ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၅ နှစ် ပြည့်ပြီ
မြန်မာစစ်တပ်ကို နိုင်ငံရေးမှာ ပါဝင်ခွင့်ရအောင် ရေးဆွဲထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မေလ ၂၉ ရက်မှာ ၁၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကနေ မြစ်ဖျားခံခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ် နဲ့ ဒီမိုကရေစီလိုလားသူတွေကြား တောက်လျှောက် အငြင်းပွားခဲ့ရတဲ့ ဥပဒေတစ်ခုလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ခု ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုတွေနဲ့အတူ ဖျက်သိမ်းခံခဲ့ရပေမဲ့ အခုနောက်ဆုံး အာဏာသိမ်းမှုမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖျက်သိမ်းခဲ့ပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်လားရာကို ဒီဆောင်းပါးမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။
စစ်တပ် နဲ့ NLD တောက်လျှောက်အငြင်းပွားခဲ့တဲ့ အခြေခံဥပဒေ
တစ်ပါတီစနစ်ပုံစံ ရေးဆွဲထားတဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး စစ်တပ်ကအာဏာသိမ်းမှုနဲ့အတူ အဆုံးသတ်ခဲ့ရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမလွှဲပေးခဲ့တဲ့ စစ်အစိုးရကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်လာပြီးတဲ့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲဖို့ ပြင်ဆင်လာခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံကို ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခြေခံရမယ့်အချက်တွေကို ရေးဆွဲမယ်လို့ စစ်အစိုးရက ကြေညာခဲ့ပါတယ်။
အမျိုးသားညီလာခံကို လူထုလူတန်းစားအစုအဖွဲ့ ရှစ်ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်စေခဲ့ပေမဲ့ စစ်တပ်က ဦးဆောင်ထိန်းချုပ်ထားခဲ့တဲ့ ညီလာခံအဖြစ် ကျော်ကြားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမျိုးသားညီလာခံမှာကတည်းက တပ် နဲ့ သဘောထားကွဲလွဲမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစပိုင်းမှာ အမျိုးသားညီလာခံကို တက်ရောက်ခဲ့သေးပေမဲ့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီးတဲ့နောက် ညီလာခံက နုတ်ထွက်ခဲ့ပါတယ်။
စစ်တပ်ဟာ ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုဖို့ စီစဉ်ထားခဲ့ပြီး နာဂစ်မုန်တိုင်း တိုက်ခဲ့တာတောင် အဲဒီအစီအစဉ်မဖျက်ခဲ့ပါဘူး။
နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့လို့ လူသိန်းနဲ့ချီသေဆုံးပြီး သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပေမဲ့ စစ်အစိုးရက နောက်မဆုတ်ဘဲ မူလအစီအစဉ်အတိုင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပါတယ်။
အဲဒီနောက် ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြဋ္ဌာန်းခဲ့ပြီး တချို့ကလည်း နာဂစ်ဥပဒေလို့ ခေါ်ကြပါတယ်။
မြန်မာနိုင်ငံကို အခြေခံဥပဒေမရှိဘဲ အနှစ် ၂၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲပေးခဲ့ပြီးတဲ့နောက် နိုင်ငံရေးကနေ အံ့သြသင့်ဖွယ် အနားယူခဲ့ပါတယ်။
ဒါပေမဲ့ သူထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာ့နိုင်ငံရေးကို ရှုပ်ထွေးမှုများစွာ ဆက်လက်ဖြစ်ပေါ်စေခဲ့ပါတယ်။
အထူးသဖြင့် စစ်တပ်ကို နိုင်ငံရေးမှာ အမြဲဦးဆောင်ပါဝင်နိုင်အောင် ထည့်သွင်းရေးဆွဲထားတဲ့အပြင် စစ်တပ်သဘောမတူဘဲ အခြေခံဥပဒေ ပြင်ဆင်လို့မရအောင်ပါ လုပ်ထားခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို NLD က အသိအမှတ်မပြုခဲ့ပါဘူး။
အဲဒီတုန်းက ရွေးကောက်ပွဲဝင်ချင်တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တချို့ ပါတီကနုတ်ထွက်သွားခဲ့ကြပြီး ပါတီသစ်တွေထောင်ခဲ့ကြပါတယ်။
အဲဒီနောက် ၂၀၁၀ နိုဝင်ဘာမှာပဲ နှစ်ရှည်အကျယ်ချုပ်ချထားခြင်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ရုတ်တရတ်ပြန်လွှတ်ပေးခဲ့ပြီး အဲဒီတုန်းက ရွေးကောက်ပွဲအနိုင်ရပါတီကနေ သမ္မမတ ဖြစ်လာတဲ့ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် NLD ပါတီကိုမှတ်ပုံပြန်တင်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကနေ NLD လွှတ်တော်ထဲရောက်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့ပြန်ပါတယ်။
NLD ပါတီထဲမှာ အဲဒီအချိန်ကတည်းက အခြေခံဥပဒေကို ပြင်ဆင်ဖို့ထက် အသစ်ပြန်လည်ရေးဆွဲရေးအားသန်တဲ့သူတွေ ရှိခဲ့ပြီး အဲဒီလို အသစ်ပြန်ဆွဲလိုသူတွေထဲ NLD ပါတီတည်ထောင်သူတစ်ဦးဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်က အထင်ရှားဆုံး ဖြစ်ပါတယ်။
NLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကစားကွင်းထဲကို ဝင်ရောက်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့ပေမဲ့ လွှတ်တော်ထဲကတဆင့် အခြေခံဥပဒေပြင်ဆင်ရေးမှာတော့ စစ်တပ်က ကန့်ကွက်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။
အခြေခံဥပဒေထဲက နာမည်ကြီး ပုဒ်မ ၅၉(စ) ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင်ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းရေးဆွဲခဲ့တာလို့ NLD က တောက်လျှောက်စွပ်စွဲခဲ့ပါတယ်။
ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဒီမိုကရေစီ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်စရာမလိုဘဲ တပ်မတော်သားအစုအဖွဲ့က ဒုတိယသမ္မတတစ်ဦး တင်မြှောက်ခွင့် အလိုအလျောက် ရပါတယ်။
အစိုးရအဖွဲ့မှာ လုံခြုံရေးနဲ့ဆိုင်တဲ့ ဝန်ကြီးဌာနတွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ၃ ခုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားဝန်ကြီးတွေကိုပဲ ခန့်အပ်ရတာဖြစ်ပါတယ်။
လွှတ်တော်အသီးသီးမှာဆိုရင်လည်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ရွေးကောက်ပွဲဝင်စရာမလိုဘဲ အလိုအလျောက်နေရာရထားပါတယ်။
ဒီအချက်က သမ္မတရွေးချယ်ရေးနဲ့ ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေးကို အဆုံးအဖြတ်ပေးရာမှာ သက်ရောက်မှုရှိစေပါတယ်။
ဖွဲ့စည်းပုံအခြခံဥပဒေရဲ့ အဓိက အကျဆုံးပုဒ်မကြီးတွေကို လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၇၅ ရာခိုင်နှုန်းနဲ့ အထက်သဘောတူမှ ပြင်ဆင်နိုင်မှာဖြစ်လို့ အရပ်သားအမတ် ၇၅ ရာခိုင်နှုန်းသဘောတူရင်တောင်မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အနည်းဆုံးတစ်ဦးက သဘောမတူရင်တောင် အခြေခံဥပဒေပြင်လို့မရပါဘူး။
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃-၂၀၁၄ ဝန်းကျင်လောက်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် World economic forum မှာ 'အခြေခံဥပဒေပြင်ဖို့ ရဲရင့်တဲ့တပ်မတော်သား တစ်ဦးသာ လိုအပ်ကြောင်း' ပြောခဲ့ဖူးပါတယ်။
နောက်တစ်ချက်က တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပြည်ထောင်စုလွှတ်တော်မှာရှိနေလို့ သမ္မတရွေးချယ်တင်မြှောက်တဲ့အခါ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲက အရေးကြီးပါတယ်။
အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လို သောင်ပြိုကမ်းပြိုအနိုင်ရတဲ့ ပါတီမျိုးမပါဝင်တဲ့ ရွေးကောက်ပွဲတွေမှာဆိုရင် တပ်မတော်နဲ့ ညွန့်ပေါင်းအစိုးရမဖြစ်မနေဖွဲ့ရမယ့် အခြေအနေဖြစ်ပါတယ်။
သမ္မတပြောရေးဆိုခွင့်ရှိသူဟောင်း ဦးရဲထွဋ်ကတော့ အခြေခံဥပဒေမှာ တပ်ကရရှိထားတဲ့ အခွင့်အရေးတွေနဲ့ပတ်သက်လို့ သူရေးသားခဲ့တဲ့ ‘’မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ’’ စာအုပ်မှာ အခုလိုရေးပါတယ်။
‘’ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တပ်မတော်က အစိုးရရဲ့ ဦးဆောင်မှုနေရာမှာပါဝင်ခြင်းထက် ညွန့်ပေါင်းအစိုးရအဖွဲ့မှာ အရေးပါတဲ့မိတ်ဖက်အခန်းကဏ္ဍက ပါဝင်သင့်တယ်’’ လို့ ယူဆထားပုံ ရတဲ့အကြောင်း ရေးပါတယ်။
ဒါကြောင့် တပ်မတော်က အရေးကြီးတဲ့ ဝန်ကြီးဌာန တချို့ကို တာဝန်ယူထားပြီး အခြေခံဥပဒေပြင်ဆင်ရေးကိစ္စလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို တပ်မတော်ကသဘောမတူဘဲ ဆုံးဖြတ်လို့မဖြစ်နိုင်တဲ့ပုံစံမျိုးကို ဖော်ထုတ်ခဲ့တယ် လို့ ရေးသားထားပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ နိုင်ငံရေးသမားတွေကြားမှာတော့ အခြေခံဥပဒေက တပ်ကိုပေးထားတဲ့ အခွင့်အရေးတွေကို ဒီမိုကရေစီနည်းမကျတဲ့ပုဒ်မတွေအဖြစ်အမြဲဝေဖန်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ‘’ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဒီမိုကရေစီ’’လို့ ကင်ပွန်းတပ်ခံခဲ့ရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုအစိုးရ နဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေ၊ ပြည်ထောင်စုလွှတ်တော် နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေဆိုပြီး ခွဲခြားထားပေမဲ့တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပုံစံ မဖြစ်ခဲ့ပါဘူး။
မအောင်မြင်ခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်မှုနဲ့ ကျရှုံးခဲ့ရတဲ့ အသွင်ကူးပြောင်းမှု
’ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေအဖြစ် ရည်ရွယ်ခဲ့ပုံရပြီး အနာဂတ်တွင် လိုအပ်သလိုပြုပြင်သွားပြီး နောက်ဆုံးမြန်မာပြည်တွင် ဒီမိုကရေစီအပြည့်အဝကျင့်သုံးနိုင်သည်အထိ အဆင့်ဆင့်ဆောင်ရွက်သွားရန် စဉ်းစားခဲ့ပုံရပေသည်’’ လို့ ဦးရဲထွဋ်က သူ့စာအုပ်မှာရေးပါတယ်။
ဒါပေမဲ့ ပထမအကြိမ်လွှတ်တော်သက်တမ်းမှာရော ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ဘဲ ၂၀၂၁ မှာ အာဏာသိမ်းမှုနဲ့ကြုံပြီး မြန်မာ့အသွင်ကူးပြောင်းမှုလည်း နောက်ကြောင်းပြန်ခဲ့ပါတယ်။
အသွင်ကူးပြောင်းမှုတွေကို သုတေသနလုပ်တဲ့ ပညာရှင်တွေကတော့ တစ်ပါတီအာဏာရှင်တွေ အုပ်စိုးတဲ့နိုင်ငံတွေထက် စစ်တပ်အုပ်စိုးတဲ့နိုင်ငံတွေက နောက်ကြောင်းပြန်လှည့်တာ များတဲ့အကြောင်း သုတေသနတွေ့ရှိချက်တွေကိုအခြေခံပြီး ပြောကြပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံလို ဖားတစ်ပိုင်းငါးတစ်ပိုင်း ဒီမိုကရေစီပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိတဲ့ နိုင်ငံမျိုးက နောက်ကြောင်းပြန်လှည့်နိုင်ခြေပိုများ တဲ့အကြောင်း သုံးသပ်ကြပါတယ်။
ပြည်ခိုင်ဖြိုးအစိုးရ နဲ့ NLD အစိုးရလို မတူညီတဲ့ လွှတ်တော်သက်တမ်းနှစ်ခုလုံးမှာ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းခဲ့ကြပေမဲ့ စစ်တပ်က လုံးဝအလျှော့ မပေးခဲ့ပါဘူး။
အခြေခံဥပဒေပြင်ဆင်ရေးကိုကြိုးပမ်းခဲ့တဲ့ ပထမအကြိမ်လွှတ်တော်သက်တမ်းရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကပါ ရုပ်သိမ်းခံရဖို့အထိ တပ်မဲဆန္ဒရှင်တွေရဲ့ တောင်းဆိုခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာဥပဒေ မရှိခဲ့လို့သာ ဆက်လက်အကောင်အထည်မဖော်နိုင်ခဲ့တာဖြစ်ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေးကို ထပ်မံ ကြိုးပမ်းခဲ့တဲ့ NLD ဒုတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်လည်း စွပ်စွဲပြစ်တင်ခံရတဲ့အထိ ကြုံတွေ့ခဲ့ရပါတယ်။
ပထမအကြိမ်လွှတ်တော်သက်တမ်းမှာတော့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တပ်က လုံးဝအထိမခံခဲ့ဘဲ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာတော့ ပြင်ဆင်ရေးကိုလက်ခံတဲ့ မူဝါဒ ရှိတဲ့အကြောင်း အတိအလင်းထုတ်ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ ရွေးကောက်ခံနိုင်ငံရေးသမားတွေ နဲ့ တပ် အကြားမှာ ညှိနှိုင်းလို့မရခဲ့ကြဘဲ အခြေခံဥပဒေပြင်ဆင်ရေးဟာ ရုပ်ပျက်ဆင်းပျက်နဲ့ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။
ထိုင်း နဲ့ မြန်မာ တူတာနဲ့ မတူတာတွေ
မြန်မာနိုင်ငံ နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဟာ အာဏာသိမ်း နေရာမှာ မတူညီတဲ့ပုံစံနဲ့ ကျော်ကြားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ထိုင်းကတော့ အကြိမ်အရေအတွက်များများအာဏာသိမ်းပြီး မြန်မာကတော့ ထိုင်းလိုအကြိမ်မများပေမယ့် အာဏာတစ်ခါသိမ်းရင် ပြန်လွှဲပေးဖို့ နှစ်ဆယ်ချီကြာတတ်ပါတယ်။
နှစ်နိုင်ငံလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ဖက််သတ် အသာစီးရယူရေးဆွဲရာမှာလည်း တူညီကြပါတယ်။
မတူညီတာကတော့ အာဏာသိမ်းမှုတွေပေါ်ပေါက်တိုင်း ထိုင်းက မြန်မာထက် သွေးထွက်သံယိုမှု အဆမတန်နည်းပါးတာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုအခြေအနေတွေမှာ ထိုင်းနိုင်ငံနဲ့ မြန်မာကြားက ကွဲလွဲတဲ့ အချက်တချို့ကို ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးကို လေ့လာဆန်းစစ်သူဖြစ်တဲ့ ISP Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက အခုလိုပြောပါတယ်။
‘’ထိုင်းမှာက as long as nonviolence ဖြစ်ရင် အစိုးရက သည်းခံမှု ကြီးပါတယ်။ ဖြေရှင်းဖြိုခွဲရာမှာလည်း ရဲကိုပဲ သုံးပါတယ်။ ကျွန်တော်တို့ဆီမှာက အစိုးရက သည်းခံနိုင်မှုနည်းသလို၊ အတိုက်အခံတွေကလည်း radical ideas ကို သဘောကျကြပါတယ်’’ လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မှာ မမျှတမှု တွေရှိနေပေမဲ့ ‘’ထိုင်းတွေက အခြေခံဥပဒေမူဘောင်ထဲကပဲ ရှင်းကြတယ်’’ လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။
‘’ထိုင်းမှာ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတောင်းဆိုချက် လိုမျိုး ပါတီတွေက ရွေးကောက်ပွဲမှာ ကြွေးကြော်သံတစ်ခုအဖြစ် တင်ကြတာ မတွေ့ရပါဘူး။ လက်ရှိအခြေအနေမှာ ပြဿနာတွေရှိနေပေမဲ့ ဒီမူဘောင်ထဲက ရှင်းမယ်၊ တဖြည်းဖြည်းချင်း ပြုပြင်သွားမယ်ဆိုတဲ့ သဘော ရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ပါတီတွေ ရွေးကောက်ပွဲအတွက် ကြွေးကြော်သံတောင်းဆိုမှု တစ်ခုဖြစ်ခဲ့ပါတယ်။ အခုလည်း NUG/CRPH က ၂၀၀၈ ကို ဖျက်လိုက်ပြီဆိုတာမျိုးပေါ့။ မူဘောင် တစ်ခုကို အသိအမှတ်မပြုဘူး၊ အပြင်ကနေ တောင်းဆိုဖြေရှင်းချင်တာများပါတယ်’’ လို့ သူက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာက ဗျူရိုကရေစီ နဲ့ ပြည်သူ့ဝန်ဆောင်မှုစိတ်အခံ ပိုအားသန်ပြီး စစ်အာဏာသိမ်းမှုတွေမှာလည်း စစ်တပ်က ဗီတိုပြန်ရေးရရေးအတွက် (veto coup) ပဲ လုပ်ပြီး ကဏ္ဍပေါင်းစုံကို မစွက်ဖက်တဲ့အကြောင်း ဦးအောင်သူငြိမ်းကပြောပါတယ်။
‘’ကျွန်တော်တို့(မြန်မာပြည်)ဆီမှာ အာဏာသိမ်းတာက ခေတ်ပြောင်းတော်လှန်ရေးကြီးတစ်ရပ် ဆင်နွှဲသလို (revolutionary coup) ပို ဆန်ပါတယ်။ ၁၉၇၄ မဆလ အာဏာသိမ်းတာ၊ အခု အာဏာသိမ်းတာမျိုးက ကိစ္စအများအပြားကို Reset အထိုင်ပြန်ချချင်တာမျိုးနဲ့ တူနေပါတယ်။ ဗီတို တစုံတရာရေးပြီး ပြန်ဆင်းသွားဖို့ မဟုတ်ပါ။’’ လို့ သူက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူဦးရဲထွန်း ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့ပဲ ခက်ခဲအောင်လုပ်ထားပြီး အစိုးရဖွဲ့ရေးမှာတော့ ထိုင်းအခြေခံဥပဒေလောက် ခက်ခဲအောင်မလုပ်ထားဘူး လို့ သုံးသပ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေ ရှိသေးလား
စစ်တပ်ယိမ်းတဲ့ စစ်သားလူထွက်နိုင်ငံရေးသမားတချို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်က အာဏာထပ်မသိမ်းအောင် ရေးဆွဲခဲ့တာလို့ အကောင်းမြင်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်အာဏာသိမ်းမှုကတော့ ဒီအယူအဆဟာ တစ်ဝက်ပဲ မှန်တယ် လို့ သက်သေပြခဲ့ပါတယ်။
စစ်တပ်ကတော့ အာဏာသိမ်းတယ်လို့ ခုထိ ဝန်မခံဘဲ ‘’အာဏာထိန်းတယ်’’ လို့ သာ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကစလို့ လက်ရှိအချိန်အထိ စစ်တပ်က ၂၀၀၈ အခြေခံဥပဒေမှာပါတဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေကို သုံးပြီး တိုင်းပြည်ရဲ့အာဏာကိုထိန်းသိမ်းနေခြင်းသာဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ကတိပြုထားပါတယ်။
ပြည်တွင်းအတိုက်အခံတွေ၊ဒီမိုကရေစီလိုလားသူတွေ နဲ့ ဒီမိုကရေစီနိုင်ငံတွေကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ဖြစ်စဥ်ကို အာဏာသိမ်းမှုလို့ ပဲ ရှုမြင်ပါတယ်။
အာဏာသိမ်းပြီး နှစ်လကျော်အကြာမှာ ၂၀၂၀ ရွေးကောက်ခံအမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
CRPH ကလည်း ကြားကာလ ဖွဲ့စည်းပုံအခြေခံတစ်ခုရေးဆွဲဖို့ ပြင်ဆင်ခဲ့ပြီး ဖက်ဒရယ်ပဋိဉာဉ်ကို ကနဦး ပြဋ္ဌာန်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်က ကြည့်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရှိနေသေးပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့သူတွေဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းထားတာ ဖြစ်ပါတယ်။
၂၀၀၈ အနာဂတ် ဘယ်လိုဖြစ်မလဲ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က လက်ခံကျင့်သုံးနေတယ် ဆိုပေမဲ့ ဘယ်လောက်အထိ ဆက်တည်မြဲမလဲဆိုတဲ့အပေါ် သံသယ ရှိနေကြပါတယ်။
စစ်ကောင်စီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မူအားဖြင့်သဘောတူထားပေမဲ့ လွှတ်တော်လမ်းကြောင်းကပဲ ပြင်ဆင်သွားမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ဖြေကြားထားပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုလားချက်တွေအရ ပြင်ဆင်ရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မတွေနဲ့ နိုင်ငံရေးကိုယ်စားလှယ်များအစုအဖွဲ့နဲ့ ဆွေးနွေးသဘောတူထားတဲ့ ပုဒ်မတွေကို နောင်ပေါ်ပေါက်လာမယ့် လွှတ်တော်မှာ စစ်တပ်က သဘောတူထောက်ခံမယ်လို့ ကတိပေးထားပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမျိုးသားညီလာခံကျင်းပခဲ့တဲ့ မှော်ဘီက ညောင်နှစ်ပင် ကို မကြာခဏသွားရောက်နေတာကို နိုင်ငံရေးနိမိတ်လက္ခဏာတစ်ခုအဖြစ် ရှုမြင်သူတွေ ရှိနေပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး နောက်ထပ် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုကို ရေးဆွဲနိုင်တယ်လို့ သုံးသပ်နေကြသူတွေလည်း ရှိနေပါတယ်။
တစ်ဘက်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ပြင်ဆင်တာထက် အသစ်ပြန်ရေးဆွဲတာပိုကောင်းတယ်လို့ ယူဆနေသူတွေလည်းရှိပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အချိန်ယူခဲ့သလို နှစ်ပေါင်းများစွာ မကြာဖို့လိုတယ်လို့ ထောက်ပြကြပါတယ်။
ပထမအကြိမ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်က သူ့အမြင်ကို အခုလိုပြောပါတယ်။
‘’အခြေခံဥပဒေကိုပြင်လို့ ၇၅ နှစ်တာ သွေးမြေကျမှုကို ရပ်ဆိုင်းနိုင်မယ်ဆို ပြင် ပေါ့။ ပြင်ရင် ပိုကြာမယ် ပိုပြီးရှုပ်ထွေးမယ်ဆိုရင် အသစ်ကိုခြေလှမ်းလှမ်းသင့်တာပေါ့။ အသစ်သည် အချိန်တိုလေးအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းမယ်၊ တိုင်းရင်းသားတွေလိုလားတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို ပေးနိုင်မယ်ဆို ရင် အသစ်ရေးဆွဲတာက အဟောင်းကိုပြင်တာထက်ပိုမြန်တာပေါ့’’ လို့ ပြောခဲ့တာပါ။
စစ်ကောင်စီက ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့လွှတ်တော်ဟာ အချိန်ကာလသတ်မှတ်ချက်တစ်ခုယူပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံတဲ့ နောက်ထပ်အခြေခံဥပဒေအသစ်တစ်ခုကို ရေးဆွဲသင့်တယ်လို့ သူကပြောပါတယ်။
‘’ နှစ်နှစ်အတွင်းမှာ ပြီးအောင်ဆွဲကြမလားပေါ့။ ဒါက ၂၀၀၈ ကိုဖျက်တာလည်း မဟုတ်ဘူး။ ၂၀၀၈ ကိုအခြေခံပြီးပိုကောင်းတဲ့ အခြေခံဥပဒေတစ်ခု ဆွဲတဲ့သဘောပဲ’’ လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
ပထမအကြိမ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ စစ်ကောင်စီအနေနဲ့ လတ်တလောမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ စိတ်ကူးမရှိနိုင်သလို ပြင်ခဲ့ရင်လည်း ၂၀၀၈ က ပေးထားတဲ့ တပ်ရဲ့နိုင်ငံရေးမှာပါဝင်နေတဲ့ အချက်တွေကို လျှော့ပြီးပြင်ဆင်ဖို့ စိတ်ကူးမရှိနိုင်ဘူး လို့ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထက် ရွေးကောက်ပွဲကိုအရင်ဆုံး ကျင်းပပေးရေးသာ သူ့ရဲ့ ဦးစားပေးအစီအစဉ်ဖြစ်လိမ့်မယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
စစ်ကောင်စီ နဲ့ နီးစပ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရင် အာဏာသိမ်းတာမဟုတ်ဘူးလို့တောက်လျှောက်ပြောလာတာနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမှာဖြစ်လို့ ၂၀၀၈ ကိုပဲ ဆက်သုံးသွားလိမ့်မယ်လို့ ခိုင်ခိုင်မာမာပြောပါတယ်။
‘’၉၀ ရာခိုင်နှုန်းမဖျက်ဘူး။ ၁၀ ရာခိုင်နှုန်းက နိုင်ငံရေးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ သီအိုရီအရ ပေးထားတာ’’ လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအပါအဝင်တော်လှန်ရေး တပ်ဦးမှာရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တို့ကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းထားပြီးဖြစ်ပါတယ်။