အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - အနိမ့်အမြင့်အတက်အကျ ၃၅ နှစ်

မြန်မာ့နိုင်ငံရေးမှာ လူကြိုက်အများဆုံး ပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်တာ ၃၅ နှစ် ပြည့်ပါပြီ။

NLD ဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကြောင့်လည်း ဝင်ပြိုင်တဲ့ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရတဲ့ ပါတီဖြစ်ခဲ့တာပါ။

ဒါပေမဲ့ NLD ပါတီခေါင်းဆောင်အများစုဟာ သူတို့ရဲ့ နိုင်ငံရေးသမားဘဝအချိန်အများစုကို ထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရသလို အာဏာရပါတီအဖြစ်ကိုလည်း သက်တမ်းတစ်ခုပဲ ရခဲ့ဖူးပါတယ်။

ဒီ ၃၅ နှစ် အတွင်း NLD ပါတီရဲ့ နိုင်ငံရေး အနိမ့်အမြင့်အတက်အကျတွေ ဘယ်လိုရှိခဲ့သလဲ ဆိုတာ ကြည့်ကြရအောင်ပါ။

NLD နဲ့ စစ်တပ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ နဲ့ စစ်တပ် ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ မြန်မာ့နိုင်ငံရေးရဲ့ အဓိက အင်အားစုကြီး နှစ်ခုလို့ ပြောလို့ရပါတယ်။

ပါတီနဲ့ စစ်တပ်ကြား ထူးခြားတဲ့ ဆက်နွှယ်မှုတွေ ရှိပေမဲ့ နှစ်ပေါင်းများစွာ ဆန့်ကျင်ဘက်အသွင် ဆောင်ခဲ့ကြပါတယ်။

NLD စတင်ဖွဲ့စည်းစဉ်ကထဲက ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ တပ်ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးသူရဦးတင်ဦး နဲ့ ဗိုလ်မှူးချုပ် အောင်ကြီး တို့လို မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ဟာ NLD မှာ အဓိကအင်အားစုတစ်ခုအဖြစ် စဖွဲ့ကတည်းက ပါခဲ့ပါတယ်။

NLD ပါတီထဲက ဦးအောင်ရွှေ၊ ဦးကြည်မောင် နဲ့ ဦးလွင်တို့ဟာလည်း လူသိများတဲ့ တပ်မှူးတွေဖြစ်ပါတယ်။

ဒါပေမဲ့ NLD တောက်လျှောက်စွဲကိုင်လာခဲ့တဲ့ မူဝါဒက နိုင်ငံရေးမှာစစ်တပ်ပါဝင်နေတာကို လက်မခံတဲ့မူ ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်အဆက်ဆက်ကတော့ အမျိုးသားနိုင်ငံရေးဦး‌ဆောင်မှုမှာ တပ်မတော်က ပါဝင်ဖို့ မူရှိခဲ့လို့ NLD နဲ့ ဆန့်ကျင်ဘက်သဘော ဖြစ်ပါတယ်။

စစ်အစိုးရကာလတလျှောက် NLD ပါတီဝင်တွေ ဖမ်းဆီးထောင်ချခံရပြီး ပါတီလှုပ်ရှားမှုတွေကိုလည်း ဖိနှိပ်ချုပ်ခြယ်မှုတွေကြားက ခက်ခက်ခဲခဲလုပ်ခဲ့ကြရပါတယ်။

၂၀၁၀ မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့တဲ့အတွက် ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ကိုးနှစ်တာ ကာလအတွင်းမှာပဲ NLD ပါတီဟာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရခဲ့တယ် လို့ဆိုရမှာပါ။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီးတဲ့နောက် အာဏာရပါတီ ဖြစ်လာခဲ့ပေမဲ့ NLD အစိုးရ နဲ့ စစ်တပ်ဟာ ထိပ်တိုက်တွေ့မှုပေါင်းများစွာ နဲ့ ဆက်လက်အားပြိုင်ခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တာ၊ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီအစည်းအဝေး မခေါ်ယူတာ အပါအဝင် လုံခြုံ‌ရေးနဲ့ ဆိုင်တဲ့ ဥပဒေတွေ ပြင်ဆင်ပယ်ဖျက်မှုတွေမှာ တောက်လျှောက်ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

နောက်ဆုံးမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိခဲ့တယ်ဆိုပြီး စစ်တပ်က ကန့်ကွက်တာကစလို့ နှစ်ဘက်ညှိနှိုင်းမရဘဲ အာဏာသိမ်းမှုအထိ ဦးတည်သွားစေခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ဟာသူအစိုးရဖြစ်ခဲ့ချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်ပြီး အတိတ်က ဖိနှိပ်ခံရမှုတွေအတွက် အာဃာတ မထားခဲ့တာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် - NLD ရဲ့ အသည်းနှလုံး

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီဟာ ဒင်္ဂါးတစ်ခုရဲ့ ခေါင်းနဲ့ပန်းလို ခွဲမရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရဲ့ အသည်းနှလုံး NLD ရဲ့ ဦးနှောက်ဖြစ်ပါတယ်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံရေးထဲဝင်ရောက်ခဲ့ချိန်ကစလို့ လူထုရဲ့ ထောက်ခံမှုကို တခဲနက်ရခဲ့သူပါ။

၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွေမှာ NLD ပါတီ အနိုင်ရရှိခဲ့တာဟာ ‌ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံရိပ်နဲ့ လူထုထောက်ခံမှုက အဓိကကျခဲ့ပါတယ်။

NLD ပါတီကလည်း ‌ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဦးဆောင်မှုနောက်ကို အစဉ်တစိုက်လိုက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ နေအိမ်အကျယ်ချုပ် နဲ့ ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ အခြေအနေတွေမှာတောင် ပါတီအပေါ် သြဇာညောင်းမှုက ပျက်ပြယ်မသွားပါဘူး။

၁၉၉၁ ခုနှစ်မှာ စစ်အစိုးရရဲ့ဖိအားပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ထုတ်ပယ်ခဲ့ဖူးတဲ့ အချိန်တစ်ခုရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကပြန်လွတ်လာချိန်မှာတော့ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကို ပြန်အပ်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံပြန်မတင်တဲ့ NLD ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကပြန်လွတ်လာချိန်မှာတော့ မှတ်ပုံပြန်တင်ပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲက တဆင့် လွှတ်တော်ထဲကို ဝင်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

အဲဒီနောက်မှာတော့ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းတဲ့နေ့ကတည်းက အဖမ်းမခံရဘဲ အပြင်မှာ ကျန်နေခဲ့သူ ပါတီဝင်တွေကပဲ NLD ပါတီကို ဆက်ထိန်းသိမ်း ရှေ့ခရီးဆက်လာတာပါ။

အရင်က ဆုံးဖြတ်ချက်အားလုံးကို ချပေးခဲ့သူ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုမရှိတော့ဘဲ ကိုယ့်လမ်းကိုယ်ထွင်လျှောက်ခဲ့ကြရတာလို့ ဆိုနိုင်ပါတယ်။ အဲဒီတော့ ပါတီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဘယ်လို ဆက်ရှိနေပါသလဲ။

‘’ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီဥက္ကဋ္ဌအပြင် လူထုအားကိုးယုံကြည်တဲ့ ခေါင်းဆောင်လည်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်နဲ့ မူဝါဒတွေက အရေးကြီးပါတယ်။ သူကလည်း ဗဟိုအလုပ်အမှုဆောင်တွေ နဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်လေ့ရှိပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေကို ပါတီဝင်တွေဘက်က လိုက်နာရမယ့် တာဝန်ရှိပါတယ်’’ လို့ NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေး က ဘီဘီစီ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားဖို့ နဲ့ ပါတီ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ရင်ရော NLD က လိုက်နာမလား ဆိုတဲ့ မေးခွန်းကိုတော့ ကြိုတင်စဉ်းစားချက်မရှိသေးဘူး လို့ ဦးကျော်ထွေး က ပြောပါတယ်။

‘’ဒိုင်ယာလော့ခ် လို့ ရင်ဆိုင်ကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မရှိဘဲ နဲ့ မြန်မာ့နိုင်ငံရေးပြဿနာ ပြေလည်ရေးလမ်းစ ရနိုင်မှာမဟုတ်ဘူးလို့ ပါတီအနေနဲ့ ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်’’ လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲအနိုင်ရ ပါတီ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲ ဖြစ်ပေမဲ့ မြန်မာ့နိုင်ငံရေးမှာ အခင်းအကျင်းသစ်တွေ ဖြစ်ပေါ်နေတယ် လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆန်က ဘီဘီစီ နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုမြန်မာနိုင်ငံမှာ မြင်တွေ့နေရတဲ့ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံနေကြတဲ့ ဖြစ်စဉ်အပေါ် ဘယ်လိုသဘောထားလဲ၊ သူတောက်လျှောက် ကိုင်စွဲလာခဲ့တဲ့ အကြမ်းမဖက်တဲ့နည်းနာကိုပဲ ဆက်ကိုင်စွဲသင့်သလား ဆိုတဲ့အပေါ် သူ့ကိုယ်ပိုင် အတွေးအမြင်အယူအဆတွေ ရှိနေနိုင်ပေမဲ့ လက်နက်ကိုင်ခုခံနေမှုတွေကို ရပ်တန့်သွားအောင် သူ လုပ်နိုင်မှာမဟုတ်ဘူး လို့ ဒေးဗစ် မက်သီဆန်က သုံးသပ်ပါတယ်။

‘’ဆိုကြပါစို့၊ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန် ပြန်လွှတ်ပေးခဲ့ရင်တောင် စစ်တပ်ကို အံတုနေတဲ့ လက်နက်ကိုင် ခုခံမှုတွေဟာ အခိုးအငွေ့တွေလို ချက်ချင်းလွင့်ပြယ်ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ စစ်တပ်ကို မြန်မာ့နိုင်ငံရေးထဲက ထုတ်ပယ်ပစ်မှ ရတော့မယ်လို့ စိတ်ပိုင်းဖြတ်ထားသူတွေ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ သူတို့ဟာ လက်နက်စွန့်ပယ်ရေးလမ်းကို ဒေါ်အောင်ဆန်းစုကြည်ကပြောလာခဲ့ရင် နားထောင်ကြမှာမဟုတ်ပါဘူး’’ လို့ သူက ပြောပါတယ်။

အနိမ့်အမြင့်အတက်အကျ ၃၅

  • ၁၉၈၈ စက်တင်ဘာ၁၈ စစ်တပ်က အာဏာသိမ်း
  • ၁၉၈၈ စက်တင်ဘာ ၂၇ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်
  • ၁၉၈၉ ဖေဖော်ဝါရီ ၉ ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြီး နုတ်ထွက်ပြီးနောက် CEC ပြန်ဖွဲ့
  • ၁၉၈၉ ဇူလိုင် ၂၀ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်ဖမ်းဆီးခံရ
  • ၁၉၉၀ မေ ၂၇ ရွေးကောက်ပွဲမှာ NLD အနိုင်ရ၊ စစ်တပ်က အာဏာမလွှဲပေး
  • ၁၉၉၀ ဇူလိုင် ၂၈၊ ၂၉ ဂန္ဒီခန်းမ အစည်းအဝေးကျင်းပ
  • ၁၉၉၀ စက်တင်ဘာ ၆ ယာယီဥက္ကဋ္ဌ ဦးကြည်မောင်နဲ့ NLD အမတ်တွေဆက်တိုက်ဖမ်းခံရ
  • ၁၉၉၅ နိုဝင်ဘာ ၂၉ အမျိုးသားညီလာခံကနေ NLD ထွက်ခွာ
  • ၂၀၀၈ မေ ၂၉ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်း
  • ၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲကျင်းပ၊ ရွေးကောက်ပွဲကို NLD သပိတ်မှောက်
  • ၂၀၁၀ နိုဝင်ဘာ ၁၃ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်
  • ၂၀၁၂ ဧပြီ ၁ NLD ကြားဖြတ်ရွေးကောက်ပွဲဝင်
  • ၂၀၁၅ နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ NLD အနိုင်ရ
  • ၂၀၁၆ မတ် ၃၀ NLD အစိုးရ တက်လာ
  • ၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ NLD အနိုင်ရ
  • ၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်း
  • ၂၀၂၃ မတ် ၂၈ NLD ပါတီကို ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ

NLD အနာဂတ် ဘယ်လိုဆက်ရှိမလဲ

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလတွေဆီ သမိုင်းတစ်ပတ်ပြန်လည်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရမဖွဲ့နိုင်တဲ့ အခြေအနေရော၊ ပါတီခေါင်းဆောင်တွေ ဖမ်းဆီးခံရတဲ့ အခြေအနေကိုပါ ပြန်ကြုံရတာပါ။

NLD ရဲ့ ဗဟိုအလုပ်ကော်မတီကတော့ လက်ရှိကြုံနေရတဲ့ အခြေအနေဟာ အတိတ်တုန်းက NLD ကြုံခဲ့ရတဲ့ ဖိနှပ်မှုတွေထက် ပိုဆိုးတယ် လို့ဆိုပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးချိန်ကစလို့ NLD ပါတီရုံးတွေ ဝင်ရောက်စီးနင်းခံရတာ၊ ပါတီဝင်တွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

NLD ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာလည်း ပါတီမှတ်ပုံပြန်မတင်သလို စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုပါဘူး။

မြေပြင်လှုပ်ရှားမှုတွေ မရှိတော့သလောက်ဖြစ်သွားလို့ NLD ကို မြေအောက်ပါတီ လို့ ပြောဆိုမှုတွေ ရှိလာပါတယ်။

မြေအောက်ပါတီဆိုတဲ့ ပြောဆိုချက်တွေကိုတော့ NLD အလုပ်ကော်မတီဘက်က ပယ်ချပါတယ်။

NLD ဟာ ပါတီလုပ်ငန်းတွေဆောင်ရွက်ဖို့ အကန့်အသတ်တွေအများကြီးရှိနေပေမဲ့ အွန်လိုင်းက တဆင့် အားပြု ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေးမူကို တောက်လျှောက်စွဲကိုင်ခဲ့တာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာ ပါတီဝင်တချို့နဲ့လွှတ်တော်အမတ်တချို့ လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်နေတဲ့အပေါ် ဗဟိုအလုပ်ကော်မတီကတော့ ပြည်သူ့အာဏာပြည်သူ့ထံပြန်ရောက်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီရေး ကို ဆောင်ရွက်နေတဲ့ နည်းနာတစ်ခုအဖြစ် သဘောထားပါတယ်။

‘’ပါတီဝင်ပဲဖြစ်ဖြစ် အမတ်ပဲဖြစ်ဖြစ် ပြည်သူထဲကပြည်သူပဲမို့ ပြည်သူ့ခုခံတွန်းလှန်စစ်မှာ ပါဝင်နေတာကို နည်းနာကွဲပြားလို့ဆိုပြီးတော့ ကန့်ကွက်အပ်တာမျိုးလို့တော့ မယူဆထားပါဘူး’’ လို့ ဦးကျော်ထွေးက ဘီဘီစီ ကို ပြောပါတယ်။

NLD ဟာ ပါတီလုပ်ငန်းတွေဆောင်ရွက်လို့မရတာ၊ ပါတီဝင်တွေဖမ်းဆီးထောင်ချခံရတာ နဲ့ မှတ်ပုံပြန်မတင်တာတွေဟာ အတိတ်ကလည်း ကြုံခဲ့ဖူးပါပြီ။

ဒါပေမဲ့ ပါတီမှတ်ပုံပြန်တင် ရွေးကောက်ပွဲပြန်ဝင်ပြီး အနိုင်ရတဲ့ အစဉ်အလာလည်း ရှိခဲ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၃၅ နှစ်အတွင်း ဒီလိုကိစ္စတွေကို အဆုံးအဖြတ်ပေးခဲ့တာ ဒေါ်အောင်ဆန်းစုကြည် ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ NLD ဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ခေါင်းဆောင်ပိုင်းတွေ ဖမ်းဆီးခံထားရပါတယ်။

အသက် ၇၈ နှစ် ရှိပြီဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အလွန် ပါတီအနာဂတ်အတွက် ဘာတွေပြင်ဆင်ထားလဲ ဆိုတာကို ဗဟိုအလုပ်ကော်မတီကို မေးကြည့်ခဲ့ပါတယ်။

ပါတီအလုပ်ကော်မတီကတော့ ဖြစ်မလာသေးတဲ့ ဒီကိစ္စအပေါ် စဉ်းစားချက်မရှိသေးဘူး လို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ခေတ်အလွန် ပါတီရှင်သန်ရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပြီ လို့ သုံးသပ်ပြောဆိုထားကြပါတယ်။