ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့အရေး တရုတ်ပလေယာအသစ်တွေ ဘယ်သူလဲ၊ သူတို့ဘာတွေလုပ်မလဲ
မြန်မာ့အရေး ချဉ်းကပ်မယ့်ပုံစံအသစ်အတွက် ဘေဂျင်းကလူသစ်တွေ အပြောင်းအလဲလုပ်လိုက်ပြီး အမျိုးသမီးအများစု ဦးဆောင်လာပါတယ်။
ရန်ကုန်က တရုတ်သံရုံးကို သံအမတ်ကြီး မစ္စမာကျားက ဦးဆောင်မှာဖြစ်ပြီး အမျိုးသမီးသံတမန်တွေ ဖြစ်တဲ့ သံမှူးကြီး မစ္စဆောက်ချင် Ms. Cao Jing နဲ့ သံမှူး မစ္စချောက်လီ Ms. Qiao Li တို့ က အားဖြည့်မှာပါ။
မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာတော့ ကောင်စစ်ဝန်ချုပ်အဖြစ် မစ္စ ကောင်းဖျင်က တာဝန်ထမ်းဆောင်နေပါတယ်။
တရုတ်သံရုံးဟာ ထိပ်ပိုင်းခေါင်းဆောင် ငါးဦးထက်မနည်းကို အပြောင်းအလဲ လုပ်ခဲ့တာဖြစ်ပြီး အဖွဲ့သစ် (New Team) အနေနဲ့ ဘေဂျင်းကို အကဲဖြတ်ချက်အစီရင်ခံစာအသစ် ပို့ဖို့ စီစဉ်နေကြတယ်လို့ သံရုံးနဲ့အဆက်အသွယ်ရှိတဲ့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လူလုံးထွက်ပြတဲ့ တရုတ်သံတမန်တွေ
ရန်ကုန်က တရုတ်သံရုံးမှာရော မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာပါ မြန်မာစကားကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီး မြန်မာနာမည်ပါမှည့်ထားတဲ့ တရုတ်သံတမန်တွေ ရှိခဲ့ပါတယ်။
အရင်ကလည်း တရုတ်သံအမတ် Chen Baoliu ဟာ မြန်မာအမည် ဒေါ်ညွန့်ညွန့်လို့ နာမည်ပေးဖူးပါတယ်။
ဒါ့အပြင် ကျော့ကလျာလို့ နာမ်ပေးထားတဲ့ သံအရာရှိအမျိုးသမီးတစ်ယောက်လည်း ရှိပြီး သူတို့ဇနီး မောင်နှံက သံရုံးက သံတမန်တွေ၊ Call တွေမှာ စကားပြန်လိုက်လုပ်ပေးခဲ့ဖူးပါတယ်။
တရုတ်သံရုံးရဲ့ နိုင်ငံရေးဌာန အကြီးအကဲက သူ့နာမည်ကို ဦးအောင်နိုင်ဆွေ လို့ တောင် မှည့်ထားပါတယ်။ မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက တစ်ယောက်ကတော့ ဦးခင်စိန် လို့ခေါ်ပါတယ်။
သူတို့တွေက ဆယ်စုနှစ်တစ်ခုဝန်းကျင်ကြာ မြန်မာမှာရှိနေခဲ့ကြပြီး သံအမတ်ကြီးတွေလို စာမျက်နှာတွေထက်ကို ရောက်လာလေ့မရှိပါဘူး။
ဒါပေမဲ့ သူတို့က သံအမတ်ကြီးတွေလုပ်ငန်းလည်ပတ်နိုင်အောင် အောက်ခြေကနေ အဓိက အကောင်အထည်ဖော်ပေးကြသူတွေဖြစ်ပါတယ်။
အခုတော့ သူတို့နေရာကို လူသစ်တွေ ရောက်လာကြပါပြီ။
‘’အခုရောက်လာတဲ့လူတွေက မြန်မာလိုမရကြဘူး။ အင်္ဂလိပ်လိုတော့ တော်တော်ကောင်းကြတယ်’’ လို့ သံရုံးနဲ့ အဆက်အဆံရှိတဲ့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။
သံအမတ်ကြီးမာကျား မရောက်လာခင် သံမှူးကြီး Ms. Cao Jing က သံရုံးယာယီတာဝန်ခံ လုပ်ခဲ့ပါသေးတယ်။
ရန်ကုန်မှာ ဇူလိုင် ၂၉ ရက်မှာလုပ်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်တဲ့ (၉၇) နှစ်မြောက်အခမ်းအနားကို Ms. Cao Jing က ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာစစ်တပ်ဘက်က ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ စီနီယာဗိုလ်မှူးကြီးကျန်းကျိချီ Senior Colonel Zheng Zijie ကိုလည်းတွေ့ရပြီး သူက တရုတ်စစ်သံမှူးအဖြစ်တာဝန်ယူမှာပါ။
စစ်သံမှူး စီနီယာဗိုလ်မှူးကြီး ဝမ်းဝေ Senior Colonel Wang Wei ရဲ့နေရာကို သူက ဆက်ခံမှာဖြစ်ပါတယ်။
မန္တလေးက ကောင်စစ်ဝန်ချုပ်လည်းအပြောင်းအလဲဖြစ်ခဲ့ပြီး မစ္စ ကောင်းဖျင် (Ms. Gao Ping) ဖြစ်လာပါတယ်။
သူက ဩဂုတ်လ ၁၂ ရက်မှာ နေပြည်တော်ကိုသွားပြီး နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နဲ့ တွေ့ခဲ့ပါတယ်။
ဩဂုတ်လ ၁၅ ရက်မှာ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ ကို မစ္စကောင်းဖျင်က ဆက်လက်တွေ့ဆုံခဲ့ပါတယ်။
မစ္စ ကောင်းဖျင် ဟာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန် ရဲ့နေရာကို ဆက်ခံတာ ဖြစ်ပါတယ်။
ပါတီတွေ နဲ့ ဆက်ဆံမယ့်လူ ဘယ်သူလဲ
နိုင်ငံရေးပါတီတွေနဲ့ အဓိကဆက်ဆံမယ့် တရုတ်သံရုံးရဲ့ ကောင်စစ်ဝန် မစ္စတာဝမ်တောက်ပန် (Mr. Wang Daopan) က မြန်မာနိုင်ငံကိုမရောက်ခင်ကတည်းက နိုင်ငံရေးပါတီတွေနဲ့ တွေ့နှင့်ခဲ့ပြီးဖြစ်ပါတယ်။
ဇူလိုင် လတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ မစ္စတာဝမ်တောက်ပန် ကို မြန်မာကိုလွှတ်မယ့်အကြောင်း တရုတ်ဘက်က မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။
မစ္စတာဝမ်တောက်ပန်က ရန်ကုန်ကို ဩဂုတ်လ ၂၈ ရက်မှာ စရောက်ပြီး ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ အရင်စတွေ့ပါတယ်။
အဲဒီနောက် ဩဂုတ်လ ၂၉ ရက်မှာ နေပြည်တော်ကိုသွားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နဲ့ တွေ့ဆုံပါတယ်။
‘’ သူ(ဝမ်တောက်ပန်)က ထူးခြားတယ်။ သူက စကားပြန်မထားဘဲ တိုက်ရိုက်ပြောချင်တဲ့လူမျိုး။ ပါတီတွေနဲ့တွေ့ရင် အင်္ဂလိပ်စကားပြောတတ်တဲ့လူ လွှတ်ပေးပါလို့ တောင်းဆိုတယ်’’ လို့ သူနဲ့ တွေ့ဆုံခဲ့တဲ့ ပါတီတစ်ခုက သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
မစ္စတာဝမ်တောက်ပန်ကို အထောက်အကူပေးမယ့်လူက သံမှူး မစ္စချောက်လီ (Qiao Li) ဖြစ်ပါတယ်။
သူကတော့ လူသစ်မဟုတ်ဘဲ ရန်ကုန်ကအခမ်းအနားတွေတင်မဟုတ်ဘဲ ကချင်ပြည်နယ်၊ရှမ်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်အထိ ခရီးစဉ်တွေ သွားခဲ့သူဖြစ်ပါတယ်။
မစ္စချောက်လီဟာ ပိုးလမ်းမ စီမံကိန်းတွေ နဲ့ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတွေ မြန်မာနိုင်ငံမှာ အဆင်ပြေပြေလည်ပတ်နိုင်အောင် အဓိကစည်းရုံးသူတစ်ယောက်အဖြစ် သူနဲ့ စကားပြောဖူးသူတွေက မှတ်ချက်ပြုပါတယ်။
NLD နာယက သူရဦးတင်ဦးရဲ့ နာရေးကို သူသွားရောက်ခဲ့တာ တွေ့ရပါတယ်။
လာမယ့် အောက်တိုဘာလမှာ နိုင်ငံရေးပါတီတချို့ကို တရုတ်ကို ထပ်ဖိတ်ခေါ်ဖို့ တရုတ်သံရုံးက စီစဉ်ဆောင်ရွက်နေတယ် လို့ ဘီဘီစီရဲ့သတင်းအရင်းအမြစ်တချို့က ပြောပါတယ်။
စည်းသုံးစည်း စောင့်ကြပ်မယ့် သံတမန်အသစ်တွေ
တရုတ်သံအမတ်ကြီး မစ္စမာကျားကလည်း နေပြည်တော်မှာ စစ်ကောင်စီဝန်ကြီးတွေ နဲ့ တွေ့ဆုံတာ အပြင် သတင်းမီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပါ ဆက်တိုက်ဆိုသလို တွေ့ဆုံနေပါတယ်။
မစ္စမာကျား နဲ့ သူ့အဖွဲ့ရဲ့ အဓိက တာဝန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိပြောခဲ့တဲ့ မြန်မာ့နိုင်ငံအရေးအတွက် ကျော်လွန်မရတဲ့ စည်းသုံးစည်းကို ကာကွယ်စောင့်ကြပ်ဖို့ ဖြစ်တယ်လို့ တရုတ်အရေးကျွမ်းသူတွေက သုံးသပ်ပါတယ်။
အဲဒီစည်း ၃ စည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ်ဖြစ်ပွားလို့မရခြင်း၊ အာဆီယံမိသားစု လမ်းကြောင်းက ကင်းကွာသွားလို့မရခြင်း နဲ့ ပြင်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ဖြစ်ပါတယ်။
‘’စည်းသုံးစည်းအပြင် ရွေးကောက်ပွဲဖြစ်ဖို့ နဲ့ တရုတ်မုန်းတီးရေးလှုံ့ဆော်မှုတွေကို ချေဖျက်ဖို့လည်း ပါတယ်’’ လို့ တရုတ်သံရုံး နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံက မြန်မာပြည်တွင်းရေးကိုစွက်ဖက်နေတယ်ဆိုတဲ့ ပြစ်တင်မှုတွေ နဲ့ပတ်သက်လို့ တရုတ်သံရုံးဘက်က စက်တင်ဘာ ၁၄ က တုန့်ပြန်ခဲ့ပါတယ်။
‘’တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်တယ်’’ လို့ သံရုံးက ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနဲ့ နယ်မြေတည်တံ့မှု ထိန်းသိမ်းကာကွယ်ခြင်းကို ခိုင်မာစွာထောက်ခံအားပေးတယ် လို့ သံရုံးက ထုတ်ပြန်ပါတယ်။
‘’ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာကိုင်စွဲထားပြီး မြန်မာပြည်သူကပိုင်ဆိုင်၍ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာပါတယ်’’ လို့ တရုတ်သံရုံးက ဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဘက်အသီးသီးက အမြန်အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ တရုတ်ဘက်က မျှော်လင့်နေတယ်လို့ သံရုံးဘက်ကပြောပါတယ်။
နယ်စပ်ဒေသ တည်ငြိမ်ရေး နဲ့ ငြိမ်းချမ်းရေးအတွက် တရုတ်ဘက်က အဓိကတာဝန်ယူမယ့်သူက တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းပဲ ဖြစ်ပါတယ်။
‘’ဟိုင်ဂင်ဆွေးနွေးပွဲ အလုပ်မဖြစ်တော့တဲ့ အခြေအနေကို တရုတ်ဘက်က ဘယ်လို ပြန်ချဉ်းကပ်မလဲဆိုတာ စောင့်ကြည့်ရမယ်’’ လို့ ငြိမ်းချမ်းရေးအကဲခတ်တစ်ဦးကပြောပါတယ်။
တရုတ်က မြန်မာ့အရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေး၊တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ ယူနန်အစိုးရ စတဲ့ ချန်နယ်လေးခုကနေ အဓိက ဆက်ဆံနေပါတယ်။
တရုတ်သံရုံးကတော့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိပြောတဲ့ စည်းသုံးစည်းမူဝါဒအတွက် အဓိက တာဝန်ရှိတဲ့အဖွဲ့ဖြစ်တယ် လို့ တရုတ်အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar ကတော့ မြန်မာမှာတည်ငြိမ်မှုပြန်ရဖို့ နဲ့ တရုတ်အကျိုးစီးပွားတွေ အာမခံနိုင်ဖို့ အဖြေရှာတဲ့နေရာမှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့ကအစ အမြင့်ဆုံးအဆင့်အားစိုက်ထုတ်မှုနဲ့ ကတိကဝတ်ထားမှုတွေလုပ်လာတာကြောင့် မျက်နှာပျက်မခံဘဲ ရလဒ်ထွက်အောင်တွန်းဖို့ မဖြစ်မနေကြိုးစားမယ့်သဘောလို့ သုံးသပ်ထားပါတယ်။
‘’သံရုံးက တော်တော်အလုပ်လုပ်နေတာတွေ့တယ်။ သူတို့ဘေဂျင်းကို အစီရင်ခံစာပို့လိမ့်မယ်။ မြန်မာ့အရေး ဘေဂျင်းက ဘယ်လိုဘယ်ပုံဆက် ချဉ်းကပ်မလဲ ဆိုတာ အဲဒီအစီရင်ခံစာအပေါ် မူတည်လိမ့်မယ်’’ လို့ သံရုံးနဲ့ နီးစပ်တဲ့ ဘီဘီစီအရင်းအမြစ်တစ်ဦးကပြောပါတယ်။