စစ်ခေါင်းဆောင်ရဲ့ စစ်ဘက်လက်ထောက်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ ယုံကြည်စိတ်ချတဲ့သူတွေကို သူ့ဘေးမှာ ဝန်းရံထားပြီး အရပ်ဘက်ရောစစ်ဘက်ကိုပါ အုပ်ချုပ်နေတယ်လို့ စစ်ရုံးကို အဝင်အထွက်လုပ်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီ ရဲ့ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော တို့က စစ်ခေါင်းဆောင်ရဲ့ အထူးယုံကြည်စိတ်ချသူတွေအဖြစ် လူသိများပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနီးမှာ အမြဲရှိနေသူ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်မိုးမြင့်ဆွေ ကိုတော့ လူသိနည်းပါတယ်။

စစ်ခေါင်းဆောင်ဟာ အရပ်ဘက်ရော စစ်ဘက်မှာပါ ရာထူးခန့်ထားရေးကိစ္စတွေမှာ စစ်ဘက်လက်ထောက်ရဲ့ အကြံဥာဏ်ကို ရယူနေတယ်ဆိုတာ ဗိုလ်ချုပ်မိုးမြင့်ဆွေ နဲ့ နီးစပ်သူတွေ ထိပ်ပိုင်းနေရာတွေ ရလာတာကိုကြည့်ရင် သိနိုင်တယ်လို့ စစ်ရုံးက သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကိုယ်ရံတော်ဗိုလ်ချုပ် မှ စစ်ဘက်လက်ထောက်သို့

စစ်တပ်အရာရှိတွေမှာ ကိုယ်ရေးအရာရှိ (PSO) တွေ ထားကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှစ်ဦးရဲ့ ကိုယ်ရေးအရာရှိအဆင့်ကိုတော့ ကိုယ်ရံတော် လို့ သုံးနှုန်းပါတယ်။

ကိုယ်ရံတော်ကို များသောအားဖြင့် ဒုတိယဗိုလ်မှူးကြီးကနေ ဗိုလ်မှူးချုပ် အဆင့်အထိ တပ်အရာရှိတွေကို ထားကြတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

ဗိုလ်မှူးချုပ် အဆင့်အထိ အပွင့်တင်ထားပေမယ့်လို့ တပ်ထဲမှာ မူလရာထူးထက် တစ်ဆင့်မြှင့်ခေါ်ကြတဲ့ အလေ့အထအရ ‘’ကိုယ်ရံတော်ဗိုလ်ချုပ်’’ လို့ပဲ သုံးနှုန်းကြပါတယ်။

ဒုတပ်ချုပ် အပါအဝင် တပ်ချုပ် ကို တွေ့ချင်တဲ့ ဘယ်သူမဆို ကိုယ်ရံတော်ဗိုလ်ချုပ်ကို ဆက်သွယ်အကြောင်းကြားရပါတယ်။

ကိုယ်ရံတော်ဗိုလ်ချုပ် က တပ်ချုပ်ကို သတင်းပို့ပြီးခွင့်ပြုချက်ရမှသာ တွေ့ခွင့်ရတာ ဖြစ်ပါတယ်။

‘’တပ်ချုပ် ရာသီဥတု (weather) ကောင်းလား၊ မကောင်းလား ဆိုတာ သူ့ပဲ မေးရတာ။ တပ်ချုပ်တော့ဖြင့် weather မကောင်းဘူး။ ဒီအချိန်ဆိုရင် မြေးတွေ နဲ့ ဆော့နေတဲ့အချိန် weather ကောင်းတယ် စသဖြင့် သူ့ဆီကပဲ စနည်းနာရတာ’’ လို့ အငြိမ်းစား တပ်အရာရှိကြီး တစ်ဦးက‌ ပြောပါတယ်။

တပ်ချုပ် အိပ်ချိန်ကလွဲလို့ အနားမှာ တနေကုန်နီးပါး ရှိနေတဲ့ ကိုယ်ရံတော် ဗိုလ်ချုပ် ဟာ လူကြီးနားနေရသူ ဖြစ်လို့ တပ်ချုပ်နဲ့ တွေ့ချင်သူတွေကြားမှာ မျက်နှာပွင့်ကြသူတွေ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်တပ်အကြီးအကဲရဲ့ အရေးကြီးတာဝန်တွေကိုရော မိသားစုဘဝအတွင်းရေးကိစ္စတွေကိုပါ တခြားသူတွေထက် ပိုသိခွင့်ရနေသူ ဖြစ်ပါတယ်။

‘’ပြောရရင် PSO အကြီးစားပေါ့ ။ ဒါပေမဲ့ တစ်ဘက်ကကြည့်ရင်လည်း အယုံကြည်ရဆုံးလူပေါ့’’ လို့ အငြိမ်းစား တပ်အရာရှိကြီး တစ်ဦးက‌ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သူ့ရဲ့ ကိုယ်ရံတော်က ဗိုလ်မှူးချုပ်စိုးရှိန် ဖြစ်ပြီး စစ်ဘက်လက်ထောက်ကတော့ ဗိုလ်ချုပ်နေဝင်း ဖြစ်ပါတယ်။

ကိုယ်ရံတော်ကနေ ရာထူးဆက်ပေးချင်ရင် စစ်ဘက်လက်ထောက်ဆိုပြီး တိုးပေးလိုက်တာလို့ စစ်ရုံးမှာ နေခဲ့ဖူးသူတွေက ပြောပါတယ်။

စစ်ဘက်လက်ထောက်ရဲ့ တရားဝင် တာဝန်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှာ ထိုင်ပြီး စစ်ဘက် အရပ်ဘက် အခြေအနေအရပ်ရပ်ကို တပ်ချုပ်ကို အစီရင်ခံရတာ ဖြစ်ပါတယ်။

‘’စစ်ဘက်လက်ထောက်က လူကြီးနားနေရတော့ ဗိုလ်ချုပ်ချင်းတူပေမယ့် တိုင်းမှူးတွေထက် ပိုပါဝါရှိတယ်လို့ ပြောလို့ရတယ်’’ လို့ စစ်ရုံးမှာ နေခဲ့ဖူးသူတစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ အစောပိုင်း ကိုယ်ရံတော်က ဗိုလ်မှူးကြီးလင်းဇော်ထွန်း ဖြစ်ပါတယ်။

သူက ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့အတွက် တပ်ကနေ ကြံ့ခိုင်ရေးပါတီကို စေလွှတ်ခံရပြီး တပ်ချုပ်က ကိုယ်ရံတော်ကို လဲချင်လို့ ဖယ်ရှားမှုတစ်ခု လို့ နားလည်ကြပါတယ်။

ဗိုလ်မှူးကြီးလင်းဇော်ထွန်း နေရာကို ဗိုလ်မှူးကြီးမိုးမြင့်ဆွေ က အစားဝင်လာပြီး စစ်ဘက်လက်ထောက်အထိ ဖြစ်လာခဲ့တာပါ။

ဗိုလ်ချုပ်မိုးမြင့်ဆွေ ဘယ်သူလဲ

ဗိုလ်ချုပ်မိုးမြင့်ဆွေ ဟာ စစ်တက္ကသိုလ်(DSA) ဆင်း မဟုတ်ဘဲ စစ်တက္ကသိုလ် အပတ်စဉ် (၃၈) နဲ့ အပတ်စဉ် တူတဲ့ အလုပ်သင်ဗိုလ် အပတ်စဉ်(၂၃)ဆင်း ဖြစ်တာကလည်း ထူးခြားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ကားရှေ့ခန်းထဲကနေ ဆင်းလာတဲ့ ဗိုလ်ချုပ်မိုးမြင့်ဆွေ ကို နေပြည်တော်မှာလုပ်တဲ့ အခမ်းအနားတွေမှာ အမြဲတွေ့ရတတ်ပါတယ်။

ဗိုလ်ချုပ်မိုးမြင့်ဆွေ က ဆက်ဆံရေးကောင်းပေမယ့် ထက်ထက်မြက်မြက် ရှိပုံမပြဘူးလို့ ဆက်ဆံဖူးသူတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သူသွားခဲ့တဲ့ အခမ်းအနားတွေ နဲ့ နိုင်ငံရေးသမားတွေအကြောင်းက စလို့ သူသိချင်တာတွေကို သူ့ရဲ့ ကိုယ်ရံတော် ကို ပြန်မေးလေ့ရှိပါတယ်။

‘’ တပ်ချုပ်က ကိုယ်ရံတော်ကြီးကို သူ့ရဲ့ မျက်စိ နဲ့ နားလို သဘောထားတယ်’’ လို့ ဗိုလ်ချုပ်မိုးမြင့်ဆွေ နဲ့ တပ်ချုပ်ရဲ့ ဆက်ဆံရေးကို သိသူ တစ်ဦးက ပြောပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တဥက္ကဋ္ဌ လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် က ဗိုလ်ချုပ်မိုးမြင့်ဆွေ နဲ့ တစ်ပတ်စဉ်တည်း ဖြစ်ပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) လက်နက်ချမှုမှာ နေပြည်တော်က တိုက်ရိုက်အမိန့်ပေးတာဖြစ်ပြီး ဗိုလ်ချုပ်မိုးမြင့်ဆွေ နဲ့ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် တို့က အဓိက ပါဝင်ပတ်သက်ခဲ့သူတွေ လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကို စစ်တရားရုံးက သေဒဏ်ချမှတ်လိုက်ပေမယ့် အင်းစိန်ထောင်ကို ရွှေ့ထားပါတယ်။

ဗိုလ်ချုပ် မိုးမြင့်ဆွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကို တပ်ချုပ်ရုံးကနေ ညွှန်ကြားချက်တွေပို့ခဲ့တဲ့အပြင် တရုတ် ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ ယူနန်က ဟိုင်ဂင် ဆွေးနွေးပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ မှာ မပါတဲ့ ဗိုလ်ချုပ်မိုးမြင့်ဆွေ ဟိုင်ဂင် ကို ပါလာတာက ဆွေးနွေးပွဲအကြောင်း စစ်ခေါင်းဆောင်ကို ပြန်အစီရင်ခံဖို့လို့ နိုင်ငံရေးအကဲခတ်တွေက နားလည်ထားကြပါတယ်။

‘’ငြိမ်းချမ်းရေး ဆွေးနွေးပွဲအထိ အိမ်တော်ကလူ (လူယုံ) ထည့်တာပေါ့’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

‘’စစ်ဘက်လက်ထောက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သေဆိုသေ ရှင်ဆိုရှင် ဆိုတဲ့ လူစားမျိုး’’ လို့ ဘီဘီစီ ရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အကြောင်းကို သိတဲ့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူတွေကို အလွယ်တကူယုံကြည်လေ့မရှိသူ လို့ ပြောပါတယ်။

ဒီအချက်ကြောင့်ပဲ ဗိုလ်ချုပ်မိုးမြင့်ဆွေလို စစ်ခေါင်းဆောင်ရဲ့ လူယုံတွေက ပိုအရေးပါလာတယ် လို့ အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦး ကပြောပါတယ်။

ဗိုလ်ချုပ်မိုးမြင့်ဆွေ အင်ပါယာ

စစ်ခေါင်းဆောင်ရဲ့ ယုံကြည်မှုကိုရတဲ့ ဗိုလ်ချုပ်မိုးမြင့်ဆွေ သူ့ရဲ့ အင်ပါယာကို တဖြည်းဖြည်းချဲ့ထွင်လာတာကို ရာထူးတိုးလာတဲ့သူတွေထဲမှာ အလုပ်သင်ဗိုလ်လောင်းတွေအများအပြားပါလာတာကြည့်ရင် မြင်သာပါတယ်။

‘’ကိုယ်ရံတော်ကြီးကို သတင်းပို့ပြီးပြီလား ဆိုတာ ဗိုလ်ချုပ်ကြီးတွေရဲ့ လက်သုံးစကားလိုတောင် ဖြစ်နေပြီ။ သူ့ဆီကပဲ အကုန်ဖြတ်ရတာ။ အခုတော့ စစ်ဘက်လက်ထောက်ကြီးပေါ့’’ လို့ စစ်ရုံးထဲက ဘီဘီစီ သတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်ချုပ်မိုးမြင့်ဆွေ ရဲ့ အလုပ်သင်ဗိုလ် အပတ်စဉ် (၂၃) ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၃၈) နဲ့ အပတ်စဉ် တူပြီး အဲဒီအပတ်စဉ်တွေဟာ ဗိုလ်ချုပ် အဆင့် နဲ့ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တွေ ဖြစ်နေပါပြီ။

ရာထူးအတက်မြန်လေ့ရှိတဲ့ စစ်တက္ကသိုလ် က မဟုတ်ဘဲ ဗိုလ်ချုပ်မိုးမြင့်ဆွေ ထိပ်ပိုင်းရောက်လာတာက ထူးခြားပါတယ်။

ဒီထက်ထူးခြားတာကတော့ သူထိပ်ပိုင်းရောက်ပြီးတဲ့နောက် တိုင်းမှူး၊ စစ်ရုံးက အရေးကြီးနေရာတွေ နဲ့ ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် နေရာတွေမှာ အလုပ်သင်ဗိုလ်ဆင်းတွေ နေရာရလာကြတာပဲဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် တပ်ထိပ်ပိုင်းရာထူးတွေကို စစ်တက္ကသိုလ်ဆင်းတွေပဲ ရယူထားရာကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာတော့ အလုပ်သင်ဗိုလ်ဆင်း တွေကိုပါ ထိပ်ပိုင်းရာထူးတွေပေးလာတာ ဖြစ်ပါတယ်။

အလုပ်သင် ဗိုလ်လောင်းတွေက သူတို့ကျောင်းက တေဇ တပ်ခွဲကို အစွဲပြုပြီး အပတ်စဉ်တွေကိုခေါ်တဲ့အခါ တေဇ(၂၁)၊ တေဇ(၂၃) စသဖြင့် ခေါ်ဝေါ်ကြပါတယ်။

မနှစ်က အနားပေးခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင် က အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအထိ ရှားရှားပါးပါးတာဝန်ပေးခံရတဲ့ အလုပ်သင် ဗိုလ်လောင်းဖြစ်ပြီး အပတ်စဉ် (၁၇) ဆင်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်စိုးတင့် က အလုပ်သင် ဗိုလ် (၁၆) ဆင်း ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင် ထက်တောင် စီနီယာကျသူဖြစ်ပါတယ်။

ဗိုလ်ချုပ်စိုးတင့်က ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် နေရာကနေ တိုင်းမှူးဖြစ်လာတာပါ။

ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် နေရာကို အသစ်ရောက်လာတဲ့ ဗိုလ်မှူးချုပ် ကျော်သူရအေး ကလည်း အလုပ်သင် ဗိုလ်လောင်းဖြစ်ပြီး အပတ်စဉ် (၂၁) ဆင်းဖြစ်ပါတယ်။

အလားတူ တွဲဖက်စစ်ရေးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ထွန်းမြတ်ရွှေ က လည်း အလုပ်သင် ဗိုလ်လောင်း အပတ်စဉ် (၂၁) ဆင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး က အလုပ်သင် အပတ်စဉ် (၂၂)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း က အပတ်စဉ် (၂၃)၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် က အပတ်စဉ် (၂၄) ဆင်းတွေ ဖြစ်ကြပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) စသုံးလုံး ညွှန်ကြားရေးမှူးချုပ်အသစ် ဖြစ်လာသူ အငြိမ်းစားဗိုလ်မှူးကြီး အောင်ဇော်လင်းဟာ အလုပ်သင် (၂၆) ကျောင်းဆင်းတစ်ဦး ဖြစ်ပါတယ်။

မနှစ်ကမှ အကျဉ်းဦးစီး၊ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာတဲ့ အငြိမ်းစားဗိုလ်မှူးချုပ် မျိုးဆွေ ဟာ လည်း အလုပ်သင်ဗိုလ်ဆင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မိုးမြင့်ဆွေ စစ်ဘက်လက်ထောက်ဖြစ်သွားလို့ လစ်လပ်သွားတဲ့ ကိုယ်ရံတော် နေရာကိုလည်း အလုပ်သင် (၂၈) က ဗိုလ်မှူးကြီး စိန်မောင်လင်း ကိုပဲ ခန့်အပ်ထားတာဖြစ်ပါတယ်။

အလုပ်သင်ဗိုလ်ဆင်းတွေ အခုလို နေရာရလာခြင်းရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ်မိုးမြင့်ဆွေ ရှိနေတယ်လို့ စစ်ရုံး နဲ့ စစ်ကောင်စီရုံးက ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။