မိုးကုတ် မိုးမိတ် ဘယ်သို့ ဘယ်ပုံ

တရုတ်ကြားဝင်မှုရလဒ်ဖြစ်တဲ့ စစ်တပ်နဲ့ တအာင်းတပ်(TNLA) တို့ရဲ့ အပစ်ရပ်သဘောတူညီချက်အရ TNLA က ထိန်းချုပ်ထားတဲ့ ပတ္တမြားမြေ(မိုးကုတ်) နဲ့ မိုးမိတ်မြို့တို့ကို စစ်တပ်လက်ထဲ လွှဲပေးရတော့မှာဖြစ်ပါတယ်။

ကိုးကန့်တပ် (MNDAA) က လားရှိုးမြို့ကို စစ်တပ်လက်ထဲ လွှဲပေးချိန် တရုတ်က စောင့်ကြည့်စစ်ဆေးခဲ့သလို မိုးကုတ်အခြေအနေကိုလည်းတရုတ်က စောင့်ကြည့်နေတယ်လို့ ရှမ်းမြောက်အရေးလေ့လာသူတချို့က ပြောပါတယ်။

စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီချက်ထွက်ပြီးနောက်မှာပဲ လွှဲပြောင်းရေး လုပ်ငန်းစဉ်ရေးအတွက် မိုးကုတ်၊ မိုးမိတ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေနဲ့ ဒေသအခြေစိုက်တပ်တွေကို TNLA က တွေ့ဆုံခဲ့ပါတယ်။

TNLA နဲ့ အတူပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်တချို့ကတော့ မြို့တွေ စစ်တပ်လက်ထဲမပေးရရေး ဆက်ကာကွယ်သွားမယ်ဆိုပြီး ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ကြတာပါ။

TNLA နဲ့ တော်လှန်ရေးတပ်တချို့ရဲ့ တွေ့ဆုံပွဲတွေမှာ မြို့တွေ ဆုတ်ရေး၊ ထိန်းရေး၊ လွှဲရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအချက်တွေကို TNLA ကိုင်စွဲပြီး ညှိနှိုင်းဆွေးနွေးခဲ့ပါသလဲ။

ဘယ်အဖွဲ့တွေနဲ့ ဆွေးနွေးခဲ့လဲ

တအာင်းတပ်(TNLA)က သူ့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာပဲ မိုးကုတ်အခြေပြုလှုပ်ရှားတဲ့ တပ်ဖွဲ့ ၅ ဖွဲ့ထက်မနည်းကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ TNLA နဲ့ တွေ့ဆုံခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ ၂ ခုက ဘီဘီစီကို အတည်ပြုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF)၊ မိုးကုတ်ဗျူဟာ၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ အမှတ် ၅၁၃ တပ်ရင်းနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) အပါအဝင် မိုးကုတ်အခြေပြုလှုပ်ရှားနေတဲ့ တပ်တချို့နဲ့ နှစ်နေရာ ခွဲပြီး တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

TNLA နဲ့တွေ့ဆုံခဲ့တဲ့ တပ်တချို့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံတပ်ရင်းတွေဖြစ်သလို တချို့တပ်တွေကတော့ MOD ရဲ့ စစ်ရေးကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲတွေကို TNLA ရဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်နဲ့ စစ်ဦးစီးချုပ် တားဟိုပလန်တို့က ဦးဆောင်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။

အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးတော့ "နမ့်ဆန်မှာ အဖွဲ့တချို့နဲ့တွေ့တယ်။ တချို့အဖွဲ့တွေကိုတော့ နမ္မတူကို ခေါ်တွေ့တယ်" လို့ ဘီဘီစီကို နိုဝင်ဘာ တတိယအပတ်ထဲမှာ ပြောပါတယ်။

TNLA နဲ့ တွေ့ဆုံခဲ့တဲ့ အဖွဲ့တွေထဲက မိုးကုတ်(ပကဖ)၊ မိုးကုတ်ဗျူဟာ နဲ့ MDY PDF တပ်ဖွဲ့ စတဲ့ အဖွဲ့တွေကတော့ TNLA နဲ့ စစ်တပ်တို့ အပစ်ရပ်ပြီးနောက်မှာပဲ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ဆက်ပြီးကာကွယ်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

TNLA က ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်တာနဲ့ ထိုးစစ်ဆင်တာတွေမလုပ်ဖို့ မိုးကုတ်နဲ့ မိုးမိတ်မြို့ စတဲ့ မြို့ ၂ မြို့ကိုပြန်ပေးမယ်ဆိုတဲ့အချက်နဲ့ စစ်တပ်နဲ့ အပစ်ရပ်သဘောတူခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ TNLA က မိုင်းလုံ၊ မိုင်းငေါ့၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တို့ကို သိမ်းပိုက်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လမှာ စတင်ခဲ့တဲ့ "ရှမ်း-မန်းစစ်ဆင်ရေး"လို့ခေါ်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းမှာတော့ TNLA က ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့တို့ကို ထိန်းချုပ်ခဲ့ပါတယ်။

စစ်တပ်နဲ့ TNLA တို့ အပစ်ရပ်သဘောတူညီချက်ထွက်မလာခင် လပိုင်းအတွင်းမှာပဲ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့ကို စစ်တပ်က ပြန်ပြီး ထိန်းချုပ်ခဲ့ပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်အပါအဝင် စစ်တပ်ထိန်းချုပ်မှုအောက်ရောက်သွားတဲ့ မြို့တွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ TNLA နဲ့ ပူးပေါင်းတပ်တွေထိန်းချုပ်ခဲ့တဲ့ မြို့တွေဖြစ်ပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဇွန်နောက်ဆုံးအပတ်မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။

မိုးမိတ်မြို့ကိုတော့ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်မှာ TNLA နဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်ထိန်းချုပ်ခဲ့ပါတယ်။

ဘာတွေဆွေးနွေးခဲ့လဲ

TNLA ဘက်က ဆွေးနွေးပွဲမှာ စစ်တပ်ကို မြို့တွေပြန်လွှဲရေးလုပ်ငန်းစဉ် အဆင်ပြေအောင် တော်လှန်ရေးတပ်တွေဘက်က ကူညီကြဖို့ စကားစခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် TNLA က ရှမ်းမြောက်တိုက်ပွဲတွေအတွင်း ကူညီထောက်ပံ့ပေးထားတဲ့ လက်နက်ဆိုင်ရာကိစ္စတွေကိုလည်း ဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဘီဘီစီဆက်သွယ်မေးမြန်းခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ ၂ ခုက ထုတ်ပြောပါတယ်။

တော်လှန်ရေးတပ်တချို့ဆီ "TNLA ဘက်က ငှားရမ်းထားတဲ့ လက်နက်တွေကို အပိုင်လွှဲပေးတယ်လို့ အသိပေးတယ်" ဆိုပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်နက်ငှားရမ်းမှုနဲ့ ပတ်သက်လို့ "အရင်တုန်းကတော့ ငှားထားတာပါဆိုတာမျိုး အတိအကျပြောခဲ့တာ၊ အခုကျတော့ အပိုင်ပေးတယ်ဆိုပြီး ချွေးသိပ်တဲ့သဘောပေါ့" လို့ သူက ဆက်ပြောပါတယ်။

အလားတူ စစ်ကော်မရှင်တပ်တွေကို မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲ ခေါ်သွင်းလာချိန်မှာလည်း တော်လှန်ရေးတပ်တွေအနေနဲ့ တိုက်ခိုက်မှုတွေ မလုပ်ဖို့ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့တယ်လို့ မိုးကုတ်အခြေစိုက် တပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်ကို မြို့ထဲခေါ်သွင်းလာတဲ့အချိန် တော်လှန်ရေးတပ်တွေ ရှိရမယ့်နေရာကိုလည်း ဆွေးနွေးပွဲမှာ TNLA က ထုတ်ပြောခဲ့တယ်လို့ သူက ဖြည့်ပြောပါတယ်။

စစ်တပ်ပြန်ဝင်လာတဲ့အချိန် တော်လှန်ရေးတပ်တွေကို မြို့အပြင် ပွိုင့်ကုန်းတွေမှာပဲ နေရာယူခိုင်းစေချင်တယ်လို့ TNLA က ပြောတဲ့အကြောင်း သူက ဖွင့်ပြောပါတယ်။

ဆိုလိုရင်းကတော့ စစ်တပ်နဲ့ TNLA တို့ရဲ့ သဘောတူညီသတ်မှတ်ထားတဲ့ ရက်အတွင်း မြို့အလွှဲအပြောင်း လုပ်ငန်းစဉ်တွေပြီးမှ တိုက်ပွဲပြန်ဖော်စေချင်တဲ့ သဘောလို့ သူက ဆက်ရှင်းပြပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာပဲ TNLA က စစ်တပ်ကို မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲ ခေါ်သွင်းလာမှာဖြစ်ပြီး လုံခြုံရေးအနေနဲ့ ၂ ရက်အထိ စောင့်ကြပ်ပေးမယ့်အကြောင်းကိုလည်း ထပ်ပြီးအသိပေးခဲ့တယ်လို့ သူက ထပ်ပြောပါတယ်။

TNLA နဲ့ တွေ့ဆုံခဲ့တဲ့အဖွဲ့ထဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) လည်းပါဝင်ပြီး နိုဝင်ဘာ ၁ ရက်၊ နမ့်ဆန်မြို့မှာတွေ့ခဲ့တယ်လို့ PLA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပြောပါတယ်။

PLA ဟာ မိုးကုတ်နဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေမှာ TNLA နဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ မတ္တရာတိုက်ပွဲတွေမှာလည်း တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပါဝင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်ကတော့ TNLA နဲ့ တွေ့ဆုံမှုမှာ TNLA ဘက်က ကြုံတွေ့နေရတဲ့ အဖက်ဖက်က အခက်အခဲအကျပ်အတည်းတွေကို ရှင်းပြခဲ့တယ်လို့ ဘီဘီစီကို နိုဝင်ဘာ ၁၉ ရက်မှာပြောပါတယ်။

"စစ်တပ်ရဲ့ လေကြောင်းဖိအားပေးတိုက်ခိုက်ခံရတာတွေရှိတယ်။ ဘယ်နယ်မြေက လူထုထိထိ၊ လူထုက လူထုပါပဲ။ နောက်ပြီး တရုတ်ဖိအားတွေလည်း ရှိတယ်။ တောင့်မခံနိုင်တော့တဲ့အဆုံး အပစ်ရပ်လိုက်ရတာပေါ့" လို့ ရဲဘော် နီနီကျော်က ပြောပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က ဒေသတွေကို စစ်တပ်က လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်တာတွေ အကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်လို့ လအလိုက် သတင်းစာရှင်းလင်းပွဲတွေမှာ TNLA က ဖော်ပြခဲ့ပါတယ်။

မိုးကုတ်မြို့ကတော့ ဒီနှစ်လယ်ပိုင်းမှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို မကြာခဏကြုံခဲ့ရသလို အဲဒီတိုက်ခိုက်မှုကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ကလည်း ၁၀၂၇ စစ်ဆင်ရေးတွေအတွင်း TNLA ရဲ့ ထိန်းချုပ်နယ်မြေတွေထဲ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်အောင် နယ်စပ်ကုန်သွယ်ဂိတ်တွေကို ပိတ်ပစ်ခဲ့ပြီး ကုန်တင်သွင်း၊ တင်ပို့တာတွေကိုလည်း ကန့်သတ်ခဲ့ပါတယ်။

အလားတူ တရုတ်ကြားဝင်မှုကြောင့် စစ်တပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ရဲ့ အပစ်ရပ်သဘောတူညီချက်ထွက်လာပြီးနောက်ပိုင်းမှာလည်း ကိုးကန့်တပ်အနေနဲ့ TNLA အပါအဝင် မဟာမိတ်တပ်တွေကို စစ်ရေးအရ ကူညီခွင့်မရှိတော့တာကြောင့် လက်နက်ခဲယမ်းနဲ့ စစ်ရေးဖော်ဆောင်တဲ့ အပိုင်းတွေမှာ ပိုပြီးအကျပ်ရိုက်ခဲ့ရတယ်လို့ TNLA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က အစောပိုင်းကတည်းက ပြောခဲ့ပါတယ်။

မိုးကုတ်နဲ့ မိုးမိတ် ဘာဆက်ဖြစ်နေလဲ

စစ်တပ်အနေနဲ့ မိုးကုတ်မြို့ကို ပြန်ပြီး လက်လွှဲထိန်းချုပ်မယ်ဆိုတာကြောင့် မိုးကုတ်ဒေသခံအများစု မြို့ကိုစွန့်ခွာပြီးတိမ်းရှောင်နေကြတယ်လို့ မိုးကုတ်ဒေသခံတချို့က ပြောပါတယ်။

စစ်တပ်ပြန်ဝင်လာတဲ့နောက်မှာ တိုက်ပွဲပြန်ဖြစ်လာမှာကိုစိုးရိမ်လို့ ပြောင်းရွှေ့နေကြတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ခံ ကားသမားတချို့ကတော့ မိုးကုတ်ကနေ မန္တလေးနဲ့ လားရှိုးဘက်ကို ရွေ့ပြောင်းနေကြတာလို့ ပြောပါတယ်။

"ပြောင်းရွှေ့နိုင်တဲ့ ငွေအင်အားရှိတဲ့သူတွေကတော့ ပြောင်းကုန်ကြပြီ။ မရွှေ့နိုင်၊ မရွှေ့ချင်ဘဲ ဆက်နေချင်တဲ့ ဒေသခံတွေလည်းရှိတယ်" လို့ ကားသမားတစ်ဦးက ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီပြီးနောက် TNLA ရဲ့ ခရိုင်အဆင့် အုပ်ချုပ်ရေးအဖွဲ့ကနေ မိုးကုတ်မြို့ပေါ်ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးတွေကိုလည်း ခေါ်ယူတွေ့ဆုံတာတွေလုပ်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတချို့နဲ့ နီးစပ်သူတစ်ဦးက အစောပိုင်းကတည်းက ပြောထားပါတယ်။

အဲဒီတွေ့ဆုံပွဲကနေ TNLA က တပ်တွေနဲ့ ဌာနဆိုင်ရာ အဖွဲ့ဝင်တွေ မိုးကုတ်မြို့ကနေ နိုဝင်ဘာ တတိယအပတ်မှာ ဆုတ်ခွာမယ်ဆိုပြီး အသိပေးခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ TNLA တပ်တွေကတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲမှာ ဆက်ရှိနေပြီး ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုတွေကတော့ စတင်ပြောင်းရွှေ့နေပြီလို့ မြို့ခံတချို့က ပြောပါတယ်။

ဒါပေမဲ့ မိုးကုတ်မြို့ထဲက ဂေါက်ကွင်းအပါအဝင် ကျောက်လုပ်ကွက်တချို့မှာ TNLA က ကျောက်တူးတာတွေ ဆက်လုပ်နေတုန်းပဲလို့ ကျောက်လုပ်ကွက်မှာ တူးဖော်ရေးလုပ်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"တစ်ရက်ကို ဗြုန်း ၁၀ အိတ်တူးလို့ရရင် သူတို့(TNLA) ကို ၇ အိတ်ပေးရတယ်။ တူးတဲ့သူက ၃ အိတ်ပဲရတယ်" လို့ ဘီဘီစီကို နိုဝင်ဘာ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်နဲ့ အပစ်ရပ်ပြီးနောက်ပိုင်းမှာတော့ TNLA က ဒေသခံတချို့ကိုပါ ရတနာတွင်းတချို့မှာ ကျောက်တူးခွင့်ပြုထားတယ်လို့ မိုးကုတ်မြို့ခံ လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"ကျောက်ဆက်တူးနေတယ်။ လုပ်ငန်းတွေကို အခွန်ကောက်ခံတာတွေ လည်း ဆက်လုပ်နေတုန်းပဲ"လို့ သူက ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲနောက်ဆက်တွဲ

မိုးကုတ်မြို့နယ်ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ TNLA တပ်တွေအနေနဲ့‌ မိုးကုတ်ဒေသက တပ်မဟာတွေကို နိုဝင်ဘာ တတိယအပတ်အတွင်း ရွှေ့ပြောင်းနေရာချတာတွေ လုပ်လာတယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးတပ်တွေ နေရာယူထားတဲ့ ဗျူဟာကုန်းတွေဆိုလည်း သူတို့(TNLA) က အင်အားများများနဲ့ လိုက်ထိုင်နေတာတွေရှိတယ်" လို့ သူက ဆက်ပြောပါတယ်။

ဒီလိုတပ်မဟာ အရွှေ့အပြောင်းလုပ်တာတွေအပြင် တော်လှန်ရေးတပ်တွေ တပ်စွဲတဲ့နေရာတချို့ကို အင်အားပိုတိုးချပြီး တပ်စွဲတာမျိုးလုပ်လာတာက TNLA အနေနဲ့ တော်လှန်ရေးတပ်တွေကို စောင့်ကြည့်ပြင်ဆင်နေပုံရတယ်လို့ သူက ထောက်ပြပါတယ်။

မိုးမိတ်မြို့မှာတော့ TNLA တပ်ရဲ့ အင်အားတချို့ မြို့ထဲကနေ ဆုတ်ခွာတာတွေ စလုပ်နေပြီလို့ မိုးမိတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပြောပါတယ်။

မိုးမိတ်မြို့နယ်ထဲမှာ ဒေသအခြေစိုက်တပ်တွေအပြင် TNLA၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA၊ PLA အဖွဲ့တွေအပြင် NUG တပ်ရင်းတွေ စတဲ့ အဖွဲ့ပေါင်းစုံလှုပ်ရှားနေတာဖြစ်ပါတယ်။

ရှမ်းမြောက် စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ "မိုးမိတ်ကတော့ တပ်ပေါင်းစုံလှုပ်ရှားနေတာဖြစ်တယ်၊ TNLA အနေနဲ့ စစ်တပ်ကို ခေါ်သွင်းလာမယ်ဆိုရင် မိုးကုတ်ထက် ပိုပြီး ခက်ခဲနိုင်တယ်" လို့မှတ်ချက်ပြုပါတယ်။

တစ်ဖက်မှာလည်း မိုးကုတ်အခြေပြုတပ်တွေကို TNLA က ခေါ်ယူတွေ့ဆုံတာတွေ လုပ်ပြီးနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ မိုးကုတ်ကနေ ဆုတ်ရမယ့် အခြေအနေတွေ မြင်လာရတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်းရှိလာပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေလုပ်တဲ့ ရက်ပိုင်းအတွင်းမှာပဲ TNLA က စစ်တပ်နဲ့ လားရှိုးမြို့မှာ ထပ်မံတွေ့ဆုံခဲ့ပါတယ်။

အပစ်ရပ်လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ ထပ်မံတွေ့ဆုံကြတာဖြစ်ပြီး "မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကနေ ဘယ်လိုဆုတ်မယ်၊ စစ်တပ်က ဘယ်လိုဝင်မယ်" ဆိုတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြတာလို့ TNLA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဖွင့်ပြောပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကလည်း အဖွဲ့ဝင် ၈ ဦးပါတဲ့ "မိုးကုတ်၊ မိုးမိတ် စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့"ကို နိုဝင်ဘာလထဲမှာပဲ ဖွဲ့စည်းလိုက်တယ်လို့ MOD နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီစစ်ဦးစီးအဖွဲ့ကနေ မိုးမိတ်၊ မိုးကုတ်မြို့နဲ့ပတ်သက်ပြီး ဘယ်လိုဆက်ပြီးဆောင်ရွက်မလဲဆိုတာကိုတော့ ဘီဘီစီက NUG ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

PLA ကတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို ဆက်ပြီးကာကွယ်မယ့်အခြေအနေနဲ့ ပတ်သက်လို့ တစ်ဖက်အဖွဲ့ရဲ့ အခြေအနေနဲ့ လူထုအခြေအနေကို စောင့်ကြည့်ပြီး မီးစင်ကြည့်ကဖို့ လိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အလားတူ မြေပြင်မှာ တိုက်ပွဲဖော်ဆောင်မယ်ဆိုရင် စစ်ရေးဗျူဟာတွေ ကြိုတင်ချမှတ်ဖို့လိုသလို မြန်မာစစ်တပ်ရဲ့ သာလွန်နည်းပညာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လာမယ့်အခြေအနေတွေကိုလည်း တွေးဆထားဖို့ လိုတဲ့အကြောင်း သူကပြောခဲ့ပါတယ်။

ဒါပေမဲ့ PLA အပါအဝင် ဘီဘီစီဆက်သွယ်ခဲ့တဲ့ နောက်ထပ်မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ကိုလည်း မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲ စစ်တပ်ပြန်ဝင်လာမယ့်အခြေအနေနဲ့ပတ်သက်လို့ တိုက်ပွဲဖော်မလား၊ ဆုတ်မှာလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီမေးခွန်းကိုတော့ PLA နဲ့ တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ဖြေဆိုဖို့ ငြင်းခဲ့ပါတယ်။

"မြို့တွေကို ကာကွယ်မယ်လို့ ပြောတာက စကားလည်းလှသလို အားပေးတဲ့အနေနဲ့ လွယ်တယ်။ တကယ်မကာနိုင်ဘဲနဲ့ ပြောရင် တိုက်ပွဲဖိအားတွေကို လူထုက ခါးစီးခံရလိမ့်မယ်" လို့ ရဲဘော်နီနီကျော်က ပြောပါတယ်။