နယ်စပ်ကနေ မြန်မာကိုပို့တဲ့သွင်းကုန်တွေကို တရုတ်ပိတ်တာဘာကြောင့်လဲ

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ တစ်ခုတည်းသော လက်ကျန်ဂိတ် ကျိုင်းတုံ - မိုင်းလား ဂိတ်ကနေ တရုတ်ပစ္စည်းတွေ မြန်မာဘက် တင်သွင်းတာကို တရုတ်ဘက်က ပိတ်လိုက်တာကြောင့် မြန်မာကုန်သည်တွေကြားမှာ ကုန်သွယ်ရေးအကျပ်အတည်းဆက်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

မြန်မာဘက်ကနေ တရုတ်ဘက်ခြမ်းကို တင်ပို့နေတဲ့ ဆန်စပါးအပါအဝင် လယ်ယာထွက်ကုန်တွေကိုတော့ တရုတ်ဘက်ကို ဆက်ပြီးတင်ပို့ခွင့်ပေးထားသေးတယ်လို့ မိုင်းလားနယ်စပ်ကုန်သွယ်ရေးလုပ်နေတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

“အခုက တရုတ်ကနေ မြန်မာဘက်ပို့တာကိုပိတ်တာပေါ့။ ဒါပေမဲ့ ဂိတ်ပါပိတ်ချပြီး မြန်မာကနေ ပို့တာတွေကိုပါ ပိတ်မလားတော့ စောင့်ကြည့်ရဦးမှာပဲ” လို့ သူကပြောပါတယ်။

တကယ်တော့ မြန်မာဘက်ကို တင်သွင်းနေတဲ့ တရုတ်ဘက်ကကုန်လမ်းကြောင်းကို ပိတ်မယ်ဆိုတဲ့သတင်းက အစောပိုင်းကတည်းက ထွက်ပေါ်နေတာပါ။

အောက်တိုဘာ ၂၆ ရက်မှ စပိတ်မယ်လို့ သိထားပေမဲ့ ၂၂ ရက်နေ့မှာ အကုန်ရပ်တန့်သွားတာလို့ ကုန်သည်တချို့ကပြောပါတယ်။

တရုတ်ဘက်က သွင်းကုန်တွေပိတ်တဲ့အထဲမှာ မြန်မာမှာအဓိကမှီခိုအသုံးပြုနေကြတဲ့ အိမ်သုံးပစ္စည်း၊လူသုံးကုန်၊ဆေးဝါး၊လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ်နဲ့ဆိုလာအပါအဝင် ဘိလပ်မြေလိုအိမ်ဆောက်ပစ္စည်းတွေ ပါဝင်နေပါတယ်။

နယ်စပ်ကလက်နက်ကိုင်တပ်တွေအပေါ် တရုတ်ပေးတဲ့ဖိအားလား

တရုတ်- မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို တရုတ်ဘက်က ဖိအားပေးမှုတွေ ဆက်တိုက်ပြုလုပ်လာချိန်မှာအခုလို နယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကပိတ်လာတာပါ။

ဒါကြောင့် အခုလို တရုတ်နဲ့ထိစပ်နေတဲ့ လက်နက်ကိုင်တပ်တွေရဲ့ နယ်မြေတွေက နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်လိုက်တာက လက်နက်ကိုင်တပ်တွေကို ဖိအားပေးတာလို့ အကဲခတ်တွေက ကောက်ချက်ချပါတယ်။

တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်တပ်တွေအနေနဲ့ စီးပွားရေး၊ငွေကြေးစနစ်၊ရိက္ခာ၊ဆေးဝါး နဲ့ လောင်စာဆီတွေရရှိဖို့အတွက် တရုတ်နိုင်ငံကို အဓိက အားထားနေခဲ့ရပါတယ်။

တရုတ်နဲ့ နယ်နိမိတ်ထိစပ်မှုအနည်းအများအပေါ်မူတည်ပြီး မှီခိုအားထားရတာချင်းလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကွာခြားပါတယ်။

နယ်စပ်မျဉ်းတလျှောက်ထိစပ်နေတဲ့ကိုးကန့်တပ်ကတော့ လျှပ်စစ်မီး၊ ရေ နဲ့ သုံးငွေကအစ တရုတ်နိုင်ငံအပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။

ကိုးကန့်တပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မပူးပေါင်းဘူးလို့ထုတ်ပြန်တာ၊ မြန်မာစစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်တွေကို ထိုးစစ်မဆင်တော့ဘူးလို့ ထုတ်ပြန်တာတွေက တရုတ် ဖိအားကို မြင်သာစေပါတယ်။

တအာင်းတပ် (TNLA) ကတော့ မြန်မာပြည်အလယ်ပိုင်းနဲ့ထိစပ်နေပြီး နယ်စပ်ဂိတ်လည်း တစ်ခုသာထိန်းချုပ်ထားနိုင်သေးတာမို့ တရုတ်ဖိအားကို ကိုးကန့်တပ်လောက်မခံရပါဘူး။

အာရက္ခတပ်တော် (AA) ကတော့ တိုက်ပွဲတွေကိုဝင်တိုက်ပေးနေပြီး ထိန်းချုပ်နယ်မြေက ရခိုင်မှာဖြစ်လို့ ဖိအားအနည်းဆုံး ဖြစ်ပါတယ်။

မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထဲမှာအင်အားအကြီးဆုံးဖြစ်တဲ့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကလည်း တရုတ်နဲ့ ရှည်လျားတဲ့ ထိစပ်မှုရှိပါတယ်။

ဝ ဟာ စီးပွားရေး၊ပညာရေး၊ ရေအားလျှပ်စစ် နဲ့ သတ္တုတွင်းလုပ်ငန်းတွေမှာ တရုတ်နဲ့ ဆက်သွယ်မှုကြီးကြီးမားမားရှိနေတာ ဖြစ်ပါတယ်။

အစစအရာရာမှီခိုနေရတဲ့အတွက် တရုတ်က နယ်စပ်ကလက်နက်ကိုင်တွေအပေါ် ဖိအားပေးမှု နဲ့ လွှမ်းမိုးမှုတွေ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအစပိုင်းမှာ နယ်စပ်ကလက်နက်ကိုင်တွေအပေါ် တရုတ်ရဲ့ ပြင်းထန်တဲ့ဖိအားပေးမှုကို မတွေ့ခဲ့ရပါဘူး။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအပြီးမှာတော့ တရုတ်နိုင်ငံက မြန်မာစစ်တပ်ဘက်က သိသိသာသာရပ်ပြပြီး နယ်စပ်ကလက်နက်ကိုင်တွေအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးပါတယ်။

သြဂုတ် ၂၇ ရက်မှာ လုပ်ခဲ့တဲ့ ပူအယ်အစည်းအဝေးမှတ်တမ်းက တရုတ်ရဲ့ မြောက်ပိုင်းအဖွဲ့တွေအပေါ် ဖိအားကို မြင်သာစေပါတယ်။

ဖြတ်ငါးဖြတ်လို့ တရုတ်ကသုံးနှုန်းပြီး လျှပ်စစ်ဖြတ်၊ ရေဖြတ်၊ အင်တာနက်ဖြတ်၊ ထောက်ပို့ဖြတ် နဲ့ လူအင်အားဖြတ် ဆိုတဲ့ ဖြတ်ငါးဖြတ်ကို ကိုးကန့်တပ်အပေါ် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနယ်စပ်မှာ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုကလည်း လက်နက်ကိုင်တွေကို သွယ်ဝိုက်ဖိအားပေးတဲ့သဘောလို့ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။

တရုတ်- မြန်မာနယ်စပ်က ကုန်သွယ်ရေးစခန်းတွေ

မိုင်ထောင်ကျော်ရှည်လျားတဲ့ တရုတ် - မြန်မာနယ်စပ်တစ်လျှောက်မှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်‌ရေးအတွက်အ‌ရေးပါတဲ့ ကုန်သွယ်စခန်း ၅ ခုရှိပါတယ်။

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုင်တည်နဲ့ ကျိုင်းတုံနယ်စပ်စခန်းတွေပါ။

ရန်ကုန် - မန္တလေး-လားရှိုး- မူဆယ်လမ်းကြောင်းပေါ်က မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်းနဲ့ လောက်ကိုင်ခရိုင်ထဲက ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုပမာဏအများဆုံး စခန်းဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) က ဒီအဓိကစခန်းကြီးနှစ်ခုကို ၁၀၂၇ စစ်ဆင်ရေးစတဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ က သိမ်းပိုက်လိုက်ချိန်မှာ စစ်ကောင်စီက ကချင်ဘက်ခြမ်းက လွယ်ဂျယ်နဲ့ ကန်ပိုက်တည်စခန်းတွေကို အားကိုးခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ဧပြီမှာ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ် - KIA က သိမ်းလိုက်ချိန်မှာတော့ စစ်ကောင်စီရဲ့ လွယ်ဂျယ် က တရုတ် - မြန်မာနယ်စပ်စခန်းလည်း ကုန်သွယ်ရေးရပ်တန့်သွားပါတယ်။

၂၀၂၄ စက်တင်ဘာနဲ့ အောက်တိုဘာထဲမှာ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်ထဲက စစ်ကောင်စီရဲ့ ပြည်သူ့စစ်လက်အောက်မှာရှိတဲ့ အထူးဒေသ(၁) ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်တွေကသိမ်းပြီး ကန်ပိုက်တီ(ကံပိုင်တည်) မြို့ကို ဆက်ပြီးထိုးစစ်ဆင်ချိန်မှာတော့ တရုတ်ဘက်က ကချင်- တရုတ် နယ်စပ်ဂိတ်တွေ အားလုံးကိုပိတ်လိုက်ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နဲ့ဆက်နေတဲ့ နယ်စပ်ဂိတ် ပေါက်ကိုတော့ တရုတ်ဘက်က ဖွင့်ထားပေမဲ့ လိုင်ဇာမြို့ဘက်ခြမ်းကို ကုန်စည်ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် မြို့ထဲမှာ ကုန်ပစ္စည်းတွေစျေးထိုး တက်နေတယ်လို့ လိုင်ဇာဒေသခံကပြောပါတယ်။

တရုတ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်ရှိတဲ့လိုင်ဇာမြို့နဲ့ ဆက်ထားတဲ့ နားပန်းနယ်စပ် ဂိတ်ကနေ အောက်တိုဘာလ ၁၉ ရက် ကတည်းက လူသုံးကုန်ပစ္စည်းတွေ ပေးမဖြတ်တော့တာပါ။

‘‘ဂိတ်က ဖွင့်ထားတုန်းပဲ။ ကုန်ပဲ ပေးမဖြတ်တော့တာ။ ကြက်ဥ တစ်ကဒ် စျေးဆို မြန်မာငွေ တစ်သောင်းခွဲ ကနေ အခု နှစ်သောင်းခွဲလောက် ဖြစ်သွားပြီ။ မြန်မာထဲက ပစ္စည်းအဝင်နည်းတာလည်း ကြာပြီ။ ဟင်းရွက်က အစ နယ်စပ်က တရုတ်တွေစိုက်တာ၊ လာရောင်းတာကိုပဲ စားရတာများတယ်’’ လို့ လိုင်ဇာ ဒေသခံတစ်ဦးက ပြောပါတယ်။

လိုင်ဇာမြို့မှာတော့ လိုင်ဇာကိုဝင်တဲ့ ဝိုင်းမော် - လိုင်ဇာလမ်း တကြောမှာတိုက်ပွဲတွေ ပြင်းထန်တဲ့ မတ်လကတည်းက မြန်မာပြည်တွင်းကနေ ကချင်-တရုတ်နယ်စပ်က လိုင်ဇာကို ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါးဖြစ်နေတာပါ။

ရှမ်းပြည်နယ်(အရှေ့) ဘက်မှာတော့ မိုင်းလား - တာလော့နယ်စပ်ဂိတ်ရှိပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ် - မြန်မာနယ်စပ်ဂိတ်အားလုံး ရပ်တန့်လုနီးဖြစ်တဲ့အချိန်မှာ ကျိုင်းတုံ-မိုင်းလားလမ်းကြောင်း တစ်ခုတည်းကသာ နယ်စပ်ကုန်သွယ်ရေးအတွက် အသက်ရှူပေါက်တစ်ခုဖြစ်ခဲ့တာပါ။

" ဂိတ်ရောက်လက်စ တချို့ကားတွေတော့ လှည့်ပြန်သွားတယ်။ အသိကုန်သည်တချို့လည်း အဲ့ဒီဘက်မှာပိတ်မိနေတယ်"လို့ မန္တလေးကနေ မိုင်းလားနယ်စပ်ကို ကုန်အကြိုအပို့လုပ်နေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

မိုင်းလား - တာလော့ လမ်းကြောင်းမှာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) လို့ခေါ်တဲ့ မိုင်းလားအဖွဲ့က ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတွေရှိပါတယ်။

အဲဒီလမ်းကြောင်းကနေ ကုန်သွယ်တဲ့အခါ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးဂိတ်မှာ အခွန်ပေးဆောင်ရသလို မိုင်းလားအဖွဲ့မှာလည်း အခွန်ပေးဆောင်ရတာပါ။

ကုန်သည်တွေကတော့ ဒီလမ်းကြောင်းကရှည်သလို အခွန်စရိတ်တွေလည်း ပိုပေးရလို့ ကုန်သွယ်ရေးစရိတ်ကပုံမှန်လမ်းကြောင်းတွေထက် ၃ ဆ လောက်ပိုသုံးရတယ်လို့ အစောပိုင်းကတည်းကပြောထားတာပါ။

၁၀၂၇ စစ်ဆင်ရေးစပြီးနောက် ကျိုင်းတုံနယ်စပ်ကုန်သွယ်စခန်းရဲ့ လစဉ်ပျမ်းမျှကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်အထိရှိလာတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအဖွဲ့ ISP က ထုတ်ပြန်ထားပါတယ်။

အခုတော့ ပို့ကုန်သာရှိတော့တဲ့ ဒီကုန်သွယ်ရေးစခန်းရဲ့ အခွန်အခ ကောက်ခံမှုငွေတွေလျော့ကျမှာဖြစ်သလို ပြည်တွင်းက ၈၀ ရာခိုင်နှုန်းမှီခိုနေရဲ့ တရုတ်ထုတ်ကုန်တွေ အပေါ်မှာ သက်ရောက်မှုရှိလာနိုင်တယ်လို့ ဝါရင့် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးလုပ်သူတွေက သုံးသပ်ပါတယ်။

တရုတ်ရဲ့ ယူနန်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီလုပ်ရပ်က တရုတ်ဘက်က သွင်းကုန်အပြင် မြန်မာ့ပို့ကုန်တွေကိုပါ ထိခိုက်မှာကို ကုန်သည်တွေ ရင်တမမဖြစ်နေပါတယ်။

“ဖရဲရာသီက ရှေ့လလောက်ဆိုရောက်ပြီ။ အဲ့ဒီအချိန်မှ တရုတ်ဘက်ကဂိတ်ပိတ်တယ်ဆိုရင် ဖရဲစိုက်တဲ့သူတွေက ဒုက္ခရောက်ဦးမှာ “ လို့ တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်တဲ့ သစ်သီးပွဲရုံပိုင်ရှင်တစ်ဦးကဘီဘီစီကို ပြောပါတယ်။

နယ်စပ်ဂိတ်ရှိရာ ကျိုင်းတုံ-မိုင်းလားလမ်းကြောင်းကို စစ်ကောင်စီက ၂၀၁၆ ခုနှစ်ကတည်းကပိတ်ခဲ့ပြီး ၅ နှစ်အကြာ ၂၀၂၁ ခုနှစ်မှ ပြန်လည်ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။

မူဆယ်နယ်စပ်ဂိတ်မှာတော့ တရုတ်၊ကျယ်ဂေါင်မြို့ကနေ မြန်မာနိုင်ငံဘက်ကိုလျှပ်စစ်ပစ္စည်း နဲ့ အိမ်ဆောက်ပစ္စည်းတွေ တရားမဝင်သယ်ယူတာကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ မူဆယ်ကုန်သည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

“လိုင်စင်မရှိတဲ့ပစ္စည်းတွေကိုစစ်တယ်။ အခုမူဆယ်မှာက ဆင်ဖြူ‌ပေါက် ကနေ လူသွားလို့ရတယ်။ ကုန်သယ်ခွင့်မရှိဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီဂိတ်မှာ ကျည်ကာအင်္ကျီ၊ စကားပြောစက်နဲ့ စတားလင့်ခ်အင်တာနက်စက်တွေ ဖမ်းဆီးရမိခဲ့တာကြောင့် အခုလိုတင်းကျပ်လိုက်တာလို့ သူက ယူဆပါတယ်။

ပုံမှန်အခြေအနေမှာဆိုရင် မူဆယ်စခန်းရဲ့ ကုန်သွယ်မှုပမာဏ က တစ်နေ့ကို အမေရိကန်ဒေါ်လာ ၆ သန်းခွဲနဲ့ တစ်နှစ်အတွက် ပို့ကုန်ရငွေက သန်းပေါင်း ၂ ထောင်ကျော်ရှိပါတယ်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကလည်း ဒုတိယပမာဏ အများဆုံးနဲ့ တစ်ရက်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ သန်းကျော်နဲ့ တစ်နှစ်အတွက် သန်း ပေါင်း ၂၀၀ နီးပါး ရှိပါတယ်။

ဒါပေမဲ့ အခုတော့ ဒီကုန်သွယ်ရေးပမာဏဝင်ငွေတွေ လျော့ကျသွားတာပါ။

နိုင်ငံထဲက အခြေအနေကိုပြန်ကြည့်ရင်လည်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံခြားသွင်းကုန်လိုင်စင်နဲ့ တင်သွင်းခွင့် မပြုတဲ့ကုန်ပစ္စည်းတွေကိုဈေးကွက်ထဲကအထိဖမ်းဆီးဖို့ ပြောပြီးနောက်ပိုင်း ထိုင်းနဲ့ တရုတ်ကုန်စည်တွေကို ကုန်စုံဆိုင်နဲ့ သိုလှောင်ရုံတွေအထိ စစ်ဆေးဖမ်းဆီးတာတွေလုပ်နေတာပါ။

ဒီရိုက်ခတ်မှုကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်နေချိန်မှာတရုတ်ပစ္စည်းတွေအဝင်ရပ်သွားတဲ့အပေါ် ပြည်တွင်းစျေးကွက်ထဲ ပစ္စည်းပြတ်လပ်မှာကိုစိုးရိမ်နေကြပါတယ်။

စစ်ကောင်စီလက်လွှတ်ထားရတဲ့ ရှမ်းမြောက်ဒေသတချို့မှာတော့ စားသောက်ကုန်ဈေးနှုန်း ၂ ဆနီးပါး မြင့် တက်တာနဲ့ ဆေးဝါးတချို့ပြတ်လပ်တာရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

“ဆီဈေး၊စားစရာဈေးတက်တယ်။ နာတာရှည်သမားအတွက်ဆေးကဝယ်လို့မရဘူး”လို့ သိန္နီမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

တရုတ်ဘက်က ဂိတ်တွေပိတ်ပြီး သွင်းကုန်တွေ ရပ်လိုက်တာဟာ မန္တလေးမြို့ကောင်စစ်ဝန်ရုံး ဗုံးပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နောက်ပိုင်းမှာဖြစ်လာပါ။

ဒီဖြစ်စဉ်ကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ရှုံ့ချတယ်လို့ အောက်တိုဘာ ၂၁ ရက်က ဘေဂျင်းမှာပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဌာနပြောခွင့်ရ လင်ကျန်းကပြောခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေဘက်က ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးဖို့လည်း တရုတ်အစိုးရက တိုက်တွန်းထားပါတယ်။

အခု ကုန်ပို့တာပိတ်တာဟာ တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရတာနဲ့ ဆက်စပ်မယ်လို့လည်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူတွေက ယူဆကြပါတယ်။

လက်ရှိအချိန်ထိတော့ တရုတ်ဘက်ကသွင်းကုန်တွေဘယ်တော့ ပြန်ဖွင့်မလဲဆိုတာကို တိတိကျကျ မသိကြရသေးပါဘူး။

တရုတ်-မြန်မာ ကုန်သွယ်ရေးလုပ်နေသူတချို့ကတော့ စစ်ရေးနဲ့နိုင်ငံရေးပြဿနာတွေကြောင့် ထိခိုက်သက်ရောက်လာတဲ့ ကုန်သွယ်ရေးအကျပ်အတည်းကိုပြေလည်ဖို့အတွက် ပို့ကုန်/သွင်းကုန်လိုင်စင်တွေကို အလွယ်တကူထုတ်ပေးဖို့ ထောက်ပြကြပါတယ်။