ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခြောက်လုံးတန်း သံခင်းတမန်ခင်း ဘယ်လောက်အလုပ်ဖြစ်မလဲ
နေပြည်တော် ခြောက်လုံးတန်းမှာ စာဖတ်ပြီး အေးအေးလူလူ ဖြတ်သန်းနေတဲ့ အသက် ၉၀ အရွယ် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဟာ သံတမန်တွေနဲ့ တွေ့ဆုံမှုတွေ လုပ်လာနေပါတယ်။
အငြိမ်းစားယူခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း မြန်မာ့နိုင်ငံရေးနဲ့ ခပ်ဝေးဝေးနေခဲ့တဲ့ ဦးသန်းရွှေ ပြန်လည်ပေါ်ထွက်လာမှုအပေါ် အမြင်အမျိုးမျိုး ရှိနေကြပါတယ်။
စစ်တပ်အပေါ် ဦးသန်းရွှေရဲ့ သြဇာရှိမှု နဲ့ တရုတ်နိုင်ငံရဲ့ မြန်မာ့နိုင်ငံရေးအပေါ် သဘောထားအမြင်တွေက ဒီအခင်းအကျင်းသစ်ကို ပုံဖော်လာတာပဲ ဖြစ်ပါတယ်။
ဦးသန်းရွှေမိသားစုနဲ့ နီးစပ်သူတွေကရော သူ့ တပည့်တချို့ကပါ လက်ရှိမြန်မာ့အကျပ်အတည်းကို အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကောင်းကောင်းနားလည်သဘောပေါက်ထားတယ်လို့ ဆိုကြပါတယ်။
ဦးသန်းရွှေ သြဇာရှိသေးလား
ဦးသန်းရွှေဟာ စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ယောက်မဟုတ်ဘဲ ၁၉၅၂ ခုနှစ်မှာ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၉) Officer Training School က ဆင်းပါတယ်။
သူ့ရဲ့ ဒုတိယလူဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး က ၁၉၅၅ မှာ စတင်ဖွင့်လှစ်တဲ့ စစ်တက္ကသိုလ်အပတ်စဉ် (၁) ဖြစ်ပါတယ်။
လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ဖြစ်ပါတယ်။
အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဦးသန်းရွှေ နဲ့ အသက် ၂၀ ကျော် ကွာဟပြီး ဦးသန်းရွှေခန့်ထားခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။
ဦးသန်းရွှေကို လက်ရှိစစ်ဗိုလ်ချုပ်တွေကပါ တပ်မတော်ရဲ့လူကြီးမိဘသဖွယ် လေးစားကြပြီး တပည့်ဖြစ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကတော့ နှစ်ဆန်းတစ်ရက်နေ့နဲ့ သီတင်းကျွတ်လပြည့်နေ့တွေမှာ ပုံမှန် သွားကန်တော့လေ့ ရှိကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အဲဒီအခါကြီးရက်ကြီးအပြင် ဦးသန်းရွှေ ဆီ မကြာခဏ လာရောက်တတ်ပြီး သူတို့ဘာတွေဆွေးနွေးတယ်ဆိုတာကိုတော့ မသိရဘူးလို့ ခြောက်လုံးတန်းက ဦးသန်းရွှေအိမ်တော်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
‘’ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်ကို ဦးသန်းရွှေဆီ သွားရောက်တင်ပြခဲ့တယ်။’’ လို့ စစ်ရုံးထဲက အရာရှိကြီးတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ဦးသန်းရွှေရဲ့တပည့်ဟောင်းတချို့ကရော ဦးသန်းရွှေမိသားစုနဲ့ နီးစပ်သူတချို့ကပါ လက်ရှိအခြေအနေအပေါ် ဦးသန်းရွှေ ရဲ့ သဘောထားအမြင်ဘယ်လိုရှိလဲ ဆိုတာကို ပြောပြနိုင်သူ မရှိပါဘူး။
ဦးသန်းရွှေရဲ့တပည့် ဗိုလ်ချုပ်ဟောင်းတွေကတော့ မြန်မာပြည်ကို ၁၉ နှစ် အုပ်ချုပ်သွားတဲ့ အငြိမ်းစားတပ်ချုပ်ဟာ စစ်တပ်အပေါ် သြဇာရှိဆဲပဲ လို့ သုံးသပ်ပါတယ်။
ဦးသန်းရွှေအိမ်တော်နဲ့ နီးစပ်သူတစ်ဦးကတော့ ဦးသန်းရွှေရဲ့ သြဇာက လက်ရှိတပ်ခေါင်းဆောင်တွေကို အပြောင်းအလဲလုပ်ဖို့ အထိတော့ ရှိမနေတော့ဘူး လို့ ပြောပါတယ်။
‘’သူက အဲဒီလောက်အထိလည်း ဝင်ပါမယ့်သူမဟုတ်ပါဘူး။ သူ့အခန်းကဏ္ဍက ပြီးသွားပြီလို့ ခံယူထားတဲ့သူပါ။ အခုလို သူပြန်ဝင်လာလို့ ကိုယ်တောင် အံ့သြနေတာ’’ လို့ ဦးသန်းရွှေရဲ့ အိမ်တော်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
‘စာဖတ်နေသူကြီး’ လို့ နာမည်ရတဲ့ ဦးသန်းရွှေဟာ နေပြည်တော်၊ ခြောက်လုံးတန်းက A1 ခြံထဲမှာ စာကြည့်တိုက်တစ်ဆောင် သီးသန့်ဆောက်ထားပြီး နေ့တိုင်း စာကြည့်တိုက်ကိုသွားပြီး ပုံမှန်စာဖတ်တဲ့အကြောင်း A1 ခြံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
နိုင်ငံရေးနဲ့ ခပ်ဝေးဝေးနေတဲ့ ဦးသန်းရွှေဟာ မြန်မာပြည်ရဲ့ အရေးပါတဲ့အလှည့်အပြောင်းတွေမှာ ပါလာရတဲ့ နမူနာတွေအရင်ကလည်း ရှိဖူးပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရတဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုဟာ အာဏာအလွှဲအပြောင်းချောမွေ့ရေးအတွက် အရေးပါခဲ့တယ်လို့ နိုင်ငံရေးအကဲခတ်တွေက အသိအမှတ်ပြုကြပါတယ်။
လက်ရှိအကျပ်အတည်းကို စစ်ကောင်စီက မထိန်းသိမ်းနိုင်တော့လို့ ဦးသန်းရွှေကို အကူအညီတောင်းတဲ့အတွက် ဝင်ပါရတယ် ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ ဒီအယူအဆကို လက်မခံသူတွေလည်း ရှိနေပြီး လက်ရှိစစ်ခေါင်းဆောင်ရဲ့ စိတ်နေသဘောအရ ဦးသန်းရွှေကိုရော သမ္မတဟောင်း ဦးသိန်းစိန်ကိုပါ အကူအညီတောင်းမှာ မဟုတ်ဘူး လို့ အငြိမ်းစား ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
ဦးသန်းရွှေ ထားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နှစ်အနည်းငယ်အတွင်းမှာပဲ ဦးသန်းရွှေရဲ့ မူဝါဒနဲ့ ဆန့်ကျင်တာတွေ လုပ်ခဲ့တဲ့အကြောင်း သမ္မတရုံးနဲ့နီးစပ်တဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ဦးသန်းရွှေလုပ်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပစ်တာ၊ ဦးသန်းရွှေရဲ့ တရုတ်နဲ့အဓိကဆက်ဆံတဲ့ နိုင်ငံခြားရေးမူဝါဒကနေ အမေရိကန်ဘက်ကို ပိုနီးကပ်သွားတာတွေကို သူက ထောက်ပြပါတယ်။
‘’ဆိုတော့ ဦးသန်းရွှေနားပြီး ဆယ်နှစ်လောက်အကြာမှာ အာဏာကိုင်ထားတဲ့ လက်ရှိလူက သူ့ကိုသွားတင်ပြနေပြီး သူ့စကားနားထောင်မယ်ထင်လား’’ လို့ သူက မေးခွန်းထုတ်ပါတယ်။
ဦးသန်းရွှေနဲ့ ဦးသိန်းစိန်လို တပ်ခေါင်းဆောင်ဟောင်းတွေနဲ့ သံတမန်တွေ့ဆုံမှုတွေဟာ နိုင်ငံတကာရဲ့ တောင်းဆိုမှုကြောင့်လည်း ဖြစ်နိုင်တယ် လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။
‘’နိုင်ငံတကာအနေနဲ့ လက်ရှိအကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည်ပါမှ ပြေလည်နိုင်မယ်လို့ ယူဆတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်ကြားစေ့ခဲ့ဖူးတဲ့သူတွေကို တွေ့ခွင့်တောင်းမယ်။ တပ်ကလည်း သူ့အတွက်အရှုံးမရှိတော့ ခွင့်ပြုတယ်။ ဒီလိုပဲယူဆပါတယ်’’ လို့ ပြည်ထောင်စုဝန်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။
ဦးသန်းရွှေရဲ့နည်းဟောင်း
ဦးသန်းရွှေဟာ တပ်အပေါ်သြဇာညောင်းသေးသည်ဖြစ်စေ မညောင်းတော့သည်ဖြစ်စေ သူပါဝင်လာတာက သတိထားဖို့ကောင်းတဲ့အကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ စစ်ကောင်စီဟာ အင်အားသုံးပြီး အာဏာကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး အလျှော့အတင်း မရှိခဲ့ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ PDF တွေကို ပြတ်ပြတ်သားသားနှိမ်နင်းမယ်လို့ တပ်မတော်နေ့မှာပြောခဲ့ပြီး တစ်လအတွင်း စစ်ကိုင်းတိုင်းထဲက ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီး လူရာချီသေဆုံးခဲ့ပါတယ်။
ဦးသန်းရွှေကတော့ အဲဒီလိုမဟုတ်ဘဲ အလျှော့အတင်းနဲ့သွားတတ်တယ်လို့ လုံခြုံရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတစ်ခုက ပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
‘’သူက အလျော့အတင်းတွေလုပ်ပြမယ်။ နိုင်ငံတကာနဲ့ ပြည်သူကို ဝေဝါး အောင်လုပ်မယ်။ ရန်သူကို တဖြည်းဖြည်းအားနည်းအောင်လုပ်ပြီးမှ ဖြိုမယ်’’ လို့ သူက သုံးသပ်ပါတယ်။
ဦးသန်းရွှေဟာ စစ်သားဘဝမှာ အားကောင်းတဲ့ပြည်တွင်းအတိုက်အခံတွေဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ရင်ဆိုင်ခဲ့ရသလို တပ်မတော်ခေါင်းဆောင်ဘဝမှာလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီလိုလားသူတွေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်လာခဲ့တဲ့ အတွေ့အကြုံများစွာရှိခဲ့သူ ဖြစ်ပါတယ်။
တစ်ချိန်ထဲမှာပဲ နိုင်ငံတကာဖိအားကိုပါ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။
တရုတ်အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တပ်မတော်ခေါင်းဆောင်ဟောင်းကတစ်ဆင့် လက်ရှိစစ်တပ်အကြီးအကဲကို သွယ်ဝိုက်ဖိအားပေးပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးစားနေပေမဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ စဉ်းစားပုံကို သိထားဖို့လိုတယ်လို့ အငြိမ်းစားတပ်အရာရှိကြီး တစ်ဦးကပြောပါတယ်။
‘’တပ်မှာက ရာထူးမရှိတော့ရင် ပြီးသွားပြီဗျ။ နားသွားတဲ့သူတွေက လက်ရှိတပ်ခေါင်းဆောင် လုပ်နေတာတွေကို လူသိရှင်ကြား ဘယ်တော့မှ ဝေဖန်ကန့်ကွက်တာ လုပ်လေ့မရှိဘူး’’ လို့ သူကပြောပါတယ်။
တရုတ်ရဲ့ အားထုတ်မှုလော
တရုတ်နိုင်ငံ နဲ့ ဦးသန်းရွှေ ကြားမှာ ရှည်လျားတဲ့ ဆက်ဆံရေးကောင်း ရှိခဲ့တာကို မေ့မထားဖို့လိုပါတယ်။
၂၀၁၁ ခုနှစ်မှာ အနားယူပြီးနောက်ပိုင်း လူမြင်ကွင်းကိုမထွက်တဲ့ ဦးသန်းရွှေဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ပဲ တွေ့ဆုံခဲ့တာကလည်း သူနဲ့ တရုတ်ကြားက နီးစပ်မှုကို မြင်သာစေပါတယ်။
ဒါ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂၀၁၉ နေပြည်တော်ခရီးစဉ်မှာ ဦးသန်းရွှေအတွက် ဆေးအဖွဲ့တစ်ဖွဲ့ သီးသန့်ခေါ်လာခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ စီစဉ်ခဲ့တယ်လို့ အိမ်တော်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မြန်မာပြည်ရဲ့ ၁၉၈၈ အရေးအခင်း နဲ့ မရှေးမနှောင်းဖြစ်ခဲ့တဲ့ တရုတ် တီယန်နန်မင် အရေးအခင်းကြောင့် မြန်မာနဲ့တရုတ်ဟာ အနောက်နိုင်ငံတွေရဲ့ပစ်မှတ်ထားခံရတဲ့ ဘဝတူတွေဖြစ်သွားခဲ့ကြပြီး ပိုမို စည်းလုံးသွားခဲ့တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
ဦးသန်းရွှေထွက်လာတာဟာ တရုတ်ဘက်ကတောင်းဆိုမှုကြောင့် ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
‘’တရုတ်ကလည်း စစ်ကောင်စီဘက်က ဗြောင်ရပ်ဖို့ အချိန်ကျပြီလို့ ယူဆသလို ဦးသန်းရွှေဘက်ကလည်း သူဝင်ကူသင့်တယ်လို့ယူဆပြီး ထွက်တွေ့တာဖြစ်နိုင်တယ်’’ လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
ဦးသန်းရွှေဟာ သူအနားယူကာနီး ၂၀၁၀ ခုနှစ်မှာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး သူ့နေရာကိုဆက်ခံမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပါ ခေါ်သွားခဲ့ပါတယ်။
အနားယူပြီးနောက်ပိုင်းမှာလည်း ငါးနှစ်ကျော်အကြာ ၂၀၁၆ သြဂုတ် ၁၂ ရက်မှာမှ သတင်းတွေမှာပြန်ပေါ်လာပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး မစ္စတာဆုန့်ထောင်းနဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုကို တရုတ်နိုင်ငံဘက်ကပဲ သတင်းထုတ်ခဲ့တာဖြစ်ပြီး မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်မှုမရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ မေလ ၂ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်းနဲ့တွေ့ဆုံမှုမှာလည်း တရုတ်ဘက်ကပဲ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှုမရှိခဲ့ပါဘူး။
ဦးသန်းရွှေနဲ့တွေ့တဲ့အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်းက တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ‘ဦးသန်းရွှေရဲ့ အဓိကအကျိုးဆောင်မှုတွေကို တန်ဖိုးထားတယ်လို့ထည့်ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အစဉ်အမြဲ ယုံကြည်ရတဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်သလို မြန်မာနိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ ထောက်ခံသွားမယ်လို့ ပြောခဲ့တဲ့အကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။
ဦးသန်းရွှေကလည်း မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး လို့ သုံးနှုန်းပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းဆက်ဆံရေး ထားရှိပြီး မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသောကူညီပံ့ပိုးမှုများပေးအပ်ခြင်းအတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံအနေနဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအစဉ်အလာကို ခိုင်မာစွာ ဆက်ခံပြီး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ရလဒ်ကောင်းများ ရရှိစေဖို့ တွန်းအားပေးဆောင်ရွက်သွားလိုတယ်လို့ ဦးသန်းရွှေက ပြောခဲ့ပါတယ်။
‘’တကယ်တော့ ဦးသန်းရွှေက အာဏာလက်ကိုင်ရှိတော့တဲ့လူမဟုတ်ဘူး။ သူနဲ့တွေ့တာကို တရုတ်ကသတင်းထုတ်တာ ထူးခြားတယ်’’ လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကပြောပါတယ်။
၂၀၁၆ က ဝန်ကြီးဆုန့်ထောင်းနဲ့ တွေ့ဆုံမှုကို တရုတ်မီဒီယာတွေမှာ ရုပ်သံနဲ့တကွ သတင်းထုတ်ခဲ့တဲ့အတွက် ဦးသန်းရွှေအနေနဲ့ ဒီတစ်ခေါက်တွေ့ဆုံမှုမှာ သူ့ဓာတ်ပုံတွေကို အပြင်မှာ မထွက်ပေါ်လာအောင်လို့ ပန်ကြားခဲ့တယ်လို့ အိမ်တော်နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
‘’ ဒီတွေ့ဆုံမှုက အာရှနိုင်ငံတွေရဲ့ ထုံးစံအတိုင်း အကြီးအကဲဟောင်းကို ဂါရဝ လာပြုတဲ့သဘောပါ။ ဗိုလ်ချုပ်မှူးကြီးကလည်း လက်ရှိမူဝါဒရေးရာတွေနဲ့ပတ်သက်ပြီး သူ့သဘောထားမှတ်ချက်မပါအောင် အထူးဂရုတစိုက် ပြောကြားခဲ့တာတွေ့ရတယ်’’ လို့ ဦးသန်းရွှေအိမ်တော်နဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။
တရုတ်အမျိုးသားတက္ကသိုလ်ဆင်း ကိုကြည်စင်ကတော့ တရုတ်ဟာ အရှေ့အလယ်ပိုင်းအရေး နဲ့ ယူကရိန်းအရေး တွေမှာ စေ့စပ်ညှိနှိုင်းသူအဖြစ်ပါဝင်ပြီး သူ့ပုံရိပ်ကို နိုင်ငံတကာမှာမြှင့်တင်ခဲ့ပြီးနောက် မြန်မာ့အရေးမှာလည်း ဝင်ပါလာတယ် လို့ ပြောပါတယ်။
အမေရိကန်က Burma Act ကို သက်တမ်းတိုးပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဝါရှင်တန်ဒီစီရုံးခွဲဖွင့်ပြီးတဲ့နောက် မြန်မာ့အရေးမှာ တရုတ်ရဲ့ခြေလှမ်း ပိုမိုသွက်လာခဲ့တယ်လို့ သူကပြောပါတယ်။
ရုရှားနဲ့ဆက်ဆံရေးကောင်းရှိတဲ့ စစ်ကောင်စီအနေနဲ့ တရုတ်ရဲ့ နေပြည်တော်ခရီးကို နှစ်သက်လိုလားခဲ့ပြီး ဝန်ကြီးချင်းဂန်းရဲ့ ခရီးစဉ်အတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်နဲ့ သေဒဏ်ကျခံထားသူ ၃၈ ဦးကိုပါ တစ်သက်တစ်ကျွန်းကိုပြောင်းလဲ ပေးခဲ့ပါတယ်။
စစ်ကောင်စီ ထွက်ပေါက်ရှာချင်ရဲ့လား
သံတမန်ဟောင်းတစ်ဦးကတော့ နိုင်ငံတော်အရေးပေါ်အခြေအနေဖြစ်နေတဲ့အတွက် ဦးသန်းရွှေတို့ ဦးသိန်းစိန်တို့ကို အခြေအနေတည်ငြိမ်အောင် ဝင်ရောက်ကူညီပေးစေချင်သူတွေ ပြည်တွင်းရောပြည်ပမှာပါ ရှိနေတယ်လို့ ပြောပါတယ်။
ဒီအုပ်စုဟာ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးအပြောင်းအလဲမှာ ခြောက်လုံးတန်းက ခေါင်းဆောင်ဟောင်းတွေဆီ သံတမန်တွေ သွားနိုင်အောင် ကြိုးစားခဲ့ကြတာဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဦးသန်းဆွေ ဟာ ဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်နဲ့ အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၆) ဆင်း ဖြစ်ပြီး အမေရိကန်နဲ့ သံခင်းတမန်ခင်းပြန်လည်စတင်ချိန်မှာ သံအမတ်ကြီးတာဝန်စတင် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
‘’ ဦးဝဏ္ဏက အပိတ်ကစားတာ၊ ဦးသန်းဆွေက အဖွင့်ကစားတာ။ အရမ်းပါးနပ်တယ်’’ လို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနဲ့ နီးစပ်တဲ့ ပညာရှင်တစ်ဦးက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအပြောင်းအလဲ လုပ်ပြီးတဲ့နောက် သံတမန်တွေ နေပြည်တော်ကို ဆက်တိုက်ရောက်လာတာ တိုက်ဆိုင်မှုမဟုတ်ဘူး လို့ သူကပြောပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်းတို့ ခြောက်လုံးတန်းကို ဆက်တိုက် ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာ့အကျပ်အတည်းတွေနဲ့ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ သံတမန်ရေးနည်းလမ်းစုံသုံးပြီးကြိုးစားနေပေမယ့် စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်တွေကသာ အဓိကအကျဆုံးဖြစ်မယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။
ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့လို့ စစ်ခေါင်းဆောင်က သမ္မတလုပ်ခဲ့ရင်တောင် အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးရမှာဖြစ်ပြီး လက်ရှိအခြေအနေကတော့ အာဏာသုံးရပ်လုံးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထဲမှာပဲ ရှိနေတယ်လို့ သူကပြောပါတယ်။
‘’ဦးမင်းအောင်လှိုင်က တကယ်ပဲ ရွေးကောက်ပွဲလုပ်ပေးမှာလား။ ဒီအတိုင်းပဲ အာဏာကိုဆက်ကိုင်ထားချင်နေလားဆိုတာက အဓိကအဆုံးအဖြတ်ပေးမှာပဲ’’ လို့ သူက ပြောပါတယ်။