ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုးကန့်အင်ပါယာကို ဖုန်မိသားစု ဘယ်လိုပြန်ထူထောင်နေလဲ
ကိုးကန့်တပ်(MNDAA) ဟာ အထူးဒေသ ၁ ကို အပြည့်အဝပြန်လည်ထူထောင်တဲ့ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲတွေ ကျင်းပနေပါတယ်။
အထူးဒေသ ၁ ကို ခရိုင် ၄ ခု နဲ့ မြို့တော် ၁ ခုပါဝင်တဲ့ ဖွဲ့စည်းပုံအသစ်နဲ့ ပြန်ဖွဲ့လိုက်တာပါ။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတုန်းက ကိုးကန့်တပ်တွေ သိမ်းယူခဲ့တဲ့ လောက်ကိုင်မြို့ကို အထူးဒေသ ၁ ရဲ့ မြို့တော်အဖြစ် သတ်မှတ်လိုက်တယ်လို့ ကိုးကန့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပြောပါတယ်။
ကိုးကန့်အသစ်ဖွဲ့စည်းလိုက်တဲ့ အထူးဒေသ ၁ ထဲမှာ ဘယ်ခရိုင်တွေပါလဲ။ အထူးဒေသ ၁ ကို ကိုးကန့်တပ်က ဘယ်လိုပြန်လည်ထူထောင်ရေးတွေလုပ်နေလဲ။
ခရိုင် ၄ ခုနဲ့ အုပ်ချုပ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထူးဒေသ ၁ ကို ကုန်းကြမ်းနဲ့ လောက်ကိုင် နှစ်မြို့နယ်နဲ့ပဲ သတ်မှတ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အခုတော့ အထူးဒေသ ၁ ကို ကွတ်ခိုင်၊ သိန္နီ၊ မုံးကိုးနဲ့ လောက်ကိုင်ခရိုင် စတဲ့ ခရိုင် ၄ ခုနဲ့ အုပ်ချုပ်သွားမယ်လို့ ကိုးကန့်နဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်နဲ့ အပစ်ရပ်ပြီးချိန် ၂၀၂၅ နှစ်စပိုင်းကတည်းက ဒီခရိုင် ၄ ခုကို ပဏာမဖွဲ့စည်းအုပ်ချုပ်ခဲ့ပြီး ၁ နှစ်အကြာမှ ဖွဲ့စည်းပုံအသစ်အနေနဲ့ ဖွဲ့လိုက်ပြီဆိုတဲ့အကြောင်း ကိုးကန့်က အသိပေးထုတ်ပြန်လာတာပါ။
အထူးဒေသ ၁ ရဲ့ ဖွဲ့စည်းပုံအသစ်မှာ ပါဝင်တဲ့ ခရိုင် ၄ ခုလုံးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေးပထမအပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စတင်ခဲ့တာပါ။
ခရိုင် ၄ ခုထဲက ၁၀၂၇ စစ်ဆင်ရေးမှာ တိုက်ယူရရှိခဲ့တဲ့ သိန္နီနဲ့ ကွတ်ခိုင်ခရိုင် စတဲ့ နယ်မြေသစ်တွေကိုလည်း ကိုးကန့်တပ်ရဲ့ အထူးဒေသ ၁ ထဲမှာ ထည့်သွင်းထားပါတယ်။
ဆယ်စုနှစ်ကျော်ကြာ လက်လွှတ်ခဲ့ရတဲ့ လောက်ကိုင်မြို့ကို ပြန်ထိန်းချုပ်ပြီးနောက်မှာတော့ ကိုးကန့်တပ်က အထူးဒေသ ၁ မှာ စစ်တပ်ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ စစ်အုပ်ချုပ်ရေးတွေအားလုံးကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ကိုးကန့်က လောက်ကိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
ပါတီ၊ အုပ်ချုပ်ရေးကော်မတီအပြင် တပ်မတော် တည်ဆောက်ရေးစနစ်၊ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်နဲ့ ကေဒါသင်တန်းတွေပါ ကိုးကန့်တပ်က ပြင်ဆင်ခဲ့ပါတယ်။
ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ(နအဖ)လက်ထက်မှာ စစ်အစိုးရနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးယူခဲ့ပါတယ်။
ငြိမ်းချမ်းရေးယူခဲ့တာကြောင့် ရှမ်းပြည်နယ်ထဲက တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းဒေသတို့ကို အထူးဒေသ ၁ အဖြစ်သတ်မှတ်ပြီး ကိုးကန့်တပ်ကို အုပ်ချုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်လမ်းပြန်ပွင့်
ကိုးကန့်တပ်(MNDAA) က ဖွဲ့စည်းပုံအသစ်ကြေညာပြီး ရက်ပိုင်းအကြာမှာပဲ ကိုးကန့်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့နယ်ထဲက ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ဂိတ်လည်း ပြန်လည်ပတ်နေပြီလို့ မြေပြင်အခြေအနေသိသူတချို့ကပြောပါတယ်။
ကိုးကန့်ကတော့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ဂိတ်ကနေ တရုတ်ဘက်ကို နေ့စဉ် ကုန်သွယ်ရေးပြန်လုပ်နေပြီလို့ ဇန်နဝါရီ ပထမအပတ်မှာ သတင်းထုတ်ပါတယ်။
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ဂိတ်ဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ဒုတိယအကြီးဆုံးဂိတ်ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က ဒီဂိတ်ကနေ နေ့စဉ်ကုန်သွယ်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ သန်းခွဲကျော်ရှိခဲ့တယ်လို့ မြန်မာ့ဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ(ISP Myanmar) က ဖော်ပြခဲ့ပါတယ်။
ဒီနယ်စပ်ဂိတ်ကို ၂၀၂၅ ခုနှစ် မတ်လကတည်းက ကိုးကန့်တပ်က ပြန်ဖွင့်ခဲ့ပေမယ့် တရုတ်ဘက်က မဖွင့်ခဲ့တာကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ကာလအတန်ကြာ ရပ်တန့်ခဲ့ရပါတယ်။
တရုတ်က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း ရှမ်းမြောက်မှာ စစ်တပ်နဲ့ မြောက်ပိုင်းညီနောင်တပ်တို့ တိုက်ပွဲပြင်းထန်ချိန် ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ကုန်သွယ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ခဲ့ပါတယ်။
၂၀၂၆ နှစ်စပိုင်းမှာတော့ မြန်မာက ချင်းရွှေဟော်ဂိတ်ကနေ တရုတ်ကို ကုန်တင်ယာဉ်အစီးရေ ၂၀၀ ကျော်နေ့စဉ်ထွက်ခွာပြီး ကုန်တင်ပို့ရတဲ့အထိ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်သွားပြီဖြစ်ပါတယ်။
ကိုးကန့်ထိန်းချုပ် ချင်းရွှေဟော်ဂိတ်ကနေ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးပြန်စနေပြီဆိုပေမယ့် တရုတ်ကနေ မြန်မာပြည်ထဲ စစ်ဘက်သုံးပစ္စည်းတွေ ကုန်သွယ်မှုမရှိအောင် စောင့်ကြပ်စစ်ဆေးနေတယ်လို့ ကုန်သည်တချို့က ဘီဘီစီကိုပြောပါတယ်။
"စစ်ဘက်သုံးတဲ့ ဦးထုပ်တို့ ဖိနပ်တို့ ကားပေါ် ပါမပါ ပိုက်စိပ်တိုက်စစ်ဆေးတယ်" လို့ လို့ကုန်သည်တစ်ဦးက ရှင်းပြပါတယ်။
တော်လှန်ရေးတပ်တချို့အနေနဲ့ တရုတ်ဘက်က အထည်ချုပ်စက်ရုံတချို့က ဈေးသက်သာတဲ့အတွက် စစ်ဘက်သုံးပစ္စည်းတွေ အော်ဒါမှာချုပ်ခိုင်းပြီး တရုတ်ကနေ မြန်မာဘက်ပြန်သယ်တာတွေ လုပ်ခဲ့ဖူးတာကြောင့် အခုလို တရုတ်ဘက်က စောင့်ကြည့်စစ်ဆေးနေတာလို့ သူကရှင်းပြပါတယ်။
ဒါ့အပြင် သိန္နီ-ချင်းရွှေဟော်လမ်းပေါ်မှာရှိတဲ့ ကွမ်လုံကြိုးတံတားသစ်ကိုလည်း ၂၀၂၅ ဒုတိယနှစ်ဝက်ထဲမှာ ကိုးကန့်က ဆောက်လုပ်ဖွင့်လှစ်ခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အရင်ကထက် ပိုချောမွေ့ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ချင်းရွှေဟော်ကုန်သွယ်လမ်းကြောင်းအတွက် အရေးပါတဲ့ သိန္နီမြို့ကိုလည်း ကိုးကန့်က ၂၀၂၆ ခုနှစ်အထိ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ဂိတ်ပြန်လည်ပတ်နေပေမယ့် မြောက်ပိုင်းညီနောင်ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင် နယ်စပ်ဂိတ်ကတော့ ၂၀၂၆ ဇန်နဝါရီပထမအပတ်အထိ အရင်လိုပြန်လည်ပတ်နိုင်တာ မတွေ့ရပါဘူး။
မျက်စိကျခံရတဲ့ သိန္နီ
တရုတ်ကြားဝင်မှုကြောင့် စစ်တပ်နဲ့ ကိုးကန့်တပ်အပစ်ရပ်ပြီးနောက် စစ်တပ်က လားရှိုးမြို့ကို ပြန်ရခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာလည်း နယ်စပ်ကုန်သွယ်လမ်းကြောင်းအတွက် အရေးပါတဲ့ သိန္နီမြို့က နှစ်ဖက်တပ်အတွက် မျက်စိကျစရာဖြစ်လာပါတယ်။
စစ်တပ်ကလည်း ကိုးကန့်လက်ထဲကနေ သိန္နီမြို့ပြန်ရရေးအတွက် ကိုးကန့်ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။
ကိုးကန့်တပ်အနေနဲ့ သိန္နီမြို့ပြန်မပေးရရေးအတွက် ကိုးကန့်တပ်နဲ့ တရုတ်ကြား သီးသန့်ဆွေးနွေးပွဲတချို့ ၂၀၂၅ ခုနှစ်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။
ကိုးကန့်ရဲ့သိန္နီမြို့ကို အုပ်ချုပ်တဲ့အပေါ် လူထုသဘောထားနဲ့ မြို့အုပ်ချုပ်ရေးအပိုင်းမှာ စနစ်တကျလည်ပတ်မှုရှိမရှိကိုလည်း တရုတ်နဲ့ သီးသန့်ဆွေးနွေးပွဲတွေမှာ ချပြဆွေးနွေးခဲ့ကြတယ်လို့ ကိုးကန့်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ထုတ်ပြောထားပါတယ်။
အဲဒီဆွေးနွေးပွဲတွေကတဆင့် ကိုးကန့်ရဲ့ထိန်းချုပ်မြို့တွေ စစ်တပ်ဘက်က ဆက်မတောင်းဖို့အတွက် တရုတ်က အသိပေးနားချမယ်ဆိုတဲ့ ရလဒ်ထွက်လာတဲ့အထိ ကိုးကန့်နဲ့ တရုတ်ဆွေးနွေးပွဲက အောင်မြင်ခဲ့တယ်လို့ သူက ပြောပါတယ်။
တစ်ဖက်မှာလည်း ကိုးကန့်က သိန္နီခရိုင်ထဲမှာ ချင်းရွှေဟော်နဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးအတွက်ဆိုပြီး ကိုးကန့်တပ်ရဲ့ အခွန်ဌာနက စစ်ဆေးရေးဂိတ် ၆ ခုအထိ ဖွင့်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကုန်စည်တွေ ၂၄ နာရီ ဖြတ်သန်းကုန်သွယ်နိုင်အောင် ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။
အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး
ကိုးကန့်တပ်(MNDAA) က အထူးဒေသ ၁ ထဲမှာပါတဲ့ ခရိုင် ၄ ခုထဲက သိန္နီ၊ မုံးကိုးနဲ့ လောက်ကိုင်ခရိုင်တို့က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပိုင်းတွေကို ကိုးကန့်တပ်ကပဲ ချုပ်ကိုင်ထားတာဖြစ်ပါတယ်။
ကွတ်ခိုင်ခရိုင်ထဲမှာတော့ ကိုးကန့်အပြင် တအာင်းတပ်(TNLA)နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) တို့လည်းရှိနေတာကြောင့် ကိုးကန့်အနေနဲ့ နယ်မြေအကန့်အသတ်နဲ့သာထိန်းချုပ်ရပြီး ပြည့်ပြည့်ဝဝ မထိန်းချုပ်နိုင်ဘူးလို့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
ကျန်တဲ့ ခရိုင် ၃ ခုမှာတော့ ကိုးကန့်က အုပ်ချုပ်ရေးအပြင် တရားစီရင်ရေးအပိုင်းတွေမှာပါ ကြပ်ကြပ်မတ်မတ်ကိုင်တွယ်နေတာကို ကိုးကန့်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းအပြီးမှာပဲ ကိုးကန့်တပ်(MNDAA) က သူ့ရဲ့ထိန်းချုပ်နယ်မြေတွေထဲက ပြစ်မှုကျူးလွန်တဲ့သူတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်တဲ့အပြင် သေဒဏ်စီရင်တာတွေလည်း လုပ်ခဲ့ပါတယ်။
လောက်ကိုင်၊ မုံးကိုးနဲ့ သိန္နီအပြင် စစ်တပ်လက်ထဲ ပြန်ပေးလိုက်ရတဲ့ လားရှိုးမြို့တွေထဲမှာ သေဒဏ်စီရင်တာတွေ လုပ်ခဲ့တာပါ။
လောက်ကိုင်မှာတော့ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတုန်းက ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံရသူ ၆ ဦးကို မြို့လယ်ခေါင်က လူထုရှေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
ကိုးကန့်ထိန်းချုပ်တဲ့ မုံးကိုးမြို့မှာလည်း လူသတ်မှုကျူးလွန်တဲ့သူ ၃ ဦးကို မြို့ရဲ့ အားကစားကွင်းမှာ ၂၀၂၅ ခုနှစ်ထဲမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရတဲ့သူတွေကို ပြစ်ဒဏ်မစီရင်ခင် ကားနဲ့ မြို့တွင်းလှည့်လည်ပြသတာတွေလုပ်ခဲ့ပြီးမှ ပစ်ခတ်စီရင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၅ တစ်နှစ်တည်းမှာပဲ သိန္နီခရိုင်ထဲက လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ ဓားပြမှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ၇ ဦးကို စီရင်ချက်အသီးသီးချခဲ့ပြီး အဲဒီထဲက ၃ ဦးကတော့ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။
သေဒဏ်ချမှတ်ခံခဲ့ရတဲ့အထဲမှာ ကိုးကန့်တပ်သားတစ်ဦးနဲ့ ကျေးရွာကော်မတီဝင် ၁ ဦးလည်း ပါဝင်တယ်လို့ ကိုးကန့်က ထုတ်ပြန်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက် ကိုးကန့်တပ်က အထူးဒေသ ၁ ရဲ့ အုပ်ချုပ်ရေးတွေစီမံဖို့အတွက် နိုင်ငံရေးကေဒါသင်တန်းတွေကို အဆက်အပြတ်ဖွင့်လှစ်ပြီး သင်တန်းပို့ချနေပါတယ်။
အထူးဒေသ ၁ ရဲ့ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုသင်တန်း ကေဒါ အပတ်စဉ် ၄ အထိ သင်တန်းဆင်းထားတယ်လို့ သင်တန်းဆင်းပွဲကျင်းပတဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်မှာပဲ ကိုးကန့်က ထုတ်ပြန်ပါတယ်။
အထူးဒေသ ၁ အနေနဲ့ စစ်ပြီးကာလ ပြန်လည်တည်ဆောက်ရေးအဆင့်ကနေ အုပ်ချုပ်ရေးနဲ့ ဖွံ့ဖြိုးရေးအဆင့်သစ်ကို ကူးပြောင်းရောက်ခဲ့ပြီလို့လည်း သင်တန်းဆင်းပွဲမှာ ကိုးကန့်တပ်ရဲ့ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဗိုလ်မှူးချုပ် ကျင်းရှင်းက ပြောပါတယ်။
ကေဒါသင်တန်းဟာ စစ်ရေးအခြေအနေတွေကို သုံးသပ်ပြီး အနာဂတ်မှာလည်း မဟာဗျူဟာကျကျ စီစဉ်ဆောင်ရွက်နိုင်မယ့် ခြေလှမ်းဖြစ်သလို အနာဂတ်ရဲ့ ရှုပ်တွေးတဲ့ စစ်ပွဲတွေကို ရင်ဆိုင်ပြီး အောင်ပွဲခံနိုင်မယ့် အင်အားတစ်ရပ်ဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး ကေဒါသင်တန်းကို စတင်ခဲ့တာလို့ ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်မှာ ကိုးကန့်က ထုတ်ပြောခဲ့ပါတယ်။
ကျန်းမာရေးနဲ့ ပညာရေး
ကိုးကန့်ရဲ့ အထူးဒေသ ၁ ထဲက ခရိုင် ၄ ခုအောက်မှာ တိုက်နယ်ဆေးရုံနဲ့ ဆေးပေးခန်းအပါအဝင် ဆေးရုံ ၁၀ ရုံထက်မနည်းကို အထူးဒေသ ၁ ရဲ့ ကျန်းမာရေးဌာနက ဦးဆောင်လည်ပတ်နေတယ်လို့ ကိုးကန့်ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အထူးဒေသ ၁ အောက်က ကွမ်လုံ၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ လောက်ကိုင်၊ သိန္နီနဲ့ နောင်မွန် စတဲ့ဒေသတွေမှာ ဆေးရုံတွေရှိပြီး လောက်ကိုင်၊ သိန္နီနဲ့ ကွမ်လုံဒေသက ဆေးရုံတွေကတော့ ဆေးရုံကြီးတွေဖြစ်တယ်လို့ သူကဆိုပါတယ်။
လက်ရှိမှာ "ဆေးရုံတွေအကုန်လုံးကတော့ ပုံမှန်အတိုင်းလည်ပတ်နေပါတယ်"လို့ သူကဆိုပါတယ်။
၂၀၂၆ ဇန်နဝါရီပထမအပတ်မှာပဲ အထူးဒေသ ၁ အောက်က ဆေး၊ သူနာပြုနဲ့ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တို့ရဲ့ တွဲဖက်ဆေးရုံ၊ ဆေးပေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းနဲ့ အထောက်အကူပြုဝန်ထမ်းနေရာအပါအဝင် ရာထူးနေရာအများအပြားအတွက် အလုပ်ခေါ်ယူနေတဲ့အကြောင်း ကိုးကန့်က ကြေညာပါတယ်။
ကိုးကန့်ရဲ့ ကြေညာချက်ထဲမှာ ရုံးလုပ်ငန်းပိုင်းဆိုင်ရာဝန်ထမ်းနေရာတွေအပြင် ပညာရှင်အဆင့်ရာထူးတွေပါ ခေါ်ယူနေတာတွေ့ရပါတယ်။
တစ်ဖက်မှာလည်း သိန္နီမြို့နယ်ထဲမှာ ကိုးကန့်ရဲ့ ခရိုင်အုပ်ချုပ်ရေးအဆင့်ကနေ တာဝန်ယူပြီး ခုတင် ၂၀၀ ဆံ့တဲ့ ဆေးရုံနဲ့ ဈေးဝယ်စင်တာအဆောက်အအုံအသစ်ကို ဆောက်လုပ်နေတယ်လို့ သိန္နီဒေသခံတချို့က ပြောပါတယ်။
ဒီအဆောက်အအုံဆောက်လုပ်ဖို့အတွက် တရုတ်ကရင်းနှီးမြှုပ်နှံထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ဆေးရုံအသစ်ကတော့ သိန္နီမြို့ထဲက "ရပ်ကွက် ၁ ဈေးတန်းအရပ်၊ မြို့မဈေးထဲမှာ ဆောက်နေတဲ့ ဆေးရုံနဲ့ ဈေးဝယ်စင်တာပါ ပါတဲ့ ၃ ထပ်အဆောက်အအုံပေါ့။ အခုထိတော့ ဆောက်နေတုန်းပဲ၊ မပြီးသေးဘူး" လို့ ကိုးကန့်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ဇန်နဝါရီ ၈ ရက်မှာ ပြောပါတယ်။
ဒီဆေးရုံအသစ်မှာတော့ အထူးဒေသ ၁ လက်အောက်က တခြားဆေးရုံတွေနဲ့ မတူဘဲ ကိုးကန့်လူမျိုး ဆရာဝန်တွေကပဲ ကုသရေးဝန်ဆောင်မှုတွေကို လုပ်ပေးသွားမယ်လို့ သိရပါတယ်။
ကိုးကန့်တပ်က ကျန်းမာရေးကဏ္ဍနဲ့အတူ ပညာရေးကဏ္ဍကိုလည်း တိုးတက်အောင် တွဲဖက်ပြီးဆောင်ရွက်နေတယ်လို့ ကိုးကန့်တပ်ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အထူးဒေသ ၁ အောက်မှာရှိတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို ပြီးခဲ့တဲ့လပိုင်းကစပြီး ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင် စစ်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ သိန္နီ၊ မုံးကိုးနဲ့ ကွတ်ခိုင် စတဲ့ဒေသတွေထဲက ကျောင်းတွေကိုလည်း ပြုပြင်တည်ဆောက်ပြီးလို့ ကျောင်းတွေပြန်ဖွင့်နေပြီလို့ သူက ဖြည့်ပြောပါတယ်။
အထူးဒေသ ၁ ရဲ့ မြို့တော်လောက်ကိုင်ထဲက စာသင်ကျောင်းတွေမှာလည်း ပြီးခဲ့တဲ့ နှစ်သစ်ကူးတုန်းက အနုပညာစုံညီပွဲတော်အခမ်းအနား ကျင်းပခဲ့တဲ့ပုံရိပ်တွေကို ကိုးကန့်က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။
လောက်ကိုင်ရဲ့ မြို့တော်ဝန် ကျောင်းဂျီအာဖူလည်း အဲဒီအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။
မစ္စတာ ကျောင်းဂျီအာဖူကတော့" ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကောင်းမွန်တဲ့ ပညာသင်ကြားရေးဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ အစွမ်းကုန် ပံ့ပိုးကူညီသွားမယ်လို့လည်း အဲဒီအခမ်းအနားမှာ ကတိပေးခဲ့ပါတယ်။