ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော - စစ်ခေါင်းဆောင်ရဲ့ အကြံပေးအသစ်
အကြံပေးများစွာ ခြံရံထားတဲ့ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အထူးယုံကြည်စိတ်ချရသူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို အကြံပေးပုဂ္ဂိုလ်အဖြစ် ထပ်မံ ခန့်အပ်လိုက်ပါတယ်။
စစ်တပ်ရဲ့ အရေးအကြီးဆုံးစီးပွားရေးတာဝန်ခံလို့ ခေါ်ဝေါ်ရတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံအပြီး ရက်ပိုင်းအကြာမှာပဲ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာ အကြံပေးအဖွဲ့တွေ အမြောက်အမြားရှိပေမယ့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကတော့ စီးပွားရေးနဲ့ပတ်သက်လို့ အဓိက အကြံပေးရလိမ့်မယ်လို့ လုပ်ငန်းရှင် နဲ့ စစ်တပ်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
နိုင်ငံခြားငွေနဲ့ ပတ်သက်လို့ အရေးအကြီးဆုံး နိုင်ငံပိုင်ဘဏ်နှစ်ခု ပိတ်ဆို့ခံရချိန်၊ ဒေါ်လာနဲ့ရွှေစျေးတွေ ထိန်းမရဘဲ စီးပွားရေးကျဆင်းနေချိန်မှာ အကြံပေးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အတွက် ရလဒ်ကောင်းတွေထွက်အောင် လုပ်ဖို့ မလွယ်ကူဘူးလို့ သုံးသပ်နေကြတာပါ။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ဘယ်လိုလူလဲ
စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ဆင်း ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်တဲ့အပြင် လက်ရှိ ယာယီ သမ္မတ ဦးမြင့်ဆွေ နဲ့ လည်း အထူးရင်းနှီးသူဖြစ်ပါတယ်။
သူဟာ အထက်လူကြီးတွေ သဘောကျအောင် နေတတ်သူလို့ နာမည်ကြီးပြီး စစ်တပ်မှာ နေရာကောင်းတွေ နေခဲ့ရသူ ဖြစ်ပါတယ်။
တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက်ချုပ် စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
စစ်ထောက်ချုပ် အဆက်ဆက်ဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ဥက္ကဋ္ဌ ရာထူးကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ရပါတယ်။
ဒါပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော စစ်ထောက်ချုပ် ရာထူးကနေ အနားယူတဲ့အခါမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ဥက္ကဋ္ဌ ရာထူးမှာ ဆက်မြဲနေခဲ့ပြီး စစ်ထောက်ချုပ်အသစ် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဟာ (MEC) ဥက္ကဋ္ဌ ရာထူးကို မရခဲ့ပါဘူး။
‘’ဒါကိုကြည့်ခြင်းအားဖြင့် တပ်ချုပ်က ဗိုလ်ချုပ်ကြီးညိုစောကို ဘယ်လောက်ယုံကြည်အားကိုးလဲ ဆိုတာ သိသာပါတယ်’’ လို့ အငြိမ်းစား တပ်အရာရှိတစ်ဦးက ပြောပါတယ်။
MEC ဟာ သတ္တုတူးဖော်ရေးလုပ်ငန်း၊ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ကနေ အဖျော်ယမကာ လုပ်ငန်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတဲ့ စစ်တပ်ပိုင် ကော်ပိုရေးရှင်းတစ်ခုဖြစ်ပါတယ်။
အင်းဝဘဏ်၊မိုင်တဲ၊ကန်သာယာဆေးရုံ တွေဟာ MEC ရဲ့ လူသိများတဲ့ အမှတ်တံဆိပ်တွေ ဖြစ်ပြီး MEC ရဲ့ စီးပွားရေးလုပ်ငန်းခွဲတွေကတော့ ရာဂဏန်းအထိ ရှိနေတာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့ထားတဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ FFM က ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲ မြန်မာ့ စီးပွားရေး ကဏ္ဍ ပေါင်းစုံမှာ တပ်ပိုင် လုပ်ငန်း ၁၂ဝ ရှိနေတယ်လို့ ဆိုထားပါတယ်။
ဦးပိုင်နဲ့ MEC တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေဟာ ကျောက်စိမ်းနဲ့ ပတ္တမြား တွင်းထွက် ရတနာ တူးယူတာကအစ၊ ကုန်ထုတ်၊ အာမခံ၊ ခရီးသွား၊ ဘဏ်လုပ်ငန်း နေရာ အစုံမှာ ရှိတယ် ဆိုပြီး FFM ရဲ့ အစီရင်ခံစာထဲ ရေးသားထားပါတယ်။
အဲဒီစီးပွားရေး လုပ်ငန်းတွေကနေ ရရှိတဲ့ အကျိုးအမြတ်တွေ၊ ငွေကြေးတွေကို စစ်ဆင်ရေးတွေ၊ လူ့အခွင့်ရေး ချိုးဖောက်တဲ့ နေရာမှာ အသုံးပြုနေတာလို့ FFM က စစ်တပ်အာဏာမသိမ်းခင် ကတည်းက ထောက်ပြဝေဖန်ခဲ့ပါတယ်။
MEC ရဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးကို ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်က ပိတ်ဆို့မှု လုပ်လိုက်တဲ့အခါ အင်းဝဘဏ်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးလာတယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
‘’MEC ဥက္ကဋ္ဌ ရာထူးကနေ အကြံပေးအဖြစ်ရွေ့တယ် ဆိုရင်တော့ ချောင်ထိုးတာပေါ့။ MEC ဥက္ကဋ္ဌ နေရာရောအကြံပေး ပုဂ္ဂိုလ်ရော တွဲကိုင်တယ် ဆိုရင်တော့ သူက ပိုအရေးကြီးလာတဲ့သဘော’’ လို့ တပ်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို ပြည်ထောင်စုဝန်ကြီးအဆင့် နဲ့ အကြံပေး ပုဂ္ဂိုလ်တာဝန်ပေးလိုက်တာကလည်း ထူးခြားမှု တစ်ခုဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌရဲ့ လက်ရှိအကြံပေးတွေကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ပေးထားတာ မရှိပါဘူး။
စစ်ခေါင်းဆောင်ရဲ့ အကြံပေးတွေ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အကြံပေးအဖွဲ့က ၄ ခု ရှိတယ်လို့ နားလည်ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တိုက်ရိုက် အကြံပေးရတဲ့အဖွဲ့၊ စစ်ကောင်စီကိုအကြံပေးရတဲ့ ဗဟိုအကြံပေးအဖွဲ့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပေးအဖွဲ့နဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် တို့ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကို တိုက်ရိုက် အကြံပေးရတဲ့အဖွဲ့ကတော့ အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး ဦးဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။
အဲဒီအဖွဲ့ထဲမှာ လူသိများတဲ့ အရပ်သားပညာရှင်တွေဖြစ်တဲ့ ဒေါက်တာရင်ရင်နွယ်၊ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်နဲ့ သမ္မတဟောင်းဒေါက်တာမောင်မောင်ရဲ့သမီး ဒေါ်ယဉ်ယဉ်ဦး တို့ပါဝင်ပါတယ်။
လက်ရှိရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်း ဟာ ဒီအကြံပေးအဖွဲ့ဝင်ဟောင်းဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ကို တိုက်ရိုက်အကြံပေးတဲ့အဖွဲ့တွေကို နိုင်ငံရေးရာထူးတိတိကျကျ မသတ်မှတ်ထားတဲ့အတွက် ဒုတိယဝန်ကြီး အဆင့် လို့ နေပြည်တော်အသိုင်းအဝိုင်းက နားလည်ထားကြပါတယ်။
‘’နိုင်ငံတော်အဆင့်အခမ်းအနားတွေမှာ နေရာချထားတဲ့ အခါ အကြံပေးတွေကို ဘယ်နေရာချထားပေးရမလဲဆိုတာ အမြဲခေါင်းခြောက်ရတယ်’’ လို့ စစ်ကောင်စီရုံး နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို တော့ ပြည်ထောင်စုဝန်ကြီးအဆင့် နဲ့ အကြံပေး ပုဂ္ဂိုလ်ခန့်လိုက်တာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးတို့အဖွဲ့နဲ့ ပူးပေါင်းရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အကြံပေးရတဲ့ ဗဟိုအကြံပေးအဖွဲ့ကတော့ အနားပေးခံရတဲ့ အရပ်သားစစ်ကောင်စီဝင်တွေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အဲဒီအဖွဲ့ကို စစ်ကောင်စီ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဟောင်း ဦးစောထွန်းအောင်မြင့်က ဦးဆောင်ပြီး အရပ်သားစစ်ကောင်စီဝင်ဟောင်းတွေဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ဦးသိန်းညွန့်၊ ဒေါက်တာဗညားအောင်မိုး နဲ့ ဒေါ်အေးနုစိန် တို့ ပါဝင်ပါတယ်။
ဒီအဖွဲ့ဟာ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးတို့အဖွဲ့လို အရေးမပါဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
နောက်ထပ်တစ်ဖွဲ့ကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြံပေးအဖွဲ့ဖြစ်ပြီး အာဏာမသိမ်းခင်ကတည်းက ရှိခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အရင်ကတည်းက အကြံပေးတွေကို ခန့်အပ်တာဝန်ပေးလေ့ရှိပြီး သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့ကို ဦးသိန်းစိန် ရာထူးက အနားယူတဲ့အခါ သူ့ရဲ့အကြံပေးတွေအဖြစ် ခေါ်ယူ အသုံးပြုခဲ့ပါတယ်။
လက်ရှိ ပြည်ထောင်စုရာထူးဝန်ဥက္ကဋ္ဌ ဦးစစ်အေး ဟာ အဲဒီအကြံပေးအဖွဲ့မှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ နိုင်ငံရေး၊လုံခြုံရေး၊ဥပဒေ စတဲ့ ကဏ္ဍတွေအတွက် အကြံပေးအသီးသီးခန့်အပ်ထားပြီး အကြံဉာဏ်တွေကို နားထောင်လေ့ရှိတယ် လို့ စစ်ရုံးထဲက သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကတော့ ကျဆင်းယိုယွင်းနေတဲ့ စီးပွားရေးကဏ္ဍကို ရလဒ်ကောင်းထွက်လာအောင် အကြံဥာဏ်ပေးရတော့မှာလည်း ဖြစ်ပါတယ်။
‘’စစ်သားကတော့ စစ်တိုက်တာတော့ ထူးချွန်မှာပေါ့။ ဒါပေမဲ့ စီးပွားရေး ရလဒ်ကောင်းထွက်အောင် လုပ်ဖို့တော့ ခက်လိမ့်မယ်’’ လို့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော အကြံပေး ဖြစ်လာတဲ့အပေါ် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။