဆုတ်ပေးရန် ထပ်မံပန်ကြားတဲ့အတွက် တရားရုံးက ၃ လ နောက်ဆုတ်ပေးလိုက်ပြီး ၂၄ သြဂုတ် ၂၀၂၃ မှာ တင်သွင်းရမယ်လို့ ထုတ်ပြန်။
၆ ဧပြီ ၂၀၂၃ - ဂမ်ဘီယာရဲ့ စွဲဆိုချက်တွေကို မြန်မာဘာသာပြန်ဆိုဖို့ အချိန်မလုံလောက်ဘူးလို့ အကြောင်းပြကာ စစ်ကောင်စီက အချိန် ၁၀ လတိုးတောင်ပေမဲ့ တရားရုံးက ပယ်ချ။ ဒါပေမဲ့ အချိန်တစ်လသာ တိုးပေးခဲ့ပြီး မေလ ၂၄ မှာ အချေလွှာ တင်သွင်းရမယ်လို့ တရားရုံးထုတ်ပြန်။
၂၂ ဇူလိုင် ၂၀၂၂ - အိုင်စီဂျေက မြန်မာရဲ့ ကန့်ကွက်မှုကို ပယ်ချပြီး အိုင်စီဂျေတရားရုံးမှာ ကြားနာဆုံးဖြတ်ခွင့်ရှိကြောင်းနဲ့ ဂမ်ဘီယာအနေနဲ့ တရားစွဲဆိုခွင့်ရှိကြောင်း ဆုံးဖြတ်။
၂၁ ဖေဖော်ဝါရီ ၂၀၂၂ - မြန်မာဘက်က (အဲဒီအချိန်က )အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျှောက်လဲ။ ဂမ်ဘီယာဘက်မှာ တရားရေးဝန်ကြီး ဒေါ့ဒါ ဂျာလိုး ဦးဆောင် တက်ရောက်။
၁၉ ဇန်နဝါရီ ၂၀၂၂ - မြန်မာရဲ့ ကနဦးကန့်ကွက်လွှာကို ၂၁ ဖေဖော်ဝါရီ ၂၀၂၂ ကနေ ၂၈ ဖေဖော်ဝါရီ ကာလအတွင်း ကြားနာမှု ၄ ရက် ပြုလုပ်မယ်လို့ အိုင်စီဂျေ တရားရုံး ထုတ်ပြန်။
၂၀ ဇန်နဝါရီ ၂၀၂၁ - ဂမ်ဘီယာဘက်က တရားစွဲလို့မရကြောင်း မြန်မာဘက်က ကနဦးကန့်ကွက်လွှာကို အိုင်စီဂျေထံ တင်သွင်း။
၃၀ ဇွန် ၂၀၂၀ - ဂူတာပြင်က သေဆုံးသူ ၁၉ ဦးနဲ့ပတ်သက်လို့ အဓိက တာဝန်ရှိသူ အရာရှိကြီးတစ်ဦးအပါအဝင် သုံးဦးကို အရေးယူထားကြောင်း၊ အရေးယူခံရသူတွေရဲ့ပြစ်ဒဏ်တွေကို ထုတ်ပြောဖို့မရှိကြောင်း စစ်တပ်ဘက်က ပြော။ ဂူတာပြင်ရွာက သေဆုံးသူအရေအတွက် ရာနဲ့ချီရှိတယ်လို့ အေပီသတင်းဌာနက ဖော်ပြ။
၂၅ မေ ၂၀၂၀ - မြန်မာဘက်က ကြားဖြတ်စီမံဆောင်ရွက်ချက်အစီရင်ခံစာကို အိုင်စီဂျေထံ တင်သွင်း။
၂၆ မေ ၂၀၂၀ - ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လျှောက်ထားမှုတင်သွင်းရမယ့် ကာလကို အချိန်နောက်ဆုတ်ပေးဖို့ ဂမ်ဘီယာရဲ့ ပန်ကြားမှုအရ ၂၃ ဇူလိုင် ကနေ ၂၃ အောက်တိုဘာ ၂၀၂၀ နဲ့ မြန်မာအတွက် ၂၅ ဇန်နဝါရီကနေ ၂၃ ဇူလိုင် ၂၀၂၁ ကို ပြောင်းလဲသတ်မှတ်။
၂၀ ဖေဖော်ဝါရီ ၂၀၂၀ - ICOE အစီရင်ခံစာပါ ဖြစ်စဉ်တွေထဲက အရေးယူဆောင်ရွက်မှုတချို့ကို စစ်တပ် ထုတ်ပြန်။ ဂူတာပြင်ရွာဖြစ်စဉ်ကို စစ်တရားရုံးနဲ့ အရေးယူဆောင်ရွက်နေပြီး အင်းဒင်ကိစ္စ အရေးယူပြီးဖြစ်တယ်လို့ ဖော်ပြ။ မောင်နုရွာနဲ့ ချွတ်ပြင်ရွာဖြစ်စဉ်တွေကိုလည်း စစ်တရားရုံးနဲ့ စစ်ဆေးစီရင်မယ်လို့ ဖော်ပြ။
၂၆ နိုဝင်ဘာ ၂၀၁၉ - ဂူတာပြင်ရွာက သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဘက်က ပြစ်မှုကျူးလွန်သူတွေကို ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်မှာ အကျဉ်းစစ်တရားရုံးချုပ်နဲ့ စတင်စစ်ဆေးတယ်လို့ ထုတ်ပြန်။
၂၁ နိုဝင်ဘာ ၂၀၁၉ - အိုင်စီဂျေ အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြော။
၁၄ နိုဝင်ဘာ ၂၀၁၉ - သီးခြားအမှုအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကလည်း ရိုဟင်ဂျာဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လူအမြောက်အမြားအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေနဲ့ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အတည်ပြု။
၁၁ နိုဝင်ဘာ ၂၀၁၉ - ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲ။
၂၈ ဇန်နဝါရီ ၂၀၂၀ - ကနဦးလျှောက်လဲချက်တွေအတွက် ဂမ်ဘီယာရဲ့ အဆိုလွှာကို ၂၃ ဇူလိုင် ၂၀၂၀ နဲ့ မြန်မာရဲ့ အချေလွှာကို ၂၅ ဇန်နဝါရီ ၂၀၂၁ အချိန်အတွင်း တင်သွင်းဖို့ အိုင်စီဂျေ ထုတ်ပြန်။
၂၃ ဇန်နဝါရီ ၂၀၂၀ - ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုရန်က ကာကွယ်ပေးဖို့၊ သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ အပါအဝင် ကြားဖြတ်အစီအမံ ၄ ချက်ကို မြန်မာဘက်က လိုက်နာဖို့ အိုင်စီဂျေ ချမှတ်။
၂၀ ဇန်နဝါရီ ၂၀၂၀ - အစိုးရဖွဲ့ပေးထားတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ (ICOE) က အပြီးသတ် အစီရင်ခံစာကို အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလိုက ဦးဝင်းမြင့်ထံ ပေးအပ်။ အဲဒီထဲမှာ လုံခြုံရေးအဖွဲ့တွေဘက်က စစ်ရာဇဝတ်မှုနဲ့ တခြားပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ကောက်ချက်ချထား။ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့နိုင်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အသိအမှတ်ပြုထားသလို တကယ်လို့ သက်သေအထောက်အထားရှိခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်ဥပဒေနဲ့ အရေးယူရဖို့ရှိတယ်လို့ ပြောထားကြောင်း အစီရင်ခံစာမှာ ဖော်ပြ။
၁၀-၁၂ ဒီဇင်ဘာ ၂၀၁၉ - အိုင်စီဂျေတရားရုံးမှာ ကြားဖြတ်အစီအမံနဲ့ပတ်သက်လို့ ပထမဆုံးကြားနာ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအဖွဲ့ တက်ရောက်ပြီး မြန်မာဘက်က လူမျိုးတုံးသတ်ဖြတ်မှု မလုပ်ခဲ့ကြောင်း ထွက်ဆို။
၁၈ မတ် ၂၀၁၉ - ၂၀၁၇ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို တပ်မတော်နည်းဥပဒေတွေနဲ့အညီ ဖွဲ့စည်းကြောင်း စစ်တပ်က ထုတ်ပြန်။
၁၃ စက်တင်ဘာ ၂၀၁၈ - ရခိုင်က ပဋိပက္ခနဲ့ပတ်သက်လို့ ပြန်စဉ်းစားတဲ့အခါ NLD အစိုးရအနေနဲ့ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗီယက်နမ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ ပြော။
၁၀ ဇန်နဝါရီ ၂၀၁၈ - မောင်တောမြို့နယ် အင်းဒင်က အစုလိုက် အပြုံလိုက် မြုပ်နှံထားတဲ့ ရုပ်အလောင်းတွေဟာ ‘ဘင်္ဂါလီအကြမ်းဖက်’ သမားတွေရဲ့ ရုပ်အလောင်းတွေ ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာလို့ မြန်မာစစ်တပ်ထုတ်ပြန်။
၁၉ စက်တင်ဘာ ၂၀၁၇ - စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ စက်တင်ဘာ ၅ ရက်ကစလို့ မရှိတော့ကြောင်း၊ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ အရပ်သားတွေကို မထိခိုက်စေဘဲ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်ပြော။
၂ စက်တင်ဘာ ၂၀၁၇ - အိမ်ခြေ ၂၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မြန်မာအစိုးရဘက်က ပြော။
၁၁ စက်တင်ဘာ ၂၀၁၇ - ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲက ပြဋ္ဌာန်းစာအုပ် စံပြဥပမာအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးက ပြော။
၂၆ သြဂုတ် ၂၀၁၇ - စစ်တပ်နဲ့ အာဆာကြား တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် စတင် ထွက်ပြေး။
၂၅ သြဂုတ် ၂၀၁၇ - အာဆာအဖွဲ့က ရခိုင်မြောက်ပိုင်းမှာ ရဲကင်းစခန်း ၃၀ ကို တိုက်ခိုက်။